Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - 6. Before Eden – အီဒင်မတိုင်မီ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် -    6. Before Eden – အီဒင်မတိုင်မီ

(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၀

Arthur C. Clarke (1917-2008) - Tales of Ten World — ဆယ်ကမ္ဘာ ဝတ္ထုများမှ

နိဒါန်း
ဤဝတ္ထုသည် သောကြာဂြိုဟ် (Venus) တွင် ဇာတ်လမ်းဆင်ထားသည်။ လူအများက သောကြာ ကြယ်ဟု အသိများသော ဂြိုဟ်သည် ကောင်းကင်တွင် အတောက်ပဆုံးသော ကြယ်တလုံး ဖြစ် သည်။ သောကြာဂြိုဟ်သည် နေကို အီးလစ် (ellipse) ပုံသဏ္ဌာန်လမ်းကြောင်းဖြင့် ပတ်နေ သည်။ နေနှင့် အနီးဆုံးအချိန်တွင် နေမှ အကွာအဝေးသည် မိုင်ပေါင်း ၆၆ သန်းနှင့် ၅ သိန်း လောက် ရှိပြီး အဝေးဆုံးအချိန်တွင် မိုင်ပေါင်း ၆၇ သန်းနှင့် ၅ သိန်းလောက် ရှိသည်။

သောကြာဂြိုဟ်၏ အချင်းသည် မိုင်ပေါင်း ၇၅၇၅ ရှိသဖြင့် ကမ္ဘာထက် အနည်းငယ်လောက် ငယ်သည်။ ကမ္ဘာ၏ အချင်းသည် မိုင်ပေါင်း ၇၉၂၇ ဖြစ်သည်။ သောကြာဂြိုဟ်တွင် လ မရှိပါ။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဆွဲငင်အားသည် ၀.၈၅ g ရှိသည်။ (ကမ္ဘာ၏ ဆွဲငင်အားကို 1g ဟု ယူ၍ တွက်ထားသည်။ နေကို လှည့်ပတ်နေစဉ် ကမ္ဘာနှင့် အကွာအဝေး မိုင် ၂၅ သန်းအထိ အနီး ဆုံး ရောက်လာသည်။

သောကြာဂြိုဟ်၏ မျက်နှာပြင်သည် ထူထပ်သော အဝါနှင့် အဖြူရောင် တိမ်များ ဖုံးလွှမ်းနေ သည်။ ထိုတိမ်များ၏ အောက်တွင် ဘာရှိသည်ဟူသည်နှင့် ပတ်သက်၍ မှန်းဆချက်များစွာ ရှိ သည်။ အချိုက ပင်လယ်ပြင်ကြီး ရှိသည်ဟု မှန်းသည်။ အချို့က ကျယ်ဝန်းသော သဲကန္တာရကြီး ဖြစ်မည်ဟု မှန်းဆကြသည်။ တိမ်တိုက်ထဲတွင် ရေခိုးရေငွေ့များ ရှိခြင်းကြောင့်၊ ချုံပုတ်များ၊ နွယ်ပင်များ၊ ကမ္ဘာဦး အစက ရှိခဲ့သော အပင်များ ပေါက်နေလိမ့်မည်ဟု မှန်းသည်။ အချို့က သောကြာဂြိုဟ်၏ အခြေအနေသည် ကမ္ဘာဦးအစက သက်ရှိမျိုးနွယ်များ စတင်ဖြစ်နေခဲ့သော အခြေအနေမျိုး ရှိလိမ့်မည်ဟု မှန်းဆကြသည်။

အီဒင် (Eden) ဟူသော အမည်သည် ခရစ်ယာန်ကျမ်းစာများအရ ဘုရားသခင် ဤကမ္ဘာကြီးကို စတင်ဖန်ဆင်းစဉ်က လူနေရန် ဖန်ဆင်းပေးခဲ့သော ပန်းခြံကြီး၏အမည် ဖြစ်သည်။ ဤပန်းခြံ ကြီးထဲတွင် ပထမဦးဆုံး လူမျိုးနွယ် အက်ဒမ် (Adam) နှင့် အိ (Eve) တို့ နေထိုင်ရာဒေသ ဖြစ် သည်။

ယခု အီဒင်မတိုင်မီ ဝတ္ထုကို တင်ဆက်ပါတော့မည်။

အီဒင်မတိုင်မီ
“ဆက်သွားလို့ မဖြစ်တော့ဘူး”ဟု ဂျယ်ရီဂါးဖီး (Jerry Garfield) က ပြောလိုက်သည်။

