Breaking News

ဇင်လင်း - ထမင်းရေပူလာ လျှာလွှဲ လုပ်ကြရမည့်အချိန်မဟုတ် - အမျိုးသားရင်ကြားစေ့ချိန်တန်ပြီ


ဇင်လင်း - ထမင်းရေပူလာ လျှာလွှဲ လုပ်ကြရမည့်အချိန်မဟုတ် - အမျိုးသားရင်ကြားစေ့ချိန်တန်ပြီ

(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး သမိုင်းပေးတာဝန်ကြီး တစ်ရပ်ကို ထမ်းဆောင်နေရသည်။ တစ်ချိန်တည်းတွင် နှစ်ပေါင်း ၇၀ ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်၏ ဘေးထွက်ဆိုးကျိုးများကို ခုခံတွန်းလှန်နေရသည်။ တစ်နည်းအားဖြင့် လက်ရှိအစိုးရမတိုင်မီ စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သော မူဝါဒဆိုင်ရာ အမှားအယွင်းများ၏ ဒဏ်ကို ပြန်လည်ကုစားရန် ကြိုးပမ်းနေရခြင်း ဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းစစ်ပွဲများအတွင်း တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများေကြာင့် မြန်မာနိုင်ငံသည် နာမည်ဆိုးဖြင့် ပြစ်တင်ဝေဖန်ခံနေရသည်။

ယခုလတ်တလောတွင် အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် အနောက်နိုင်ငံတချို့က မြန်မာနိုင်ငံကို လူအစုလိုက်သတ်ဖြတ်မှု (Genocide)၊ စစ်ရာဇဝတ်မှု (War Crime)၊ လူမျိုးစုလိုက်နှင်ထုတ်မှု (Ethnic Cleansing) နှင့် လူသားမျိုးနွယ်အား ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၁၉၊ ဒီဇင်ဘာ ၁၀-၁၁-၁၂ ရက်မျာတွင် အစ္စလမ် ၅၇ နိုင်ငံပါဝင်သည့် OIC အဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ တရားစွဲဆိုထားသည်။ ၂၀၁၇ ခုနှစ် အတွင်းက တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ) ခုနှစ် သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရကြောင်း နိုင်ငံခြားသတင်းများတွင် ဖေါ်ပြခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က လူမျိုးတုံးသတ်ဖြတ်မှုဟု ဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဂမ်ဘီယာက စွဲဆိုထားမှုကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က နယ်သာလန်နိုင်ငံ သဟိဂ် (The Hague) မြို့သို့ သွားရောက်ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ဖြေရှင်းရသည့် အကြောင်းရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် မြန်မာ့တပ်မတော်က ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ခဲ့စဉ် ဘင်္ဂါလီ(ရိုဟင်ဂျာ)များအပေါ် လူအစုလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်းစွပ်စွဲထားသည်။ နောက်ဆက်တွဲအဖြစ် ဘင်္ဂါလီရိုဟင်ဂျာ ၇ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်ဟု နိုင်ငံတကာအသိုင်းဝိုင်းက ခန့်မှန်းပြောဆိုခဲ့သည်။ ယင်း ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များက လူမျိုးတုံးသတ်ဖြတ်ရေးဆိုတဲ့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက စွပ်စွဲခဲ့သည်။

