Breaking News

အလုပ်လုပ်ရင်း ကိုယ်ဝန်ပျက်ကျခြင်းနှင့် ဥပဒေပါနားရက်

အလုပ်လုပ်ရင်း ကိုယ်ဝန်ပျက်ကျခြင်းနှင့် ဥပဒေပါနားရက်

ဝင်းနန္ဒာ၊ ဟေမာန်ပြည့်၊ Myanmar NOW

(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၀

ကိုယ်ဝန်ပျက်ကျသည့် စက်ရုံအလုပ်သမများသည် ဥပဒေအရ အများဆုံး ခြောက်ပတ်အထိ ခွင့်ခံစားခွင့် ရှိသော်လည်း စက်ရုံအချို့က ခွင့်ရက်အပြည့်မပေးသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ရင်း လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြရသည်။



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်

အိမ်အပြန်လမ်းတွင် မဖြိုးအိအိခိုင်၏ ခါးအောက်ပိုင်းတစ်ခုလုံး နာကျင်လေးလံနေခဲ့သည်။ သူ အလုပ်လုပ်နေသည့် အထည်ချုပ်စက်ရုံတွင် တစ်နေကုန် အပ်ချုပ်စက် နင်းရသည်က ပုံမှန်လုပ်နေကျ ဖြစ်သော်လည်း ထိုနေ့က နာကျင်မှုနှင့် ပင်ပန်းမှုမှာ လွန်ကဲနေသည်ဟု ခံစားရသည်။

မဖြိုးအိအိခိုင်သည် အိပ်မောကျနေစဉ် ဝမ်းဗိုက်နေရာ ပြင်းပြင်းထန်ထန် နာကျင်မှုကြောင့် ညသန်းခေါင်ကျော် နံနက် ၂ နာရီဝန်းကျင်၌ နိုးလာခဲ့သည်။ မိန်းမကိုယ်မှ ဆင်းနေသည့် သွေးအများအပြားကိုလည်း အိပ်ရာပေါ် တွေ့လိုက်ရသဖြင့် ချောက်ချားသွားသည်။ မိုးအလင်း ဆေးရုံရောက်သည့်အခါ ကိုယ်ဝန်မှာ ဆေးရုံ ရောက်မလာခင်ကတည်းက ပျက်ကျနှင့်ပြီး ဖြစ်သည်ဟု ဆရာဝန်များက ၎င်းကို ပြောသည်။

အိမ်ထောင်သက် သုံးနှစ်အတွင်း ပထမဦးဆုံးရခဲ့သည့် ကိုယ်ဝန်သည် မဖြိုးအိအိခိုင်၏ ဝမ်းတွင်းတွင် ငါးလသာ အသက်ရှင်ခဲ့သည်။ အသက်မရှူတော့သည့် ကလေးငယ်ကို ဆေးရုံတွင် သားအိမ်ပွင့်ဆေးထည့်ကာ မွေးထုတ်ခဲ့သော်လည်း သားမှန်း၊ သမီးမှန်းပင် သူ မသိခဲ့ရ။

“ကလေးကို အိတ်ကြွပ်နဲ့ ထုတ်သွားတယ်။ ကျွန်မ မကြည့်ချင်တော့ဘူး” ဟု ၎င်း၏ ဖြူလျော်နေသော လက်ချောင်းသွယ်လေးများကို ကြည့်ရင်း နိုဝင်ဘာ ၉ ရက်က ဖြစ်ခဲ့သည့် အဖြစ်အပျက်များအကြောင်း ပြောပြခဲ့သည်။

ကိုယ်ဝန်ပျက်ကျပြီး နှစ်ပတ်ကြာသည့်အခါ မဖြိုးအိအိခိုင်သည် မကျန်းမမာဖြင့် လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့သည်။

“ပြန်ဆင်းတော့ ပျက်ကျထားတဲ့အရှိန်နဲ့ မလုပ်နိုင်ဘူး။ အာရုံစိုက်လုပ်ရတော့ အိမ်မှာနေတာနဲ့ မတူဘူး။ အိမ်မှာနေတာကျတော့ မကောင်းတဲ့ သွေးနည်းနည်းပဲ ဆင်းတာ၊ စက်ရုံမှာကျတော့ အောက်က အမြဲလှုပ်ပြီး နင်းနေရတော့ သွေးက ပြန်ဆင်းတယ်” ဟု

