Breaking News

ထွန်းဝေမြင့် - ဘဏ်ငွေစာရင်းမရှိသူ



ထွန်းဝေမြင့် - ဘဏ်ငွေစာရင်းမရှိသူ

(မိုးမခ စက်တင်ဘာ ၂၀၁၉ ပုံနှိပ်) ​ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀

ကဗျာဆရာတစ်ဦးက သူ့အကြောင်း သူ့ဘဝကို ကဗျာတွင် ထည့်ရေးဖူးတာလေးတစ်ခု ကျွန်တော်မှတ်မိနေသည်။ ကျွန်တော်မှတ်မိသည့်သူ့ကဗျာတစ်ပိုဒ်မှာ….

“ အလုပ်မရှိသူ
ဘွဲ့လက်မှတ်မရှိသူ
ဘဏ်ငွေစာရင်း မရှိသူ ” ဟူ၍ ဖြစ်ပါသည်။

လူငယ်တစ်ဦး၏အချိန်တော်တော်များများကို ကဗျာရေး၊ စာရေးခြင်း စာဖတ်ခြင်းများဖြင့် ကုန်ဆုံးစေသည်။ ကဗျာရေး၊ စာရေးခြင်း၊ စာဖတ်ခြင်းသည် အချိန်များစွာပေးရသောအလုပ်ကြီးအကိုင်ကြီးအမှန်ပင်ဖြစ်သော်လည်း ထိုကဗျာရေးသူ၊ စာရေးသူ ရင်ဆိုင်တွေ့ကြုံနေရသော ပတ်ဝန်းကျင်က သူ့အလုပ်ကို အလုပ်ဟု မမှတ်ယူ။

“အလုပ်” ဆိုသည်ကို ဝင်ငွေဖြင့်တိုင်းတာတတ်သည်လည်းတစ်ကြောင်းကြောင့်၊ ပုံမှန်ဝင်ငွေမဟုတ်သော ကဗျာရေး စာရေးသည့်အလုပ်ကို “ အလုပ်” ဟု မမှတ်ယူသည်က သူ့ဘက်ကကြည့်တော့လည်း အမှန်ပါပဲ ဟုပြောရတော့မည်။

ကျွန်တော်ကိုယ်တိုင် စာရေး၊ ကဗျာရေး၊ ပန်းချီဆွဲသူ။ တစ်သက်လုံး သည်အလုပ်ပဲ တစိုက်မတ်မတ် လုပ်လာသူ။ စာရေး၊ ကဗျာရေးခြင်းဖြင့် အနည်းငယ်သောငွေကြေးရသည်မှန်သော်လည်း ပုံမှန်ဝင်ငွေမဟုတ်။ ပန်းချီဆွဲသည်ကတော့ ကျွန်တော့အတွက် ပုံမှန်ဝင်ငွေရသည်။ သည်နေ့သည်အချိန်ထိ သင့်တင့်သလောက်ဝင်ငွေဖြင့် ရန်ကုန်မြို့တွင် ရပ်တည်နိုင်သည်။

လွန်ခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကာလက ရယ်စရာလည်းကောင်း၊ မောစရာလည်းကောင်းသောအဖြစ်သနစ်လေးတစ်ခု ပြောရပါဦးမည်။

ထိုကာလအခြေအနေအရ မြောက်ဒဂုံဘက်ရှိ မိတ်ဆွေတစ်ယောက်အိမ်တွင် သုံး လေးရက်၊ ကျွန်တော်တည်းခိုနေရသည်။ တည်းခိုနေရသည်ဆိုတော့ ဧည့်စာရင်းတိုင်ရပါသည်။

ညဘက်ရပ်ကွက်ရုံးတွင် ဧည့်စာရင်းတိုင်သူတွေပြည့်နေတတ်သည်။ ကျွန်တော့်မျက်စေ့ထဲတွင် ဧည့်စာရင်းတိုင်သူတွေ ဧည့်သည်တွေက အပြစ်သားတွေလိုလို၊ တရားခံတွေလိုလို မြင်တွေ့နေရသည်။ ဧည့်စာရင်းလက်ခံစစ်ဆေးနေသောအဖွဲ့၏စရိုက်လက္ခဏာာမှာ အေးစက်မာကျောနေပေသည်။

သူတို့၏အသံ၊ ကိုယ်ဟန်၊ မျက်နှာအနေအထားများမှာ မနှစ်မြို့ဖွယ်ဖြစ်နေသည်။ လုပ်ပိုင်ခွင့်၊ စီရင်ပိုင်ခွင့်ရထားသူတွေမျက်နှာမျိုးဖြစ်နေသည်။

