Breaking News

ကိုသန်းလွင် - လစ်ဗျားနိုင်ငံ ပြည်တွင်းစစ်



ကိုသန်းလွင် - လစ်ဗျားနိုင်ငံ ပြည်တွင်းစစ်

(မိိုးမခ)  ဖေဖော််််ဝါရီီ ၁၈၊ ၂၀၂၀

  (၁)

လစ်ဗျားနိုင်ငံတွင် အဓိကယှဉ်ပြိုင်၍ တိုက်ခိုက်နေကြသော အဖွဲ့နှစ်ဖွဲ့ရှိပါသည်။ ၂၀၁၄ ရွေးကောက်ပွဲတွင်မဲပေး သူနဲခဲ့သော်လည်း ရွေးချယ်ခံရသူများဖြင့်ဖွဲ့စီးထားသောအစိုးရအဖွဲ့ရှိပါသည်။ ၄င်းတို့က မာရှယ် ဟက်ဖတာ (Marshel Hafter) ကိုစစ်ဗိုလ်ချုပ်ခန့်အပ်ပြီးလစ်ဗျားတနိုင်ငံလုံးကို ပေါင်းစည်းရန်ကြိုးစားနေသည်။ သူတို့သည် မြို့တော် ထရစ်ပိုလီမှ ဆုပ်ခွါပေးရပြီး အရှေ့ပိုင်း တိုဘရွတ် (Torbruk) တွင်ရုံးစိုက်သည်။

ထရစ်ပိုလီတွင်(Government of Nation Accord)ရုံးထိုင်ပြီး၄င်းကိုဆာရာ့ချ(Fayez al-Sarraj)ကခေါင်းဆောင် သည်။ ဂျင်နရယ် ဟက်ဖတာအပေါ်သစ္စာရှိသူတို့ကအာဏာသိမ်းရန်ကြံစည်သော်လည်းမအောင်မြင်ခဲ့။

(၂)

ဇူလိုင်လက လစ်ဗျားနိုင်ငံထစ်ပိုလီမြို့အနီးမှ တာဂျိုရာ (Tajoura) တွင်အာဖရိကမှ စစ်ပြေးလာသူများ ကိုထိန်း သိမ်းထားရာစခန်းသို့ ဗုံးတစ်လုံး ကျပြီး ပေါက်ကွဲခဲ့ပါသည်။ လူ ၅၃ ဦးသေ၍ ၈၈ဦးခန့် ဒဏ်ရာရခဲ့ကြပါသည်။

ဤဖြစ်ရပ်နှင့် ပတ်သတ်၍ ကုလသမဂ္ဂ ရီပို့သည် ၁၃ မျက်နှာရှိပြီး ရီပို့က ဗုံးပေါက်၍ မြေကြီးတွင်ဖြစ်ပေါ်ခဲ့သော တွင်းအနက်နှင့်အကျယ်တို့ပါဝင်ပြီး ဘယ်သူလုပ်သည်ကို မဖေါ်ပြခဲ့ပါ။ ဤကိစ္စသည်စစ်ရာဇဝတ်မှုအဖြစ်ထိ ကြီး မားသော ပြစ်မှုကြီးဖြစ်ပါသည်။

ရီပို့တွင်တရားခံနိုင်ငံကို “နိုင်ငံခြားနိုင်ငံတခု” ဟုသာဖေါ်ပြသည်။ ဗုံးခွဲခဲ့သောနိုင်ငံကိုဖော်ပြရန် ဝန်လေးနေဟန် ရှိသည်။ လစ်ဗျားနိုင်ငံသို့ လက်နက်တင်ပို့ခြင်းကို ပိတ်ပင်သော ကုလသမဂ္ဂစာချုပ်မှာ ၉ နှစ်ကြာခဲ့ပြီ ဖြစ်သည်။ ဤသို့လက်နက်တင်ပို့ခြင်းကို ပိတ်ပင်ထားသော်လည်း မည်သည့်နိုင်ငံကမှ အင်အားရှိအောင်မလုပ်သဖြင့် ၄င်း ကိုဟာသတခုသဖွယ်သဘောထားကြသည်ဟုကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကယမန်နှစ်ကဖော်ပြခဲ့ပါသည်။

လစ်ဗျားနိုင်ငံ၏ ပြည်တွင်းရေးအရှုပ်တော်ပုံကို ပိုရှုပ်ထွေးအောင် အနည်းဆုံး ၆ နိုင်ငံက လုပ်ကိုင်နေပါသည်။ လက်နက်၊ စစ်သားနှင့် စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များကို အပြိုင်အဆိုင်စေလွှတ်နေကြပါသည်။

သို့သော် ထို ၆နိုင်ငံစလုံးကို လစ်ဗျားမှာ ဖြစ်နေသည်များအတွက် တာဝန်ရှိသည်ဟု မည်သူကမှ မစွတ်စွဲခဲ့ကြ ပါ။ အဓိကလက်နက်ထောက်ပံ့နေသော နိုင်ငံမှာ အာရပ်စော်ဘွားများနိုင်ငံဖြစ်ပြီး ၄င်းတို့က မစ္စတာဟက်ဖတာ ကိုလစ်ဗျားနိုင်ငံအတွက်ကြံ့ကြံ့ခံနိုင်သူဟုယူဆပြီး ပြင်သစ်နိုင်ငံလုပ် Mirage တိုက်လေယာဉ်များကိုပို့ဆောင် ပေးသူဖြစ်သည်။ ဤတိုက်လေယာဉ်များမှာ စစ်ပြေးစခန်းကိုပြစ်ခတ်ခဲ့သည့် ဗုံးများကို သယ်ဆောင်နိုင်သော ယာဉ်များဖြစ်ပါသည်။ သူတို့သည် ဧပြီလကတည်းက မြို့တော်ထရစ်ပိုလီကို တိုက်ခိုက်နေခြင်းဖြစ်ပါသည်။

အာရပ်စော်ဘွားများနိုင်ငံသည် ၂၀၁၁ခုနှစ် မိုဟာမက်ဂါဒါဖီ (Muammar el-Qaddafi) ကျဆုံးပြီးကတည်းက လစ်ဗျားနိုင်ငံသို့ လက်နက်အများဆုံးတင်ပို့ခဲ့သည့်နိုင်ငံဖြစ်ပါသည်။ သို့ပါသော်လည်း အခြားနိုင်ငံများကလည်း လက်နက်များကို အပြိုင်အဆိုင်ပို့နေကြပါသည်။ မစ္စတာဟက်ဖတာဘက်သို့ ရုရှား၊ အီဂျစ်၊ ဂျော်ဒန် နှင့် ပြင်သစ် နိုင်ငံတို့က အားပေးနေကြပြီး ထရီပိုလီအစိုးရဘက်မှ တူရကီနိုင်ငံက အကူအညီပေးနေပါသည်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက နှစ်စဉ်နှစ်တိုင်း ရီပို့ပေးနေပြီး ၄င်းရီပို့တွင် နိုင်ငံခြားမှတင်သွင်းလာသော စစ်လေယာဉ်များ၊ လက်နက်တပ်ဆင်ထားသော ဒရုန်းများ၊ လေဆာရောင်ခြည်သုံး၍ ပြစ်ခက်နိုင်သော လက်နက်များ၊ မစ်ဆိုင်းကို ခုခံကာကွယ်နိုင်သော ပစ္စည်းများ၏စာရင်း စသည်တို့ပါဝင်ပါသည်။

ထိုသို့တင်ပို့ခြင်းများအတွက် လစ်ဗျားမှ မဟုတ်သော အီရစ်ထရီးယား (Eritrean) နှစ်ယောက်ကိုသာ ၂၀၁၈ ခုနှစ်က လက်နက်တင်ပို့မှုနှင့် အမူစွဲတင်ဘူးပါသည်။ ကုလသမဂ္ဂ စုံစမ်းသူများက ၂၀၁၁ ခုနှစ်မှစ၍ တင်သွင်း လာသော စစ်လက်နက်များစာရင်း၊ နိုင်ငံ၊ စသည်တို့ကို ကုလသမဂ္ဂ ဆန်ရှင်ကော်မရှင်သို့ စော်ဘွားများ နိုင်ငံ အပါအဝင်လက်နက်မတင်ပို့ရေးစာချုပ်ကို ဖေါက်ဖျက်သူများစာရင်းကို တင်ခဲ့ပြီးပါပြီ။

ဇန်နဝါရီလ ၁၉ ရက်နေ့က ဘာလင်မြို့တွင်ခေါင်းဆောင်များတွေ့ဆုံ၍ အချက်(၅၅)ချက်ပါ စာချုပ် ချုပ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ထိုတွေ့ဆုံပွဲကို အဓိပတိကြီး အင်ဂျလာ မာကယ် ကဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ကုလသမ၈္ဂ အတွင်းရေးမှုးချုပ်နှင့် လစ်ဗျားနိုင်ငံ ဘက်နှစ် ဘက်မှ ခေါင်းဆောင်များ၊ ရုရှားမှ သမ္မတပူတင်နှင့် တူရကီ သမ္မတ အက်ဒဝန် (Recep Tayyip Erdogan) တို့ တက်ရောက်ခဲ့ကြပါသည်။ ထိုကြေညာချက်တွင်စစ်ပွဲများရပ်စဲကြရန်နှင့် စက်လက်နက်တင်ပို့ခြင်းကို ရပ်ဆိုင်း ကြရန်တို့ပါဝင်ပါသည်။ သို့သော်စာချုပ် မှင်မှ မချောက်သေးမီစစ်လက်နက်ပစ္စည်းများရောက်ရှိလာကြပါသည်။

တူရကီနိုင်ငံရေတပ်မှစစ်ရေယာဉ်များသည် သံချပ်ကာ ကားများတင်ဆောင်ထားသော သင်္ဘောများကိုစောင့် ရှောက်ခါ လစ်ဗျားရေပိုင်နက်ကဲ့သို့ဝင် ရောက်လာကြပါသည်။ တူရကီက ဆီးရီးယားစစ်သားရာပေါင်းများစွာ ကို ထစ်ပိုလီမြို့ကိုခုခံကာကွယ်ရေး အတွက် တင်ပို့ခြင်းဖြစ်ပါသည်။ ထစ်ပိုလီအစိုးရတာဝန်ရှိသူကပြောသည် မှာပို့လိုက်သော စစ်သားများသည် အာရေဗျ စကားပြော တူရကီနိုင်ငံသားများဖြစ်ပြီး ဆီးရီးယားနယ်ခြားမျဉ်း ကြောင်း အနီးပါတ်ဝန်းကျင်တွင်နေထိုင်ကြသူများ ဖြစ်ပါသည်။

လစ်ဗျားနိုင်ငံအရှေ့ပိုင်း အာရပ်စော်ဘွားများနိုင်ငံအုပ်ချုပ်မှုလက်အောက်သို့ ဒါဇင်ချီသော လေယာဉ်များက ကုန်များကို အပြန်အလှန်သယ်ပေးကြသည်။ မစ္စတာဟက်ဖတာ အတွက်လိုအပ်သော ပစ္စည်းများကို တင်ပို့ ခြင်းဖြစ်သည်ဟု ယူဆရသည်။

ဘာလင်သဘောတူညီမှုကို ဗြောင်ချိုးဖောက်သော လုပ်ရပ်များအတွက် ကုလသမဂ္ဂအထူးကိုယ်စာလှယ် ဆာလာမီး (Ghassan Salame) က ကြာသပတေးနေ့ကစိတ်ဆိုးမန်ဆိုးဖြင့်တုန့်ပြန်ခဲ့ပါသည်။ လြုံံခုံရေး ကောင်စီသို့ စကားပြောရာ၌ ဤကဲ့သို့ချိုးဖောက်မှုများက စစ်ပွဲများဖြစ်ပွားပြီး လစ်ဗျားပြည်သူတို့အဖို့ နစ်နာလှပါသည်ဟုဆိုသည်။

ဆာလာမီး က ဘာလင်သဘောတူညီမှုကို လက်မှတ်ထိုးထားသော တူရကီသမ္မတ အက်ဒဝန်နှင့် စော်ဘွား များနိုင်ငံမင်းသားဇေယက် ( Zayed) တို့နှစ်ဦးကိုရည်ရွယ်၍ပြောခြင်းဖြစ်ပါသည်။

လစ်ဗျားစစ်တပ်တွင် ဂါဒါဖီလက်ထက်က ဂျင်နရယ်ဖြစ်ခဲ့ပြီးစီအိုင်အေသတင်းပေးလုပ်ခဲ့သော မစ္စတာဟက်ဖတီ ၏တပ်ဖွဲ့များက ထရစ်ပိုလီမြို့ကို တိုက်ခိုက်ရာတွင် လူ ၂,၂၀ဝ ကျော်သေကြေခဲ့ပြီး လူစစ်သားနှင့် အရပ်သား ၃ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။ ရေနံဈေးနှုန်းမှာလည်း ထိခိုက်ခဲ့ရပါသည်။

ကုလသမဂ္ဂရီပို့ရေးသူတို့နှင့် လူအခွင့်အရေးကော်မရှင်တို ့အပေါ် ဝေဖန်သူတို့က တာဂျီုရာ ရီပို့ရေးရာတွင် အမှု ကျူးလွန်သူကို ဖော်ပြခြင်းမရှိ သည့်အတွက် စိတ်ပျက်မိကြောင်းပြော ကြပါသည်။

အမေရိကန်နှင့် ပြင်သစ်တို့ကဲ့သို့ ဤဗုံးချမှုအပေါ်သက်သေအထောက်အထားများကို ကိုင်ထားကြပြီး ထုတ်ပြန် ရန်ဝန်လေးကြသည်။ ၄င်းတို့သည် အာရပ်စော်ဘွားများနိုင်ငံအပေါ် စိတ်ပျက်စရာသတင်းများကို မရေးလိုကြဟု ဆိုပါသည်။

ထိုအတောအတွင်းရုရှားတို့ ကစစ်သားပေါင်း (Mercenary) ၁,၄၀ဝကျော်ကို ပုဂ္ဂလိကစစ်တိုက်သော ကုမ္ပဏီ (Wagner Group) အား ထရစ်ပိုလီကိုတိုက်ရန်စေလွှတ်သည်။ အာရပ်နိုင်ငံများတွင် ဂျော်ဒန်သည်ဟက်ဖတာကို စစ်လက်နက်ပစ္စည်းထောက်ပံ့နေသည်။ အီဂျစ်နိုင်ငံကလည်း လိုအပ်သော ပစ္စည်းများသယ်ယူပို့ဆောင်ရေးနှင့် သံတမန်ရေးရာ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေသည်။ တူရကီကလည်းပါလီမန်မှာမဲခွဲဆုံးဖြတ်၍ ထရစ်ပို လီ အစိုးရကို ထောက်ပံ့နေကြောင်းကြေညာသည်။

ပြင်သစ်သမ္မတ မက်ခရောင်းက တူရကီနိုင်ငံအပေါ် ထရစ်ပိုလီကိုထောက်ခံနေခြင်းအတွက်ဝေဖန်လိုက်ပြီး ၄င်း ကိုယ်တိုင်က ဟက်ဖတာဘက်မှ ပါဝင်ကူညီနေသည်။ အမေရိကန်တို့အနေဖြင့် ကိုယ်တိုင်ကိုယ်ကျပါဝင်ခြင်း မရှိသော်လည်း၄င်းသည် အိုင်အက်စ် IS ကိုတိုက်ခိုက်မည်။ ရုရှားစစ်ထဲမှာပါဝင်နေခြင်းကို မလိုလားကြောင်း ကိုဖော်ပြမည်။ ထိုအတွင်း အမေရိကန်အရာရှိများက စော်ဘွားများနိုင်ငံကိုလျှို့ ဝှက်အကူအညီများပေးနေ သည်။ ပင်တဂွန်အရာရှိများက ကွန်ကရက် ကိုအစီရင်ခံရာတွင်အာရပ်စော်ဘွားများနိုင်ငံ၏ ပါဝင်ပါတ်သတ်နေ မှုကို မပြောဘဲ တူရကီနှင့် ရုရှားတို့က လစ်ဗျားတွင် ခြေရှုပ်နေကြသည်ဟု စွတ်စွဲသည်။

(၃)

အပြည်ပြည်ဆိုင်ရာလိုက်နာရသော စာချုပ်များကို မလိုက်နာဘဲဖေါက်ဖျက်နေကြပါက ကမ္ဘာကြီးတွင်စည်းကမ်း မရှိတော့ဘဲဖြစ်ချင်ရာ ဖြစ်သွားနိုင်ပါသည်။ မစ္စတာဆူလာမီကမှု ဤကဲ့သို့လစ်ဗျားအရေးကို လက်ပိုက်ကြည့် နေကြပါက လစ်ဗျားသည် ပျက်စီးခြင်းမက ပျက်းစီး၍ ပြဿနာသည် ရှုပ်ထွေးလာဖွယ်ရာရှိသည်ဟု သတိပေး လိုက်ပါသည်။

ကိုသန်းလွင်

Ref: UN embargo fails to prevent meddling in Libya, Declan Walsh, New York Times, February 4, 2020