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလုပ်သမားသမဂ္ဂ ရုံးခန်းတွင် မဖြိုးအိအိခိုင်က Myanmar Now ကို ပြောသည်။

အသက် ၂၂ နှစ်အရွယ် မဖြိုးအိအိခိုင်သည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ KGG အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသည့် လုပ်သက် နှစ်နှစ်ကျော်ရှိ စက်ချုပ်အလုပ်သမတစ်ဦး ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ သိန်းချီသည့် စက်ရုံအလုပ်သမများအနက် တစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ် သင့်လျော်သည့် လုပ်ငန်းခွင်ဝန်းကျင်ကို မရရှိသည့်၊ ကိုယ်ဝန်ပျက်ကျပြီးနောက် ဥပဒေက ခံစားခွင့်ပေးထားသော ခွင့်ရက်များကို အပြည့်အဝ မခံစားရသည့် အလုပ်သမတစ်ဦးလည်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်နှင့် အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ နိုဝင်ဘာလအထိ စာရင်းများအရ နိုင်ငံတွင် အသင်းဝင်စက်ရုံပေါင်း ၅၆၀ ကျော်၊ လုပ်သားဦးရေမှာ ငါးသိန်းကျော် ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ အများဆုံး ရှိပြီး ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဒုတိယနှင့် တတိယ အများဆုံး ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM (အမျိုးသမီးစင်တာ) ၏ စာရင်းများအရ စက်ရုံတွင်း ကိုယ်ဝန်ပျက်ကျပြီး ခွင့်ရက် မခံစားရသည့် အမှုများနှင့် ပတ်သက်၍ စင်တာသို့ လာရောက် အကူညီတောင်းခံမှုများမှာ ၂၀၁၇ မှ လက်ရှိအထိ သုံးနှစ်ခန့်အတွင်း အမှုခင်း ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။

Women_workers_1.Jpg


အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

မြန်မာနိုင်ငံ၏ ၂၀၁၂ လူမှုဖူလုံရေးဥပဒေတွင် အလုပ်သမား ခွင့်ရက်ခံစားခွင့်နှင့် ပတ်သက်ပြီး လူမှုဖူလုံရေး အာမခံကတ် ရှိသူများသည် ကိုယ်ဝန်ပျက်ကျလျှင် မီးဖွားခွင့် ခြောက်ပတ်အထိ ခံစားခွင့် ရှိကြောင်း ဖော်ပြထားသည်။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေအရလည်း လူမှုဖူလုံရေး အာမခံကတ် မရှိသူများပင် နေ့စားဖြစ်စေကာမူ ပြစ်မှုထိုက်စေသည့် ကိုယ်ဝန်ပျက်ကျမှုမျိုး မဟုတ်လျှင် ပျက်ကျပြီးနောက် ဆရာဝန်လက်မှတ်နှင့် ဆေးထောက်ခံချက်တို့ဖြင့် မီးဖွားခွင့် အများဆုံး ရက်သတ္တခြောက်ပတ်အထိ ခံစားခွင့်ရှိသည်။

မဖြိုးအိအိခိုင်သည် ကိုယ်ဝန်ပျက်ကျပြီးနောက် လူမှုဖူလုံရေးခွင့် ခြောက်ပတ်ရရန် ဆရာဝန်၏ တရားဝင်ဆေးစာဖြင့် စက်ရုံထံ ခွင့်ရက်တောင်းခဲ့သော်လည်း ၎င်း၏ ကိုယ်ဝန်မှာ လနုသေးသည်ဟုဆိုပြီး ဆေးရုံတက်ရက် ငါးရက် အပါအဝင် နှစ်ပတ်သာ ခွင့်ရခဲ့သည်။

ကိုယ်ဝန်စရှိစဉ်ကတည်းက စက်ရုံကို အသိပေးခဲ့သော်လည်း ကိုယ်ဝန် ငါးလရှိချိန်အထိ စက်ရုံတွင် အများနည်းတူ စက်ချုပ်ခဲ့ရသည်။ ကိုယ်ဝန်ပျက်မကျခင် ရက်ပိုင်းအလိုမှသာ သက်သာသည့်နေရာသို့ ပြောင်းရန် စက်ရုံမန်နေဂျာက ၎င်းကို အသိပေးလာခဲ့ပြီး မပြောင်းရခင်မှာပင် ကိုယ်ဝန် ဆုံးရှုံးခဲ့ရသည်။

