Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (6)



ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (6)

ကူညီကာ ဝိုင်းလို့ မှိုင်းမပါ

(မိုုုုုုးမခ) ဇန်််််နဝါရီ ၈၊ ၂၀၂၀

( ၆ )

ကံဆောင်ပွဲပြီးမှ အလုပ်တွေ ပိုများကုန်တယ်။ နယ်ဆင်းတဲ့လူက ဆင်း၊ ဥတ္တမဂျာနယ် ရိုက်တဲ့သူက ရိုက်၊ကျောင်းသားတွေရဲ့ ဂျာနယ်တွေဖြစ်တဲ့ ဒီရေသစ်၊ ရိုးမရေစီး၊ အောင်ကျော်၊ တပ်လှန့်သံ၊ မီးဒုတ်၊ ဗဟိန်း၊ ဗထူးစတဲ့ ဂျာနယ်တွေကိုလဲ ဒိုင်ခံရိုက်ပေးရတာဆိုတော့ ဥတ္တမဂျာနယ်ရဲ့ အမြတ်ငွေလေးနဲ့ ဝယ်ထားတဲ့
စာကူးစက်လေးဆို နားရတယ်ကို မရှိဘူး။ သူ့ခမျာ စကားမပြောတတ်တဲ့ စက်မို့လို့၊ စကားသာ ပြောတတ်ရင် ထတောင် ဆဲမလား မသိဘူး။

ဒီစက်ဝယ်ဘို့ အဓိက လုံးပမ်းသွားတဲ့သူက ဦးဓမ္မာနန္ဒ (ယခုကျိုက်လတ်မှာ ဓမ္မစကူးကျောင်း ထောင်ထားသည်)။ သူက ကိုယ့်ကို "ဂျာနယ် တပတ်စာဖိုး ချန်ထားပြီး ပိုငွေ ဘယ်လောက်ရှိလဲ" မေးလာတယ်။ "တစ်သောင်းပိုပိုလောက်တော့ ရှိမယ်" ပြောတော့ "ဒါဆို စာကူးစက် ဝယ်မယ်၊ ချန်သင့်သလောက် ချန်ပေးထားဘို့ စာကူးစက်ရောင်းတဲ့ ဒကာကြီးကို သူပြောမယ်" ဆိုတဲ့ စကားပြောပြီး ကိုယ့်ဆီက တစ်သောင်းယူ ထွက်သွားတယ်။ ပြန်လာလို့ မေးကြည့်တော့ (၆၀၀၀)အကြွေး ချန်ပေးလိုက်သတဲ့။ ဂျာနယ်အမြတ်နဲ့ဖြည်းဖြည်း ဆပ်မတဲ့။ တကယ်လဲ လိုအပ်တယ်လေ။ အရင်ကဆို စာရွက်တရွက်ဖြစ်အောင် ဖန်ချောင်းတွေ၊ ဒလိမ့်တုံးတွေနဲ့ လှိမ့်ရတာ။ လှိမ့်လို့ စာရွက်ရေ ဘယ်လောက်မှ မရှိသေးဘူး၊ ဖယောင်း ဖောက်ထားတဲ့ စာရွက်က ပြဲပြီ။ နောက်တစ်ရွက် ထပ်ဆွဲရတော့ အချိန်တွေကုန်ရော။ အရင်ဟာနဲ့ တူအောင် ပြန်ဆွဲခိုင်းရတာ၊ တခါတလေ ပန်းချီဆရာဦးဇင်းတွေက တခါထည်း နှစ်ရွက် ဆွဲပေးထားလို့ တော်သေး။

