Breaking News

ဧရာ(မန္တလေး) အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား



ဧရာ(မန္တလေး) အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား

(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၉
(၇)

အရက်သေစာ သောက်သုံးခြင်းသည် ပင်ကိုယ်အားဖြင့် ကမ္မပထမြောက်သည့် ဒုစရိုက်မှုမျိုး မဟုတ်သော်လည်း၊ မူးယစ်မေ့လျော့ခြင်းက အခြားသော ဒုစရိုက်မှုများကို ကျူးလွန်စေနိုင်ခြင်းကြောင့် ရှောင်ကြဉ်သင့်သည်ဟု ဆိုခဲ့သည်။ သို့ဆိုလျှင် “အရက်ကို ယစ်မူးလို၍ မဟုတ်ဘဲ ကျန်းမာရေးအတွက် ဆေးဖြစ်ဝါးဖြစ် သောက်သုံးခြင်း, လူမှုရေးအရ အနည်းငယ်မျှ သောက်သုံးခြင်းသည် အပြစ်ရှိပါသလား” ဟု မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါသည်။

ဝိုင်အရက်ကို (အထူးသဖြင့် ဝိုင်အနီ) အနည်းငယ်သောက်သုံးခြင်းသည် သွေးထဲတွင် HDL ဟုခေါ်သည့် ကျန်းမာရေးအတွက် ကောင်းသည့် ကိုလက်စထရော ပမာဏကို မြင့်တက်စေ၍ LDL ဟုခေါ်သည့် ဆိုးသည့် ကိုလက်စထရော ပမာဏကို ကျစေသည်။ ထို့ကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့မှ ကာကွယ်ပေးသည်။ အစာအိမ် လမ်းကြောင်းတွင် ကျန်းမာရေးအတွက် ကောင်းကျိုးပေးသည့် ဘက်တီးရီးယား ပိုးမွှားများကို တိုးပွားစေသည်။ ထိုကြောင့် ဝိုင်အရက်ကို ကျန်းမာရေးအတွက် သောက်သုံးလေ့ရှိကြသည်။ အကယ်၍ ထိုသို့သောက်သုံးခြင်းသည် မူးယစ်စေသည့် ပမာဏ မဟုတ်ပါက အပြစ်ရှိနိုင်ဟု အချို့က ယူဆသည်။

ဤနေရာတွင် ဝိနည်းပါဠိတော်နှင့် အဖွင့်အဋ္ဌကထာတို့တွင် တွေ့ရသည့် အဆုံးအဖြတ်အချို့ကို ဖော်ပြလိုပါသည်။ ဆီထဲတွင် အရက်ကို အသင့်အတင့် ထည့်၍ ချက်ပြီး လေဆေးအဖြစ် သောက်ပါက အာပါတ်မသင့်။ သို့သော် အရက် အလွန်အကျွံထည့်၍ ချက်ထားသော ဆီကို သောက်ပါက အာပါတ်သင့်သည်။ အနံ့ကောင်းစေရန်အတွက် ဖြစ်စေ, အသားနူးစေရန်အတွက် ဖြစ်စေ အရက်ကို ထည့်၍ ချက်သည့် ဟင်းကို စားခြင်းသည်လည်း အပြစ်မရှိဟု
ဆုံးဖြတ်သည်။ အရက်ချက်သည့် အခါတွင် အသုံးပြု့သည့် ရှစ်ရှားသီးစသည့် တို့ကို ထည့်၍ ပြုလုပ်သည့် ‘အရိဋ္ဌ’ ဟု ခေါ်သည့် ဆေးခါးရည်သည် မူးယစ်စေတတ်ခြင်း မရှိ၍ အပြစ် မရှိဟု ဆုံးဖြတ်သည်။ အရက်နှင့် အဆင်း, အနံ့, အရသာတူသော်လည်း မူးယစ်စေတတ်ခြင်း မရှိသည့် ‘လောဏသောဝီရက’ ဟု ခေါ်သည့် ဖျော်ရည်ကိုလည်း မကျန်းမာသည့် ရဟန်းများအား ဆေးအဖြစ် သောက်သုံးရန် ခွင့်ပြုထားသည်။ ကျန်းမာသည့် ရဟန်းများလည်း ရရော၍ သောက်လျှင် အပ်ကြောင်း ဖော်ပြထားသည်။