၎င်းနှင့် စက်ရုံတစ်ခုတည်း လုပ်ကိုင်နေပြီး ကိုယ်ဝန်သုံးလ လွယ်ထားရသည့် အသက် ၂၅ နှစ်အရွယ် မမေဝင့်သူကလည်း ကိုယ်ဝန်ရှိနေကြောင်း စက်ရုံကို အသိပေးထားသော်လည်း စက်ချုပ်ခြင်းထက် သက်သာသည့် နေရာသို့ မပြောင်းရသေးကြောင်း၊ လက်ရှိအချိန်ထိ အများနည်းတူ သတ်မှတ် အထည်အရေအတွက် ပြည့်မီအောင် ချုပ်နေရသေးကြောင်း ပြောပြသည်။

“ကိုယ်ဝန်သည်ဆိုတော့ (ဆီး) ခဏခဏ ပေါက်ချင်တယ်။ ဒါပေမဲ့ အထည် မပြည့်မှာစိုးလို့ နေ့ခင်းဘက် နှစ်ကြိမ်လောက်ပဲ သွားရတယ်” ဟု မမေဝင့်သူက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Rainbow ဆပ်ပြာစက်ရုံ၌ လုပ်သက် ငါးနှစ်ရှိ အသက် ၃၀ အရွယ် မသန်းသန်းနွယ်မှာမူ လက်ရှိတွင် ကိုယ်ဝန်သုံးလ လွယ်ထားရသူဖြစ်သည်။ ယခင်က ဆပ်ပြာပုံး သယ်မရသည့် နေရာမှ ပင်ပန်းမှု သက်သာသော (Sticker) ကပ်သည့် နေရာသို့ စက်ရုံက ၎င်းကို ပြောင်းရွှေ့ပေးထားသည်ဟု သိရသည်။

အဆိုပါစက်ရုံသည် ကိုယ်ဝန်ဆောင်အလုပ်သမများကို သက်သာသည့်နေရာသို့ ပြောင်းရွှေ့ပေးရန်နှင့် လုပ်ခလစာ တိုးမြှင့်ပေးရန် မကြာသေးမီက ဆန္ဒပြ တောင်းဆိုခံထားရသဖြင့် လက်ရှိတွင် ယင်းကဲ့သို့ စီစဉ်ပေးထားသည်ဟု ၎င်းက ပြောသည်။

“အရင်ကဆို ဗိုက်ကြီးသည်လည်း စက်မောင်းခိုင်းတာပဲ။ စက်မောင်းမလာရင် (မောင်း) တတ်တဲ့သူကို ခိုင်းတာ။ အခုတော့ မခိုင်းရဲတော့ဘူး အဲ့လိုမျိုး” ဟု မသန်းသန်းနွယ်က ပြောသည်။

Women_workers_2_.Jpg


Rainbow ဆပ်ပြာစက်ရုံတွင် လုပ်ကိုင်နေသည့် မသန်းသန်းနွယ် (ဝဲ) နှင့် KGG အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် မမေဝင့်သူ (ယာ) တို့ကို ဒီဇင်ဘာ ၈ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလုပ်သမား သမဂ္ဂရုံးခန်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ- ဝင်းနန္ဒာ/ Myanmar Now)

နေ့စားနှင့် အစမ်းခန့်များ၏ အခက်အခဲ
နေ့စားနှင့် အစမ်းခန့် အလုပ်သမားများမှာ ဥပဒေပါ ခွင့်ရက်ခံစားခွင့်များ မရသဖြင့် ထိုခွင့်ရက်များအတွက် လစာဖြတ်ခံနေရသည်။

အသက် ၃၀ အရွယ် မနှင်းအိလှိုင်သည် လှိုင်သာယာမြို့နယ်ရှိ မြန်ရိ အထည်ချုပ်စက်ရုံ၏ ကြယ်သီးရိုက်သည့် နေရာတွင် နေ့စားဝန်ထမ်းအဖြစ် ဇူလိုင် ၁ ရက်မှ စကာ လုပ်ကိုင်ခဲ့သည်။ လခစားဝန်ထမ်း ဖြစ်ချင်သည့်အတွက် ကိုယ်ဝန်လွယ်ထားရကြောင်း စက်ရုံကို အသိမပေးဘဲနေခဲ့ရာ တစ်ခါတစ်ရံတွင် အထည် ၅၀ မှ ၇၀ ခန့်အထိပါသည့် လေးလံသော အဝတ်ထုပ် ကြီးများကို ‘မ’ ရ ‘ရွှေ့’ ရတတ်သည်ဟု ၎င်းက ပြောသည်။

