Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၀)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၀)

(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၀

(၁)
ဆရာကြီးမှိုင်းဟာ ၁၉၂၀ ခုနှစ်က လူငယ်ကျောင်းသားတွေရှေ့က မားမားမတ်မတ်ရပ်ခဲ့တယ်။ “ထဆင်ထူးကို လုံးကြီးတင်၊ ထီမထင်တဲ့ ကျောင်းတော်သားပဲ” ဆိုတဲ့ ကျောင်းသားတွေဘက်က ….

“ဆရာလဲကွာ … သမတဘုရင် မလူးခင်က၊ ထဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့၊ ထီမထင် ကျောင်းတော်သားတွေရဲ့ အမည်အစဉ်ခေါင်းပေါ်အဖျားမှာလ၊ မင်းရို့ဆရာကို စာရင်း “တို့” ကာထားပေ ရော့” လို့ ရဲရဲတောက် ကြေညာခဲ့ဖူးတယ်။ တပည့်ကျောင်းသားလူငယ်တွေရဲ့ သပိတ်မှောက်တိုက်ပွဲကို ရဲရဲရင့်ရင့်ထောက်ခံခဲ့တယ်။ ဘွိုင်းကောက်ဋီကာရေးပြီး အားပေးခဲ့တယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ယုဒဿန်ကောလိပ်နှစ်ခုပေါင်း သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားတွေကိုကြည့်ပြီး “ကောဆိုတဲ့ နှစ်လိပ်ပေါင်အောင် သပိတ်တောင်မှောက်ကြသကွဲ့” လို့ အားရဝမ်းသာ ကဗျာဖွဲ့ဆိုခဲ့တယ်။
အမျိုးသားတက္ကသိုလ်ကြီးဖွင့်တဲ့အခါ လခကောင်းကောင်းရတဲ့ သူရိယအယ်ဒီတာအလုပ်ကိုစွန့်ပြီး လခတပြားတချပ်မှ မရတဲ့ အမျိုးသားတက္ကသိုလ် မြန်မာစာနဲ့ ရာဇဝင်ပါမောက္ခတာဝန်ကို ထမ်းဆောင် ခဲ့တယ်။

“မင်းတို့ဉာဏ်အမြင် တမိုက်တထွာမျှရယ်နဲ့၊ ငြင်းဖို့သန်ရင် မိုက်ရာကျပေလိမ့်” ဆိုတဲ့ ဆရာကြီးမှိုင်းရဲ့ စိန်ခေါ်သံဟာ မျိုးချစ်လူငယ်တွေရဲ့ အားမာန်ဖြစ်ခဲ့ပါတယ်။

(၂)
ဆရာကြီးက တပည့်လူငယ်ကျောင်းသားကလေးတွေကို “ခွေးမသား” လို့ ချစ်စနိုးခေါ်ခဲ့တယ်။ ဒီခွေးမသားကလေးတွေရဲ့ ကျေးဇူးကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တယ်။ ဒီခွေးမသားကလေး တွေရဲ့ စွမ်းဆောင်ချက်ကြောင့် မြန်မာ့သမိုင်း ပြောင်လက်ခဲ့ရတယ်။ ခွေးမသားကလေးတွေဟာ ရိုင်းချင်လဲရိုင်းမယ်။ ဒါပေမယ့် ရိုးတယ်။ အနစ်နာခံတယ်။ စွန့်လွှတ်တယ်။ တိုင်းပြည်အပေါ်မှာ သစ္စာရှိ တယ်။ ကိုယ်ကျိုးမဖက်ဘူး။ ကိုယ့်အတွက် စားခွက်မလုဘူး။ ဆရာကြီးမှိုင်းရဲ့ ခွေးမသားကလေးတွေကို တိုင်းပြည်ကချစ်တယ်။ အားကိုးတယ်။

