Breaking News

နိုင်ငံတကာသာဂိ - ဟောင်ကောင်မျိူးဆက် မှသည် အနာဂတ်တော်လှန်ရေးသစ်ဆီ

နိုင်ငံတကာသာဂိ - ဟောင်ကောင်မျိူးဆက် မှသည် အနာဂတ်တော်လှန်ရေးသစ်ဆီ

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀

၂၀၂၀ ခုနှစ်က မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေ အကြီးအကျယ် လမ်းခွဲကြတဲ့ ခုနှစ်ပဲ။ မျိုးဆက်တွေအကြောင်း ကမ္ဘာအနှံ့မှာ အကြီးအကျယ် ငြင်းခုန်ကြတယ်။ တံဆိပ်ကပ်ကြတယ်၊ သမုတ်ကြတယ်၊ တန်ဖိုးဖြတ်ကြတယ်၊ ပုဒ်မတွေ ချပစ်ကြတယ်။ ဆန်သည်စကားနဲ့ဆိုရင် စတုပ်တိုက်ပစ်လိုက်ကြတယ်ပေါ့။ ဦးလေးတို့က ခေတ်ဟောင်း အဆွေးအမြင်းတွေ ဖြစ်သွားပြီ။ မင်းတို့ကလေးတွေက သောက်တလွဲလေး တွေ ဖြစ်ကုန်ပြီ။ သည်လိုမျိုး လက်ညိုးထိုး ပြတ်တောက်ကြတဲ့ အချိန်ပဲ။ လမ်းခွဲစရာရှိတာ လမ်းခွဲကြတဲ့ အချိန်ပဲလို့ ပြောရတော့မယ်။

အမေရိကန်မှာဆိုရင်တော့ ဘေဘီဘွန်းမားတွေရဲ့ နောက်ဆုံးအချိန်။ နောက်ဆုံးထွက်သက်နားရောက်နေပြီ ဆုပ်ကိုင်ထားတာတွေ မလွှတ်နိုင်သေးဘူး။ သူတို့ အယူဝါဒ အစွန်းရောက်မှုတွေကို အစွန်းကုန် ထုတ်သုံးနေချိန်ဖြစ်တယ်။ ကလေးတွေ ငါ့အမွေတွေလိုချင်ရင် ငါပြောသလိုလုပ် ငါပြောတာနားထောင် ငါခိုင်းတာလုပ် ငါမရှိတော့ရင်လည်း ငါ့လိုပဲ ဆက်လုပ်ကြလို့ နောက်ဆုံးဖယောင်းတိုင်မီး အထိန်ငြီးဆုံးတောက်ပတဲ့ အချိန်လို့ ဆိုရမယ်။

သူတို့နောက်ကလိုက်လာတဲ့ ဂျင်းအိပ်စ်တွေ ( မြန်မာပြည်မှဆိုရင်တော့ ၈၈ မျိုးဆက်တွေအပါအဝင်) သူတို့ကိုကော ဘယ်လိုပုဒ်မချကြမလဲ။ အမေရိကန်မှာတော့ဖြင့် အိုဘားမားခေတ် နေဝင်ပြီးနောက် အမေရိကန်လူငယ်မျိုးဆက်သစ်တွေက သက်ပြင်းချကြတယ်။ ဒီလူကြီးတွေ လုပ်နိုင်တာ ဒါမိုင်ကုန်ပဲ။ သူတို့ ဂျင်းအိပ်စ်တွေလည်း ရှေးလူကြီးတွေ လောင်းရိပ်က မလွတ်မြောက်နိုင်ကြဘူး။ ကျေးဇူးတော့တင်ပါရဲ့ တိုက်ပွဲကို ဆုံးအောင်မတိုက်နိုင်ဘဲ ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာသွားကုန်ကြပြီလို့ အငယ်တွေက မျက်မှောင်ကြုံ့ကြတယ်။

