Breaking News

မောင်မောင်မြင့် - စစ်တပ်၏ မာယာ - (ဒုတိယပိုင်း)

Photo - Crd
စစ်တပ်၏ မာယာ - (ဒုတိယပိုင်း)
မောင်မောင်မြင့်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၁

(အခန်း ၂)

၂၀၀၈ အခြေခံဥပဒေဟာ အပြင်ပန်းအားဖြင့် အရပ်သားအစိုးရကို အာဏာပေးထားတဲ့အသွင် မြင်ရပေမဲ့ လက် တွေ့မှာတော့ တိုင်းပြည်ကို စစ်တပ်က နောက်ကွယ်ကနေ ထာဝရစိုးမိုးထားနိုင်အောင် အကွက်ချထားခဲ့တာဖြစ်တယ်။ စစ်တပ်က နိုင်ငံရေးဦးဆောင်ကဏ္ဍမှာပါဝင်ရမယ်လို့ ရေးထားတယ်။ လူထုကတင်မြှောက်တဲ့ သမ္မတက ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုအမိန့်ပေးပိုင်ခွင့်မရှိဘူး။ ကာကွယ်ရေးဦးစီးချုပ်ဟာ စစ်တပ်အပြင် ပြည်ထဲရေးနဲ့ နယ် ခြားလုံခြုံရေးတပ်တွေကိုပါ အုပ်ချုပ်ခွင့်ရှိတယ်၊ သက်ဆိုင်ရာဝန်ကြီးတွေကိုလည်း ခန့်အပ်ခွင့်ရှိတယ်။ စစ်တပ်ရဲ့ ဘတ်ဂျက်ကို အစိုးရက စစ်ဆေးခွင့်မရှိဘူး။ ဒါ့အပြင် လွှတ်တော်ကို ပြည်သူက ရွေးကောက်တဲ့ အမတ်ဦးရေ ၇၅%၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ စစ်သားဦးရေ ၂၅% တို့နဲ့ ဖွဲ့စည်းထားတယ်။ စစ်တပ်ရဲ့ မျက်နှာဖုံးပါတီကတော့ ဗိုလ်ချုပ်ဟောင်းတွေဦးစီးတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်တယ်။ စစ်တပ်ရဲ့ အဓိကမာယာကတော့ USDP အမတ်တွေက ရွေး ကောက်ပွဲမှာ ၂၆% ပဲ ရစေဦးတော့၊ စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ ပေါင်း၊ စစ်တပ်က ထောက်ခံတဲ့ သမ္မတတယောက်တင်ပြီး တိုင်းပြည်ကို နောက်ထပ်နှစ်ပေါင်းများစွာ အုပ်ချုပ်သွားဖို့ပါပဲ။ 

ဒီလိုနဲ့ ၂၀၁၀ ခုနှစ်မှာ NLD မပါတဲ့ ရွေးကောက်ပွဲလုပ်တော့ USDP က မဲအများစုနဲ့ နိုင်သွားတယ်။ ဗိုလ်ချုပ်ကြီးဟောင်း တဖြစ်လဲ ဦးသိန်းစိန်က သမ္မတဖြစ်သွားတယ်။ သူ့လက်ထက်မှာ ဖိနှိပ်တဲ့ဥပဒေတချို့ကို ဖျက် သိမ်းတယ်။ စျေးကွက်စီးပွားရေးကို ဖွင့်ပေးတယ်။ အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေကို လူထုက လက်လှမ်းမီအောင် လုပ်ပေးတယ်။ အဲဒီတော့ လူထုကလည်း အထိုက်အလျောက်ကျေနပ်သွားခဲ့တယ်။ ဒါကြောင့် သူတို့ ကြံစည်ထားတဲ့အတိုင်း ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်တွေပေါင်းပြီး တိုင်းပြည်အုပ်ချုပ်ဖို့ဆိုတဲ့ မာယာအောင်မြင်နေပြီလို့ ထင်သွားခဲ့တယ်။ စစ်တပ်ကလည်း သူတို့ကိုယ်သူတို့  အတိုင်းအဆမရှိ အထင်ကြီးသွားခဲ့တယ်။ 
ဒါပေမဲ့ ဒီတခါမှာတော့ သူတို့ရဲ့ မာယာက သူတို့ကိုပြန်ပြီး လှည့်စားပါတော့တယ်။ သူတို့ကိုယ်သူတို့ လည်လှပြီလို့ ထင်နေတဲ့ ဗိုလ်ချုပ်တွေဟာ မာယာတံလျှပ်ကို တကယ့်ရေလို့ ထင်သွားကြတယ်။ 