ဂျယ်ရီသည် ထောက်လှမ်းသည့် ကားစက်များကို ရပ်လိုက်သည်။ သူတို့ ရောက်နေသောနေရာ မှာ သောကြာဂြိုဟ် (Venus) ၏ တောင်ဝင်ရိုးစွန်း (South poles) နှင့် သိပ်မဝေးတော့ပါ။ သူတို့ ၏ရှေ့တွင် မြင့်မားသော တောင်ကြီးတစ်ခု ရှိသည်။ မော်တော်ကားသည် ဤမတ်စောက်သော ကျောက်တောင်ကို မတက်နိုင်ပါ။

“ကျွန်တော်တို့ ပြန်လှည့်ကြရလိမ့်မယ်” ဟု ဂျယ်ရီက အခြားလူများကို ပြောလိုက်သည်။

အဖွဲ့ထဲတွင် ပါလာသော နှစ်ယောက်သည် သိပ္ပံပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် သောကြာဂြိုဟ်၏ တောင်ဝင်ရိုးစွန်းကို သွားကြည့်ချင်ကြသည်။ သူတို့သည် ပြန်မလှည့်လိုကြ ပါ။ ဟတ်ချင် (Hutchins) သည် တောင်ထိပ်သို့ မှန်ဘီလူးဖြင့် လှမ်းကြည့်လိုက်ရင်း ပြောလိုက် သည်။

“ဟိုမှာ ကြည့်စမ်း”

ကို(လ်)မင် (Coleman) သည် သူ၏ မှန်ဘီလူးဖြင့် ဟတ်ချင် ပြသည့်နေရာကို ကြည့်လိုက်သည်။ ဟတ်ချင်က ပြောလိုက်သည်။

“တချိန်က ဒီကျောက်တောင်ပေါ်ကနေ ရေတွေ စီးကျဖူးတယ်။ ဒါဟာ ခန်းခြောက်သွားတဲ့ ရေတံခွန်ပဲ။ ကျွန်တော် ထင်တာ မှန်တယ်။ သောကြာဂြိုဟ်ပေါ်မှာ မြစ်တွေ ရှိတယ်”

ဂျယ်ရီက ပြောလိုက်သည်။

“ဒီမှာ ဘယ်လိုလုပ်ပြီး မြစ်တွေ ရှိနိုင်မှာလဲ။ သောကြဂြိုဟ်ပေါ်မှာ ရေမှ မရှိတာ။ ကမ္ဘာထက် တောင် နေနဲ့နီးတာဆိုတော့ ပူလွန်းလို့ မိုးတောင် ရွာနိုင်မှာ မဟုတ်ဘူး။ ရေလည်း လုံးဝ မရှိနိုင် ဘူး”

“ဒါပေမဲ့ တောင်ဝင်ရိုးစွန်းကို နီးလာရင် အေးလာတယ်လေ။ တောင်ထိပ်ပေါ်မှာဆိုရင် ပိုတောင် အေးဦးမယ်။ အဲဒီမှာ မိုးရွာချင် ရွာနိုင်တယ်။ တို့တွေ တောင်ဝင်ရိုးစွန်းကို ရောက်အောင် သွားကြည့်မှ ဖြစ်မယ်”

“ဘာလုပ်ဖို့လဲ”

ဟု ဂျယ်ရီက မေးလိုက်သည်။

ထိုမေးခွန်းကို ဟတ်ချင်က ဤသို့ ဖြေလိုက်သည်။

“ရေရှိရင် သက်ရှိတွေ ရှိနိုင်တယ်။ အကယ်၍ ဝင်ရိုးစွန်းမှာ ရေကန်တွေ ရှိရင်လည်း ဒါတွေကို သွားကြည့်ချင်တယ်”

“ဒါပေမဲ့ ကားနဲ့ သွားလို့မရဘူး”

“မရရင် ကားကို ထားခဲ့ပြီး တောင်ပေါ်ကို လူပဲ တက်သွားမယ်။ ဒါ သိပ်ခက်မှာ မဟုတ်ပါဘူး”

ကို(လ်)မင်က နေခဲ့ပြီး ဟတ်ချင်နှင့် ဂျယ်ရီတို့နှစ်ဦးသည် တောင်ပေါ်သိုံ တက်သွားကြသည်။ အပြင်ဘက်တွင် အပူချိန်သည် နှစ်ရာ့သုံးဆယ်ဒီဂရီ ရှိသည်။ ထို့ကြောင့် သူတို့သည် လေအေး စက် တပ်ထားသော အာကာသဝတ်စုံများကို ဝတ်ထားရသည်။ ၎င်းအပြင် သိပ္ပံပစ္စည်းမျိုးစုံကို လည်း သယ်သွားကြရသည်။

