Breaking News

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၃)

From Khin Lunn's FB


မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၃)

(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀


(၇)

ပန်းနူတို့၊ ဂျနီဖာတို့လို မြန်မာကောင်မလေးတွေက ဟိုဘက် ကပ်ရက်ခြံက ဗီယမ်နမ်စစ်ပြန် အဖိုးကြီးဆီ ခေါက်ဆွဲကြော်တွေနဲ့ အချိုမုန့်မျိုးစုံစွာပို့တယ်။ အဖိုးကြီးပုံစံက ကြောက်စရာကြီး၊ လူတွေကိုဘုကြည့်ကြည့်နေတတ်တာ၊ ပင်စင်ယူထားပြီးဘာလုပ်သလဲတော့မသိဘူး အမှိုက်ပစ်ရင်တော့ ဘီယာပုလင်းခွံတွေ အများကြီးတွေ့ရမယ်၊ သူတို့ဂျင်နရေးရှင်းက နိုင်ငံခြားသားတွေအပေါ် အမြင်ကျယ်ချင်မှကျယ်မှာလေ။ နောက်ပြီးစစ်ပြန်ဆိုတာ အိမ်မှာသေနတ်‌တွေဘာတွေရှိတတ်တယ်။ ဒီတော့အဆင်ပြေအောင် ပေါင်းထားတာကောင်းတယ်။

တခြားဘက်ကခြံကတော့သိပ်ပူစရာမရှိဘူး၊ သူကလူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၊ နာမည်က ဒင်နီရယ်တဲ့။ သူကကားအဟောင်းတွေ ဘာတွေဝယ်ထားပြီး ပြင်ရောင်းတယ်၊ ကားပြင်တယ်။ အခုလိုဆောင်းရာသီမှာ စနိုးတွေလိုက်ရှင်းပေးပြီး နွေရာသီကျတော့ မြက်တွေဘာတွေ စီးပွားဖြစ်လိုက်ရိတ်ပေးတယ်။ ခြံတွေဘာတွေရှင်းပေးတယ်၊ LANDSCAPING ပေါ့။ အဲ့ဒါကပိုအလုပ်ဖြစ်တယ်၊ ကားပြင်တာတို့ ကားရောင်းတာတို့ကတော့ ဝါသနာအရလုပ်တာပါ။ ဘာမှအလုပ်မဖြစ်လှပါဘူး၊ ချောက်တီးချောက်ချက်ပေါ့။ ဘယ်သူကသူ့ဆီလာမှာလဲ၊ ဆိုင်ကြီးတွေဆီပဲသွားမှာပေါ့၊ ကားပြင်တဲ့ကိစ္စကြောင့် အသံဗလံတွေသူ့ဆီကထွက်တော့ သူကတောင်ဆရာတော်ကို ပြန်အားနာနေသေးတာ။ ဆရာတော်ကိုသူက FIRST NAME အနေနဲ့ ‘အရှင်’ လို့ခေါ်တယ်။ ဒါပေမယ့်စကားဝဲတော့ ‘အာရှင်’ ဖြစ်နေရော။ ဒင်နီရယ်ကနှင်း‌တွေဘာတွေ ကျရင် စိုးစိုးလိုပဲ အားကိုးရတယ်။ ဆရာတော်သာဒီထက် အင်္ဂလိပ်စကားပိုပြောတတ်ရင် သူနဲ့ပိုအဆင်ပြေမှာ၊ ဒင်နီရယ်ကမိသားစုမရှိဘူး၊ တစ်ကိုယ်တည်းသမားလေ။ တစ်ခါကသူ့ခြံထဲမှာ ဘာဘီကျူးအကင်သူငယ်ချင်းတွေနဲ့ လုပ်စားကြတော့ ‘အာရှင်’လဲလာစားပါလားလို့ဖိတ်တယ်၊ ဆရာတော်က ငါတို့နေ့လည် ၁၂နာရီကျော်ရင် စားလို့မရ‌တော့ဘူးလို့ပြောရတယ်။

ဘယ်နိုင်ငံပဲရောက်ရောက် ကိုယ်ကအိမ်နီးနားချင်းတွေနဲ့ အဆင်ပြေဖို့တော့လိုတယ်၊ သူတို့နဲ့က‌နေ့စဉ်နဲ့အမျှဆက်ဆံနေရမှာ မဟုတ်လား၊ မြန်မာစကားပုံတောင်ရှိသေးတယ်၊ အရပ်ကောင်းမှအလောင်းလှသတဲ့။ နောက်ပြီး သူများနိုင်ငံမှာနေရတာဆိုတော့ ကိုယ့်ကိုအထင်မသေးအောင် စည်းကမ်းရှိရှိနေတတ်ဖို့လဲလိုတယ်။ ဆရာတော်ကပန်းခြံလေးကို (နွေရာသီဆိုရင်) လှလှပပထားတော့ ရပ်ကွက်ထဲကလူတွေကကြိုက်ကြတယ်။ လူတွေကို ဘယ်လောက်ပဲများများ ဆူဆူညံညံလုပ်ခွင့်မပေးဘူး၊ သူများခြံထဲမဝင်ရဘူး၊ ကားမရပ်ရဘူး၊ နေရာတိုင်းမှာစည်းနဲ့ကမ်းနဲ့ပဲ။ လူတွေကဆရာတော်ကို ကြောက်ကြ၊ရိုသေကြတော့ ဘာမှဆူဆူပူပူမလုပ်ရဲကြဘူး။