ICJ တွင် မြန်မာအဖွဲ့က ခုခံလျှောက်လဲရာ၌ မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်မှုများ ကျူးလွန်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ကို ကာကွယ်ပြောဆိုရန် ကြိုးစားထားခြင်းမျိုး မတွေ့ရဘဲ၊ မြန်မာပြည်တွင် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ပေါ်ပေါက်ခဲ့ခြင်း ရှိ/မရှိ ဆိုသည့် အချက်ကိုသာ ခုခံချေပခဲ့သည်။ ICJ အရေးတွင် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ဦးဆောင်ဖြေရှင်းလျှောက်လဲခဲ့သော အချက်အလက်များနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ အသိုင်းအဝိုင်းများအကြား အငြင်းပွားမှုများ ပေါ်ပေါက်နေသည်ကိုလည်း သတိပြုမိသည်။ သို့ရာတွင် စိတ်ခံစားမှု များကို ရှေ့တန်းတင်လျှက် ဒေါ်အောင်ဆန်းစုကြည်က စစ်ဗိုလ်ချုပ်များကို ကာကွယ် လျှောက်လဲခဲ့သည်ဟု ဝေဖန်မှုများ ရှိခဲ့သော်လည်း၊ ထိုဝေဖန်ချက်များမှာ ဆန္ဒစွဲများသာ ဖြစ်သည်။ အလားတူ ဘင်္ဂါလီရိုဟင်ဂျာ ၇ သိန်း ကျော် ထွက်ပြေးကြ သည့် ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းများထံမှ ငွေကြေးရံပုံငွေ လက်ခံရယူ ထားသော လူ့အခွင့် အရေးစောင့်ကြည့် အဖွဲ့အစည်းများအနေဖြင့် အလွယ်တကူ ပြစ်တင်ဝေဖန်နေမှုများကိုလည်း အကဲဆတ်လွန်းသည်ဟု ယူဆသည်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာအရပ်ရပ်သည် ပြည်တွင်းရေး အရှုပ်အထွေး တစ်ခုမျှ သာ မဟုတ်ဘဲ၊ အိမ်နီးချင်းနိုင်ငံနှင့်ပါ အငြင်းပွားနေရသော ကိစ္စ ဖြစ်သည်ကို သတိပြုသင့်သည်။ ထို့ပြင် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုပြဿနာနှင့် တရားဥပဒေစိုးမိုးရေးကိစ္စတို့နှင့်လည်း တိုက်ရိုက် ပတ်သက်နေသည်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သီးခြားလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အကျိုးကိုကျော်လွန်၍ နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တန့်ရေးကို အလေးထား လျှောက်လဲခဲ့သည်ဟု ယူဆသည်။

ICJ တွင် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်၌ ရှိစဉ်က မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ကို နတ်မြစ်ကြောင်းဖြင့် နယ်နိမိတ်သတ်မှတ်ခဲ့သည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား နတ်မြစ်ကို နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည်။ ရှေးယခင်က ရခိုင်ဘုရင့် နိုင်ငံတော်၏ နယ်နိမိတ်သည် နတ်မြစ်ကို ကျော်လွန်၍ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်တကောင်းဒေသ တစ်ခုလုံးနီးပါး ပါဝင်ခဲ့သည်။ ထို့ကြောင့် အချို့သော ရခိုင်အသိုက်အဝန်းများ၏ အမြင်တွင် အင်္ဂလိပ်ရေးဆွဲသတ်မှတ်ခဲ့သော မြန်မာနိုင်ငံ နယ်နိမိတ်သည် တောင်ပိုင်းသို့ ရောက်လွန်းသည်ဟု ဆိုကြသည်။ အလားတူ တစ်ဖက်နိုင်ငံ အသိုက်အဝန်းများကလည်း မြောက်ပိုင်းသို့ ရောက်လွန်းသည်ဟု ယူဆကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း၌ မောင်တောဒေသသည် ဗြိတိသျှ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ၁၉၄၂ စက်တင်ဘာလ မှ စတင်၍ ဂျပန်စစ်တပ်ကို ခုခံတိုက်ခိုက်ရန်နှင့် ဂျပန်လှုပ်ရှားမှု ထောက်လှမ်းသတင်းရယူရန် ဗြိတိသျှတို့ တည်ထောင်ခဲ့ သော အထူး V-Force တပ်ဖွဲ့တွင် ဒေသခံ မူဆလင်များဖြင့် ပါဝင်ဖွဲ့စည်းခဲ့သည်။ စစ်ပြီးသောအခါ ရခိုင်ဒေသရှိ မူဆလင် များသည် ဂျပန်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်ကို အကြောင်းပြု၍ မောင်တောဒေသကို ဗဟိုပြုသည့် သီးခြား လွတ်လပ်ခွင့်ရှိ မူဆလင်ဒေသတစ်ခု တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မရရှိမီ မြန်မာနိုင်ငံကို ပြန်လည်သိမ်းယူပြီးချိန်တွင် ဗြိတိန်က မူဆလင်တို့၏ ကြိုးပမ်းချက်ကို ကန့်ကွက်တားဆီးခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် တွင် ထိုဒေသ၌ မူဆလင်-ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်တွင် မူဂျာဟေဒင် သောင်းကျန်းမှု ပဋိပက္ခ ထပ်မံ ဖြစ်ပွားခဲ့သည်။ ထိုအချိန်မှ စ၍ လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခများ သံသရာလည် နေခဲ့သည်။ ယင်းသို့သော နိုင်ငံရေးသမိုင်းနောက်ခံကြောင့်ရခိုင်မြောက်ပိုင်းဒေသ၌ တည်ငြိမ်မှု ကင်းမဲ့လျှက် ဆိုးကျိုးများ ဆက်လက်ကျရောက်နေခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဒေါ်အောင်ဆန်းစုကြည်က ICJ ကျင့်သုံးသည့် နိုင်ငံတကာဥပဒေသည် တစ်ကမ္ဘာ လုံး တန်ဖိုးထားရသော တစ်ခုတည်းသောစနစ် ဖြစ်ကြောင်း၊ နိုင်ငံတကာ တရားစီရင်ရေးသည် မိမိတို့၏ ဘုံတန်ဖိုးထားမှု များကို အတည်ပြုထားသည့် ကျင့်ထုံးတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် အဆိုပါ အခြေခံကျသည့် တန်ဖိုးထားမှုများကို စွဲမြဲစွာ လက်ကိုင်ထားရန် တာဝန်ရှိကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စတွင် အသိုင်းအဝိုင်းနှစ်ခု ကွဲပြားမှု အလွန်အကျွံ ဆိုးရွားသွားစေမည့် မီးလောင်ရာ လေပင့်မှုများကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုတို့ကို ထိခိုက် စေနိုင်ကြောင်း၊ ပဋိပက္ခဒဏ်ရာများ ကို ပိုမိုဆိုးရွားအောင် ဆောင်ရွက်ခြင်းသည် ရခိုင်ပြည်နယ်၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ အမုန်းတရား အခြေခံသည့် ပြောဆိုချက်များသည် အမုန်းစကားအဆင့်သာ မဟုတ်တော့ဘဲ အသိုက်အဝန်းများအကြား အလွန်အကျွံ ကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်သည့် အသုံးအနှုန်း ပြောဆိုချက် သဘောသို့ သက်ရောက်စေကြောင်း စသည်ဖြင့် တင်ပြသွား ခဲ့သည်။