သူတို့သည် အမြင့်သို့ တက်သွားစဉ် သောကြာဂြိုဟ်၏ အလင်းရောင် အစိမ်းသည် သူတို့၏ ပတ်ဝန်းကျင်တွင် တောက်ပနေသည်။ တောင်ပေါ်သို့ ရောက်သော် မြေကြီးသည် ပြန့်နေသည်။ မြေကြီးပေါ်တွင် ခြောက်ခန်းနေသော မြစ်များကို တွေ့ရသည်။ သူတို့ ဆက်လက်၍ လျှောက် သွားကြသည်။ ဂျယ်ရီသည် ကြောက်စိတ်အနည်းငယ် ဝင်လာသည်။ ဟတ်ချင်မှာ စိတ်လှုပ်ရှား တက်ကြွလျက်ရှိသည်။ သူသည် ကျောက်တုံးများကို ကောက်ယူနေသည်။

ဟတ်ချင်က– “အခု နည်းနည်းအေးလာတယ်။ တိုင်းတာတဲ့ ကိရိယာတွေအရ လေထဲမှာ အောက်ဆီဂျင်ဓာတ် ရှိနေတယ်” ဟု ပြောလိုက်သည်။

“ဟုတ်လား၊ တကယ်ပဲလား”

“ဟုတ်တယ်၊ ဒီတော့ကာ အပင်တွေ ရှိနိုင်တယ်။ အပင်တွေက အောက်ဆီဂျင် ထုတ်လုပ်တယ်။ ဒီတော့ကာ ဒီမှာ သက်ရှိတွေ ရှိနိုင်တယ်။ တို့ ထင်သလို အသက်မဲ့တဲ့နေရာ မဟုတ်ဘူး”

သူတို့ ဆက်၍လျှောက်သွားကြသည်။ သူတို့ရှေ့တွင် ရေကန်တကန်ကို တွေ့သည်။ ရေကန်သည် အနက်ရောင် မှန်ကဲ့သို့ ဖြစ်နေသည်။ ဟတ်ချင်သည် ရေတခွက်ကို ခတ်ပြီး အနီးကပ် မှန်ဘီလူး ဖြင့် ကြည့်လိုက်သည်။ သို့သော် သူ မျှော်လင့်သလို သက်ရှိအရိပ်အယောင်များ မတွေ့ပါ။

သူတို့ ခရီးဆက်ကြသည်။ ဂျယ်ရီသည် ပို၍ စိတ်ပျက်လာသည်။ ဤနေရာသည် လုံးဝ ကျက်သရေမရှိပါ။ အစိမ်းရောင် အလင်းနှင့် အနက်ရောင် ရေကန်တို့သည် ဤနေရာကို ချောက်ချားစရာ ဖြစ်စေသည်။

ချက်ချင်းဆိုသလို ဟတ်ချင်သည် ရပ်လိုက်သည်။

“ဘာဖြစ်လို့လဲ” ဟု ဂျယ်ရီက မေးလိုက်သည်။

“ဟိုမှာ ကြည့်စမ်း၊ ဟိုကျောက်တုံးက တဖြည်းဖြည်း ကြီးလာတယ်၊ နောက်ပြီး ရွေ့နေတယ်”

ဂျယ်ရီသည် ကျောက်တုံးကို ကြည့်လိုက်သည်။ ထိုကျောက်တုံးသည် သူတို့ဘက်ကို လာနေ သည်။ ကျောက်တုံးသည် သူတို့ဘက်သို့ ရွေ့နေသည်။ ကိုက်တရာလောက် အကွာသို့ ရောက် သောအခါ ဂျယ်ရီက ပြောလိုက်သည်။

“ဒါ ဘာကြီးလဲဟင်”

“ဒါ အပင်တမျိုး ဖြစ်မယ်”

“အပင်က ဒီလိုသွားမှမသွားဘဲ”

ဟတ်ချင်က ပြန်ဖြေလိုက်သည်။

“အပင်တွေက သွားနိုင်ပါတယ်။ ကမ္ဘာပေါ်မှာလည်း ဒီလို သွားတတ်တဲ့ အပင်မျိုးတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ သွားတာ နှေးလွန်းလို့ သွားမှန်းတောင် မသိရဘူး၊ ဒီအပင်က သွားတာ တော်တော်မြန်တယ်”

ထိုအပင်သည် ထူထပ်သော အနက်ရောင် ကတ္တီပါကော်ဇောနှင့် တူသည်။ သူသည် လူ နှစ်ယောက် ရှိရာသို့ တဖြည်းဖြည်း ရွေ့လာသည်။ ဆယ်ပေလောက် အကွာတွင် ရပ်နေသည်။ ဟတ်ချင်သည် ရှေ့သို့ တိုးသောအခါ အပင်သည် နောက်သို့ ဆုတ်သွားသည်။

“သူက တို့ဝတ်စုံတွေဆီက အပူကို ခံစားနိုင်လို့ ဖြစ်မယ်။ ဒါဆိုရင် အလင်းရောင်ကို ခံစားနိုင် သလား”