NLD ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပထမဆုံးယှဉ်ပြိုင်ပါတယ်။ အမတ်နေရာ ၄၅ နေရာအတွက် ဝင်ပြိုင်တဲ့အခါ ၄၃ နေရာမှာ အောင်နိုင်ခဲ့တယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ဝင်ပြိုင်တော့လည်း အမတ်နေရာ ၃၆၄ နေရာနဲ့ သောင်ပြိုကမ်းပြို နိုင်သွားခဲ့တာကြောင့် ကိုယ်ပိုင်အစိုးရ ဖွဲ့နိုင်ခဲ့ရုံသာမက၊ ကိုယ်တင်ချင်တဲ့ သမ္မတကိုပါ တင်မြှောက်နိုင်ခဲ့တယ်။ USDP ကတော့ အမတ်နေရာ ၄၀ သာ ရခဲ့လို့ အရှိုက်ထိသွားခဲ့တယ်။ စစ်တပ်ကလည်း လွှတ်တော်မှာ ကိုယ်စားလှယ် ၁၆၆ ယောက်နဲ့  ၂၅% ရထားတာကလွဲလို့၊ USDP အမတ်တွေနဲ့ ပေါင်းရင်တောင် လွှတ်တော်မှာ နိုင်ငံရေးအကွက် ရွှေ့ခွင့်မရတော့တာကြောင့် ဝေလေလေ ဖြစ်လာတယ်။ 

NLD အစိုးရအုပ်ချုပ်နေတဲ့ ကာလအတွင်းမှာ ကိုဗစ်ကြောင့် တကမ္ဘာလုံး စီးပွားရေးကျဆင်းနေပေမဲ့ မြန်မာ့စီးပွားရေးဟာ အတန်အသင့် တိုးတက်လာတယ်။ ပညာရေးနဲ့ ကျန်းမာရေးအဆင့်အတန်းတွေ မြင့်တက်လာတယ်။ နိုင်ငံရေးအရလည်း ကမ္ဘာမှာ ၀င်ဆန့်လာတယ်။ ဒီအခါမှာ စစ်တပ်က ဘာသာရေးမာယာကို သုံးပြီး NLD ကို လူထုနဲ့ သွေးခွဲဖို့ ကြိုးစားလာတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲက အစွန်းရောက်တွေနဲ့ လူမျိုးခြား-ဘာ သာခြား မုန်းတီးသူတွေကို ပွဲထုတ်လာတယ်။ အဆဲသန်တဲ့ ဘုန်းကြီးတွေနဲ့ စစ်တပ်ကို ဘုရားထက် ပိုကြည်ညိုတဲ့ ကိုယ်တော်တွေကို စင်တင်လာတယ်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတွေကို ရည်ရွယ်ကြိုးပမ်းတဲ့ ဒုတိယပင်လုံညီလာခံကြီး မအောင်မြင်အောင် ကဖျက် ယဖျက်လုပ်လာတယ်။ ဒီညီလာခံကြီးသာ အောင်မြင်ခဲ့ရင် ပြည်ထောင်စုကြီး မပြိုကွဲအောင် ကြိုးပမ်းနေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပုံဖော်နေတဲ့ စစ်တပ်ကြီးခမျာ ကြွေး‌ကြော်သံ ကင်းမဲ့တော့မယ် ဆိုတာကို ရိပ်မိလာတယ်။ 

