Breaking News

မင်နီရှဲလ် - Love Is But A Dream



မင်နီရှဲလ် - Love Is But A Dream

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၉
အချစ်အကြောင်း ရေးပါဦးလို့ဆိုလာသူတွေ အတွက် ကြိုးစားရေးကြည့်ပါဦးမည်။ တကယ်တမ်းကျတော့ ဆောင်းပါးပဲ ရေးရမလား ၊ ဝတ္ထုဖြစ်အောင်ရေးရမလား မသိပါ။ ဖတ်ဖူးသော စာအုပ်တွေထဲမှာလို ကောင်လေးနဲ့ ကောင်မလေး ဝင်တိုက်မိကြတာမျိုးကတော့ ဖန်တရာထေနေပြီ။ ခုခေတ်မှာကတော့ အင်တာနက်ပေါ်က ဒိတ်လုပ်ကြတဲ့ WEBSITE တွေမှာပဲ တွေ့ဖြစ်ကြဖို့ပိုများသည်။ ဒီလိုနဲ့အိမ်တထာင်ကျသွားတာကိုပဲ ဆေးခန်းကဝန်ထမ်းတွေထဲမှာတင် နှစ်ယောက်ရှိသည်။

ဘာရေးရမှန်းမသိတော့ ဘီးဂီးစ်အဖွဲ့ရဲ့ HOW DEEP IS YOUR LOVE? ဆိုတဲ့ သီချင်းဖွင့်ထားပြီး ဖီလင်ဝင်ကြည့်တာလဲမရ။

သူ့အချစ် ဘယ်လောက် DEEP ဖြစ်ပါစေ ၊ ဗိုက်ဝအောင် မလုပ်ပေးနိုင်တာမို့ ကျွန်မဗိုက်ဆာ လာပါသည်။ အဆာပြေအောင် ခပ်မြန်မြန် ဌက်ပျောသီးတစ်လုံး စားပြီး စာပြန်ရေးသည်။

အချစ်ဆိုတာ ၊ အင်း အချစ်ဆိုတာ ပြောရရင် ရိုမီယိုနဲ့ ဂျူးလီယက် ကိုမေ့ထားလို့ မဖြစ် ၊ ( ရှိတ်စပီးယားတို့များ အရေးအသားတော်လိုက်တာ။) တစ်ယောက်နဲ့ တစ်ယောက် အသက်ပေး ချစ်ကြတယ်ပေါ့နော်။ လောကကြီးမှာ ဒီထက် အရေးကြီးတာမရှိတော့ဘူးထင်ပါရဲ့။ အသက်ရှင်နေထိုင်ပြီး လူသားတွေအတွက် ၊ လောကအတွက် ဘာမှမလုပ်နိုင်တော့ဘူးထင်ပါရဲ့။ စိတ်ပျက်လိုက်တာ။

တစ်ချို့ကတော့ တူနှစ်ကိုယ် တဲအိုထဲမှာ နေရနေရ ၊ ‌ရွှေဘုံပေါ်မှာ စံရဆိုလားပဲ။။ ဆင်းရဲတဲ့နောက်ဆက်တွဲအဖြစ် ဆန်ဖိုး ၊ ဆီဖိုး ၊ မီတာဖိုး ၊ ဟိုဟာဖိုး ၊ ဒီဟာဖိုးတွေပါလာရင် တကယ် အချစ်ရှိသေးလား ဆိုတာ သုတေသနလုပ်ကြည့်ချင်ပါသည်။ နေမကောင်းဖြစ်သော ၊ ရောဂါရသောလူနာတွေကို ပစ်ခွာရှောင်ဖယ်သွားသူများစွာ ကြုံဖူးသည်။ အဆင်ပြေတိုင်းသာ အချစ်ရေး အောင်မြင်ရရင်လည်း ချားလ်စ်နဲ့ ဒိုင်ယာနာ ကွဲမှာမဟုတ်ပါ။ ကျွန်မသည် ရေးရင်း ရေးရင်း ဒါတွေကို စာတမ်း ပြုစုထားတာများရှိမလားဟု တွေးမိသည်။