သည်တော့ မျိုးဆက်သစ်တွေက ငါတို့မှ မကယ်ရင် ကမ္ဘာကြီးတော့ သေဖွယ်ရာ ရှိတယ်လို့ မာန်တင်းကြပြီး ရုန်းကန်ကြရတော့တာပေါ့။ အဲသည်ရဲ့ သာဓကတွေကတော့ Occupy Movement, Black Lives Matter, LGBTQ uprising, Saffron and Other Color Revolution, Me Too Movement, Inequality Awareness, Anti-Immigration, Green Movement နဲ့ နောက်ဆုံးမှာ Hong Kong Uprising ဒါတွေကို ခေါင်းစဉ် ချပြရမယ် ထင်ပါတယ်။ သည်အထဲမှာ ဂျင်းဝိုင် (Millennium လေးဆယ်အောက်) တွေနဲ့ ဂျင်းဇက် (နှစ်ဆယ့်ငါးအောက်) ရဲ့ အုံကြွမှုလို့ ဆိုရမယ်။ ဒါဟာ အနာဂတ်ကိုချီတက်နေတဲ့ မျိုးဆက်သစ်တော်လှန်ရေးတိုက်ပွဲတွေ ဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့လို ၈၈ မျိုးဆက်တွေက မေးခွန်းထုတ်မယ်။ ငါတို့လည်း တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာပဲ။ မင်းတို့က မပြီးသေးတဲ့ တော်လှန်ရေးကို လက်ဆင့်ကမ်းဆက် ဆင်နွဲနေကြတာမဟုတ်ဘူးလား။ ငါတို့ကိုပါ လူကြီးတွေနဲ့ ရောပြီး ပုဒ်မချ ချန်ထားပစ်ခဲ့ချင်ရတာလဲ။ မေးခွန်းထုတ်မယ်။ မဟုတ်တော့ဘူး။ လူငယ်မျိုးဆက်ဟာ ရှေ့က မျိုးဆက်ဟောင်းတွေ ချန်ထားရစ်တဲ့ ထိန်းသိမ်းထားတဲ့ (ယဉ်ကျေးသိမ်မွေ့မှု) ဆိုတဲ့ အမွေကိုပါ လွှတ်ချထားရစ်ခဲ့ပြီ ဖြစ်လို့ လို့ ဆိုရမယ်။ သူတို့က အကြမ်းမဖက် တော်လှန်ရေးဆိုတာကို ပစ်ပယ်လိုက်ကြပြီ။ ဒါကြီးကိုယ်တိုင်က ဘာသာရေးမှိုင်းတိုက်သလို ပျော့ညံ့မှုအဖြစ် သူတို့က ရှုတ်ချလိုက်ကြပြီ။

ဟောင်ကောင်တော်လှန်ရေးဟာ အထင်ရှားဆုံး သာဓက ဖြစ်တယ်။

ဆယ်ကျော်သက်ဟောင်ကောင်းကျောင်းသားတွေက ဟောင်ကောင်ရဲ့ အဆုံးသတ်တိုက်ပွဲအတွက် အသက်စွန့်ဖို့ အဆင်သင့်ပဲလို့ ထုတ်ဖော်ပြောကြတယ်။ ၈လကျော် ကြာမြင့်နေပြီဖြစ်တယ် တရုတ်အစိုးရဆန့်ကျင်ရေး လမ်းပေါ်တိုက်ပွဲတွေမှာ ကလေးတွေက သူတို့လှုပ်ရှားမှုတွေအတွက် သူတို့ အသက်ပေးချင်လည်း ပေးရမယ်လို့ ပြောခဲ့ကြတယ်။

ဟောင်ကောင်က မျိူးဆက်သစ်ဆန္ဒပြသူတွေဟာ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းထားတယ်။ ဒါးလှံလေးမြား ကိုင်စွဲထားတယ်။ မျက်ရည်ယိုဗုံးကို ကာကွယ်ဖို့ မျက်နှာစီးထားတယ်။ လောင်စာဆီလက်လုပ်ဗုံးတွေနဲ့ တွန်းလှန်ကြတယ်။ အရင်တုန်းက ထီးဆောင်းပြီး ကာကွယ်တာကနေ လက်လုပ်ကိုယ်ချပ်ကာဝတ်စုံတွေနဲ့ ဘောင်းဘီဖင်အိတ်ထဲမှာ သူသေသွားရင် မိဘတွေဆီ အကြောင်းကြားပေးဖို့ သူတို့လိပ်စာကို ရေးတဲ့ စာလိပ်ကလေးတွေ ထည့်ထားကြတယ်။

ဟောင်ကောင်တင်မကဘူး၊ အာရှ အရှေ့အလယ်ပိုင်း အာဖရိက တောင်မြောက် အမေရိကားတိုက်က လူငယ်မျိုးဆက်တွေက အာဏာရှင်အစိုးရတွေ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေ၊ ဒီမိုကရေစီပြိုလဲနေမှုတွေ စိတ်ကုန်နေတယ်။ တရုတ်ပြည်က အာဏာရှင်အုပ်စိုးမှုက ဟောင်ကောင်ရဲ့ လွတ်လပ်မှု လစ်ဘရယ်ဖြစ်မှုကို ဝင်ရောက် ချယ်လှယ်အနိုင်ကျင့်နေတာကို သီးမခံနိုင်တော့ဘူး။

