Breaking News

ဧရာ(မန္တလေး) - အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား (၃)



ဧရာ(မန္တလေး) - အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား (၃)

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၉

(၅)

အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းကို လူတို့အမြဲ စောင့်ထိန်းရမည့် ငါးပါးသီလတွင် ထည့်သွင်း ထားသော်လည်း၊ ဒုစရိုက် ဆယ်ပါး, အကုသလ ကမ္မပထ ဆယ်ပါးကို ဟောသည့်အခါတွင်မူ သုရာမေရယကံအား ထည့်သွင်းထားသည်ကို မတွေ့ရပေ။ ဤအချက်နှင့်ပတ်သက်၍ အယူအဆနှစ်ရပ် ကွဲနေသည်ကို တွေ့ရ၏။

ဋီကာကျော်ဟု အမည်တွင်သည့် အဘိဓမ္မာသင်္ဂြိုဟ် အဖွင့်ကျမ်းတွင် “ရသာရုံဟု ဆိုအပ်သော ကာမတို့၌ မှားယွင်း လွန်ကျူးသော အကျင့် ဖြစ်သဖြင့် အရက်သောက်ခြင်းကိုလည်း ကာမေသုမိစ္ဆာစာရ၌သာ ပေါင်းယူအပ်သည်" ဟု ဖွင့်ပြထားသည်။ ထိုသို့ ဖွင့်ရခြင်းမှာလည်း အဘိဓမ္မာဝိဘင်းပါဠိတော် သိက္ခာပဒဝိဘင်း အဖွင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတွင် “ပါဏာတိပါတစသည့် သိက္ခာပုဒ် ငါးပါးလုံးကို အုပ်စုအားဖြင့် ကမ္မပထအုပ်စုတွင် ထည့်သွင်းရမည်” ဟူသည့် စကားယူ၍ ဖွင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် အရက်ကို ဆေးဝါးအမှတ်ဖြင့် သောက်စေကာမူ (သောက်ပြီးသော်လည်း အခြားမည်သည့် ဒုစရိုက်ကိုမျှ မကျူးလွန်သည့်တိုင်) ကမ္မပထမြောက်သည်ဟု ယူဆကြသည်။

လယ်တီဆရာတော်၏ ‘ပရမတ္ထဒီပနီ’ ဟု အမည်ရှိ အဘိဓမ္မာသင်္ဂြိုဟ် အဖွင့်ကျမ်းသစ်တွင် ဋီကာကျော်၏ အယူအဆကို ငြင်းပယ်ထားသည်။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ သင်္ဂြိုဟ်ဘာသာဋီကာတွင်လည်း ဋီကာကျော်၏ ကမ္မပထဝါဒကို အလားတူပင် ဝေဖန်ပြထားသည်။ သမ္မောဟဝိနောဒနီ အဋ္ဌကထာတွင် “ပါဏာတိပါတစသည့် သိက္ခာပုဒ် ငါးပါးလုံးကို အုပ်စုအားဖြင့် ကမ္မပထတွင် ထည့်သွင်းရမည်” ဟု ဆိုခြင်းမှာ သေရည်အရက်ကို သောက်သည့် စေတနာစေတသိက်သည် ဈာန်အုပ်စုတွင် မဝင်, ကမ္မပထအုပ်စုတွင်သာ ဝင်သည်ဟု ဆိုလိုရင်း ဖြစ်ကြောင်း သမ္မောဟဝိနောဒနီကို ထပ်မံရှင်းလင်းပြသည့် မူလဋီကာနှင့် အနုဋီကာတို့က ဆိုသည်။ ကမ္မပထမြောက်ပြီဟု ဆိုလိုရင်းကား မဟုတ်။