ဒီလို အခြေအနေတွေကြားထဲမှာပဲ NLD ဟာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၉၆ နေရာ၊ ထောက်ခံမဲ ၈၂% ရတဲ့အထိ ဝက်ဝက်ကွဲအောင် နိုင်သွားခဲ့တယ်။ စစ်တပ်ပါတီ USDP ကတော့ အမတ်နေရာ ၃၃ နေရာနဲ့ သောက်သောက်လဲ အရှုံးလွန်သွားခဲ့လို့ တပ်ချုပ်မင်းအောင်လှိုင်အပါအဝင် စစ်တပ်အသိုင်းအဝိုင်းတခုလုံး ကြက်သေသေသွားကြတယ်။ ဒီအခါ NLD အပေါ်ကို အငြိုးသိုလာတယ်။ ကြွက်မနိုင်လို့ ကျီကို မီးရှို့ဖို့ လုပ်လာတယ်။ မကြာခင် ပင်စင်သွားရတော့မယ့် တပ်ချုပ်ကလည်း သမ္မတဖြစ်ချင်တဲ့ ရောဂါထလာတယ်။ သူသာ သမ္မတ ဖြစ်ခွင့်မရတော့ရင် သူပိုင် ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေ အခြေယိုင်လာမှာကိုတွေးပြီး ဇောချွေး ပြန်လာတယ်။ ဒါ့ကြောင့် သူမှ သမ္မတဖြစ်ခွင့်မရရင် ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုပြီး ခြိမ်းခြောက်လာတယ်။ အရပ်သားအစိုးရအပေါ် အကျပ်ကိုင်လာတယ်။ တပ်ချုပ်ရဲ့ တရားနည်းလမ်းမကျတဲ့ တောင်းဆိုချက်ကို အစိုးရခေါင်းဆောင်ပိုင်းက မလိုက်လျောတဲ့အခါမှာတော့ စစ်တပ်ဟာ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ" ဆိုတဲ့ စစ်ကောင်စီကို ဖွဲ့ပြီး၊ အာဏာသိမ်းပြန်ပါတော့တယ်။ အဲဒီလိုပြောင်ပြောင်တင်းတင်းကြီး အာဏာသိမ်းတာ ဖြစ်ပါလျက်နဲ့ ကမ္ဘာသိအောင် ညာလိုက်တဲ့ မာယာစကားကတော့ "အာဏာသိမ်းတာ မဟုတ်၊ အာဏာထိန်းတာပါ" တဲ့။ 

အမှန်တော့ ဗိုလ်မင်းအောင်လှိုင်ဟာ ဗိုလ်နေ၀င်းလိုပဲ နိုင်ငံတော်သစ္စာဖေါက်မှုကြီးကို ကျူးလွန်ခဲ့တာပါ။ ဒါဟာ သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုကြီးပါ။ ဒီလို ရာဇဝတ်သားက အောက်ကလိအာ-မာယာသုံးပြီး အားမနာ လျှာမကျိုး စွပ်စွဲလိုက်ပုံကတော့ - NLD က မဲခိုးပါသတဲ့။ ဒီနောက်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဗဟိုနဲ့တိုင်းနဲ့ပြည်နယ်တွေက အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တချို့နဲ့ အရေးပါတဲ့ NLD ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တယ်။ 