အလုပ်ဝင်ပြီး ၁၆ ရက်အကြာတွင် လုပ်ငန်းခွင်အတွင်း သူ၏ကိုယ်ဝန် ပျက်ကျခဲ့သည်။ အလုပ်ချိန်အတွင်း ပျက်ကျခဲ့သော်လည်း နေ့စားဖြစ်သည့်အတွက် မနှင်းအိလှိုင် ခွင့်မရခဲ့။ ကိုယ်ဝန်ပျက်ကျပြီး နောက်နေ့တွင် အကိုက်အခဲပျောက်ဆေးများ သောက်ကာ အလုပ်ဆင်းခဲ့သည်ဟု သူက ပြောသည်။

အလုပ်သမားခေါင်းဆောင် ခေါ်သဖြင့် မိုးလင်းပေါက် အလုပ်ဆင်းခဲ့ရသည့် ရက်များပင် ရှိကြောင်း သူက ဆိုသည်။ နေ့ဘက်များတွင် မရမက တောင့်ခံကာ အလုပ်ဆင်းသော်လည်း ညဘက် အိမ်ပြန်ရောက်ချိန်တွင် အလူးအလဲ ခံစားရသည်ဟု ၎င်းက ပြောသည်။

“ခါးတွေကိုက်တယ်။ ပျက်ကျပြီး နောက်ရက်တွေမှာ ထိုင်လို့မရဘဲ ဗိုက်တွေအောင့်နေတာ။ သွေးခဲတွေဆိုတာ မတရားဆင်းပြီး တစ်အိမ်လုံး နံနေတာ” ဟု မနှင်းအိလှိုင်က ကိုယ်ဝန်ပျက်ကျပြီးနောက် ခံစားရသည့် ဝေဒနာကို ပြောပြသည်။

Women_workers_3.Jpg


အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

စက်ရုံအကြိုအပို့ကားများက ကိုယ်ဝန်ဆောင်များအတွက် သင့်တော်သလား
အလုပ်လုပ်ချိန်တွင်သာမကဘဲ အလုပ်သွား၊ အလုပ်ပြန် ခရီးသည်လည်း ကိုယ်ဝန်ဆောင် အလုပ်သမများအတွက် ခက်ခဲကြောင်း ၎င်းတို့ကပြောသည်။ အထည်ချုပ်အလုပ်သမားများအတွက် စက်ရုံများက စီစဉ်ပေးသည့် အကြိုအပို့ကားများမှာ Dyna အမျိုးအစားကဲ့သို့ ကားများဖြစ်သဖြင့် လမ်းခရီးကြမ်းလျှင် ကိုယ်ဝန်ဆောင်များအတွက် သက်တောင့်သက်သာ မရှိနိုင်ဟု ဆိုသည်။

ဖုယွင်အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူ အသက် ၂၉နှစ်အရွယ် မအေးမွန်မှာ ၎င်းနေထိုင်ရာ ကျောက်တန်းမြို့နယ်၊ ရုံးသပြေကန်ကျေးရွာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံသို့ အကြိုအပို့ကားဖြင့် တစ်နေ့လျှင် အသွားအပြန် လေးနာရီကြာ စီးရသည်။ ထို့အပြင် ရွာလမ်းနှင့် နေအိမ်ကြား ကားလမ်း မပေါက်သဖြင့် မိနစ် ၂၀ ခန့် ဆိုင်ကယ် ထပ်မံ စီးရသေးသည်။

စက်ရုံ၌ အမြဲတမ်းလုပ်သားဖြစ်ပြီး ငါးလအကြာတွင် ၎င်း၏ နှစ်လကျော်ကိုယ်ဝန် ပျက်ကျခဲ့သည်။ အလုပ် အသွားအပြန် လမ်းခရီးတစ်လျှောက် ကားဆောင့်သည့် ဒဏ်များကြောင့် ပျက်ကျခဲ့သည်ဟု ၎င်းက ယူဆသည်။

