Breaking News

ခွန်ဆိုင်း - မြန်မာတွေ သင်ခန်းစာယူခဲ့ကြ



ခွန်ဆိုင်း - မြန်မာတွေ သင်ခန်းစာယူခဲ့ကြ

(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၉

ကျွန်တော် ဥရောပ သို့ စတင် ရောက်ရှိခဲ့စဥ် ၂၀၀၇-၂၀၀၈ အချိန် မြန်မာ့အရေးဆောင်ရွက်နေသော အဖွဲ့ကြီးတဖွဲ့က ကျွန်တော့်ကို ချဥ်းကပ်ပြီး မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ( အိုင်စီစီ) သို့ ပို့ဆောင်နိုင်မယ့် နည်းလမ်းတခုအကြောင်း ဆွေးနွေးလာခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံဟာ အနောက်နိုင်ငံများရဲ့ စီးပွါးရေး ပိတ်ဆို့တာခံ နေရချိန်ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ခေါင်းဆောင်ရဲ့ စဥ်းစားချက်က မြန်မာြပည်အတွင်းရှိတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ရာဂဏန်း ထောင်ဂဏန်း ကို စစ်ကြောရေးစခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်းများ -အတိုင်းအဆမရှိ ထောင်နှစ်ရှည်ချထားခြင်းကိစ္စများဟာ နိုင်ငံတကာအတိုင်းအတာမှာ ရာဇဝတ်မှု မြောက်တယ် ဆိုတဲ့ စဥ်းစားတွေးခေါ်မှု ပုံစံနဲ့ ကျွန်တော့်ကို ချဥ်းကပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲလို နိုင်ငံရေးအကျဥ်းသားများရဲ့ ရာဇဝင် များ ကို ကျွန်တော်က သာ စုဆောင်း စာရင်းပြုစုပေးမယ်- သက်သေတချို့ ကိုရယူမယ်ဆိုရင် အိုင်စီစီ ကို တင် နိုင်မယ် ဆိုတဲ့ သူ့ စဥ်းစားချက်ကို ပြောပြပါတယ် ။

ပြည်တွင်းမှလာတဲ့ ကျွန်တော်က အဲဒီလို ချဥ်းကပ်တဲ့ နည်းလမ်းကို သဘောမတူ ပါ။ကျွန်တော်တို့ဟာ နိုင်ငံရေးကို ကိုယ့်သဘောဆန္ဒတခုတည်းနဲ့ ထင်သလို လုပ်ခဲ့တာမျိုး မဟုတ်သလို အစ်ရှူးတွေ တခုပြီးတခု ပြောင်းကာ ပြောင်းကာ ရပ်တည်နေသော အထောက်အပန့်များနဲ့ ရပ်တည်နေသူများလဲ မဖြစ်ခဲ့ ပါ။ ပြည်တွင်းနိုင်ငံရေးမှာ နှစ်များစွာ ထိစပ် လုပ်ဆောင် လာသူတယောက်အတွက် ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပကတိ နိုင်ငံရေး အခြေအနေများ နဲ့ကင်းလွတ်စဥ်းစား ဆောင်ရွက်တဲ့ -အဖြေရှာခြင်းမဟုတ်တဲ့ ချဥ်းကပ်မှု ပုံစံမျိုးကို သဘောမကျပါ။ စစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ ဥရောပမှ အဖွဲ့တခုက တရားစွဲတင်ခြင်းကိစ္စမျိုးဟာ အောင်မြင်လိမ့်မယ်လဲ ကျွန်တော်မထင်ပါ ။ မြန်မာပြည်နိုင်ငံရေးပြဿနာများရဲ့ အဖြေ ဒါမှမဟုတ် နိုင်ငံရေးထွက်ပေါက် ဖြစ်မယ်လို့ ကျွန်တော် မယုံကြည် ။ထပ်ဆင့် ပြဿနာများနဲ့ ပိုမိုရှုပ်ထွေး ရှည်ကြာ ပွဲဆူနေရုံမျိုးသာ ဖြစ်မယ် လို့ ငြင်းခဲ့ပါတယ်။ အဲဒီ ၂၀၀၇ -၂၀၀၈ ကာလ တွေဟာ ပြည်တွင်းနိုင်ငံရေး မှာ တပ်မတော် စစ်ခေါင်းဆောင်များ နိုင်ငံရေးပါတီများ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များ စုဝေးပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကျင်းပနေချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံ ကိုရေးဆွဲကြ ငြင်းခုန်ကြ အတည်ပြုနေကြချိန် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး မူကို စွဲကိုင် ဆွေးနွေးစားပွဲဝိုင်းထိုင် နေကြချိန်များ ဖြစ်ပါသည် ။