စစ်တပ်က နှစ်ပေါင်း ၅၀ လောက် မုသားကြွယ် မာယာစုံသုံးပြီး လိမ်ညာအုပ်ချုပ်နေရတာကို သည်းမခံနိုင်တော့တဲ့ အဆုံးမှာတော့ ပြည်သူတွေဟာ မြန်မာ့သမိုင်းမှာ တကြိမ်တခါမှ မကြုံခဲ့ရဖူးတဲ့ အုံကြွမှုမျိုးနဲ့ ငြိမ်းချမ်းစွာ တော်လှန်ကြပါတော့တယ်။ Generation Z လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ကောင်းကင်ပေါ်ကနေ သွန်ချလိုက်တဲ့ ကြယ်ပွင့်တွေလို နိုင်ငံအနှံ့က လမ်းတွေပေါ်ကို ရောက်လာကြပြီး ဆန္ဒပြကြတယ်။ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးမှာလည်း ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်းနဲ့ စက်ရုံဝန်ထမ်းတွေ အုံနဲ့ကျင်းနဲ့ ပါဝင်လာကြတယ်။ အဖမ်းမခံရသေးတဲ့ လွှတ်တော်အမတ်အများစုကလည်း CRPH လို့ခေါ်တဲ့ "ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ" ကို ဖွဲ့စည်းပြီးတဲ့နောက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တယ်။ အဲဒီ အခြေခံဥပဒေအစား ပင်လုံစာချုပ်နဲ့ ညီညွတ်တဲ့ ဖက်ဒရယ်အခြေခံဥပဒေကို ရေးဆွဲမယ်လို့ ကြေငြာလိုက်တယ်။ ဒီနောက်မှာတော့  ဖက်ဒရယ်အသွင်သဏ္ဍာန်ကို ထင်ဟပ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို တိုင်း ရင်းသားအစုံနဲ့ ဖွဲ့စည်းလိုက်ကြတယ်။ CRPH နဲ့ NUG အထောက်အကူပြုအဖွဲ့တွေ နိုင်ငံတကာမှာ ပေါ်ပေါက်လာပြီး၊ CDM ၀န်ထမ်းတွေအတွက် ရံပုံငွေ ရှာကြ၊ ပို့ပေးကြတယ်။ 

လူထုက ရွေးကောက်တင်မြှောက်ထားလို့ တရားဝင်စီမံအုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ NUG အစိုးရ ပေါ်ပေါက်လာခြင်းဟာ "အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်" လို့ ယုံကြည်တဲ့ စစ်တပ်အဖို့ တုန်လှုပ်စရာ ဖြစ်သွားတယ်။ ဒီကြားထဲ လမ်းမတွေပေါ်က နေ့စဉ်ရက်ဆက် ဆန္ဒပြမူတွေနဲ့ CDM အာဏာဖီဆန်မှုတွေကြောင့် စစ်ကောင်စီရဲ့ အာဏာဟာ ကျည်တကမ်းစာထက်ကျော်ပြီး မဖြန့်ကျက်နိုင်တော့ဘူး။ စစ်ကောင်စီကိုလည်း မြန်မာ နိုင်ငံရဲ့ တရားဝင်အစိုးရအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုဖို့ ဝေးလို့၊ ကုလသမဂ္ဂမှာတောင် သံအမတ်ထားခွင့် မရှိတော့ဘူး။ နိုင်ငံရေးအားဖြင့် အဲဒီလောက် ဖြူခါပြာခါကျသွားတဲ့ ဖက်ဆစ်စစ်ကောင်စီဟာ သူတို့ကျွမ်း ကျင်တဲ့ တခုတည်းသော အတတ်ပညာကိုသုံးပြီး နိုင်ငံအနှံ့မှာ လူသတ်ပါတော့တယ်။ သတ်တာမှ ရင်ခွင်ပိုက်အရွယ် ကလေးတွေကစလို့ သက်ကြီးရွယ်အိုတွေအဆုံး၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပရဟိတ၀န်ထမ်းတွေပါမကျန် လူမဆန်တဲ့နည်းတွေကို သုံးပြီး စိတ်ထင်သလို သတ်ကြတာပါ။ ဆန္ဒပြလူငယ်လေးတွေရဲ့ ခေါင်းကို စနိုက်ပါသေနတ်နဲ့ ပစ်သတ်သလို၊ စစ်ကြောရေးစခန်းတွေမှာ ရိုက်နှက်ပြီး သတ်ပစ်တာ၊ ပါးစပ်ထဲကို အက်ဆစ်လောင်းပြီး သတ်ပစ်တာမျိုးတွေလည်း ရှိလာပါတယ်။ ဒါ့အပြင် ပစ်သတ်ခံရလို့ သေမှန်းရှင်မှန်း အသေအချာ မသိရတဲ့သူတွေကို ဖက်ဆစ်တပ်သားတွေက ကားလမ်းပေါ်မှာတင် ဓာတ်ဆီလောင်းပြီး ဖြစ်သလို မီးရှို့ပစ်တာမျိုးတွေအထိ လုပ်လာတယ်။ ဒါ့အပြင် သူတို့ ဖမ်းဆီးချင်တဲ့သူကို မမိလို့ဆိုပြီး မိသားစုဝင်တွေထဲက အရွယ်မရောက်သေးတဲ့ ကလေးငယ်ပါမချန် ဖမ်းသွားတာမျိုးတွေနဲ့ အိမ်ကပစ္စည်းတွေကို ဖျက် ဆီးတာ၊ ငွေနဲ့ အဖိုးတန်ပစွည်းတွေကို လုယူသွားတာမျိုးတွေ ရှိလာတယ်။ ဒါပေမဲ့ အရင်က မာယာပေါင်းစုံသုံးပြီး လိမ် ညာလှည့်ဖျားခဲ့ဖူးတဲ့ စစ်တပ်ဟာ လူမဆန်တဲ့ လက်ရှိရာဇဝတ်မှုမျိုးတွေကို ကျူးလွန်ရာမှာတော့ ဘယ်လို စကားမာယာမျိုးကိုမှ မယ်မယ်ရရ ထုတ်မသုံးနိုင်တော့တာကို တွေ့ရတယ်။ အကြောင်းကတော့ ပြည်သူတွေရဲ့ လက်ထဲက ဖုန်းကင်မရာတွေကတဆင့် အွန်လိုင်းပေါ်ကို ပျံ့နှံ့သွားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကြောင့် သူတို့ရဲ့ မာယာစကားတွေ မအောင်မြင်နိုင်တော့ဘူးဆိုတာကို ကြိုသိနေကြလို့ပါပဲ။ 