ခုဒ္ဒပါဌအဋ္ဌကထာတွင် သိက္ခာပုဒ်တို့ကို ကံအားဖြင့် ဝေဖန်ပြရာ၌ “ပါဏာတိပါတ, အဒိန္နာဒါန, အဗြဟ္မစရိယတို့သည် ကာယကံလည်း ဖြစ်သည်။ ကမ္မပထလည်း ဖြစ်သည်။ မုသာဝါဒသည် ဝစီကံ ဖြစ်သည်။ အနက်ကို ဖုံးကွယ်ပါက ကမ္မပထလည်း မြောက်သည်။ မဟုတ်ပါက ကံသာ ဖြစ်သည်။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနသည် ကာယကံသာ ဖြစ်သည်” ဟု တိုက်ရိုက်ဆိုထားသည်။ ထိုအပြင် ပဋိသမ္ဘိဒါမဂ် ဓမ္မနာနတ္တဉာဏနိဒ္ဒေသ အဖွင့်အဋကထာတွင် “ပဋိသန္ဓေ အကျိုးပေးတတ်သော ကုသိုလ် အကုသိုလ်တို့ကိုသာ ကမ္မပထဟု ဆိုသည်။ ဆိုအပ်သည်မှ ကြွင်းသော ကံတို့သည် ပဋိသန္ဓေအကျိုးကို ဖြစ်စေရာတွင် ဧကန္တမဟုတ်သောကြောင့် ကမ္မပထ ဟုမဆို” ဟု ‘ကမ္မပထမြောက်ခြင်း’ ကို ရှင်းပြသည်။ “ဆိုအပ်သည်မှ ကြွင်းသော” ဆိုသည်မှာ “အရက်သောက်ခြင်း, အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းစသည့် အကုသိုလ်, ကုသိုလ်တို့သည် ပဋိသန္ဓေအကျိုးကို ဧကန်ပေးသည် မဟုတ်၊ တချို့ပေးနိုင်, တချို့ မပေးနိုင်သည့်အတွက် ကမ္မပထဟု မဆိုအပ်ကုန်” ဟု ဋီကာက ထပ်မံ၍ ရှင်းပြသည်။ ထို့ကြောင့် အရက်သောက်ခြင်း သက်သက်သည် သီလပျက်သော်လည်း, အကုသလ ကမ္မပထကား မမြောက်ဟု လယ်တီ ဆရာတော်နှင့် မဟာဂန္ဓာရုံ ဆရာတော်တို့က ဆုံးဖြတ်ကြသည်။

✦✦✦

(၆)

အရက်သောက်ခြင်း သက်သက်သည် အကုသလ ကမ္မပထ မမြောက်, ဒုစရိုက်မှု မမြောက်ဟု ဆိုသော်လည်း၊ အရက်သောက်ပါက ငါးပါးသီလ သိက္ခာပုဒ် ကျိုးပေါက်မည် ဖြစ်သည်။

ရဟန်းတော်များအတွက် ဆိုလျှင် အရက်ကို သမန်းမြက်ဖျားဖြင့် ခပ်ယူသည့် ပမာဏမျှ သောက်လျှင်ပင် ပါစိတ်အာပတ် သင့်ကြောင်း၊ အရက်ကို အရက်မှန်း မသိဘဲ သောက်မိလျှင်လည်း ပါစိတ်အာပတ် သင့်ကြောင်း။ အရက် မဟုတ်သည်ကို အရက်ဟူသော အမှတ်ဖြင့် သောက်လျှင်လည်း ဒုက္ကအာပါတ် သင့်ကြောင်း ဝိနည်းပါဠိတော် သုရာပါနသိက္ခာပုဒ်တွင် ပညတ်ထားသည်။ လူနှင့် သာမဏေတို့အတွက်ဆိုလျှင်မူ အရက်မှန်း မသိ၍ သောက်မိလျှင် အပြစ်မရှိ။ (၁) မူးယစ်စေတတ်သည့် အရက်လည်း ဖြစ်ရမည် (၂) ယစ်ရည်ကို သောက်လိုသည့် စိတ်လည်း ဖြစ်မည် (၃) သောက်ရန်လည်း အားထုတ်သည် (၄) ပါးစပ်တွင်းသို့လည်း ဝင်သည်ဟူသည့် အင်္ဂါလေးပါးနှင့် ပြည့်စုံက သုရာမေရယကံ လွန်ကျူးသည်ဟု သတ်မှတ်နိုင်ကြောင်း ခုဒ္ဒပါဌအဋ္ဌကထာတွင် ဖွင့်ပြထားသည်။