ပထမအစပိုင်းတုန်းက တရုတ်ပြည်ကြီးကနေ ဟောင်ကောင်တရားစီရင်ရေးကို အနိုင်ကျင့်နေတာကို ကန့်ကွက်တာကနေ စတာပဲ။ ဇွန်လတုန်းက လူငယ်တွေ လမ်းပေါ်တက်လာကြတယ်။ ဒါနဲ့ အဲသည်ဥပဒေကို ရုတ်သိမ်းတယ် ဖြစ်လာတယ်။ ရဲရင့်လာတဲ့ ဟောင်ကောင်မျိုးဆက်သစ်ဟာ လုံး၀လွတ်လပ်ရေးဆိုတာကို ရွေးချယ်လိုက်ကြပြန်တယ်။ သည်တော့ မျော်လင့်ထားတဲ့အတိုင်း စစ်တပ်နဲ့ ရဲသုံး​ပြီး တရုတ်အာဏာပိုင်တွေက နှိမ်နှင်း ချေမှုန်းဖို့ ကြိုးစားကြတာပဲ။ သည်တော့ ကလေးတွေဟာ တက္ကသိုလ်တွေကျောင်းဝင်းတွေကို ခံတပ်ဖွဲ့ပြီး တွန်းလှန်တယ်။ လက်နက်သုံးပြီး အကြမ်းဖက်လာတဲ့ လုံထိန်းတွေကို သူတို့ကလည်း တုန့်ပြန် အကြမ်းဖက်ပြီး ခုခံကြတာပဲ။ နိုဝင်ဘာက စလိုက်တဲ့ တင်းမာမှုဟာ ၂၀၂၀ နှစ်ဆန်းက အရှိန်သေသွားတယ်။ ဟောင်ကောင်အာဏာပိုင်တွေက နောက်ဆုတ်သွားကြပြန်တယ်။

ကလေးတွေက ဘာပြောသလဲ၊ ဘာကြွေးကြော်ကြသလဲ။ ထောင်ကျခံမယ့်အစား လမ်းပေါ်မှာ အာဇာနည်အဖြစ် အသေခံကြမယ် ... တဲ့။ ငါသေသွားတာက ငါတို့လှုပ်ရှားမှုကို ရှေ့တိုးဖို့ တွန်းအားဖြစ်စေမယ် ... တဲ့။

မျိုးဆက်သစ်တွေ ယူထားတဲ့ သင်ခန်းစာကတော့ ရှေ့က သွားနှင့်တဲ့ တော်လှန်ရေးသမားဟောင်းကြီးတွေဟာ အညံ့ခံတွေဝေရေးလမ်းစဉ်တွေကို ရွေးချယ်ပြီး တရုတ်ပြည်ကြီးကို ဒူးအကြိမ်ကြိမ်ထောက်ခဲ့ကြပြီ။ အာဏာရှင်သက်တမ်းရှည်စေဖို့ ပေးဆပ်ခဲ့ကြပြီးပြီ။ ငါတို့တွေလည်း သူတို့လို အသက် ၄၀ကျော်မှာ အာဏာရှင်အောက်မှာ 'အလိမ္မာခံ' ကြမယ့်အစား စောစောစီးစီး အသေခံကြမယ်ဆိုတဲ့ သဘောထားပဲ ဖြစ်ပါတယ်။

အတိတ်ကို ပြန်ကြည့်ရင် တော်လှန်ရေးအဟောင်းတွေက လူကြီးလူကောင်းဆန်တယ်။ လိမ္မာယဉ်ကျေးကြတယ်လေ။ လမ်းပေါ်ထွက်ပြီး စည်းကမ်းတကျ တန်းစီပြီး ဆန္ဒပြကြ၊ အကြမ်းဖက်အဖြိုခွဲခံရတော့ ဖယောင်းတိုင်လေးတွေ ထွန်းပြီး ဆုတောင်းပွဲလေးတွေ လုပ်ကြ၊ ထောင်တန်းကျတော့လည်း နှိပ်စက်ညှင်းပန်းခံရတာကို (သူတို့ဥပဒေနဲ့အညီ) ရင်ဆိုင်ကြရ၊ သေတော့လည်း အကြမ်းဖက်သမားအဖြစ် တံဆိပ်တပ်ခံကြရ၊ သည်လိုမျိုး မဟုတ်လား။ သည်တခါတော့ ဟောင်ကောင်သည် မျက်ရည်ကို အလိုမရှိ။ ကလေးတွေဟာ လမ်းပေါ်မှာ လက်နက်အပြည့်အစုံ အကာအကွယ်အပြည့်အစုံနဲ့ မိမိကိုယ်ကိုယ် ကာကွယ်တွန်းလှန်ပြီး တိုက်ပွဲကို ရှေ့ကိုတွန်းဖို့ ချီတက်လာကြတာ ဖြစ်ပါတယ်။ ရရင် ရ ၊ မရ ရင် ချ ဆိုတာ ကြွေးကြော်သံမဟုတ်တော့ဘူး၊ တကယ်ကို ပြန်ချ တဲ့ လက်နက်ဖြစ်လာပါတယ်။