ဖက်ဆစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကမ်းကုန်လာတဲ့အခါမှာတော့ အဖိနှိပ်ခံ လူထုအနေနဲ့ မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်ကို တရားဝင်သုံးနိုင်တယ်လို့  CRPH နဲ့ NUG တို့က ကြေညာတယ်။ စစ်ကောင်စီကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ကမ္ဘာသိ ကြေညာတယ်။ ဒါတင်မက နောင်အခါမှာ ပေါ်လာမယ့် ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို NUG က ဖွဲ့စည်းလိုက်တယ်။ နိုင်ငံအနှံ့မှာလည်း လူထုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွဲ့စည်းတဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်လာပြီး၊ ရရာ အိမ်သုံးလက်နက်တွေ၊ အမဲလိုက် တူမီးသေနတ်တွေနဲ့ ခုခံတိုက်ခိုက်ကြတယ်။ လူထုဘက်တော်သား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဖက်ဆစ်တပ်ကို တိုက်ခိုက်ကြတယ်။ 

ဗိုလ်နေ၀င်းခေတ်က လက်နက်မရှိတဲ့ကျောင်းသားတွေအပေါ် မောင်းပြန်သေနတ်တွေ၊ ဒိုင်းနမိုက်တွေနဲ့ အနိုင် ကျင့်တိုက်ခိုက်ခဲ့တာကို "ဒါးကို ဒါးချင်း၊ လှံကို လှံချင်း တိုက်တာပါ" လို့ မုသားမာယာ သုံးခဲ့တဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာတော့ တူမီးသေနတ်ကို အဝေးပစ်လက်နက်ကြီးတွေ၊ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေကို သုံးပြီး ချေမှုန်းတယ်။ အရပ်သားတွေနေကြတဲ့ ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို စစ်တပ်က ပစ်မှတ်ထားပြီး တိုက်ခိုက်တာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်တွေပစ်ပြီး တောထဲကို ထွက်ပြေးကြရတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပျောက်ကြားစစ်ဆင်ရေးကိုသာ ဆင်နွှဲကြတာကြောင့် ဖက်ဆစ်တပ်ဖက်မှာ ပိုပြီးအထိနာတယ်။ ဒီအခါမှာ ခုခံစစ်ပွဲဆင်နွှဲနေကြတဲ့ ပြည်သူတွေကိုအကြမ်းဖက်သူတွေလို့ မာယာတံဆိပ်ကပ်ပြီး လူမကြည့်တော့တဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေနဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ကြေညာတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီရယ်လို့ တကမ္ဘာလုံးက သိနေကြတဲ့ လူမသမာတွေရဲ့ မာယာစကားတွေကို ဘယ်သူကမှ အရေးလုပ်ပြီး မနာယူကြတော့ပါဘူး။ 