အချစ်မှာ မျက်စိမရှိဆိုတာလည်း ခဏခဏ ဖတ်ဖူးသည်။ အဲ့ဒါကြောင့်လည်း ရုပ်ဆိုးဆိုးတွေပါမကျန် အချစ်ကို ရှာဖွေတွေ့ရှိကြသည်။ သူငယ်ချင်းတစ်ယောက်ကတော့ BEAUTY IS IN THE EYE OF THE BEHOLDER မဟုတ်။ BEAUTY IS IN THE EYE OF THE BEER HOLDER တဲ့။ အရက်ကလေး ဝင်သွားရင် မြင်သမျှ အကုန်လှသတဲ့။ အင်း ဒုက္ခ ၊ ဒုက္ခ ၊

အကယ်ဒမီမင်းသမီးကြီးတစ်ဦးကတော့ အသည်းလည်းခွဲဖူးရမယ် ၊ အသည်းလည်းကွဲဖူးရမယ်တဲ့။ အသည်းလို့ဆိုကြသော်လည်း ကျွန်မတို့ မြန်မာလူမျိုးတွေ ဆွေစဉ်မျိုးဆက် မှားနေတယ်လို့ ထင်ပါသည်။ အမှန်က အသည်းကွဲတာမဟုတ်။ နှလုံးကွဲတာ။ နှလုံးဆိုတာက HEART ဖြစ်ပြီး ပြောနေကျအသည်းဆိုတာက LIVER ဖြစ်ပါသည်။ LIVER ဆိုတာ ဝမ်းဗိုက်ထဲမှာပါ ၊ အသည်းနှင့် နှလုံး ဘယ်လိုမှမတူညီကြောင်း ၊ အသည်းဆရာဝန်နဲ့ နှလုံးဆရာဝန်လည်း တခြားစီဖြစ်ကြောင်း ကျွန်မထောက်ပြမိရင် အချစ်နဲ့ ပတ်သက်ပြီး စီးပွားဖြစ် စာရေးစားနေသူများက ဝိုင်းဆဲကြမလားမသိပါ။ တကယ်ကတော့ အသည်းကွဲတာ ပျော်စရာမကောင်းသလို အသည်းခွဲတာဟာလည်း ‌နောင်တစ်ချိန်မှာ မျက်နှာပူစရာ ဖြစ်ရပါသည်။ ကိုယ့်အတွက်ကြောင့် ဒီလောကထဲကထဲကလူတွေရဲ့ ဘဝတွေလမ်းကြောင်းတွေပြောင်းကုန်တာပေါ့ ဆိုပြိး ဂုဏ်ယူချင်လည်းယူပေါ့လေ။ ဒီဟာကြီးနဲ့ငါနဲ့ မညားခဲ့တာတော်ပါသေးရဲ့ ၊ အခုဆိုရင် ဒီလိုပုံကြီး ဖြစ်နေတာသနားလို့ သက်ပြင်းချရင်လည်း ချနိုင်ပါသည်။

ဘာမှန်းမသိတာတွေလျှောက်ရေးနေတုန်း တစ်အိမ်လုံး ပကတိ ငြိမ်သက်နေပါသည်။ ဘာသံမှမကြားရပါ။ အိမ်ကယောကျာ်း အိမ်ပေါ်ထပ်မှာ တရားထိုင်နေသလား ၊ ဒါမှမဟုတ် နို့ဆီတွေပဲ ခိုးစားနေသလား မ‌ပြောတတ်ပါ။ ဒါပေမယ့် ကိစ္စမရှိပါ။ ငြိမ်နေဖို့က အရေးကြီးသည်။

ဆရာမကြီး ဒေါ်ကြည်အေး (စိတ်ရောဂါအထူးကုဆရာဝန်ကြီးလည်းဖြစ်သည်။) ကတော့ အချစ်ဆိုတာ အိမ်ထောင်သည်ဘဝ မှာပဲရှိပါသတဲ့။ ဒါလည်း မှန်သင့်သလောက် မှန်ပါသည်။ ရည်းစားတွေ ဘယ်လောက်ပဲ များခဲ့များခဲ့ ပတ်ဝန်းကျင်က မြင်တာသည် ကိုယ့်အိမ်ထောင်ဖက်သာ ဖြစ်သည်။ (ကလေးစရိတ်တွေ ဘာတွေကို အိမ်ထောင်သည်ဖြစ်ပြီးမှ တောင်းခံရတာပို အဆင်ပြေသည်။) အိမ်ထောင်သည်ဘဝမှာလည်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိ ၊ စိတ်မချပူပန်နေရလို့ အမြဲ CHECKING လိုက်နေရပြန်ရင်လည်း လူဖြစ်ရကျိုးမနပ်ပါ။ သောက ဆိုတာ အကုသိုလ်ပါပဲ။