လက်နှိပ်စက်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သောအခါ သူတို့နှစ်ဦးစလုံး အံ့ဩသွားကြရသည်။ အကြောင်းမှာ သောကြာဂြိုဟ်၏ အစိမ်းရောင် အလင်းအောက်တွင် အပင်သည် အနက်ဟု ထင်ရသည်။ အောက်တွင် အပင်သည် အနက်ဟု ထင်ရသည်။ သို့သော် လက်နှိပ်ဓာတ်မီး၏ အဖြူရောင် အလင်းတွင် အပင်၏ အရောင်သည် အနီနှင့် ရွှေရောင် ရောစပ်နေသည်။ အလွန် လှပသော ကောဇောနှင့် တူနေသည်။

ဟတ်ချပ်သည် အပင်ကို အနီးကပ် လေ့လာကြည့်ရန်နှင့် အပိုင်းတပိုင်းကို ဖြတ်ယူရန် ကြိုးစား သည်။ နောက်ဆုံးတွင် ခဲခဲယဉ်းယဉ်းဖြင့် အပိုင်းတပိုင်းကိုတော့ ဖြတ်ယူနိုင်ခဲ့သည်။ သူတို့သည် ကျောက်တုံးအနည်းငယ်ကိုပါ သယ်ယူကြသည်။ ပစ္စည်းများနှင့် သူတို့၏ အာကာသဝတ်စုံများ သည် လေးလံသောကြောင့် သူတို့ ပင်ပန်းနေကြသည်။

သူတို့ ခေတ္တအနားယူရန် ရွက်ထည်တဲတခုကို ထိုး၍ လှဲနေကြသည်။ သူတို့နှစ်ဦးစလုံးသည် တော်တော်ကျေနပ်နေကြသည်။ အားလုံးက သောကြာဂြိုဟ်ကို သက်မဲ့ဂြိုဟ်တု ထင်နေကြ သည်။ ယခု သူတို့သည် သောကြာဂြိုဟ်ပေါ်တွင် သက်ရှိများ ရှိကြောင်းကို ပြနိုင်သည်။ ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ကဲ့သို့ ဖြစ်သည်။

အနားယူပြီး ပြန်ဖို့အချိန် ရောက်လာပြီ ဖြစ်သည်။ သူတို့၏ အမှိုက်များကို ပလတ်စတစ်အိတ် တခုထဲတွင် ထည့်သည်။ တွင်းတူး၍ ထိုပလတ်စတစ်အိတ်ကို ထည့်၍ အပေါ်မှ ကျောက်တုံးများ ဖြင့် ဖုံးလိုက်သည်။ သူတို့သည် တောင်ပေါ်မှ ပြန်ဆင်းပြီး မော်တော်ကား ထားခဲ့သည့် နေရာကို ပြန်ကြသည်။ သူတို့သည် သောကြာဂြိုဟ်၏ တောင်ဝင်ရိုးစွန်းကို ပစ္စည်းကိရိယာ စုံစုံလင်လင် ဖြင့် နောက်တခေါက် လာကြဦးမည် ဖြစ်သည်။

တောင်ဝင်ရိုးစွန်းရှိ ရေကန်တွင် အားလုံးသည် ငြိမ်သက်နေသည်။ ထိုအချိန်တွင် အပင်တပင် ရောက်လာသည်။ အပင်သည် တွင်းအပေါ်တွင်ရှိသော ကျောက်တုံးများပေါ်သို့ ရောက်လာ သည်။ သူသည် စားစရာ ရှာဖွေနေသည်။ ကျောက်တုံးများအောက်တွင် တခုခု ရှိသည်ကို သူ ခံစားမိသည်။ အပင်သည် ကျောက်တုံးများ၏ အောက်တွင် လိုက်ရှာသည်။ နောက်ဆုံးတွင် ပလတ်စတစ်အိတ်ကို တွေ့သွားသည်။

ပလတ်စတစ်အိတ်ကို အလွယ်တကူ ဖွင့်လိုက်ပြီး အိတ်ထဲရှိ အမှိုက်များကို စုပ်ယူလိုက်သည်။ အမှိုက်သရိုက်များနှင့်အတူ ဘက်တီးရီးယားနှင့် ဗိုင်းရပ်ပိုးများ ပါသွားသည်။

အပင်သည် ရေကန်ထဲသို့ ပြန်ဆင်းသွားသည်။ သူနှင့်အတူ ပါသွားသည်မှာ သောကြာဂြိုဟ်၏ သက်ရှိများကို ဖျက်ဆီးပစ်မည့် ရောဂါပိုးများ ဖြစ်သည်။ ဂျယ်ရီနှင့် ပတ်ဆန်သည် သူတို့လုပ်ရပ် ကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို မသိကြပါ။ သောကြာဂြိုဟ်သည် သက်မဲ့ဂြိုဟ်တခု ပြန်ဖြစ်သွားတော့မည် ဖြစ်သည်။