အခု ၂၀၁၉ နှစ် ဒီဇင်ဘာ ၁၁ ရက် မနက် ပိုင်း နယ်သာလန်နိုင်ငံ သဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး တော် အိုင်စီဂျေ ရှေ့ သို့ ကျွန်တော်ရောက်လာတဲ့ အခါ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း အခြေအနေများ အကြောင်းတရား များ- မြန်မာ့ နိုင်ငံရေး အပြောင်းအလဲများကို ပြန်စဥ်းစား ကြည့် နေမိပါတယ် ။ အခုလက်ရှိ မြန်မာနိုင်ငံ အခြေအနေ က ဘယ်လိုလဲ ။ အခု ကျွန်တော်ဟာ လူမျိုးတုန်းသတ်ဖြတ်တယ် ဆိုတဲ့ အမှုနဲ့ ဂမ်ဘီယာ နိုင်ငံ က မြန်မာပြည် ကို တရားစွဲဆိုလာတဲ့ အပေါ် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီး အဖြစ် ကိုယ်တိုင် လာရောက်ဖြေရှင်းတာကို သွားရောက် အားပေးဝန်းရံ ခဲ့တာ ဖြစ်ပါတယ် ။ တာဝန်ယူမှု ရှိတဲ့ တာဝန်ခံမှုရှိတဲ့အစဥ်အလာကို ဖြစ်စေတဲ့ ခေါင်းဆောင်၊ ဥပဒေကို လေးစားလိုက်နာရမယ်ဆိုတဲ့ စံနမူနာကို ပြ သွားတဲ့ ခေါင်းဆောင် မျိုး ကို နိုဘယ်ဆု ရခဲ့ စဥ် အခါကထက် ပို လေးစားမိတာမို့ အလေးအနက်သွားရောက် ထောက်ခံ ရပ်တည်တာ ။ သူမ ဟာ မြန်မာပြည်သူတွေ ကို အမှန်တကယ် ကိုယ်စားပြုပြီး အနာခံရပ်တည်ရဲတဲ့ ခေါင်းဆောင် ၊ မြန်မာပြည်တွင်းက အရှိတရား အမှန် တရားနဲ့ သမိုင်းကြောင်း ကို ကမ္ဘာသို့ တင်ပြနိုင်မယ်လို့ ယုံကြည်ပြီး သွားရောက်ဝန်းရံခဲ့တာပါ။ ကျွန်တော် ဒီလိုပဲ မြင်၊ ဒီလိုပဲရပ် ၊ ဒီလိုပဲ ပြောခဲ့ ပါတယ်။

အဲလို ဒီဇင်ဘာ ၁၁ရက် နိုင်ငံတကာတရားရုံးရှေ့မှာ ရောက်နေခိုက်မြန်မာပြည်ကနေ နယ်သာလန်အထိ သတင်းလာယူ တဲ့ ( MRTV ) မြန်မာ့ရုပ်သံနဲ့ လဲ ကျွန်တော် တွေ့ခွင့် ရလိုက်ပါတယ်။ အဲဒီမှာ မေးမြန်းတဲ့ ပုဂ္ဂိုလ်က ကျွန်တော့်ကို ဘာများပြောချင်တာရှိသေးလဲ လို့ မေးတဲ့အခါ ကျွန်တော် အပြောချင်ဆုံး တရား တခုကို တိုတိုနဲ့ ကျွန်တော် ပြောဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ - ဒီကနေ့ ဖြစ်စဥ်ကြီးကနေ မြန်မာပြည်မှာ ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေ လူမှုရေး ခေါင်းဆောင်တွေ အားလုံး နဲ့ တိုင်းသူပြည်သားအားလုံး ဟာ နောင် နှစ်ပေါင်းများစွာ သားစဥ်မြေးဆက် အဆက်ဆက် ဆက်ပြီး ဆွေးနွေးစရာ စဥ်းစားဆင်ခြင်စရာ အကြောင်းအရာတွေ အတွေးအမြင်တွေ သင်ခန်းစာတွေ ရကြမယ်လို့ မျှော်လင့်တဲ့ အကြောင်း ကျွန်တော်ပြောခဲ့ပါတယ်။