ရည်းစားစာဆိုတာ ကတော့ ကာယကံရှင် နှစ်ယောက်ကလွဲရင် တခြားသူတွေအတွက် ဟဒယရွှင်ဆေး ဆိုလားဘဲမှတ်သားဖူးသည်။ ရည်းစားစာမပြောပါနှင့် ၊ တစ်ချို့တွေ အချင်းချင်း ခေါ်ဝေါ်ပြောဆိုနေတာတွေက အစ တခြားသူတွေအဖို့တော့ ရီစရာတွေ။

ဆေးကျောင်းမှာတုန်းက လက်ရေးအလွန်ဆိုးသော ရည်းစားစာတစ်စောင်ရဖူးသည်။ ဘာမှသဲသဲကွဲကွဲ မပြောနိုင်သော စာမျိုး။ အချစ်ဆိုတာ ဒစ်စနေ ကမ္ဘာလိုပဲ ပျော်စရာကောင်းတယ်လို့ ပြောသူနှင့် ကြုံဖူးသည်။ တွေ့သမျှ မိန်းကလေးတိုင်းကို ငါတို့က BUY ONE ၊ GET ONE FREE လေ လို့ပြောနေကျ ရွှေဝါရောင်ဆံပင်များပိုင်ရှင် အမြွှာညီအစ်ကို ဗရုတ်နှစ်ကောင်ကို တွေ့ဖူးသည်။ စာမေးပွဲနီးလို့ ဖိစီးမှု‌တွေများပြီဆိုရင် သူတို့ကအဲ့လိုပြောပြီ။ နောင်နှစ်အတော်ကြာသောအခါ နှစ်ယောက်စလုံး ဆရာဝန်ကြီးတွေ ဖြစ်ကုန်ကြသည်။ အိမ်ထောင်ကျကာ ကလေးအဖေ‌တွေ ဖြစ်ကုန်ကြသည်။ BUY ONE ၊ GET ONE FREE ပြောကြသေးလားတော့ အဆင်အသွယ်မရှိလို့ မသိ‌တော့ပါ။

ကျွန်မနောက်ထပ် သတိထားမိသည်မှာ မိန်းမလျာစုံတွဲ သို့မဟုတ် ယောကျာ်းလျာစုံတွဲတွေများ ဆရာဝန်ဆီရောက်လာပြီ ဆိုရင် သာမာန်လူတွေထက် တစ်ယောက်နဲ့တစ်ယောက် ပိုဂရုစိုက်ကြသည်။ မေးခွန်းတွေတအားမေးကြသည် ၊ ကြင်နာယုယမှုတွေ ပြကြသည်။ စိုးရိမ်စိတ်မူကြသည်။ ကျွန်မ မိတ်ဆွေ ဥက္ကဋ္ဌကတော် ကတော့ အဲ့ဒါတစ်ယောက်နဲ့တစ်ယောက် တူညီမှုရှိတော့ ပိုပြီး စာနာတတ်တဲ့ ၊ သနားတတ်တဲ့ စိတ်ရှိတာပေါ့ လို့ပြောဖူးသည်။ အရင်က ကျွန်မ ဒါမျိုးမတွေးဖူးပါ။ ကျွန်မသည် နေ့စဉ်ဆက်လက် သင်ယူနေဆဲဖြစ်ပါသည်။ ပညာရှာနေဆဲဖြစ်ပါသည်။