ကျွန်တော့်အလှည့်ရောက်တော့ မှတ်ပုံတင်ကိုစစ်ဆေးသည်။ ဘာလာလုပ်သလဲ။ ဘယ်နှရက်နေမလဲ။ ဘာအလုပ် လုပ်သလဲမေးသည်။

“ ဘာ အလုပ် လုပ်သလဲ ”
ထိုမေးခွန်းအတွက် ကျွန်တော်ဘယ်လိုဖြေရပါ့။

ပန်းချီဆရာဖြေမလား။ စာရေးဆရာ ဖြေရကောင်းမလား။ ကျွန်တော်စဉ်းစားသည်။ အင်း … စာရေးဆရာလို့ဖြေရင်တော့ ငါ့ကို ဆက်ဆံတာ ပျော့ပျောင်းကောင်းပါရဲ့တွေးမိကာ ….

“ကျွန်တော် စာရေးဆရာပါ ”

စစ်မေးသူက ကျွန်တော့်ကိုမျက်လုံးတစ်ချက်လှန်ကြည့်ပြီး

“ဘာ …” လို့ ထပ်မေးပြန်သည်။

“ကျွန်တော် ….စာရေးဆရာပါ ”

ကျွန်တော် နောက်တကြိမ် ပီပီသသပြန်ဖြေသ်ည။ စစ်မေးသူက ဧည့်စာရင်းမှတ်တမ်းတွင် ….

အမည် ….ထွန်းဝေမြင့်
အလုပ်အကိုင် …. မှီခို

ဒါလည်း တစ်မျိုးတော့ ကောင်းပါသည်။ အန္တရာယ်ကင်းတာပေါ့။ ကျွန်တော်ပြောချင်သည်က စာရေးဆရာအလုပ်သည် လူတို့အထင်သေးဖွယ်ဖြစ်နေသောခေတ်အခြေအနေ။

ခေတ်အခြေအနေသည် လူရွှင်တော်တွေအတွက်တော့ ပြက်လုံးကောင်းကောင်းတစ်ကွက်ဖြစ်သွားတော့သည်။

“ ဘာ အလုပ် လုပ်သလဲ”
“ ကျွန်တော် စာရေးဆရာပါ ”

“ ဟုတ်ဖူးလေ… အလုပ်အကိုင် ”
“ အေးလေဗျာ ….ကျွန်တော် စာရေးဆရာလို့ ”

“ ခက်တော့တာပဲ … အလုပ်ကိုမေးနေတာဗျ …အလုပ် ”
ထိုသို့ ကဗျာဆရာ၊ စာရေးဆရာဆိုသူများအတွက် ရယ်စရာကော၊ မောစရာပါဖြစ်ခဲ့ရပါသည်။

ထိုသို့ ကဗျာဆရာ၊ စာရေးဆရာဆိုသူများအတွက် ရယ်စရာကော၊ မောစရာပါ ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် ကျွန်တော် ကောက်နှုတ်ဖော်ပြထားသော ကဗျာတစ်ပိုဒ်တစ်စကို နားလည် စာနာမိရပါသည်။

“ အလုပ်မရှိသူ
ဘွဲ့လက်မှတ် မရှိသူ
ဘဏ်ငွေစာရင်း မရှိသူ

ဘွဲ့လက်မှတ်ဆိုသည်မှာလည်း လူတိုင်းတောင့်တအပ်၊ အလိုရှိအပ်သော ဂုဏ်ထူးဖြစ်နေသည်။ ဘဏ်ငွေစာရင်းဆိုသည်မှာလည်း လူတိုင်း တောင့်တအပ်၊ အလိုရှိအပ်ပါသည်။

သို့သော် ဘဝပေးအခြေအနေအရ၊ ကံမကောင်းအကြောင်းမလှသူတွေများလှပါသည်။ ကမ္ဘာပေါ်တွင် အလုပ်လက်မဲ့များ။ ဘွဲ့လက်မှတ်မရသူ၊ ဘဏ်ငွေစာရင်းမရှိသူတွေကလည်း များလှ ပါသည်။

ဘွဲ့လက်မှတ်ရပါသော်လည်း “ ဘွဲ့ရ ပညာမတတ် ” ဆိုသောလူတန်းစားတစ်ရပ် ဖြစ်ပေါ်လာ ပြန်သည်။

“ဘွဲ့ ရ ပညာမတတ်”

ခေတ်ပေါ်ဆိုရိုးစကားပင်ဖြစ်လာခဲ့သည်။ ရယ်ရွှင်ဖွယ်ဟာသအဖြစ် ကျွန်တော်ဖောက်သည်ချ ပါဦးမည်။ သည်အကြောင်းအတော်များများလည်း သိကြပါသည်။