အခု ပြန်စဥ်းစားရင်လဲ ဒီအတိုင်းပဲ ခံစားနေမိပါတယ်။ ဒီနေ့ အိုင်စီဂျေအထိ မြန်မာနိုင်ငံ က တရားလာ ရင်ဆိုင် ရတဲ့ ဖြစ်စဥ်အကြောင်းတရားထဲ မှာ မြန်မာ့ နိုင်ငံရေးထဲကို ဒီနေ့ အထိ ထဲထဲဝင်ဝင် အဓိကအခန်းက ဝင်ပါနေဆဲ တပ်မတော်ခေါင်းဆောင်များ အပိုင်းက စစ်မြေပြင်ဆိုင်ရာကျင့်ဝတ်- စစ်သည်တော် ကျင့်ဝတ်များကို ( highly professional ) တကယ် ကျွမ်းကျင်နိုင်နင်းအောင်မကိုင်တွယ် မကွပ်ကဲ နိုင်ခဲ့မှု ။ ( code of conduct)လို့ခေါ်တဲ့ စစ်မြေပြင်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်များ အားနည်းမှု။ ( rule of engagement) စစ်ပွဲအတွင်း တဖက်လက်နက်ကိုင်များနဲ့ ထိတွေ့ခြင်း ကိစ္စများ မှာ အရာရှိ အရာခံ အကြပ်တပ်သားများဟာ ရာထူးတာဝန်အဆင့်ဆင့်အလိုက် စစ်မြေပြင်စည်းကမ်းများကို နားလည်ခြင်း မရှိ ၊ တိတိကျကျ လိုက်နာနိုင်အောင် လေ့ကျင့်ပေးမထားနိုင်မှု များကြောင့် ဖြစ်ခဲ့ တယ် လို့ ကျွန်တော်ြမင်ပါတယ်။ စစ်မြေပြင်မှာ လုပ်ဆောင်သမျှဟာ ဥပဒေဘောင်အတွင်းက ဖြစ်ရမယ် ( Lawful ) ။ လုပ်ဆောင်ချက်တွေဟာ လက်ခံနိုင်ဘွယ် အပြုအမူများ ဖြစ်ရမယ် ( Acceptable Behaviour) ။ စစ်မြေပြင် ကျင့်ဝတ်များကို နားလည် လိုက်နာ နိုင်စွမ်းရှိတဲ့ စစ်သားကောင်းတယောက် ပီသရမယ်( Professional)။ ဒီအချက်တွေဟာ အရေးကြီးလှပါတယ်။

တိုက်ပွဲမှာ ရန်သူဖက်က အရပ်သားများအပေါ် မတရား ကျူးလွန်တာတွေ ရှိလို့ ငါတို့ဘက်ကလဲ ပြန်လုပ်တာလို့ အကြောင်းပြလို့လုံးဝ မရပါဘူး။ ကိုယ်က တရားဝင် အစိုးရ ။ နိုင်ငံသားတိုင်းကို တပြေးညီ ကာကွယ်ရမယ့်တာဝန်ရှိနေပါတယ်။ တရားမဝင်တဲ့ ဥပဒေအပြင်က လက်နက်ကိုင်များလုပ်တာပဲဆိုပြီး တထပ်တည်းလိုက်လုပ်တာမျိုးလဲ ခွင့်ပြုလို့ မရနိုင်ပါ ။ ဒါကို အောက်ခြေစစ်သားများက အထိ သေချာ သဘောပေါက်ထားသင့်ပါတယ်။ မြန်မာပြည်ဟာ ပြည်တွင်းစစ် ရှည်ကြာခဲ့တာနဲ့ အမျှ ပြည်နယ်အသီးသီးမှာ ပြည်တွင်းစစ်ဒဏ်ခံရတဲ့ တိုင်းရင်းသား ပြည်သူတွေ ထောင်သောင်းမက ရှိခဲ့ကြ၊ ရှိနေကြဆဲဖြစ်ပါတယ်။ နိုင်ငံတကာရောက်တိုင်းရင်းသားတချို့ဆီက အိုင်စီဂျေ ကို ထောက်ခံကြောင်း ပြသတဲ့ အချက်များ ထုတ်ပြန်ချက်များ ဟာ ခေတ် အဆက်ဆက်သေချာဖေါ်ထုတ် အရေးယူနိုင်စွမ်းမရှိခဲ့တဲ့ စစ်မြေပြင် စစ် ရာဇဝတ်မှုများရဲ့ အကျိုးဆက်များကြောင့်လို့မြင်ပါတယ်။ 