အဆုံးမတော့ - စစ်တပ်ရဲ့ ရက်ရက်စက်စက် ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထပ်ပြီး သေကြရတယ်။ အသက်လုပြီး ထွက်ပြေးကြရသူတွေ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတွေဆီကို အစာရေစာတွေ မရောက်အောင် ဖက်ဆစ်တပ်က ပိတ်ဆို့ထားဆီးတာကြောင့် လူတွေမှာ အငတ်ဘေးကြုံကြရတယ်။ မိုးကာလ တောထဲမှာ အကာအရံမဲ့ နေကြရတဲ့အတွက် ရောဂါဘယတွေ စွဲငြိလာကြတယ်။ ပြောရရင်တော့ စစ်အာဏာမသိမ်းခင်အချိန်အထိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေခဲ့ကြတဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ပယောဂကြောင့် သတ္တန္တရကပ် (လက်နက်အန္တရာယ်)၊ ဒုဗ္ဘိက္ခန္တရကပ် (ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်) နဲ့ ရောဂန္တရကပ် (ရောဂါဆိုးအန္တရာယ်) ဆိုတဲ့ အန္တရာယ်ကပ်သုံးပါးလုံးနဲ့ ရင်ဆိုင်လာကြရတယ်။ 

တပူပေါ် နှစ်ပူဆင့်ဆိုသလို ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းကလည်း အချိန်ကိုက်ပေါ်လာတာကြောင့် ရောဂန္တရ ကပ်ဟာ စစ်ဘေးရှောင်ပြည်သူတွေကိုသာမက၊ စစ်တပ်မိသားစုတွေအပါအဝင် တတိုင်းတပြည်လုံးက ပြည်သူတွေကိုပါ ဖိစီးနှိပ်စက်လာတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အဆုတ်ကိုပါ ထိခိုက်တတ်တဲ့ အဲဒီရောဂါကြောင့် နေ့စဉ်နဲ့အမျှ သေကြရတယ်။ အရပ်သားတွေရဲ့ လက်ထဲက အောက်စီဂျင်ကိုလည်း စစ်တပ်က အဓမ္မသိမ်းပိုက်နေတာကြောင့် ပြည်သူတွေခမျာ အောက်ဆီဂျင်ပြတ်လပ်ပြီး သေကြရတယ်။ နေရာတကာမှာ အကွက် ချပြီး စဉ်းလဲတတ်တဲ့ဖက်ဆစ်တပ်ဟာ အောက်စီဂျင်ကိစ္စမှာလည်း မာယာကို သုံးပြန်တယ်။ ပထမဆုံး - CDM လုပ်တဲ့ ဆရာ၀န်တွေကြောင့် အောက်စီဂျင်ပြတ်လတ်ရတာလို့ အပြစ်ဖို့တယ်။ ဒီနောက် တရုတ်ပြည်ကနေ မှာယူတဲ့ အောက်စီဂျင်အရည်တွေ သူတို့လက်ထဲကို ရောက်နေပြီလို့ ကြေညာတယ်။ အောက်စီဂျင်ငတ်နေတဲ့ ပြည်သူတွေကို တပ်ဆရာဝန်တွေက ကုသပေးတော့မယ်လို့ အယုံသွင်းတယ်။ မေတ္တာရှင် သူရဲ ကောင်း ဂိုက်ဖမ်းတယ်။ ဒါပေမဲ့ တပ်နဲ့ ရဲစခန်းတွေမှာ ဂျင်းပြုတ်ရည်တိုက်တဲ့ အဆင့်ကနေ မတက်တဲ့၊ လေငတ်လူနာတွေကို တပ်ဆေးရုံတွေကနေ နှင်ထုတ်နေတဲ့ စစ်တပ်ကို ဘယ်ပြည်သူကမှ အယုံအကြည်မရှိလို့ သူတို့ရဲ့ အောက်စီဂျင်မာယာကြီးဟာလည်း နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ရတယ်။ 