အချစ်ဆိုတာ တကယ်တော့ အကောင်အထည် ဖော်ပြလို့မရသော စိတ်ခံစားမှု တစ်ခုဖြစ်သည်။ စိတ်ဓာတ်ကျနေသော ၊ စိတ်လှုပ်ရှားလွယ်သော ၊ ပူပန်မှုများသောလူနာတွေကို ကျွန်မသည် ခပ်တည်တည် နှင့်ဆရာကြီးလုပ်ကာ ' စိတ်ရောဂါဆိုတာလေ ၊ ဆီးချို ၊ သွေးတိုး ၊ ကိုလက်စထရော တို့လို တိုင်းတာလို့မရဘူး ၊ GAS တစ်ခုလိုပဲ ပြန့်ပြီး ဒုက္ခပေးတတ်တာမျိုး ၊ ဆေးသောက်တာကောင်းတယ် ၊ ဘာညာနှင့် ကုသဖူးသည် ၊ တကယ်လည်း သက်သာကြသည်။ သို့သော် အချစ်အတွက်က ဆေးမရှိပါ။ ကာလသားရောဂါတို့ HIV တို့ HERPES ဘာညာတို့ အတွက်တော့ ဆေးရှိပါသည်။ THE GIFT THAT KEEPS ON GIVING ဆိုလားပဲ။ လူနာမိန်းမတစ်ယောက်က ဟာသလုပ်ဖူးသည်။

အချစ်စစ်မှန်ရင် ဘယ်တော့မှ ဆောရီး ပြောစရာမလိုဘူးလို့ ပြောတာလည်း ကြုံဖူးသည်။ တကယ်တော့အဲ့ဒါဟာ LOVE STORY ရုပ်ရှင်ထဲကစာသားကိုခိုးသုံးထားတာပါ ၊ ရိုင်ယန်အိုနီးလ် နှင့် အယ်လီမက်ဂရောတို့ ငယ်ငယ်လေးတုန်းက ရုပ်ရှင်။ ရုပ်ရှင်မှာမင်းသမီးက ကင်ဆာရောဂါနှင့် ဆုံးသွားတာမို့ ပျော်စရာတော့မကောင်း။ ဒါပေမယ့် နောက်ခံဂီတ နှင့် စာသားတွေက လှသည်။ အချစ်စစ်ဆိုတာ ဆောရီးပြောစရာ မလိုဘူးဆိုရင် ငွေချေးဖို့ ပြောနေတာလားတော့မသိ။ ကဗျာစပ်ကြည့်ရရင်

ဆေးကျောင်းကရည်းစားဟောင်းဆီ
အကြွေးသွားတောင်းတော့
ငါနေမကောင်းလို့
နင့်ကိုပေးစရာ
ဘရာစီယာအဟောင်းတောင်
မရှိတော့ဘူးလို့ပြောပြော
အမလေး သောက်ပလုတ်တုတ်

' ဟင် နင့်ကိုငါ မနက်က မုန့်ဟင်းခါးရော ၊ ဒီနေ့လည် ဒန်ပေါက်ရော ‌ဝယ်ကျွေးထားတာ မဝသေးဘူးလား ၊ နေ့ခင်းကြောင်တောင် စာရေးရင်း လက်စုတ်နေရသလား ၊ VIDEO ရိုက်ပြီး YOU TUBE ပေါ်တင် လိုက်မယ် ၊ ဆရာဝန် ဘယ်လိုလုပ်နေသလဲ နင့်လူနာ တွေကိုပြရမယ်။'

အချစ်အကြောင်း စာရေးနေခိုက် ဘယ်တုန်းကရောက်လာမှန်း မသိရသော ၊ နင်ဂျာတွေလိုပင် လျှပ်တပြတ် ချုံခိုပြီးရောက်လာတတ်သော ယောင်္ကျားလုပ်သူပေါ်လာသောအခါ စာရေးခြင်း အလုပ် တစ်ခန်းရပ်ရလေ၏။

မင်နီရှဲလ်
NOV 16th,2019.

စာရေးသူအမှာ
အချစ်အကြောင်း ရေးလိုရင်းမဟုတ်ပါ။ ပုထုစဉ်တို့ရဲ့ စိတ်ဟာ ထရိန်နင်မရှိရင် ၊ အာရုံစူးစိုက်မှု သမာဓိမရှိရင် ဟိုရောက်ဒီရောက် ရောက်တတ်တယ်လို့ အဓိကပြောလိုရင်းဖြစ်ပါတယ်။ စိတ်ဆိုတာသတိ ၊ သမာဓိဆိုတာအမြဲ ဂရုတစိုက် စောင့်ကြည့်ပွားများပေးရမယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။