ဒီဖက်ခေတ်မှာ အင်မတန် မြင်သာတဲ့ ဥပမာ တွေ ဆောင်ရ ရင် ကချင်ပြည်နယ်က အလွန်ကြေကွဲစရာ ကချင်ကျောင်းဆရာမလေး ၂ယောက်အမှု ။ တပ်က ဖမ်းဆီးထားရင်း အစပျောက်သွားတဲ့ စွမ်လွတ်ရွယ်ဂျာ အမှု ။ စစ်ကြောင်းများက ဖမ်းဆီးတာခံရရင်း သတ်ဖြတ်တာ ခံရတဲ့ တိုင်းရင်းသားအရပ်သားရွာသား အမှု များ ဟာ ထင်ရှားတဲ့ စစ်ရာဇဝတ်မှုများဖြစ်ပါတယ်။ ဒီလို စစ်ရဲ့ ဆိုးဝါးတဲ့ သားကောင်တွေ မကြာခဏ ဖြစ်နေကြရတဲ့ဇာတ်လမ်းတွေကြောင့်လဲ ပြည်သူလူထုကြီး ဟာ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်စဲ စေချင်ကြတာဖြစ်ပါတယ်။

( ဒီနေရာမှာအရေးတကြီး သတိပြုမိတဲ့ အချက်တချက်ကို ထည့်ပြောရရင် တိုင်းပြည် ကို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ နိုင်ငံခြားတိုင်းပြည်တပြည်က စွပ်စွဲ လာတဲ့ အပေါ် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့က အစိုးရဖက်ကနေ ရပ်တည် ပေးတာ အမြော်အမြင်ကြီးစွာ သဘောထား ပေး တုန့်ပြန်ခဲ့ တာဖြစ်ပါတယ်)

နောက်ထပ်တာဝန်ရှိ ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ကတော့ နိုင်ငံရေးခေါင်းဆောင်များနဲ့ ပါတီတချို့ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ကိုယ် မဲရလိုမှု နဲ့ နိုင်ငံရေး အမြော်အမြင်နည်းတဲ့ ကိစ္စ တွေဟာ ပါလီမန်ခေတ်ကတည်းကမှားခဲ့တဲ့ အမှားတွေပါ။ ဒီဖက်ခေတ်အထိ ဆက်မှားလာပါတယ်။ နိုင်ငံသားကိစ္စနဲ့ မဲပေးပိုင်ခွင့် ကိစ္စများကို လိုရင်လိုသလို မလိုရင် မလိုသလို အုပ်ချုပ်တဲ့ အစိုးရနဲ့ အာဏာရအဖွဲ့အစည်းတွေက ပါတီအကျိုး အသုံးချခဲ့တဲ့အတွက် ရခိုင်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိဖူးတဲ့ နိုင်ငံသား မူဆလင် ဘာသာဝင်များဟာ နိုင်ငံရေးအရ နစ်နာခဲ့ကြပါတယ်။ နိုင်ငံသားပြုခွင့် မဲပေးပိုင်ခွင့် များကို အခုထိ သေချာဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့တာ ။ မဆောင်ရွက်နိုင်ရုံမက အရင်တပါတီစနစ် ကြီးစိုးစဥ် ကာလ အတွေးအခေါ်များ အတိုင်း စစ်မှန်တဲ့ အမျိုးသားရေးဝါဒနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ ကွဲပြား ခြားနားခြင်းများကို သေချာ ခွဲခြား မစိစစ်ကြပဲ လူမျိုးရေး ဘာသာရေး များကို ရှေ့တန်းတင်ကြခဲ့ကြတဲ့ အတွက် ဒီနေ့ နိုင်ငံတကာ က လက်ညှိုးထိုး စရာ ထောက်စရာ ပြဿနာများစွာ ပေါ်စေခဲ့တာြဖစ်ပါတယ်။ 

ဘာသာရေးကဒ် လူမျိုးရေးကဒ်များကို ပါတီ အမျိုးသားရေး မူဝါဒ များသဖွယ် လူထုကြားမှာ မသိမသာကော သိသိသာသာ ဖေါ်ထုတ်နေကြခြင်းတွေဟာ လူထု နိုင်ငံရေးအသိအမြင် ရင့်ကျက် ကြွယ်ဝလာအောင် နိုးကြားလာအောင်လှုံ့ ဆော်တာမဟုတ်ပဲ အမျိုးသား ရေး အစွန်းတဖက် ရောက်အောင် တွန်းပို့နေကြတာ သာ ဖြစ်ပါတယ် ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က အနိုင်ရ - လွှတ်တော်မှာအမတ်အများစုနဲ့ အစိုးရ ဖွဲ့နိုင်လာတဲ့ အခါ အတိုက်အခံများက ဘာသာရေး လူမျိုးရေးကိစ္စများ ကို နိုင်ငံရေး လက်နက်များသဖွယ် ပို အသုံးချ ဘာသာြခား မုန်းတီးရေး များကို ပိုလှုံဆော်ခဲ့တဲ့ အခါ ပြည်သူအချင်းချင်းကြား မတူညီသော ဘာသာဝင်တွေ အကြား မလိုလားအပ်တဲ့ စိတ်ဝမ်းကွဲစရာ သွေးကွဲစရာ နဲ့ နိုင်ငံတကာအမြင်တိမ်းစောင်းစရာ ကိစ္စများဆက်လက် ဖြစ်စေခဲ့ ပါတယ်။ ရခိုင်ပြည်နယ်မှာ အာဆာ တိုက်ခိုက်မှုများဖြစ်ပွါးပြီးနောက် ဒီကိစ္စကို ပို ကျယ်ကျယ်ပြန့်ပြန့် လှုံဆော်ဘို့ အချက်အလက်များ ရသွားကြပါတယ်။

နောက်ထပ်တာဝန်ရှိတဲ့ အဖွဲ့အစည်းများကတော့ ဘာသာရေးခေါင်းဆောင် များ နဲ့ဗုဒ္ဓ အဆုံးအမနဲ့ မညီတဲ့ ရဟန်းသံဃာတော်တချို့ဖြစ်ပါလိမ့်မယ်။ မြန်မာ ရဟန်းသံဃာတော်များရဲ့ ဟောပြော ညွှန်ပြ သွန်သင်ဆုံးမမှုများဟာ ဗုဒ္ဓဘာသာ အများစု နေထိုင်ရာမြန်မာပြည်မှာ အလွန်ပဲ သြဇာကြီးပါတယ်။ သင်္ကန်းဝတ်ထားရုံမျှ ဖြင့် ကိုးကွယ်ဘို့ ဝန်မလေးတတ်တဲ့ ကျွန်တော်တို့ ဗမာလူမျိုးအများစုဟာ မိရိုးဖလာ ဘာသာရေးနဲ့ ကြီးပြင်းလာကြပြီး ကမ္ဘာကြီးမှာ မတူကွဲပြားခြားနားခြင်းတွေယှဥ်တွဲ တည်ရှိနေတာကို အလေးမထား ။ လက်ခံရကောင်းမှန်း မသိ။ သူများ ဘာသာအယူဝါဒများ ကို စနစ်တကျ မလေ့လာ ငါ့ဘာသာ အကောင်းဆုံး သင်ကြားချက် မှာ မှန်နေကြ သာယာနေကြသူများ ရာခိုင်နှုန်းမနဲ ရှိပါတယ်။ အနောက်ဥရောပ နိုင်ငံတွေကျ တော့ ကျောင်းနေစဥ် ပညာသင်စဥ် ကာလမှာ ကတည်းက ဘာသာပေါင်းစုံ ကို မိတ်ဆက် သင်ကြားတာတွေရှိပြီး အတူနေတတ်အောင် စနစ်တကျ လေ့ကျင့်ပေးတာတွေ ရှိပါတ ယ်။ မတူကွဲပြားမှုတွေကို လက်ခံနိုင်အောင် သင်ကြားတာကို ခံယူခွင့်ရကြပါတယ်။