အရင်က - တိုင်းပြည်ရဲ့ ပြဿနာမှန်သမျှအတွက် မာယာတွေ တမျိုးမဟုတ်တမျိုး သုံးပြီး နိုင်ငံရေးသမားတွေအပေါ် အပြစ်ပုံချတတ်တဲ့ စစ်တပ်ဟာ၊ ကိုဗစ်ရောဂါ ပြန့်ပွားနေတဲ့ကိစ္စမှာတော့ ဖြုတ်ချခံ အရပ်သားအစိုးရအပေါ် အပြစ်ပုံချလို့ မရတော့ပါဘူး။ အကြောင်းကတော့ ကိုဗစ် ၁၉ ရောဂါရဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေကို ကြုံခဲ့ရစဉ်က ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ကုသရေးတွေမှာ အရပ်သားအစိုးရက ပရဟိတအဖွဲ့အစည်းတွေ အကူအညီနဲ့ နိုင်ငံတကာတန်းမီအောင် စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ဖူးလို့ပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတောင် အဲဒီအောင်မြင်မှုအတွက် ချီးကျူးခဲ့ရဖူးတဲ့ သာဓကလည်း ရှိဖူးလို့ပါပဲ။
________________

"မာယာ" ဆိုတာဟာ လှည့်ဖျားခြင်း၊ အယောင်ဆောင်ခြင်း၊ ဖြားယောင်းခြင်း၊ မိမိအပြစ်ကို အများမမြင်အောင် ဖုံးလွှမ်းခြင်း၊ လှည့်ပတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နိုင်ငံရေးမှာတော့ မာယာဆိုတာဟာ မမှန်ကန်တဲ့နည်းနဲ့ ဝါဒဖြန့်ခြင်းလို့ အနက်ဖွင့်နိုင်ပါတယ်။ ဒီမိုကရေစီနည်းကျ အာဏာရလာတဲ့ အစိုးရတွေဟာ ပြည်သူတွေရဲ့ရှေ့မှောက်မှာ တာဝန်ခံခြင်း၊ တာဝန်ယူခြင်းဆိုတဲ့ ၀တ္တရားတွေကို ဖြည့်ဆည်းရတဲ့အပြင်၊ လွတ်လပ်တဲ့မီဒီယာကိုလည်း ခွင့်ပြုရတာကြောင့် မမှန်မကန် ဝါဒဖြန့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါး ခဲယဉ်းပါတယ်။ ဒါပေမဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခံရပြီး၊ လွတ်လပ်တဲ့မီဒီယာ တည်ရှိခွင့်မရတဲ့ နိုင်ငံတွေမှာတော့ အုပ်ချုပ်သူတွေဟာ မာယာတွေကို စုံနေအောင်သုံးပြီး လူထုကို လှည့်ဖျားလေ့ရှိပါတယ်။  အတိုင်းအတာတခုအထိလည်း အောင်မြင်လေ့ရှိပါတယ်။ 