ဘုရားရှင် ပညတ်သည့် သိက္ခာပုဒ်တို့သည် လောကဝဇ္ဇနှင့် ပညတ္တိဝဇ္ဇဟု နှစ်မျိုးရှိသည်။ အကုသလ ကမ္မပထ ဆယ်ပါးတို့သည် ဒုစရိုက်မှုများ ဖြစ်သည့် အားလျော်စွာ လူဖြစ်စေ, ရဟန်းဖြစ်စေ ကျုးလွန်ပါက လောက သဘာဝအရ အပြစ်ရှိသည်။ ထိုသို့သော သိက္ခာပုဒ်တို့ကို လောကဝဇ္ဇ သိက္ခာပုဒ်များဟု ခေါ်သည်။ မြက်သစ်ပင်တို့ကို ခုတ်ဖြတ်ခြင်း, ရေကစားခြင်းတို့သည် လူတို့အတွက် အပြစ်မရှိ။ လူမှုအသိုင်းအဝိုင်းနှင့် ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်ခြင်း စသည့် အခြားသော အကြောင်း အမျိုးမျိုးတို့ကြောင့်သာ ဘုရားရှင်က ပညတ်ထားသည့် ပညတ္တိဝဇ္ဇ သိက္ခာပုဒ်များ ဖြစ်သည်။ အရက်သောက်သုံးခြင်းသည် အပါယ်သို့ ဧကန်ကျစေနိုင်သည့် ဒုစရိုက်မျိုး မဟုတ်ဟု ဆိုစေကာမူ၊ လောကသဘာဝအရ အပြစ်ရှိသည် (လောကဝဇ္ဇ) အမှုမျိုး ဖြစ်ကြောင်း ဝိနည်း ပါစိတ်အဋ္ဌကထာတွင် မှတ်ချက်ပြုထားသည်။

အရက်သောက်ခြင်း သက်သက်သည် ကမ္မပထမြောက်သည့် ဒုစရိုက်မှု မဟုတ်, သူတစ်ပါးကို တိုက်ရိုက်အားဖြင့် ထိခိုက်ပြစ်မှားခြင်း မရှိဟု ဆိုသော်လည်း၊ အရက်သည် မူးယစ်မေ့လျော့ခြင်း၏ အကြောင်း (မဇ္ဇပမာဒဋ္ဌာန) ဖြစ်သည့်အတွက် ကာမဂုဏ်၌ စိတ်ကို လွှတ်ပေးကာ လွန်လွန်ကြူးကြူး ပျော်မွေ့စေတတ်သည်။ အသိဉာဏ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့စေသည်။ အရှက်အကြောက်ကင်းမဲ့၍ အခြားသော ဒုစရိုက်တရားတို့ကို လွန်ကျူး စေတတ်သည်။ လူတို့လိုက်နာရမည့် ဝိနည်းစည်းကမ်း (ဂိဟိဝိနယ) တို့ကို ဟောထားသည့် သိင်္ဂလောဝါဒသုတ်တွင် အရက်သောက်ခြင်း၏ အပြစ်ခြောက်ပါးကို ဟောကြားထားရာ ညောင်ကန်ဆရာတော် ဦးဗုဓ်က “ဥစ္စာယုတ်ခြင်း, ငြင်းခုန်များစွာ, ရောဂါထူပြော, ကျော်စောမဲ့တုံ, မလုံအင်္ဂါ, ပညာနည်းရှား ဤခြောက်ပါးသည် သောက်စားသေစာ အပြစ်တည်း” ဟု လင်္ကာသီကုံးထားသည်။ သုရာပါနဇာတ်တွင် (ဇာတက အမှတ်-၈၁) ရသေ့တို့သည် လူတို့ ကပ်လှူသည့် သေအရက်တို့ကို သောက်သုံး မူးယစ်ကာ အသိဉာဏ်ကင်းပျောက်၍ ကခုန်သီဆိုကြသည်၊ နောင်အမူးပြေမှ “ငါတို့သည် လူစင်စစ်က မျောက်မဖြစ်တာ တော်တော့သည်” ဟု သတိတရားရကာ ဟိမဝန္တာသို့ ပြန်ကြွ သွားကြသည်။ ဒုဗ္ဗစဇာတ်တွင် (ဇာတက အမှတ်-၁၁၆) လှံတို့ပေါ်ခုန်၍ ကျွမ်းကစားပြရသည့် ဆရာတပည့်တို့တွင် လှံလေးစင်းသာ ခုန်နိုင်သည့် ဆရာသည် အရက်မူးယစ်ကာ လှံငါးစင်းကို ခုန်သဖြင့် သေပွဲဝင်ရသည်။ ဓမ္မဒ္ဓဇဇာတ်တွင် (ဇာတက အမှတ်-၂၂၀) တွင် အရက်မူး၍ သားစားကြူးသည့် မင်းသည် မိမိ၏ သားကို သတ်ကာ အမြည်းလုပ်စားမိသည့် အဖြစ်ကြုံရသည်။ ကုမ္ဘဇာတ်တွင် (ဇာတက အမှတ်-၅၁၂) သေရည်ကို သောက်ပြီး ကိုယ်နှုတ်နှလုံးဖြင့် ဒုစရိုက်အမှုတို့ကို ပြုမိသောကြောင့် ငရဲသို့ရောက်နိုင်ကြောင်း ပြထားသည်။ အရက်သောက်သုံးခြင်း၏ အပြစ်ကိုပြသော အခြားသော ဇာတ်နိပါတ်တို့လည်း များစွာရှိသည်။