‘လောဏသောဝီရက’ အဖျော်ပြုလုပ်ပုံမှာ သုရာရည် ပြုလုပ်ပုံနှင့် အလွန်ဆင်သည်။ ကောက်စပါးခုနှစ်မျိုးမှ ဖြစ်သော ထမင်း, သားစိမ်း, ငါးစိမ်း, ငရုတ်, ပိတ်ချင်း, ဂျင်းဟူသည့် တြိကဋုတ်, ပျားရည်, တင်လဲ, သိန္ဓောဆား စသည်တို့ကို အိုးတွင် ထည့်ကာ တနှစ်မှသည် သုံးနှစ်အထိ စိမ်ထားရကြောင်း၊ ကျက်လျှင် ဇမ္ဗုသပြည်သီး အရည် အဆင်းရှိ၍ လေနာရောဂါ, ချောင်းဆိုးရောဂါ, အသားဝါရောဂါတို့အတွက် ဆေးအဖြစ် သုံးစွဲနိုင်ကြောင်း, ‘လောဏသောဝီရက’ အဖျော်လောက် ကောင်းသည့် အစာကြေဆေး မရှိကြောင်း ဝိနည်းပါရာဇိကဏ် အဋ္ဌထာတွင် ဖော်ပြထားသည်။ ယောမင်းကြီးဦးဘိုးလှိုင်၏ ‘ဥတုဘောဇနသင်္ဂဟ’ ကျမ်းတွင် လောဏသောဝီရက ‘ပုံးရည်’ ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။ ယနေ့ခေတ်တွင် ပုံးရည်ဟု ဆိုလျှင် ပုဂံပုံးရည်ကိုသာ အသိများကြတော့သည်။ ပုံးရည်ဟူသည်မှာ သစ်သီး, ထမင်းရည်, ပဲရည် စသည်တို့ကို ကစော် ဖောက်ထားသည့် အရည်မျိုး ဖြစ်သည်။ ဝိုင်စသည့် အရက်များ ချဉ်သွားလျှင်လည်း ပုံးရည်ဟု ခေါ်သည်။ ဆရာယုဒသန်၏ သမ္မာကျမ်းစာတွင်လည်း sour wine ကို ‘ပုန်းရည်’ ဟု ဘာသာပြန်ထားပါသည်။ ယနေ့ခေတ်တွင် ပုံးရည်ဟူသည့် အမည်ထက် ရှာရကာရည် (vinegar) ဟုသာ အသိများတော့သည်။ ထို့ကြောင့် ‘လောဏသောဝီရက’ အဖျော်သည် အရက်မှ ပျက်၍ ချဉ်သွားသည့် ဆေးရှာရကာရည် တမျိုးဟု ယူဆရပါသည်။ ရှာရကာရည်သည် အယ်ကိုဟောမှ အက်စီတစ်အက်စစ် အဖြစ် ဓာတ်ပြောင်းသွားကာ မူးယစ်စေတတ်သည့် သတ္တိ မရှိတော့သောကြောင့် ယစ်ရည် (မဇ္ဇမျိုး) အဖြစ် သတ်မှတ်ခြင်း မပြုနိုင်တော့ပါ။ သို့သော်လည်း ရှာရကာရည်ကို ရေဖြင့်ရော၍ သောက်ပါက (အထက်တွင် ဖော်ပြခဲ့သော) ဝိုင်အရက်ကို သောက်၍ ရနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးများကို ရနိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် အရက်ကို သောက်ရမည် ဆိုပါက အရက်အစား ရှာရကာရည် (သို့မဟုတ် အခြားဆေးဝါးများ)ကို သောက်သုံးခြင်း သုရာမေရယကံကို ရှောင်ကြဉ်နိုင်မည်ဟု ယူဆပါသည်။

ယစ်မူးလို၍ မဟုတ်ဘဲ အနည်းငယ်မျှ လူမှုရေးအရ သောက်သုံးခြင်းသည် အပြစ်ရှိပါသလားဟု ဆိုရာတွင် ဒုစရိုက်မှု မဖြစ်သော်လည်း သောက်သုံးသည့် ပမာဏအလိုက် အပြစ် ဖြစ်သည်ဟု ဆိုရပေမည်။ သမ္မောဟဝိနောဒနီ အဋ္ဌကထာ သိက္ခာပဒ ဝိဘင်းအဖွင့်တွင် “သေရည်ကို လက်တစ်ဖက် ပမာဏမျှ သောက်လျှင် ငယ်သော အပြစ်ရှိသည်၊ လက်တစ်ခုပ် ပမာဏမျှ သောက်လျှင် အပြစ်ကြီးသည်။ ကိုယ်ကို ယိမ်းယိုင်လောက်အောင် သောက်၍ ရွာနိဂုံးကို ဖျက်ဆီးခြင်းပြုလျှင်ကား ဧကန္တ ကြီးမားသော အပြစ်သာ ဖြစ်လေသည်” ဟု အဆုံးအဖြတ် ပေးထားသည်။ သို့သော် အဋ္ဌကထာခေတ်က ပေါင်းခံ ချက်လုပ်ထားသည့် အရက်ပြင်းများ (hard liquors) မတွင်ကျယ်သေးသလို၊ အရက် အမျိုးအစားအလိုက် အယ်ကိုဟော ပါဝင်သည့် ပမာဏ ကွာခြားသည်ကို သတိပြုရမည် ဖြစ်သည်။

ကျန်းမာရေး မထိခိုက်စေရန်အတွက် တစ်နေ့တာ အယ်ကိုဟော စစ်စစ် ပမာဏ ၁၀ ဂရမ် ထက်ပို၍ မသောက်ရန် ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က စံသတ်မှတ်ထားသည်။ ထိုစံပမာဏသည် အကြမ်းအားဖြင့် ဘီယာ တစ်ဗူး၊ ဝိုင်တစ်ခွက်၊ အရက်ပြင်း တစ်ပက် ပမာဏ ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင်မူ အယ်ကိုဟော ၈ ဂရမ်ကို စံပမာဏ အဖြစ် သတ်မှတ်သည်။ ထိုပမာဏမျှသော အယ်ကိုဟောကိုသာ ခန္ဓာကိုယ်၏ အစာခြေဖျက်သည့် စနစ်က တစ်နာရီအတွင်း ချေဖျက်နိုင်သည်။ အရက်ကို အလွန်အကြွံသောက်ပါက ခန္ဓာကိုယ်က ခြေဖျက်နိုင်သည့် ပမာဏထက် ပိုသော အယ်ကိုဟောများသည် သွေးမှတဆင့် အသည်းသို့ သွား၍ စုကာ အသည်းကို ထိခိုက်စေမည် ဖြစ်သည်။ ထို့အပြင် မိမိ၏ ကျန်းမာရေးနှင့် ဆင်ခြင်တုံတရားကိုသာမက မိမိ ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက်ဖြစ်စေ, ထိခိုက်စေနိုင်သည်။ ထိုကြောင့် အရက်ကို စံသတ်မှတ်ထားသည့် ပမာဏထက် မပိုအောင် သောက်လျှင် ပေါ့သော အပြစ်ရှိနိုင်သည်၊ ထိုထက်ပို၍ သောက်လျှင် ကြီးသော အပြစ်ရှိသည်ဟု ယူဆနိုင်ပါလိမ့်မည်။ စံပမာဏထက် အလွန်နည်း၍ မူးယစ်ခြင်း အဆင့်မရောက်သည့် ပမာဏမျှသောက်သည်ဆိုပါက မပြောပလောက်သော အပြစ်မျှသာ ဖြစ်နိုင်ပါလိမ့်မည်။ သို့သော်လည်း သောက်စရှိလျှင် သောက်ချင်ချင်ဖြစ်ကာ တစတစ တိုးပြီး အရက်သောက်ခြင်းကို အပြစ်ဟု မမြင်သော့သည့် အခြေအနေ, ထိုမှတဆင့် အရက်စွဲသွားသည့် အခြေနေမျိုးအထိ ရောက်သွားနိုင်ပါသည်။