 မြန်မာပြည်က ဘုန်းကြီးကျောင်းပညာရေးတွေက ဒီလို သင်ကြားရေးမျိုးကို မျိုးစေ့ချပေးနိုင်ပြီလား။ မဖြစ်နိုင်သေးဘူး အတော်ဝေးသေးတယ် ထင်ပါတယ် ။ နိုင်ငံတကာက တခြား ဘာသာ အယူဝါဒများနဲ့ ယှဥ်တွဲ တွေးခေါ်နေထိုင်ကြဘို့ ထက် ကိုယ့် အမျိုးဘာသာသာသနာ ကိုစောင့်ရှောက်သူ များအဖြစ်သာ ဂုဏ်ယူကြ။ နိုင်ငံရေး အရ အသုံးချခံသွားကြရရင် တောင် သတိမထားမိပဲ တက်တက်ကြွကြွ ပါဝင်ဂုဏ်ယူကြတဲ့ အဆင့်မှာ ရှိကြပါတယ်။ 

ဧပြီ ၂၀၁၂ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ကြားဖြတ်ရွေးကောက်ပွဲမှ တဆင့် လွှတ်တော်တွင်း ဝင်ရောက် လာချိန် တနှစ်မပြည့်ခင် ၂၀၁၃ မတ်လ မိတ္ထီလာ ဘာသာရေး အကြမ်းဖက်မှုများဖြစ်လာတာတွေနဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ဒီလိုပဲ ဒီချုပ် အရပ်သားအစိုးရဖြစ်ချိန် ၂၀၁၆ -၂၀၁၇ ရခိုင်မှာ အာဆာ အကြောင်းပြုတဲ့ အရေးအခင်းကြီး များဟာလဲ ဘာသာရေး လူမျိုးရေး ထိုးနှက်ချက်များ ပယောဂ များစွာ ပူးကပ်ခဲ့တဲ့ နိုင်ငံရေးအောက်လမ်းနည်းပေါင်းစုံ ပန့်ပိုး အားဖြည့်ခဲ့လို့ဖြစ် ပါတယ်။ 

တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး ကနေ ဦးဝီရသူ ရဲ့ မျက်နှာနဲ့ ဗုဒ္ဓအကြမ်းဖက် မျက်နှာ The Face of Buddhist Terror ဆိုပြီး ကမ္ဘာပတ်နေချိန် ကမ္ဘာက စိတ်ဝင်တစားစောင့်ကြည့်ချိန် ၊ ဦးဝီရသူ ရဲ့ တရားပွဲများ အမုန်းတရားခွေများ ပြည်တွင်းလူထုကြားမှာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖက် ၂ဖက်လုံးက ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ် ဝါဒ ဖြန့်လို့ ကောင်း ရှယ်လို့ ကောင်းနေခဲ့ကြတာပါ ။ ဒါကို အမြန်ဆုံး အရေးယူ ဟန့်တားရမှာ ဗုဒ္ဓ သာသနာပိုင် အဖွဲ့ကြီး တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတာဝန်ကို ဘယ်သူမှ ဝင် မယူခဲ့ကြပါဘူး။ ပြည်ထဲရေးကလဲ မကိုင်တွယ် ခဲ့ ။ ဒီလို ဗုဒ္ဓတရားတော်များ အဆုံးအမများ ကို သွေဖီလာတဲ့ အခါမျိုးမှာ ချက်ချင်း ဓမ္မစက် အာဏာစက်နဲ့ တားနိုင်တဲ့ စနစ်တခု မြန်မာနိုင်ငံမှာ လိုအပ်နေတယ်လို့ သဘောပေါက်ရမယ့် အချိန် ရောက်နေပါပြီ ။ တိုင်းတပါးသားတွေက စနစ်တကျ ငွေအားမီဒီယာအားနဲ့ တိုက်ခိုက်ထိုးနှက်နေချိန်မှာ ကိုယ့်ဘာသာကို characterisation , demonization , generalisation လုပ်နေချိန်မှာ ကိုယ့်ဆီက သာသနာရေးဝန်ထမ်းများက သဘောမပေါက်သလို မဆိုင်သလို သူ့သဘောသူတချိန်မှာဆောင်သွားမှာပဲလို့ ဥပက္ခာ မပြုကြပဲ လိုအပ်သလို ပြုပြင်ပြောင်းလဲတာတွေ တားဆီးတာတွေ ဆုံးမတာတွေ မေတ္တာရပ်တာတွေ အရေးယူတာတွေ လုပ်ကြရမယ်လို့ ထင်မိပါတယ်ဘုရား။