ထို့ပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဖော်ဆောင်ပေးနိုင်မည့် လက်တွေ့ ကျသည့် ဆောင်ရွက်ချက်များနှင့် သာမက စည်းလုံးညီညွတ်မှု စိတ်ဓါတ်ကိုပါ မွေးမြူပျိုးထောင်ပေးကြရမည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်ရေးအတွက် ပြည်သူများ၏ မျှော်မှန်းချက်များကို ကာကွယ်စောင့်ရှောက်ပေးရန် နိုင်ငံ့ ခေါင်းဆောင်များ၏ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ရပ်ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တင်ပြခဲ့သည်။

“၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်ကစပြီး မိမိတို့ရဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရဲ့ အသီးအပွင့် ဖြစ်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုံခြုံမှုကို ခံစားရခြင်းမရှိသေးပါဘူး။ မိမိတို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှု ကတော့ နိုင်ငံတော်အတွက် အခြေခံအုတ်မြစ်ကောင်းတွေကို အားလျော့စေမယ့် မယုံကြည်မှုနဲ့ ကြောက်ရွံ့မှု၊ ဘက်လိုက် မမျှတမှုနဲ့ မုန်းတီးမှုတို့ အမြစ်တွယ်နေခြင်းကို ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။ မိမိတို့ဟာ လွန်ခဲ့တဲ့ မျိုးဆက်အဆက် ဆက်ကပင် ပြည်သူများ မျှော်လင့်တောင့်တခဲ့ကြရတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် အကြမ်းမဖက်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကတိကဝတ်များ ကို တစ်စိုက်မတ်မတ် လိုက်နာဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။ ပြည်သူများရဲ့ လုံခြံုရေးနဲ့ အခွင့်အရေး များကို အာမခံမှု ပေးနိုင်စေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ သဟဇာတဖြစ်စေရေးရဲ့ ရှေ့ဆောင် တစ်ခု အဖြစ် ‘တရားမျှတမှု’ အပေါ် မျှော်ကိုးအားထားလျက်ရှိပါကြောင်း ပြောကြားလို ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည် က ICJ ရုံးတော်သို့ လျှောက်လဲသွားခဲ့သည်။