(၈)

အရက်သေစာ သောက်သုံးခြင်းအပေါ် ခရစ်ယာန်ဘာသာတွင် အမြင်သုံးမျိုး ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ထိုအမြင်များနှင့် ချိန်ထိုးကြည့်ပါက ယောမင်းကြီးဦးဘိုးလှိုင်၏ အယူအဆနှင့် ဆရာကြီးရွှေဥဒေါင်းတို့၏ အယူအဆများသည် အသင့်အတင့် သောက်သုံးနိုင်သည်ဟူသည့် အမြင် (moderationism) မျိုး ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ ထိုအမြင်မျိုးရှိသူတို့က စံသတ်မှတ်ထားသည့် ပမာဏထက် မပိုသော အရက်ကို လူကြီးလူကောင်းပီပီ သောက်သုံးနိုင်သည်ဟု ဆိုကြပါလိမ့်မည်။ သို့သော် ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေများအရ ဆိုရလျှင် ကမ္မပထမြောက်သည့် ဒုစရိုက်မှုမျိုး မဟုတ်စေကာမူ အပြစ်တော့ရှိသည်။ အရက်ကို အလွန်အကြွံသောက်မည်, မကြာခဏ စွဲစွဲမြဲမြဲသောက်မည်ဆိုပါက ပို၍ပင် အပြစ်ကြီးကာ သေလွန်က အပါယ်ကျနိုင်ပြီး၊ အပေါ့ဆုံးအားဖြင့် ရူးသွပ်ခြင်းကို ဖြစ်စေနိုင်သည်။ သို့သော် ပိတ်ပင်တားမြစ်ရေး အမြင် (Prohibitionism) ရှိသူများ တိုက်တွန်းသကဲ့သို့ အရက်သေစာ ရောင်းဝယ်ဖောက်ကားခြင်း, သောက်သုံးခြင်းတို့ကို ဥပဒေဖြင့် တားမြစ်ပိတ်ပင်ရန် လိုမည်ဟုတော့ မယူဆပါ။ ပတ်ဝန်းကျင်ကို အနှောက်ယှက်ဖြစ်စေနိုင်, ထိခိုက်အန္တရာယ်ပြုနိုင်မည့် မူးယစ်ရမ်းကားခြင်းများကိုမူ တားမြစ်သင့်ပါသည်။ စဉ်းစားခြင့်ချိန်ဉာဏ် အားနည်းသေးသည့် လူငယ်လူရွယ်လေးများ အရက်သေစာ၏ ကျေးကျွန် မဖြစ်စေရန်အတွက် အရက်သေစာ ဝယ်ယူ, သောက်သုံးနိုင်မည့် အသက်အရွယ်ကို ကန့်သတ်ခြင်းသည်လည်း သင့်တော်သည်ဟု ယူဆပါသည်။

အချို့သော ချွင်းချက်များမှလွဲလျှင် မိမိ၏ အမြင်မှာ အရက်သေစာ သောက်သုံးခြင်းကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် ခြင့်ချိန်၍ ရှောင်ကြဉ်သင့်သည် ဟူသည့် ရှောင်ကြဉ်ရေးအမြင်မျိုး (abstentionism) နှင့်သာ ပို၍ နီးစပ်သည်ဟု ဆိုချင်ပါသည်။