လွန်ခဲ့သောငါးနှစ်ခန့်က တိုင်းရင်းသားကျေးရွာကြီးတစ်ရွာတွင် ဘိုးတော်လိုလို၊ တန်ခိုးရှင်လိုလို ပုဂ္ဂိုလ်တစ်ဦးပေါ်ပေါက်ခဲ့သည်။ တစ်ရွာလုံးက ထိုပုဂ္ဂိုလ်ကို ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်ခဲ့ကြ သည်။ ထိုရွာကြီးတွင် တခမ်းတနား၊ တစ်ထီးတစ်နန်း နေထိုင်သည်။ ထိုပုဂ္ဂိုလ်၏မှတ်သားဖွယ်နှုတ်မြွက်စကားကိုနားထောင်ကြည့်ပါ။

“ အကျွန်ုပ်သည်ကား လောကတွင်ပွင့်ပေါ်ခဲ့ဖူးသောဘုရားအဆူဆူတို့ထက် ဉာဏ်ပညာအရာ တွင် သာလွန်သူဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် …ပွင့်ပေါ်ခဲ့ဖူူးသောဘုရားရှင်အဆူဆူတို့သည် ဘွဲ့ရသူများမဟုတ်ကြ။ ကျွန်ုပ်တစ်ဦးတည်းသာ ဘွဲ့ရခဲ့ခြင်းဖြစ်သည် ” ဟူသတတ်။

ဘွဲ့လက်မှတ်သည် လူတိုင်းအတွက်လိုအပ်သည်မှန်သော်လည်း မိမိသည်ဘွဲ့ရပြီးပညာ မတတ်သူလား။ ဘွဲ့ရလူကြောင်လား။ ဘွဲ့ရအခြောက်တိုက်ဘဝင်လား။ ဘွဲ့ရလူယုတ်မာလား။ ဘွဲ့ရတိုင်းပြည်ဖျက်သူလား။ မိမိကိုယ်မိမိ ဝေဖန်စမ်းစစ်ပြုပြင်နိုင်ကြဖို့က အရေးကြီးပါသည်။

ဘဏ်ငွေစာရင်းမရှိခြင်းသည်လည်း ဂုဏ်ယူစရာတော့ဖြင့်မဟုတ်ပါ။ ဘဏ်ငွေစာရင်းရှိခြင်းသည် လူတစ်ယောက်၊ မိသားစုတစ်စုအတွက် ငွေပိုငွေလျှံရှိခြင်းပင် မဟုတ်ပါ လား။

ကျွန်တော့်မိတ်ဆွေဘဏ်ဝန်ထမ်းတစ်ဦးကို …

“ ဘဏ်လုပ်ငန်းသဘောကို ကျွန်တော်တို့လူပြိန်းနားလည်အောင် လိုရင်းတိုရှင်း ရှင်းပြစမ်းပါ့ဗျာ ” ဟုမေးကြည့်ရာ …

“ ဒီလိုကွာ … မင်းဆီကငွေအပ်တာလက်ခံ၊ မင်းကိုငွေတိုးတစ်ကျပ်ပေး၊ မင်းအပ်ထားတဲ့ ငွေ တွေကိုတစ်ခြားတစ်ယောက်ကိုနှစ်ကျပ်တိုးနဲ့ပြန်ချေးတာပေါ့ … အဲဒါ ဘဏ်လုပ်ငန်းပေါ့ ”

မိတ်ဆွေက အတည်လိုလို၊ အပြောင်အပြက်လိုလို အဖြေပေးပါသည်။ တကယ်တော့ ဘဏ် လုပ်ငန်းသည် တိုင်းပြည်တစ်ပြည်ငွေကြေးစီးဆင်းမှုအတွက် မရှိမဖြစ်စံနစ်တခု၊ လုပ်ငန်း တစ်ခုဖြစ် သည်ကို သိကြပြီးဖြစ်ပါသည်။

ကဗျာဆရာက “အလုပ်မရှိသူ၊ ဘွဲ့လက်မှတ်မရှိသူ၊ ဘဏ်ငွေစာရင်းမရှိသူ ” ဟု သူ့ခံစားချက်ကို ထုတ်ဖော်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့်တော့ အလုပ်အကိုင်တွေပေါများ၊ ဘွဲ့ရပညာတတ်တွေပေါ များ၊ ဘဏ်ငွေအပ်နိုင်သူတွေပေါများလာခြင်းသည်သာ ကောင်းသောလက္ခဏာဖြစ်သည် မဟုတ်ပါလား။

ထွန်းဝေမြင့်