နောက်ထပ်တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ကတော့ လူမှုအရပ်ဘက်ဆိုင်ရာ အဖွဲ့တွေ အန်ဂျီအိုတွေ ဖြစ်ပါလိမ့်မယ်။ ဒီ အဖွဲ့တွေထဲမှာ တချို့ ကတော့ အစိုးရ အကြပ်အတည်းနဲ့ အာဏာ၂ရပ် လွန်ဆွဲအားပြိုင်နေကြတာ အတွေ့အကြုံနည်းတာ ၊ ချွတ်ချော်လွဲမှားနေတာတွေ ကို နားလည်ပြီး အပျက်ဖက်က နေ အပြစ်ပြော ဝေဖန်တာတွေမလုပ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တန်းတူညီမျှမှု ကို အလေးထား တန်ဖိုးထားတတ်အောင် လုပ်ဆောင်နေကြတာတွေ ရှိသလို တချို့ အဖွဲ့တွေကတော့ လူ့အခွင့်အရေး အပြည့် ဖြစ်ရမယ်ဆိုတဲ့ ချဥ်းကပ်မှုမျိုးသက်သက်နဲ့ အစိုးရ အားကောင်းချက်များကို မထောက်ပဲ အားနည်းချက်များကိုသာ အစဥ်တစိုက် အပြစ်တင် အပျက်သဘော ဝေဖန်နေကြတာမျိုးလဲတွေ့ပါတယ်။ အားတက်စရာကတော့ နေရာဌါန အသီးသီး စင်မြင့်အသီးသီးနဲ့ မီဒီယာများစွာကနေ ဒီဘိတ် ယဥ်ကျေးမှု ထွန်းကားလာတာမျိုးဟာ အလွန်ကို ကြိုဆိုရမယ့် အလေ့အကျင့်ကောင်းတွေလို့ မြင်ပါတယ်။ လူထုကို ဒီနည်းနဲ့ စနစ်တကျ ဆင်ခြင်စဥ်းစားချင့်ချိန်နိုင်စွမ်းတွေ တိုင်းပြည်အတွက် မျှော်မြင်နိုင်စွမ်းတွေကို ပေးနိုင်လာမှာပါ ။

နောက်ထပ် တာဝန်ရှိတာကတော့ လူထု ကိုယ်တိုင်ဖြစ်ပါတယ်။ သူများဘာသာကိုလေးစားနိုင်ပြီလား ။ ဆိုရှယ်မီဒီယာပေါ်တွေကနေ မစော်ကားတတ်အောင် နေတတ်ကြပြီလား။ကျဥ်းလာတဲ့ ကမ္ဘာရွာကြီးထဲ လူမျိုးမတူသူချင်း အတူ ယှဥ်တွဲ နေထိုင်တတ်ကြပြီလား ဆိုတဲ့ လက်တွေ့ မေးခွန်းများ ရှိလာပါတယ်။ ဒီနေ့ အိုင်စီဂျေ ရုံးမှာ ရောက်နေတဲ့ အချက်အလက်အတော်များများ ဟာ ကိုယ့်ဆီကသွားတဲ့ အချက်အလက်တွေဆိုတာ ဝန်ခံနိုင်ကြလား။