ပြည်တွင်းပြည်ပရှိ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများကြား သဘောကွဲလွဲမှုများ ရှိသော်ငြားလည်း လက်ရှိ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အခက်အခဲမှာ လူ့အခွင့်အရေး ကွက်ကွက်ကလေးကို ကြည့်၍ ဆုံးဖြတ်ဆောင်ရွက်ရသည့် အခြေအနေမဟုတ်ပေ။ ယခု အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အထိ ရောက်ခဲ့ရသည့် အမှုသည် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) က နိုင်ငံရေးနှင့် ဘာသာရေးအရ ရည်ရွယ် ချက်ရှိရှိ ထိုးနှက်လာမှုဟု ထင်မြင်ယူဆဖွယ်ရာ အကြောင်းများ ရှိသည်။ တရုတ်နိုင်ငံတွင် ဝီဂါ မွတ်ဆလင်များအား ဖိနှိပ် ခံနေရမှု ကို ဝေဖန်သူမရှိချေ။ အလားတူ တူရကီနိုင်ငံ နယ်စပ်တွင် ကဒ်လူမျိုးစုများအား တိုက်ခိုက်ချေမှုန်းနေမှု၊ ယီမင်နိုင်ငံတွင် ဆော်ဒီအာရေဗျနှင့် အီရန် တို့ကြောင့် စစ်ဒဏ်သင့် ငတ်မွတ်ခေါင်းပါးကာ လူအများအပြားသေဆုံးရမှု စသည့် အစ္စလာမစ် နိုင်ငံများ၏ လုပ်ရပ်များကိုမူ OIC နိုင်ငံများက ရေငုံနှုတ်ပိတ်နေကြသည်။ သို့သော် အဆိုပါ လူ့အခွင့်အရေးချိုးဖေါက်မှု အခြေခံသည့် ပဋိပက္ခများသည် ပင်မ နိုင်ငံရေး ပြဿနာအရင်းအမြစ်ကို မဖြေရှင်းနိုင်သမျှ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်သည်။ လူ့အခွင့်အရေးချိုးဖေါက်မှုပြဿနာ တစ်ခုတည်းကို ဖြေရှင်းရုံဖြင့် မပြီးသည့် အခြေအနေဖြစ်သည်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ ပုံစံကျအောင် မပြင်နိုင်သမျှ ပြည်တွင်းစစ် ရပ်ရန်မလွယ်။ ပြည်တွင်းစစ် ရှိနေသမျှ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ လူမျိုးရေးနှင့် ဘာသာရေး ခွဲခြားဆက်ဆံမှု၊ မြေယာပိုင်ဆိုင်ခွင့် ဆုံးရှုံးမှု၊ တရားဥပဒေစိုးမိုးရေး မရှိမှု၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဗိုလ်ကျ စိုးမိုးမှု၊ အစရှိသော အဓမ္မမှုများကို ဖယ်ရှားရန် လွယ်ကူဖွယ်မရှိပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် က ICJ ရုံးတော်သို့ လျှောက်လဲ ချက်ပေးရာတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဖော်ဆောင်ပေးရေး အလေးထားရန် နှိုးဆော်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်သူများ၏ လုံခြုံရေးနှင့်အခွင့်အရေးများကို အာမခံနိုင်မည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ သဟဇာတဖြစ်စေရေးတို့အတွက် တရားမျှတစွာ ဆုံးဖြတ်စီရင်ပေးရန် မျှော်လင့်အားထားလျက်ရှိ သည်ဟုလည်းု ထည့်သွင်းတင်ပြခဲ့ပုံ ရသည်။