ပြောရရင်တော့ အံ့ဩစရာ အတော်ကောင်းတယ်။ သပိတ်မှောက်ပြီး သိပ်မကြာခင်မှာပဲ ထွက်ပြေးရလို့ လူစုတွေ ကွဲပြီး အကြွေး မဆပ်ဖြစ်ကြဘူး။ ဆရာတော်ရဲ့ သက်တော် (၈၀) ပြည့်မွေးနေ့ပွဲမှာ ဦဓမ္မာနန္ဒ ကြွလာပြီး ဒီအကြွေးအကြောင်း ပြောပြလို့ မဆပ်ရသေးတဲ့အကြောင်း သိရတယ်။ ဒါနဲ့ ဦးဓမ္မာနန္ဒ ဦးဆောင်ပြီး သူငယ်ချင်းတွေစုသွားကြတယ်။ စာကူးစက်အရောင်းဆိုင်ရောက်တော့ ဦးဓမ္မာနန္ဒက ရောင်းပေးလိုက်တဲ့ ဒကာကြီးကို " (၉၀) ခုနှစ်လောက်က ယူထားတဲ့ စာကူးစက်အကြွေး လာဆပ်တာပါ" ပြောတော့ ပိုင်ရှင် ဒကာကြီး ကြောင်ပြီး တွေတွေကြီး ဖြစ်နေသတဲ့"။ ဦးဓမ္မာနန္ဒက ရေလည်အောင် ရှင်းပြမှ ဒကာကြီး သတိ ပြန်ရသွားပြီး "ဦးဇင်းတို့ရယ်.. ဒါလောက် ကြာနေပြီ၊ ဆပ်မနေပါနဲ့တော့။ တပည့်တော်လဲ မွဲသွားတာမှ မဟုတ်တာ။ ရဟန်းသံဃာတွေဆို လှူတောင် လှူရဦးမှာ" ဆိုပြီး ပြန်လျှောက်တော့ ဦးဓမ္မာနန္ဒက "မဟုတ်သေးဘူး ဒကာကြီး၊ ဦးဇင်းတို့က ဝိနည်းနဲ့ နေရတဲ့သူတွေဆိုတော့ ယူထားမိရင် ပြန်ဆပ်ရတယ်။ လှူတာဟာ လှူတာ တကန့်ပဲ" ပြောပြီး ကြွေး(၆၀၀၀) ကို ဒကာကြီးလက်ထဲ ထည့်လိုက်တယ်။ ဒီလို ထုတ်ပေးလိုက်တော့ ပိုင်ရှင်ဒကာကြီးခမျာ အံ့ဩမင်သက်သွားပြီး ဦးဓမ္မာနန္ဒကို တလှည့်၊ ပါသွားတဲ့ ဦးဇင်းတွေကိုပါတလှည့် ကြည့်ပြီး " ဘုရား..ဘုရား၊ ဘုန်းကြီး ရဟန်းလုပ်ရတာလဲ တကယ် မလွယ်ပါလား၊ တပည့်တော် အဲဒီလောက်ထိ နက်နက်နဲနဲ မတွေမိဘူး ဘုရာ့"လို့ လျှောက်ပြီး ကြွလာတဲ့ဦးဇင်းတွေ အကုန်လုံးကို အပါးစေ့အောင် ဦးချသတဲ့။ ဒကာကြီးကို နှုတ်ဆက်ပြီး ပြန်မယ်အလုပ်မှာ "ခဏလေး နေကြပါဦးဘုရား။ တပည့်တော် တဒင်္ဂလေးအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပီတိကြောင့် အရှင်ဘုရားတို့ကို လှူချင်စိတ် ပေါက်သွားတယ်ဘုရာ့" လို့ ဝမ်းသာအားရလျှောက်ပြီး ပစ္စည်းတွေ ဝယ်လှူလိုက်တာ တော်တော်များသတဲ့။