ဆိုရှယ်မီဒီယာတွေကို တောရောမြို့ပါ သုံးစွဲလာချိန်မှာ လူထု အယူအဆများကို ပိုဖေါ်ထုတ်လာနိုင်ကြတာ အခွင့်ကောင်းကော အခွင့်ဆိုးကော ဖြစ်စေပါတယ်။ သတင်းတခုကို ဖြန့်သင့်သလား စောင့်ထိန်းသင့်သလား မသိခြင်း ဟာ အလွန်ကြောက်စရာကောင်းပါတယ်။ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွတ်စွဲချက်ကို ခိုင်မာအောင် နိုင်ငံကြီးတချို့ အဖွဲ့အစည်းတချို့ဟာ နှစ်များစွာ စနစ်တကျ အချက်အလက်များ စုဆောင်းခဲ့ပါတယ်။ ဆက်လက်ပြီး မီဒီယာ ပေါင်းစုံက တိုက်ခိုက်နေကြတာကို ဆက်တိုက်ကြုံတွေ့လာနိုင်တဲ့ ကာလကို ရောက်လာနေပါတယ်။ အင်အားနည်း ပါးမှု ပြည်တွင်း မှာ အချင်းချင်းမညီမညွတ်ဖြစ်မှုများက ပယောဂ များစွာ ကို ပို ပူးကပ်လာစေမှာ သေချာပါတယ်။ ဘာသာရေး လူမျိုးရေး အကဲဆတ်စရာ အကြောင်းအရာများကို ၂ဖက်လုံးက ဖွကြ ဆွကြချိန်မှာ တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်သွားနိုင်ဘို့ လူထုမှာ တကယ်တာဝန်ရှိပါတယ်။ ထစ်ကနဲ သွေးဆူ ကြ တရားဥပဒေေမဲ့ ကျူးလွန်ဆောင်ရွက်ကြတာတွေ မဖြစ်အောင် ထိမ်းသိမ်းနိုင်စွမ်းရှိရမယ့် အချိန်ရောက်ပြီလို့ သဘောပေါက်စေချင်ပါတယ်။ အိုင်စီဂျေ ရုံးတော်က ဘယ်လို ဆုံးဖြတ်သည်ဖြစ်စေ အစိုးရ က တာဝန်ယူ ဖြေရှင်းနေတာကို ညီညီညွတ်ညွတ် လက်ခံလိုက်နာကြဘို့ အရေးကြီးပါတယ်။ ဒီတရားစွဲဆိုမှုကြောင့် ပြည်တွင်း နိုင်ငံသား အချင်းချင်းကြား ပိုလာရိုက်ဇေးရှင်းတွေ လို့ခေါ်တဲ့ ဘက်လိုက်တာတွေ ပိုဖြစ်လာနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလဲ ကြိုထောက်ပြထားပါတယ်။ အစိုးရ ကော တပ်မတော်အနေနဲ့ လူနည်းစု လူမျိုးစု လူနည်းစုအခြားဘာသာဝင်များ ကို အရင်ကထက် ပို အရေးပေး အကာအကွယ်ပေး စောင့်ရှောက်ရမယ့် တာဝန်တွေဖြစ်လာပါတယ်။

အင်္ဂလန်နိုင်ငံဆိုရင် နှစ်တိုင်းမှာ မြန်မာနိုင်ငံထက် အကြမ်းဖက်တိုက်ခိုက်မှု ပို ခံရတဲ့ နိုင်ငံလို့ ပြောလို့ ရပါတယ် ။ တနှစ်တနှစ် လူထုကြား အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အကြိမ်တွေ မြန်မာပြည်ထက် ပိုများတယ်။ အကြမ်းဖက်ဘို့ ကြံစည်နေတာတွေကိုလဲခေတ်မီ ကောင်းမွန်တဲ့ ထောက်လှမ်းရေး စနစ်တွေ ကြောင့် ကြိုတင်သတင်းရပြီး တားဆီးနိုင်ခဲ့တဲ့ အမှုတွေ ဒါဇင်များစွာရှိပါတယ်။ ဒီကြားထဲကတကယ် အကြမ်းဖက်ခံလာရတဲ့ အခါမှာ လူထုကြီးဟာ တည်ငြိမ်စွာ တုန့်ပြန်ကြတာ ရင်ဆိုင်ကြတာ အတော် လေးစား အတုယူဘို့ ကောင်းပါတယ်။ အေးချမ်းစွာနေတဲ့ တခြား လူမှု အသိုင်းအဝိုင်းများကို ရန်မပြုတာ ဒေါသအလျောက် မတုန့်ပြန်ကြတာ ဥပဒေ ရဲ့ အထိမ်းအကွပ်အောက်မှာနေကြ တာ ဥပဒေရဲ့ အဆုံးအဖြတ်ကိုစောင့်ဆိုင်းကြတာ လေးစားလိုက်နာ တာတွေဟာ အထူး နမူနာ ယူစရာကောင်းလှပါတယ်။ မြန်မာနိုင်ငံဟာ ဒီလို ကိစ္စမျိုး ဖြစ်နိုင်ခြေနည်းသေးပြီး ဖြစ်လာရင်လဲ ဥပဒေကို သာလေးစားလိုက်နာကြရမှာ ဖြစ်ပါတယ်။

နိုင်ငံသားအားလုံးကို လေးစားစွာြဖင့်

ခွန်ဆိုင်း ( ၂၁-၁၂-၂၀၁၉ )