Breaking News

မိုးမင်းသိမ်း- မောင်နေကြည် ၏ ရွှေခေတ် ဂန္တဝင်မင်းသား မင်းသမီးများ

မောင်နေကြည် ၏ ရွှေခေတ် ဂန္တဝင်မင်းသား မင်းသမီးများ
မိုးမင်းသိမ်း
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀

မောင်နေကြည်
ရွှေခေတ် ဂန္တဝင်မင်းသား မင်းသမီးများ
နှစ်ဆယ့်ခွန် စာပေ၊
ပထမအကြိမ်၊ ဇွန် ၂၀၁၈။
မျက်နှာဖုံးသရုပ်ဖော် - ပန်းချီတင်ထွဏ်း။
ပုံတူပန်းချီများ - မောင်နေကြည်။
၁၉.၁ စင်တီမီတာ x ၂၆.၂ စင်တီမီတာ။
စာမျက်နှာ - ၂၇၂ ၊ တန်ဖိုး - ကျပ် ၅၀၀၀။

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို အမှတ်တရအဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
ပန်းချီတင်ထွဏ်းရေးသားထားသည့် '' ရုပ်ရှင်ဝိညာဉ်များ ပူးကပ်နေသော ပန်းချီဆရာတစ်ဦး၏ ခန္ဓာကိုယ်''၊ အေဝမ်းသန်းထွဋ် ၏ '' မုဒိတာအမှာ ''၊ မောင်နွဲ့နှောင်း ၏ '' လှိုင်းတစ်ခတ် ရင်တစ်ခုန် ကြုံဆုံခဲ့သမျှ ရသလွင်ပြင် ''၊ ၂၆ မတ် ၂၀၁၈ ရက်စွဲဖြင့် ရေးသားထားသော'' စာရေးသူ၏အမှာစာ '' တို့ပါရှိသည်။

ဗိုလ်အောင်ဒင် သို့မဟုတ် နဂါးနီခင်မောင်ရင်၊ မြင်ကွင်းကျယ် ရုပ်ရှင်တစ်ခေတ်ကိုဦးဆောင်ခဲ့သူ ကျော်ရွှေ သို့မဟုတ် ယနေ့ကျော်ဆွေ၊ မဟုတ်မခံ အမှန်တရားဘက်တော်သား စတန့်မင်းသား ရွှေဘ၊ Abstract Art ကို ရုပ်ရှင်ထဲတင်သွင်းလာသည့် အပြောပိုင်သောမင်းသား မြတ်လေး၊ အသံရော ရုပ်ပါ သရုပ်ဆောင်ပိုင်နိုင်သော ဘောလုံးသမားနေဝင်းမှ ကောလိပ်ဂျင်နေဝင်းဖြစ်လာသူ၊ စာရေးဆရာ အဆိုတော် ရုပ်ရှင်မင်းသား ပျိုတို့အချစ်တော်ဝင်းဦး၊ ဇော်ခင် သို့မဟုတ် ကောင်မလေးကို လွှတ်လိုက် ..... ရေပွက်ပမာနှင့် ကျော်ကြားသည့်မင်းသား၊ စစ်ကားနှင့်အကျိုးပေးသည့် မင်းသားဇော်လွင်၊ ဗန်တိုလူလေး သို့မဟုတ် အနုအကြမ်းစွယ်စုံရ မင်းသား ညွန့်ဝင်း၊ တနေဝင်သော်နှင့် ကျော်ကြားခဲ့သော မင်းသား စိုးရွှေ၊ ဇာတ်မင်းသမီး ပြာတ်မင်းသမီးမှသည် နာမည်ကျော်ရုပ်ရှင်မင်းသမီးကြီး ဝဏ္ဏကျော်ထင်ကြည်ကြည်ဋ္ဌေး၊ အဆိုတော်ရုပ်ရှင်မင်းသမီးကြီး မြင့်မြင့်ခင် သို့မဟုတ် နပန်းဆံသီချင်းများရှင်၊ အဆိုတော် ဖက်ရှင်မင်းသမီး မေ သို့မဟုတ် ခင်ယုမေ၊ ပြည် ထောင်စုမယ်မှ မင်းသမီးဖြစ်လာသူ စွယ်စုံရမင်းသမီး ခင်သန်းနု စသည့် အရေးအသား ၁၄ ပုဒ်ပါရှိသည်။
ရွှေခေတ် ဂန္တဝင် ရုပ်ရှင်မင်းသားကြီး ၁၀ ဦးနှင့် ရုပ်ရှင်မင်းသမီးကြီး ၄ ဦး တို့၏ ကိုယ်ရေးအကျဉ်းများ၊ ရုပ်ရှင်လောကသို့ ဝင်ရောက်လာကြပုံ၊ အောင်မြင်ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကားများ၊ ပါဝင်သရုပ် ဆောင်ခဲ့သော ရုပ်ရှင်ဇာတ်ကားများကို လက်လှမ်းမီသမျှ ပြည့်စုံအောင် အားထုတ်ပြုစုထားသည်။
ထူးခြားချက်မှာ စာရေးသူ နှစ်ပေါင်းများစွာ စုဆောင်း သိမ်းဆည်းထားသည့် ''တစ်ခေတ်တစ်ခါက ရုပ်ရှင်ဇာတ်ဝင်ခန်း ဓာတ်ပုံမှတ်တမ်းများ၊ ပိုစတာများ၊ လက်ကမ်းကြော်ငြာများ'' ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
'' ဒါကြောင့် ဒီစာအုပ်ဟာ ကျွန်တော့်ဘဝဆိုရင်လည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ငယ်စဉ်က နှစ်သက်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေကို နှလုံးသား နဲ့ထုဆစ်ပြီး ရေးသားခဲ့တဲ့ စာအုပ်ဖြစ်နေလို့ပါပဲ '' ဟု'' စာရေးသူ၏အမှာစာ'' တွင် ဖော်ပြထားသည်။
မြန်မာ့ရုပ်ရှင်သမိုင်းအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုမည့် စာအုပ်တစ်အုပ်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၁၄ ဖေဖော်ဝါရီ ၂၀၂၀