သူငယ်ချင်းတွေထဲမှာ ဦးဓမ္မာနန္ဒကတော့ အတော်လေး စိတ်ရှည်တယ်။ ဒီစာကူးစက်ပျက်ရင် သူကိုယ်တိုင်ပဲ စိတ်ရှည်လက်ရှည် ပြင်ပေးခဲ့တယ်။ သူနဲ့ တွဲပြင်ပေးသွားတဲ့ ကချင် ဦးတိဿတို့၊ ဦးသုစရိတ (ကိုသိန်းဝင်းL.P.T) တို့နဲ့တော့ တဘာသာစီပဲ။ ဟိုနှစ်ပါးလုံးက စိတ်မရှည်တဲ့သူတွေ။ သူဦးဆောင် ပြင်နေတုန်းများ ဟိုနှစ်ပါးက ဝင်လာပြီး ထင်ရာလုပ်မိရင် ထဆဲရော။ အမြဲတမ်း စိတ်ရှည်တဲ့သူလို့ သတ်မှတ်ခံထားရတဲ့သူတောင် ဟိုနှစ်ပါးနဲ့တွေ့ရင် နာမည်ပျက်သွားတယ်။
သပိတ်မမှောက်ခင်တုန်းက ဥတ္တမဂျာနယ်နဲ့ ကျောင်းသားတွေရဲ့ မီးဒုတ်သတင်းစာကို (၁၅)ရက်ခြား တစ်ခါလောက် ထုတ်တာ။ သပိတ်ပြီးချိန်မှာတော့ နှစ်စောင်လုံး ခပ်စိပ်စိပ် ထုတ်လာတယ်။ တက်လာတဲ့ သတင်းတွေကလဲများလာ၊ စောင်ရေကလဲ တက်လာတာဆိုတော့ ရန်ပုံငွေ ရတဲ့လမ်းကို ချဲ့ထွင်သလိုတော့ ဖြစ်သွားတယ်။ အရင် သပိတ်မတိုင်ခင်က စောင်ရေ (၅၀၀) လောက်သာ ရိုက်ရပေမယ့် သပိတ်အပြီးမှာတော့ အုပ်ရေ (၁၀၀၀) ကျော်လောက်ထိ တက်လာတယ်။ စောင်ရေတက်မယ့် နည်းလမ်းကိုလဲ ရှာကြတယ်။ ဂျာနယ်အပြင်အဆင်ပိုင်းကို အမေရိကန်ရောက် ဦးဉာဏိက (စာရေးဆရာဉာဏ်ဦးမောင်)က တာဝန်ယူပြီး ဝေဝေဆာဆာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် ဦးတေဇာဓိပတိ (ရွှေဘို၊ ရွှေခြင်္သေ့ကလေးစံဌာနေ) ဆရာ
တော်က တာဝန်ယူပေးတယ်။ သူကိုယ်တိုင်ပဲ စာရင်ပြင်ကဏ္ဌဖွင့်ပြီး တတ်နိုင် နာမည်နဲ့ ဟာသ
နှောပြီး သတင်းတွေရေး။ ဥတ္တမသံချပ်၊ ဥတ္တမ သင်္ကြန်စာစတဲ့ သရော်စာတွေ ရေးပေးခဲ့သလို
ဆော်တာဆွေ နာမည်နဲ့ "ပြောရမှာပေါ့ မခင်ကျော့ရယ် "ကဏ္ဍကို စပေးပြီး နောက်
ပိုင်းမှာ ဟာသစာပေကြိုက်တဲ့ ကိုယ့်ကို လွှဲပေးတယ်။ အတည်ပေါက်ဆောင်းပါးတွေကိုတော့ ဒီသစ်နာမည်နဲ့ ရေးတယ်။ တခြား နာမည်ကြီးတွေဆီကလဲ ဆိုင်ရာ ပိုင်ရာတွေနဲ့ တောင်းပြီး ထည့်ခဲ့ဘူးတယ်။ သူတို့ကတော့ လမင်းတရာအငြိမ့်ပိုင်ရှင် ကိုမြတ်မှိုင်း၊ လူရွှင်တော် ကိုချစ်စရာနဲ့ ဆရာကိုမြတ်မင်းသူတို့ဆီကပဲ
ဖြစ်တယ်။ စာငတ် နိုင်ငံရေးသတင်းငတ်တဲ့အချိန်ဆိုတော့ အားလုံးအတွက် အကြိုက် ဖြစ်ကုန်တယ်။ ထွက်သမျှ ဂျာနယ်တိုင်းကိုလဲ ဆရာတော်နှစ်ပါးလုံးကို ကပ်ဖြစ်တယ်။ ကိုယ်တွေနဲ့ စာဖတ်သူတွေကသာ တဥတ္တမထဲ မနေပေမယ့် ဆရာတော် ဦးရာဇကတော့ ကိုယ်တွေ ထုတ်တဲ့ဂျာနယ်ကို အကောင်းဆုံးနာမည်ကို ပေးပြီး ကင်ပွန်းတပ်ခဲ့တယ် "အယုတ္တမ ဂျာနယ်" တဲ့။