အရက်သောက်ခြင်း သက်သက်သည် အပါယ်သို့ ဧကန်ကျစေနိုင်သည့် ဒုစရိုက်မျိုး မဟုတ်ဟု ဆိုစေကာမူ၊ ကာမဂုဏ်၌ စိတ်ကို လွှတ်၍ မူးယစ်မေ့လျော့ခြင်းသည် ဟီရိဩတ္တပ္ပတရားနှင့် ဆင်ခြင်တုံတရားတို့ ကင်းပျောက်ကာ၊ အခြားသော သီလတို့ကို လွန်ကျုးစေသည် (အံ.၅.၁၇၈၊ ရာဇသုတ်)။ အရက်သောက်ခြင်းသည် မရောင့်ရဲ မတင်းတိမ်စေနိုင်သော အရာ ဖြစ်သဖြင့် (အံ.၃.၁၀၉၊ အတိတ္တိသုတ်) သောက်စရှိလျှင် သောက်ချင်ချင် ဖြစ်ကာ စွဲစေတတ်သည်။ အရက်ကို စွဲစွဲမြဲမြဲ ကြိမ်ဖန်များစွာ သောက်သုံးပါက အပါယ်သို့ ကျစေနိုင်ပြီး, အနိမ့်ဆုံးအားဖြင့် ရူးသွပ်စေနိုင်သည် (ဥမ္မတ္တကသံဝတ္တနိကော) ဟု အင်္ဂုတ္တရနိကာယ် ဒုစရိတဝိပါကသုတ် (အံ.၈.၄၀) တွင် ဟောကြားထားသည်။ အရက်သောက်ခြင်း အပါအဝင် ငါးပါးသီလကို လွန်ကျုးခြင်းသည် မျက်မှောက်နှင့် တမလွန်တွင် ဘေးရန်ကို ဖြစ်စေကြောင်း နိဒါနသံယုတ် ပဉ္စဘယဝေရသုတ် (သံ.၂.၄၁) နှင့် အင်္ဂုတ္တရနိကာယ် ဝေရသုတ် (အံ.၅.၁၇၄) စသည်တို့တွင် ဟောကြားထားသည်။ တဖန် သေရည်အရက်ကို ရှောင်ကြဉ်ခြင်းသည် အတိုင်းအရှည် မရှိသော သတ္တဝါတို့အား ဘေးကင်းခြင်း, ရန်ကင်းခြင်း, ဆင်းရဲမရှိခြင်းကို ပေးလှူသည် မည်၍၊ ပညာရှိ သူတော်ကောင်းတို့ မပစ်ပယ်သည့် ပဉ္စမမြောက် မဟာဒါန ဖြစ်ကြောင်း အင်္ဂုတ္တရနိကာယ် အဘိသန္ဒသုတ် (အံ.၈.၃၉) တွင် ဟောကြားထားသည်။

ထို့ကြောင့် ရူးသွပ်စေတတ် (ဥမ္မာဒနံ), တွေဝေစေတတ်၍ (မောဟနံ) မကောင်းမှုတို့၏ ပေါက်ပွားရာ ဖြစ်သော (အပုညာယတနံ), လူမိုက်တို့ နှစ်သက်သော (ဗာလကန္တံ) သေရည်အရက် သောက်သုံးခြင်းကို (၁) ကိုယ်တိုင်လည်း မကျင့်ရာ၊ (၂) သူတစ်ပါးကိုလည်း မသောက်စားစေရာ၊ (၃) သောက်စား မူးယစ်သူတို့အားလည်း ခွင့်ပြုလိုက်လျော သဘောမတူရာဟု သုတ္တနိပါတ်ပါဠိတော် ဓမ္မိကသုတ်တွင် ဟောကြားထားသည်။