ယခုကဲ့သို့သော နိုင်ငံတကာဖိအားများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရအနေဖြင့် ကြိုမြင်ခဲ့သည်ဟု ဆိုနိုင်သည်။ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့ရုံမက အကြံပေးချက်များကို လက်ခံ သဘောတူ ကြောင်း ကြေညာခဲ့ခြင်းသည် ယခုကဲ့သို့ နိုင်ငံတကာ၏ ထိုးနှက်မှုများကို ကာကွယ်ရန် ပြင်ဆင်ထားခဲ့သည်ဟု ဆိုနိုင် သည်။ လူမျိုးရေး ဘာသာရေး ခွဲခြားဟောပြောခဲ့သော မဘသ အဖွဲ့ကို ဖျက်သိမ်းစေပြီး၊ ခေါင်းဆောင်များကို ဥပဒေနှင့် အညီ တရားစွဲဆိုခဲ့သည်။ တပ်မတော်က ရိုက်တာသတင်းထောက် ၂ ဦး ကို နိုင်ငံတော် လ့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆို၍ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။ သို့သော် နိုင်ငံရေး အမြော်အမြင်ရှိသည့် အစိုးရက သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ လက်ငင်း OIC အဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ တရားစွဲဆိုခံခဲ့ရခြင်းမှာ၊ ၂၀၁၇ ခုနှစ် အတွင်းက တပ်မတော်၏ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဖြစ်သည်။ ရခိုင်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီ (ရိုဟင်ဂျာ) ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံခြားသတင်းများက ဖေါ်ပြခဲ့ကြသည်။ အဆိုပါ ကိစ္စကြောင့် နိုင်ငံတကာက တပ်မတော် ခေါင်းဆောင်ပိုင်းအပေါ် ဒဏ်ခတ်မှုများ လုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရအနေဖြင့် ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်၏ တာဝန်ဖြစ်သည်ဟူ၍ ခေါင်းမရှောင်ဘဲ တာဝန်ယူမှု တာဝန်ခံမှု ပြသလျှက် ICJ တွင် ဂမ်ဘီယာက စွဲဆိုသည့်အမှုကို ရင်ဆိုင်ခဲ့သည်။ မြန်မာ နိုင်ငံကိုယ်စားပြုအဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကာ နယ်သာလန်နိုင်ငံ သဟိဂ် (The Hague) မြို့သို့ သွားရောက် ဖြေရှင်းခဲ့သည်။ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ICJ တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဖြေရှင်း သွားမည့် အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ကြေညာခဲ့သည်။ ခေါင်းဆောင်ကောင်း ပီပီသသ နိုင်ငံ့ဂုဏ် သိက္ခာကို ထိန်းသိမ်းရန် မားမားမတ်မတ် ရှေ့ထွက် ရပ်တည်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထုက ညီညွတ်စွာ တခဲနက် ထောက်ခံနေကြသည်။ အခြေအနေမှာ အရေးကြီးပြီ သွေးစည်းကြဟု ဆိုနေသကဲ့ သို့ ရှိသည်။

ယင်း အခြေအနေကို တပ်မတော်နှင့်တကွ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနြေဖင့် မှန်မှန်ကန်ကန် ရှုမြင် သုံးသပ်ကြရန် အရေးကြီးသည်။ ယနေ့ အချိန်သည် သူ့အပြစ် ငါ့အပြစ်ဟု ထမင်းရေပူလာ လျှာလွှဲ လုပ်ကြရမည့် အချိန် မဟုတ်ပေ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အချုပ်အခြာနှင့် နယ်မြေပိုင်ဆိုင်မှုကို စိန်ခေါ်ခံနေရသော အခင်းအကျင်းဖြစ် သည်။ ခေတ်သစ် နယ်မြေ ချဲ့ထွင်မှု အန္တရာယ်ကို နိုင်ငံရေးသတိဖြင့် စောင့်ကြည့်ရမည့် အချိန်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားညီနောင် အချင်းချင်း သွေးကွဲ မနေကြဘဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လက်တွဲ၍ အမျိုးသားပြန်လည် သင့်မြတ်ရေး အမြန်ဖေါ်ဆောင်ရန် သန္နိဋ္ဌာန်ချသင့်ပြီဟု သုံးသပ်မိပါသည်။။။

၂၀၁၉ ဒီဇင်ဘာ ၂၁ ရက်၊ စ နေ နေ့ထုတ် သူရိယ နေဝန်း ဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။