ကလေးတွေက ရွေးကောက်ပွဲကိုလည်း ဝင်ဆင်နွဲကြတာပဲ။ လူကြီးအာဏာရှင်တွေကို စင်ပေါ်က မောင်းချဖို့ သူတို့လည်း စင်ပေါ်ကို တက်တယ်။ စင်အောက်မှာလည်း မတရားမှုကို တုန့်ပြန်အကြမ်းဖက်ပြီး တွန်းလှန်တယ်။ တရုတ်လိုလားတဲ့ စျေးဆိုင်တွေကို ကလေးတွေက မီးတင်ရှို့ပစ်တယ်။ သူလျိုတွေကို အရှင်မထားနိုင်ဘူးတဲ့။ ၂၀၁၄တုန်းက ထီးတော်လှန်ရေး Umbrella Revolt အထိနာခဲ့တာကို အခုကလေးတွေက သင်ခန်းစာ ကောင်းကောင်းယူပါတယ်။ လွဲမှားနေတဲ့ စနစ်ကြီးကို သီးခံနေလို့ မဖြစ်ဘူး၊ အတွင်းထဲဝင်ပြင်နေလို့လည်း မဖြစ်ဘူး၊ အပြင်နေ တောင်းဆိုပြနေလို့လည်း မဖြစ်ဘူး။ နည်းမျိူးစုံနဲ့ တိုက်ပြီး ပြောင်းရမယ်လို့ ကလေးတွေက ခံယူတယ်လေ။

ဟောင်ကောင်က လူငယ်တော်လှန်ရေးမျိူးဆက်သစ်တွေရဲ့  ခေါင်းမာတင်းခံနေမှုနဲ့ တရုတ်အစိုးရရဲ့ တင်းမာပြတ်တောက်မှု တိုက်ပွဲက ရေရှည်ဦးမှာပါ။ လူငယ်တွေက ပြောတယ် - မကြိုက်ရင် ပြင်လေ။ လူကြီးတွေကလည်း မင်းတို့တွေ ပြင်ကြမှပေါ့လို့ ဆိုကြတယ်။ ခုထိတော့ ဟောင်ကောင်မျိုးဆက်သစ်ကတော့ သေသော်မှတိ ဪကောင်း၏ လို့ လွတ်မြောက်ရေးကြွေးကြော်သံမှာ ဦးတင်ထားတာကို တွေ့နိုင်ပါတယ်။ ငါတို့လိုချင်တာ ဒါတွေ မဟုတ်ဘူး၊ ဒါတွေကို ငါတို့မရရင် မင်းတို့တွေလက်ထဲမှာလည်း မင်းတို့စွဲကိုင်ထားတဲ့ဟာတွေကို အကောင်းအတိုင်း မထားရစ်နိုင်ဘူး၊ ငါတို့အနာဂတ် ငါတို့မရရင် မင်းတို့ ပစ္ဈပ္ပန်ကိုလည်း ငါတို့က ဖျက်ဆီးပစ်ခဲ့ရမှာပဲ ဆိုတဲ့ သူသေ ကိုယ်သေ သဘောထားမျိုး ဖြစ်လာတယ်ဆိုတာကို ရိပ်မိကြစေလိုကြောင်း လူကြီးလုပ်တဲ့လူတွေ ကြီးမိုက်ကြီးဆက်မလုပ်မိဖို့ ဒီစာကို ရေးမိတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာဆိုရင်ကော ဘယ်လိုလဲ ... ၂၀၀၈ အခြေခံဥပဒေကြီးအောက် ခေါင်းငုံ့ပြီးလူလုပ်ရမယ့် စနစ်ကြီးမှာ အလိမ္မာခံနေကြတာ ကျနော်တို့ဆီက ဘေဘီဘွန်းမားတွေ၊ ဂျင်းအိတ်စ် ၈၈မျိူးဆက်တွေ အကုန်လုံးနီးပါး ဖြစ်မယ် ထင်ပါတယ်။ နောက်မျိူးဆက်သစ်တွေကတော့ 'အသစ်က ပြန်စ' ကြလိမ့်မည်ဟု မျော်လင့်မိပါကြောင်း။