ကိုယ်ဝန်ပျက်ကျသည့်အတွက် စက်ရုံက ရှောင်တခင်ခွင့် တစ်ပတ်သာ ပေးခဲ့သည်။ လူမှုဖူလုံရေးကြေး ငါးလစာ ပေးသွင်းထားသော်လည်း လူမှုဖူလုံရေးခံစားခွင့်မှာ ခြောက်လ ပေးဆောင်ပြီးမှသာ ခံစားခွင့်ရှိသည့်အတွက် လူမှုဖူလုံရေးခွင့်ကို မအေးမွန် မရခဲ့။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေပါ ခံစားခွင့်ကိုလည်း စက်ရုံက မပေးခဲ့ဟု ဆိုသည်။ ရှောင်တခင်ခွင့် တစ်ပတ်ပြည့်ပြီး လုပ်ငန်းခွင် ပြန်ဝင်ချိန်တွင် သွေးပြန်သွန်သဖြင့် ဆေးရုံတွင် ငါးရက်ခန့် ကုသခဲ့ရသည်ဟု ပြောပြသည်။

“ခွင့်ထပ်တောင်းတော့ တစ်ပတ် ထပ်ရတယ်။ ဒါပေမယ့် လစာဖြတ်ခံရတယ်” ဟု ၎င်း၏ ရုံးသပြေကန်ကျေးရွာ နေအိမ်၌ Myanmar Now ကို ပြောသည်။

Women_workers_4.Jpg


လှိုင်သာယာ စက်မှုဇုန် (၁) အတွင်းရှိ အထည်ချုပ်စက်ရုံများမှ စက်ရုံအလုပ်သမများ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက အလုပ်ဆင်းလာစဉ်။ (ဓာတ်ပုံ - မုန်ဆန်အောင်/ Myanmar Now)

အသက်အန္တရာယ်နှင့် ကိုယ်ဝန်ဆောင်အခွင့်အရေး
ကိုယ်ဝန်ပျက်ကျသည့် အမျိုးသမီးတစ်ဦးသည် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦးကဲ့သို့ သွေးနုသားနု အခြေအနေ ဖြစ်သည့်အတွက် ပုံမှန်ကျန်းမာရေး အခြေအနေ ပြန်ရောက်ရန် အနည်းဆုံး ခြောက်ပတ်ခန့် အနားယူသင့်သည်ဟု ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန် ပါမောက္ခ ဒေါ်ခင်ပြုံးကြည်က ပြောသည်။

အနားမယူပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်သည့် သားအိမ်အတွင်း ပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ သားအိမ်ရောင်ခြင်း၊ သားဥပြွန်ရောင်ခြင်း စသည်တို့သာမက သားဥပြွန်ပိတ်ကာ သားသမီး မရနိုင်သည်အထိ ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောသည်။

“သွေးသွန်လို့ အချိန်မီ အထဲကဟာကို ကုန်စင်အောင် မထုတ်ပေးနိုင်ရင် အသက်အန္တရာယ်လည်း ရှိတတ်တယ်။ အကြောင်းတစ်ခုခုကြောင့် ကိုယ်ဝန်ပျက်ပြီး ပိုးဝင်သွားတယ်ဆိုရင် ပိုးဝင်ပြီးတော့ သွေးဆိပ်တက်တဲ့အထိလည်း ဖြစ်တတ်တယ်” ဟု ပါမောက္ခ ဒေါ်ခင်ပြုံးကြည်က ပြောသည်။

Women_workers_5.Jpg


လှိုင်သာယာ စက်မှုဇုန် (၁) အတွင်းရှိ အထည်ချုပ်စက်ရုံများမှ စက်ရုံအလုပ်သမများ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက အလုပ်ဆင်းလာစဉ်။ (ဓာတ်ပုံ - မုန်ဆန်အောင်/ Myanmar Now)

ကိုယ်ဝန်ဆောင်နှင့် ကိုယ်ဝန်ပျက်ကျသည့် အလုပ်သမများ ရရှိရမည့် ခွင့်ရက်ရပိုင်ခွင့်များ ပေးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရသော မြန်ရိ၊ ဖုယွင်၊ KGG နှင့် Rainbow စက်ရုံတို့၏ တာဝန်ရှိသူများထံ Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားရန် ငြင်းဆိုခဲ့သည်။

ကိုယ်ဝန်ပျက်ကျမှုကြောင့် နောက်ဆက်တွဲ ခွင့်ရက်ခံစားခွင့်နှင့် ပတ်သက်ပြီး စက်ရုံများသည် ဥပဒေပါ စည်းမျဉ်းများအတိုင်း မလိုက်နာကြောင်း၊ အလုပ်သမားများက တိုင်ကြားပါက ကျုးလွန်သည့် စက်ရုံကို ပိတ်သိမ်းသည်အထိ အရေးယူနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

“ခွင့်ရက်ပေးတာတွေ၊ မပေးတာတွေ ဟုတ်၊ မဟုတ်ကို အထောက်အထားခိုင်လုံရင် ဒါ (စက်ရုံကို) အရေးယူလို့ရတယ်။ အလုပ်သမားရုံးတွေမှာလည်း လူမှုဖူလုံရေး ပေးနေတဲ့အတွက်ကြောင့် တိုင်လို့ရတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

လူမှုဖူလုံရေးကြေး ၆ လ ဆောင်ထားပြီး အာမခံကတ် လက်ဝယ်မရှိလျှင်ပင် စာရင်းသွင်းမှတ်ပုံတင်ပြီးသား ဖြစ်သည့်အတွက် အကျိုးခံစားခွင့် ယုတ်လျော့သွားခြင်းမရှိဟု လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်အေးက ပြောသည်။

“တကယ်လို့ အလုပ်ရှင်ဘက်က မပေးရင် မြို့နယ်ရုံးကို သွားပြောပါ။ မြို့နယ်ရုံးက လုပ်ထုံးလုပ်နည်းနဲ့အညီ အလုပ်ရှင်ကို ခေါ်ပြီးတော့ပြောမှာပေါ့။ အလုပ်သမားဘက်က ရပိုင်ခွင့် ရှိတယ်။ အလုပ်သမားကို ဥပဒေနဲ့ ကာကွယ်ပေးထားတာပါ” ဟု ၎င်းက ပြောသည်။

Women_workers_6.Jpg


အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

သို့သော် ယင်းကဲ့သို့ ခွင့်ရက် ခံစားခွင့်များ ရှိကြောင်းကိုပင် မသိသည့် ကိုယ်ဝန်ဆောင် အလုပ်သမများလည်း ရှိနေကြောင်း Myanmar Now က ဒီဇင်ဘာလလယ်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းငယ်တစ်ခုအရ သိရသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ခွင့်ရက်ခံစားခွင့်နှင့် ပတ်သက်ပြီး လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်နေသည့် အလုပ်သမား ၆၇ ဦးကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသမီး ၅၄ ဦးနှင့် အမျိုးသား ၁၃ ဦးတို့ ဖြေဆိုခဲ့သည်။

ဖြေဆိုသူ စုစုပေါင်း၏ လေးပုံသုံးပုံခန့်က အမျိုးသမီးအလုပ်သမားတစ်ဦး ကိုယ်ဝန်ပျက်ကျပြီးနောက် ခွင့်ရက်ခံစားခွင့် ရှိသည်ကို မသိရှိကြောင်း၊ အမျိုးသမီး ၅၄ ဦးအနက် တစ်ဝက်ကျော်က အလုပ်ဝင်နေစဉ် ကိုယ်ဝန်ယူရန် စိုးရိမ်ကြပြီး၊ သုံးပုံတစ်ပုံခန့်ကမူ ကိုယ်၀န်ရှိလာလျှင် အလုပ်ဆက်မလုပ်ရန် စီစဉ်ထားကြောင်း ဖြေဆိုခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့ကလည်း စက်ရုံနယ်မြေများတွင် လူမှုဖူလုံရေး အကျိုးခံစားခွင့်များအကြောင်း အသိပညာပေးနေသော်လည်း သိရှိနားလည်မှု နည်းနေသေးသည်ဟု ဦးမောင်မောင်အေးက ပြောသည်။

အထည်ချုပ်စက်ရုံ အလုပ်သမဘဝနှင့် သားဦးကိုယ်ဝန်ကို ဆုံးရှုံးခဲ့ရသည့် မဖြိုးအိအိခိုင်ကလည်း ရခဲ့သည့် အတွေ့အကြုံကြောင့် အလုပ်လုပ်ရင်း ကလေးထပ်ယူရန် စိုးရိမ်နေသည်ဟု ပြောသည်။

“ကလေးကတော့ ယူမှာပါ။ ဒီနှစ်တွေတော့မဟုတ်သေးဘူး။ အလုပ်လုပ်ဦးမယ်။ ကလေးယူတဲ့အခါကျရင်တော့ စက်ရုံကထွက်မှာ” ဟု ၎င်းက ပြောသည်။