နယ်ထွက် စည်းရုံးတဲ့ သူတွေများတော့ ငယ်.လတ်.ကြီးသမား ကိုယ်တော်များနဲ့ ကျောင်းသားတွေကို အပူကပ်ရတယ်။ စာရွက်ခေါက်ပေးပါဦးဟဲ့၊ ကလစ်ကုတ်ပေးပါဦးဟဲ့၊ စာကူးစက် ဝင်လှည့်ပေးပါဦးဟဲ့ စသဖြင့် ချော့လို့ မော့လို့ပေါ့။ တိုက်ဟောင်းမှာ နေကြတဲ့ ဦးသီလဝံ၊ ချစ်မွေး၊ မွတ္တား၊ ဦးဝါသဝ၊ ဦးပဏ္ဍိ၊ ဦးမဟောတို့အပြင် ကျောင်းသားတွေထဲက ကိုမိုးကျော်ကြီး၊ ကိုခင်မောင်ညွန့်၊ ကိုဇော်ဝင်းနိုင်၊ ကိုစန်းယု၊ ကိုကျော်ဇင်၊ ကိုတီးစတဲ့ကျောင်းသားကြီးတွေနဲ့ စတိတ်ကျောင်းသားအငယ်တွေ ဖြစ်ကြတဲ့ အေးထွေး (ကာတွန်းဘီညို)၊ ညိုလေး၊ ဇော်ဇော်လင်း၊ ရဲရင့်ကျော်၊ အောင်မှိုင်းဆန်း၊ မင်းနိုင်လွင်၊ ကောက်ကွေးစတဲ့ တက်ကြွကျောင်းသားလေးရဲ့ လုပ်အားတွေကိုလဲ ထုတ် နှုတ် ယူခဲ့ရသေးတယ်။ ကျောင်းသူတွေထဲက မမြင့်ခိုင်(ကျောင်းထုတ်ခံရတဲ့ သတ္တဗေဒကျောင်းသူ)၊ မဥမ္မာမြင့်(ဒေါက်တာဥမ္မာမြင့်= PSI)၊ မအေးအေးမင်း (ပါမောက္ခ၊ ကျောက်ဆည်တက္ကသိုလ်)၊ မထားထားထက်(ကိုအောင်မိုးဝင်းကတော်၊ အမေရိကန်) နေဆုလှိုင်စတဲ့ကျောင်းသူတွေလဲ အမြဲလိုလို ချောဆွဲခံရတယ်။ ကျောင်းသားတွေရဲ့ ဂျာနယ်ထုတ်ရက်နဲ့များ တိုက်ရင် မိုးတောင် လင်းသွားတတ်တယ်။(ကျောင်းသား/သူနာမည်များနဲ့ လုပ်ကူတဲ့ ဦးဇင်း
တွေ ဘွဲ့တော်များ ကျန်နိုင်ပါသည်)

နယ်တွေ ဆင်းခိုင်းထားပေမယ့် ကျောင်းပတ်စာမေးပွဲ အဖြေ မပျက်စေဘူး။ ပထမဆုံး နယ်ဆင်းခိုင်းတဲ့အပတ်မှာ ကျောင်းပတ် အဖြေခိုင်းတော့ သပိတ်ထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့သူတွေ အားလုံးနီးပါး ကျကြတယ်။ စာလုပ်ချိန်မှ မရှိတာ ကျတော့တာပေါ့။ စာစစ်ပြီး ဂေဇက်ထုတ်တော့မယ်ဆိုရင် ဆရာတော့်ကို အရင်ဆုံး ပြရတယ်။ အဲဒီအချိန်ကျမှ ဆရာတော့် ဂေဇက်ကြည့်နည်းကို သတိထားမိတယ်။ ဆရာ
တော် ဂေဇက်ကြည့်ပြီဆိုရင် ထိပ်ဆုံးက အောင်မှတ်ရတဲ့သူတွေကို အရင်ဆုံး မကြည့်ပဲ မင်နီတားထားတဲ့ မျဉ်းကြောင်းအောက်က ဒဏ်မှတ် မလွတ်တဲ့သူတွေကိုပဲ အရင်ဆုံး ကြည့်တယ်။ ဒဏ်ထမ်းရတော့မယ့် သူတွေရဲ့စာရင်းကို ကြည့်နေရင်း ဆရာတော့်မျက်နှာ ပြုံးနေတာကိုပဲ တွေ့မိတယ်။ ဆရာတော့်စိတ်ထဲမှာတော့ "စာမလုပ်တဲ့သူတွေ ခံကြ" ဆိုပြီး တွေးနေမလား မသိဘူး။ ပြီးတော့ ဒဏ်သွားထမ်းချိန်မှာ ဒဏ်ကျတဲ့သူတွေကို "နိုင်ငံရေးပဲပြောပြော၊ အမျိုးသားရေးပဲဆိုဆို မင်းတို့ ဝါသနာပါလို့ လုပ်တာ လုပ်တာပဲ၊ ငါ့ဆီမှာ နေတဲ့အတွက် ငါ့စည်းကမ်းကလဲ စည်းကမ်းအတိုင်းပဲ။ အများနဲ့ နေရတာဆိုတော့ မင်းတို့အတွက် သီးသန့် စည်းကမ်း ထုတ်မပေးနိုင်ဘူး"တဲ့။

သူတို့တွေ ဒဏ်ထိတော့ ကျောင်းပတ် မဖြေရတဲ့ ကိုယ်တွေချည်း လုပ်ရရော။ အစည်းအဝေးခေါ်ရင်လဲ သွားရ၊ စာအံကျောင်းလဲ စောင့်ရ၊ ဂျာနယ်လဲ ရိုက်ရဆိုတော့ ဘယ်လိုမှကို မလည်တော့ဘူး ဖြစ်ကုန်တယ်။ အဲဒီအချိန်မှာ တကယ့်ကို ကျေးဇူးတင်ရမယ့်သူက ဆရာတော်ဦးနာယကရဲ့ ဒီပကျောင်းမှာ နေတဲ့ ဦးပညာတိက္ခာလင်္ကာရ (ယခု တောင်ကြီး၊ သိမ်တောင်ကျောင်းတိုက်)။ သူက တခြားသူတွေ ဒဏ်ထိနေတော့ နေ့ခင်းတောင် အိပ်ချိန် မယူပဲ လာကူတယ်။ ဒီလို မနိုင်မနင်းဖြစ်နေတဲ့ ကိစ္စကို ဦးသုစိတ္တလေးနဲ့ ဦးဉာဏိကတို့ကို တိုင်ပင်တော့.."ဆရာတော်ကတော့ သူ့စည်းကမ်းကို ပြင်ပေးမှာ မဟုတ်ဘူး။ ကိုယ့်လူတွေလဲ လာမယ့်အပတ်တွေမှာ ဒဏ်ကျလို့ မဖြစ်ဘူး။ ဒီလိုလုပ်ကွာ..အခုအချိန်မှာ စာကူးစက်ရော၊ လက်နှိပ်စက်ပါ
မင်းတစ်ယောက်ထဲ ကိုင်နေရတာဆိုတော့ (၃)ကျမ်းလုံး မင်းလက်က ထွက်ရတာချည်းပဲ။ ဒီတော့..မေးခွန်းတွေ ရိုက်ပြီးချိန်မှာ ခေါင်းဆောင်အဖွဲ့ထဲ ပါတဲ့သူတွေကိုပဲ အောင်မှတ်ရရုံလောက် ပေးလိုက်။ ကျန်တာတော့ ဖြီးကြ ဖြန်းကြပစေ" ပြောပြီး အကြံပေးတယ်။ သူတို့ အကြံပေးတဲ့အတိုင်း လုပ်လိုက်တော့မှ တစ်ပါးမှ ဒဏ်မကျတော့ပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ဆရာတော်သာ ဒီပူးပေါင်းကြံစည်မှုကြီး
ကို သိခဲ့ရင် ဆရာတော့် ခြေကန်ချက်တွေဟာ ကိုယ်တို့(၃)ပါးရဲ့ ခေါင်းတွေပေါ် ကျလာမယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပဲ။

သပိတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကလဲ ဟိုကကြား ဒီကကြားနဲ့ ဖြစ်လာ၊ လူတွေလဲ တအားစိတ်ဝင်စားလာတော့ ဂျာနယ်တွေ ရောင်းမလောက် ဖြစ်လာတယ်။ ဖတ်ချင်တဲ့သူတွေကတော့ ဆွမ်းခံ သံဃာတွေကနေတဆင့် ဝယ်ခိုင်းပြီး ဖတ်ကြတယ်။ တချို့ သံဃာတွေက ဝီရိယထားပြီး ညကတည်းက ဝယ်ကြပေမယ့် တချို့ စာသင်တွေကတော့ ချေးယိုခါနီးမှ ချေးကန်တွင်းရှာတယ်လို့ ပြောရလောက်အောင် မနက် ဆွမ်းခံထွက်ချိန်မှ ဝယ်ကြတယ်။ တစ်ညလုံး စာအုပ်ရိုက်ပြီး လင်းခါနီးမှ အိပ်ရတာဆိုတော့ သူတို့ တံခါးလာခေါက်ချိန်မှာ အိပ်မှုန်စုံမွှားနဲ့ ထ ရောင်းရသေးတယ်။ ဒီလို ယူ ရောင်းပေးတာကိုပဲ ကျေးဇူးတင်ခဲ့ ချစ်ခဲ့ရတယ်။

တခါတခါ ကျောင်းသားတွေနဲ့အတူ ပွဲစားတန်းတို့ ရွှေတစ်ချောင်းဘေးက ကျောက်ဝိုင်းတို့မှာ သွားရောင်းကြတယ်။ လူတွေ ဖတ်စေချင်တာကတစ်ကြောင်း၊ အမြန်ကုန်စေချင်တာက တစ်ကြောင်းကြောင့်ပေါ့။ တကယ်တမ်း အဲဒီလို လူစည်ကားတဲ့ နေရာမျိုးတွေမှာ လွတ်လွတ်လပ်လပ် ရောင်းရရင် (၁၅)မိနစ်လောက်ဆို ပါသွားသမျှ အကုန် ကုန်တယ်။ သွားရောင်းတိုင်း အေးအေးဆေးဆေး ရောင်းရတယ်ကို မရှိပါဘူး။ စာအုပ်လေးတွေ ကိုင်ပြီး ကျောင်သားတွေ အော်ရောင်းလို့ သိပ်မကြာခင်မှာပဲ ထောက်လှမ်းရေးတွေ ကားနဲ့ ဝင်လာပြီး ဖမ်းလို့ ပြေးရတာက ခပ်များများရယ်။ လမ်းမှာ ဘယ်လောက် လိုက်ဖမ်းဖမ်း မကြာ မကြာ သွားရောင်းဖြစ်တယ်။ ဦးဇင်းတွေနဲ့ ကျောင်းသားတွေ တွဲပြီးထွက်တိုင်း စောင့်ကြည့်နေတဲ့ ထောက်လှမ်းရေးတွေက မြို့ထဲမှာ လှည့်နေတဲ့ ထောက်လှမ်းရေးတွေကို လှမ်းသတင်းပို့တယ်ဆိုတာ သိသာတယ်။
ဥုံဖွ