လွတ်လပ်ရေးခေတ်ဦးက မြန်မာနိုင်ငံဝန်ကြီးချုပ်လုပ်နေတဲ့ သခင်နုက ဆရာကြီးမှိုင်းကို သွားရောက် ကန်တော့ပြီး“ဆရာကြီး ကျွန်တော်တို့ကို အရင်တုန်းကလို ခွေးမသားလို့ဆဲပြီး ဆုံးမသွန်သင်ပါအုံး” လို့ ကြည်ကြည်နူးနူး တောင်းပန်တာကို သတင်းစာထဲမှာ ဖတ်လိုက်ရဖူးတယ်။ ဒီအခါမှာ ဆရာကြီးမှိုင်းက ပြုံးပြံုးရွှင်ရွှင် ချစ်ချစ်ခင်ခင်နဲ့ “ခွေးမသားမောင်နု … နိုင်ငံရေးလုပ်တယ်ဆိုတာ ပုတီးစိပ်တာ မဟုတ်ဘူးကွ … ချီးမြှင့်အပ်သူကို ချီးမြှင့်၊ နှိမ်နင်းအပ်သူကို နှိမ်နင်းပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်တာကွ” စတဲ့ အဆုံးအမစကားတွေကို မိန့်ဆိုခဲ့တာ ဖတ်ရဖူးပါတယ်။

၀မ်းမြောက်ကြည်နူးဖွယ်၊ အောက်မေ့လွမ်းဆွတ်ဖွယ် ဖြစ်ရပ်ကလေးတွေပါ။

(၃)
တခါတလေ သမိုင်းဖြစ်စဉ်ကလေးတွေ တစိမ့်စိမ့်ပြန်လည်တွေးမိတယ်။ မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်တာ မင်္ဂလာတရားပါကလားလို့ စဉ်းစားမိတယ်။ မိမိလိပ်ပြာ သန့်သန့်ရှင်းရှင်းရှိမှ မိမိကိုယ် ကို ယုံကြည်မှုတည်ဆောက်လို့ရမှာလို့လည်း တွေးမိတယ်။ လိပ်ပြာသန့်ဖို့ ပထမဦးဆုံး လိုအပ်တာက စိတ်စေတနာသန့်သန့် ထားတတ်ဖို့ဖြစ်မယ်။ အများအကျိုးဖြစ်ထွန်းစေလိုတဲ့ စေတနာသန့်ရင် ကိုယ်ပြု သမျှ၊ ပြောသမျှ၊ လုပ်သမျှ၊ နှလုံးသွင်းမိသမျှ ကာယကံ၊ ၀စီကံ၊ မနောကံ သန့်ရှင်းစင်ကြယ်မယ်။ ဒီလိုစိတ်နေသန့်မှ ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်တဲ့စိတ်ဓာတ် ခိုင်ခိုင်မြဲမြဲ ထူထောင်နိုင်လိမ့်မယ်။ ဒါမှ အတ္တသမ္မာပဏီဓိမင်္ဂလာဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံနိုင်ပေလိမ့်မယ်။

ဒါကြောင့် … ဒီကဗျာကို ဖွဲ့ခဲ့မိတာဖြစ်မှာပါ။

အတ္တသမ္မာပဏီဓိ

ကိုယ့်အကျိုးမငဲ့၊ အများငဲ့
အမှားမရှိခဲ့။
ကရုဏာတရား၊ မုဒိတာပွား
အမှားမရှိခဲ့။
ပုထုဇဉ်သား၊ ရံခါမှား
ဘုရားမကဲ့ရဲ့။
စေတနာထား၊ လုပ်ဆောင်ငြား
တရားမလွတ်ခဲ့။
ကိုယ်လုပ်သမျှ၊ ကိုယ်သာရ
စိတ်ချယုံကြည်ရဲ့။

ကောင်းတာလုပ်ရင် ကောင်းတာစံရမှာပဲဆိုတာ နေ့စဉ်သုံးတရားစကားပါ။ ယုံကြည်စိတ်ချစွာ လိုက်နာကျင့်သုံးဖို့ အမြဲသတိရှိပါစေ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၆)၊ ဇူလိုင် ၂၀၀၅