မာယာနဲ့ဝါဒဖြန့်ခြင်းမှာ အအောင်မြင်ဆုံးနဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တဦးကတော့ နာဇီအာဏာရှင်ဟစ်တလာရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဒဖြန့်ချိရေးဝန်ကြီး ဂျိုးဆက်ဖ် ဂိုဘဲလ်စ် (Joseph Goebbels) ဖြစ်ပါတယ်။ သူက - ဝါဒဖြန့်ချိရေးဆိုတာ အမှန်တရားအပေါ် အခြေပြုရတယ်။ ဘာကြောင့်လဲဆိုတော့ "အမှန်တရားဟာ မုသားထက်ပိုပြီး အစွမ်းထက်လို့ပါပဲ (The truth is always stronger than the lie.)" လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ဝါဒဖြန့်ချိတဲ့ နည်းလမ်းတွေအပေါ် မှုတည်ပြီး "ကျနော်တို့ဟာ သမိုင်းမှာ အကြီးကျယ်ဆုံး နိုင်ငံ့ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် အကြီးကျယ်ဆုံး ရာဇဝတ်ကောင်တွေ ဖြစ်လာလိမ့်မယ် (We shall go down in history as the greatest statesmen of all time, or as the greatest criminals.)" လို့လည်း ပြောခဲ့ဖူးပါတယ်။ 

ဒီစကားတွေကို ပြောခဲ့တဲ့ ဂျိုးဆက်ဖ် ဂိုဘဲလ်စ်နဲ့ သူ့ရဲ့ မိသားစုဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး၊ ဘာလင်မြို့တော်က မြေအောက်လှိုဏ်ခေါင်းတခုထဲမှာ နာဇီအာဏာရှင် ဟစ်တလာတို့ ဇနီးမောင်နှံနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ စစ်ဖြစ်နေချိန်မို့ သူတို့ရဲ့ အလောင်းတွေကို နာဇီတပ်သားတွေက ဓာတ်ဆီလောင်းပြီး ဖြစ်သလိုမီးသဂြိုလ်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်လုံးဟာလည်း ကမ္ဘာ့သမိုင်းရဲ့ အကြီးဆုံးရာဇ ၀တ်ကောင်တွေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 

မြန်မာပြည်ရဲ့မြို့တော် နေပြည်တော်မှာလည်း မြေအောက်လှိုဏ်ခေါင်းတွေရှိပါတယ်။ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင် ဆိုတာလည်း ရှိပါတယ်။ သူ့ရဲ့ညာလက်ရုံး ပြန်ကြားရေး/ဝါဒဖြန့်ချိရေး ဝန်ကြီး ဇော်မင်းထွန်း ဆိုတာလည်း ရှိပါတယ်။ တိုင်းပြည်မှာ စစ်ပွဲတွေလည်း ဖြစ်နေပါတယ်။ ဓာတ်ဆီတွေလည်း ရှိပါတယ်။

အလောင်းတွေကို တွေ့ကရာနေရာမှာ ဖြစ်သလို မီးရှို့တတ်တဲ့ ဖက်ဆစ်တပ်သားတွေလည်း ရှိပါတယ်။ မင်းအောင်လှိုင်နဲ့ ဇော်မင်းထွန်းတို့ နှစ်ယောက်လုံးဟာလည်း မြန်မာ့သမိုင်းရဲ့ အကြီးဆုံးရာဇ၀တ်ကောင်တွေအဖြစ် လက်ရှိ ခေတ်ပြိုင်သမိုင်းမှာကို မှတ်တမ်းဝင်နေပါပြီ။ 

ကျန်နေသေးတာ တခုကတော့ .... သူတို့ရဲ့ ဇာတ်သိမ်းခန်းပါပဲ။

မောင်မောင်မြင့်
ပထမပိုင်း - https://www.moemaka.com/2021/07/blog-post_719.html
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar