Breaking News

ရက် ၂၀ ကျော်ပိတ်ထားသော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများပြန်ဖွင့်

ရက် ၂၀ ကျော်ပိတ်ထားသော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများပြန်ဖွင့်

ကုန်သွယ်မှုပိတ်ပင်ထားခဲ့သည့် ၂၁ ရက်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၆ သန်းခန့် မြန်မာဘက်က ဆုံးရှုံးခဲ့သည်။

ဇော်ရဲသွေး Myanmar NOW

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀


မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တွေ့ရသော သစ်သီးကားများ (ဓာတ်ပုံ - ခွာညိုသစ်သီးပွဲရုံ)

ကိုဗစ်-၁၉ (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ၂၁ ရက်ကြာ ပိတ်ထားခဲ့သော မြန်မာ-တရုတ်နယ်စပ် အကောက်ခွန်ရုံးများအပါအဝင် တရုတ်နိုင်ငံအတွင်းရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း မူဆယ်ကုန်သည်များအသိုင်းအဝိုင်းက ပြောသည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ် ရောဂါပိုး ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်အတွင်းရှိ အစိုးရရုံးများအပါအဝင် ပြည်နယ်အချင်းချင်းကြား ကူးသန်းဆက်သွယ်မှုကို ဇန်နဝါရီ ၂၇ ရက်မှစ၍ တရုတ်အစိုးရက ပိတ်ခဲ့ခြင်းဖြစ်သည်။


“တရုတ်အကောက်ခွန်ရုံးကလည်း တရားဝင် ဖွင့်သွားပြီ။ ချက်ချင်းကြီး လုပ်ငန်းတွေ မလည်နိုင်သေးဘူး။ အရင်လို ပြန်ဖြစ်မယ့် လမ်းကြောင်းပေါ်တော့ ရောက်လာပြီပေါ့” ဟု မူဆယ်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောသည်။

တရုတ်နိုင်ငံတွင် ပြည်နယ် ၂၃ ခုရှိသည့်အနက် ဟူပေ၊ ကျဲ့ကျန်း၊ ကွမ်တုံ၊ ဟော်နန်၊ ဟူနန်၊ အန်ဟွေးနှင့် ကျန်းရှီး ပြည်နယ်များကို လက်ရှိအထိ တရုတ်အစိုးရက အဝင်အထွက် ပိတ်ထားဆဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံအတွင်း ပြည်နယ်ချင်း သွားလာမှုများကို ပိတ်ထားသဖြင့် တရုတ်ဝယ်လက်လာရောက်မှု ကျဆင်းသွားပြီး တရုတ်ကုန်သည် ဆယ်ဂဏန်းခန့်ကိုသာ ရောင်းချရသဖြင့် အရင်းမရသည့်အပြင် အရှုံးဖြင့် ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

ယခင်က ဖရဲသီး ကုန်ကားတစ်စီးပမာဏလျင် ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရောင်းချနေရာမှ လက်ရှိအချိန်တွင် ကျပ် ၁၂ သိန်းကျော်ဖြင့်သာ ရောင်းချနေရပြီး သခွား တစ်တန်လျှင်ကျပ် ၁၃ သိန်းကျော်ခန့် ရောင်းချနေရာမှကျပ် ၈ သိန်းကျော်ခန့်အထိ ဈေးလျှော့ရောင်းချနေရကြောင်း ဦးနိုင်ဝင်းက ပြောသည်။


“တရုတ်ကြီးကို ဖရဲသီး အလကားပေးရုံမကဘူး၊ ကားခပါ စိုက်နေရသလို ဖြစ်နေတာ။ တောင်သူကလည်း အဆင်ပြေမလားလို့ သွားကြည့်တယ် မပြေဘူး” ဟု လက်ရှိရောင်းချရသည့် ဈေးကွက်အခြေအနေကို ၎င်းက ပြောပြသည်။

မြန်မာမှ တရုတ်ဘက်သို့ ဖရဲတန်ချိန် ၈ သိန်းကျော် တင်ပို့ရောင်းချနေပြီး သခွားမွှေးတန်ချိန် တစ်သိန်းခွဲခန့် နှစ်စဉ် ရောင်းချနေရသည်ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံဘက်က ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပြန်ဖွင့်သော်လည်း တရုတ်ဝယ်လက်များ လာရောက်မှုနည်းသဖြင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စုပြုံပြီးရောက်လာပါက သစ်သီးများ ဈေးကောင်းရရန် ခက်ခဲနေသေးသည်ဟု စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ သခွားဧက ၅၀ စိုက်ပျိုးထားသည့် တောင်သူတစ်ဦးက ပြောသည်။


“ပို့ရမှာပေါ့ဗျာ၊ အဲ့ဒီပို့ဖို့ဘဲ စိုက်ပျိုးထားကြတာဆိုတော့။ အသီးက ရင့်မှည့်ရင်တော့ ခူးပြီးပို့နေရတာပေါ့၊ ရပ်ဆိုင်းထားလို့ ရတဲ့ လုပ်ငန်းမှ မဟုတ်တာ။ သူတို့က မဝယ်လို့သာ ကျွန်တော်တို့က မရောင်းရတာ”ဟု ၎င်းက ပြောသည်။

ယခုလို တရုတ်ဘက်က ကုန်သွယ်ရေးလုပ်ငန်းများ ပြန်ဖွင့်သဖြင့် ကျွဲ၊ နွားများကို ယခင်လို ပြန်လည်ပို့ဆောင်သွားမည်ဟု စစ်ကိုင်းတိုင်း ကျွဲ၊ နွား မွေးမြူ တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသောင်းခိုင်က ပြောသည်။

ကိုဗစ် အကျိုးဆက်ကြောင့် မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှရငွေ အမေရိကန်ဒေါ်လာ ၁၆ သန်း (ကျပ် ၂၄ ဘီလီယံ) ခန့် နေ့စဉ် ရှုံးနေခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက Myanmar Now ကို ယခုလဆန်းပိုင်းတွင် ဖြေကြားထားသည်။