အဲ ... ဆရာတော်ကသာသဘောကောင်းပြီး လူတကာအကြိုက်လိုက်ကြည့်ပါလား၊ လူတွေဆိုတာက တချို့ကစည်းမရှိကမ်းမရှိ၊ နိုင်ငံရပ်ခြားမှာသူ့ဓလေ့စရိုက်နဲ့နေရမယ်ဆိုတာနားမလည်၊ ရပ်ကွက်ထဲမှာ လောက်စပီကာနဲ့တွံတေးသိန်းတန်သီချင်းတွေ တောအလှုလိုဖွင့်မယ်ဆိုရင်‌တော့လေ၊ လုပ်ရဲရင်လုပ်ကြည့်လေ၊ ဒီနိုင်ငံမှာစည်းကမ်းရှိတယ်၊ တရားဥပဒေရှိတယ်၊ ဘယ်သူကမှသည်းခံနေမှာမဟုတ်ဘူး၊ လူစုလူဝေးလုပ်လို့ရတော့မှာမဟုတ်ဘူး၊ မသိနားမလည်တဲ့လူတစ်စုကြောင့် မြန်မာတွေတစ်မျိုးလုံး အထင်သေးခံရတာမျိုး၊ တံတွေးခွက်ပက်လက်မျှောရတာမျိုးတော့ အဖြစ်မခံနိုင်ဘူး၊ ဒါကြောင့်ဆရာတော်က ဘယ်သူတွေဘာပြောပြော သဘောမကောင်းဘူး၊ ဆူဆူညံညံတွေဆိုရင်ခွင့်မပြုဘူး။

စားစရာတွေသွားပို့တော့ စစ်ပြန်အဖိုးကြီးက တည်တည်ကြည့်ပြီးလက်ခံတယ်၊ ပြီးတော့မှသိုင်းကယူးတဲ့၊ ဒင်နီရယ်ကတော့ ဝမ်းသာအားရလက်ခံတယ်၊ သူက ‘အာရှင်’ အတွက်ဆိုပြီး ခြေအိတ်တစ်စုံလှုလိုက်တယ်၊ သူ့လုပ်ငန်းဖုန်းနံပါတ်ပါတဲ့ ကတ်ပြားလေးတွေပေးတယ်။ သူ့အတွက်ကတော့မြန်မာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကတ်စတန်မာရဖို့က အရေးကြီးတယ်လေ။ အခုလိုနှင်းကျတဲ့ရာသီဆို နှင်းရှင်းဖို့လူခေါ်ရတာပဲမဟုတ်လား။

ဒင်နီရယ်နဲ့ကပ်ရက်ခြံမှာတော့ အပျိုကြီးတစ်ယောက်နေတယ်၊ ယောကျာ်းကြီးလိုပဲ ထွားထွားကျိုင်းကျိုင်းကြီး၊ သူကလဲနေ့စဉ်သူ့အလုပ်သူသွားနေတာဆိုတော့ ဘာမှပြဿနာမရှိဘူး၊ ဘာမှသိပ်စပ်စုခြင်းလဲမရှိဘူး၊ ကျောင်းရဲ့မျက်နှာချင်းဆိုင်မှာတော့ ကျောင်းထဲကို ချိုးဝင်လာရတဲ့ကားလမ်းရှိတယ်။ သစ်ပင်တွေ၊ ဆူးပင်၊ ခြုံပင်တွေ အလေ့ကျပေါက်နေတဲ့တောရှိတယ်၊ သစ်ပင်တွေ၊ ရှဉ့်တွေ၊ တောကောင်တွေရှိတယ်၊ ညဖက်ဆိုရင်မှောင်မဲလို့၊ အာဂန္တုဦးဇင်းကသရဲကြောက်မယ်ဆိုရင်လဲ ကြောက်စရာပဲ။ ကျောင်းရဲ့အနောက်ဖက်မှာတော့ ခြံကျယ်ရှည်မျှောမျှောရှိတော့ ကားရပ်လို့ရတယ်၊ နွေရာသီဆိုရင်လူငယ်တွေ ဘောလီဘောကစားလို့ရတယ်။ ဆရာတော်ချဉ်ပေါင်စိုက်လို့ရတယ်။ ကလေးတွေမျောက်ရှုံးအောင် ဆော့လို့ရတယ်။ အခုလောလောဆယ်နှင်းတွေကို ရှင်းပြီး စုပုံထားတာဆိုတော့ နှင်းပုံတွေဟိုမှာဒီမှာပုံလို့ပေါ့။ နှင်းတွေကကျခါစမှာတော့ ဖြူဖြူဖွေး‌ဖွေးနဲ့ ဝါဂွမ်းမွေ့ရာကြီးခင်းထားသလိုပဲ လှသလောက် ခဏလဲကြာရောရွံတွေ ဗွတ်တွေနဲ့ရောသွားပြီး ညစ်ပတ်ကုန်တာပဲ။ ဒယ်နီရယ်ရဲ့ကြောင်နှစ်ကောင်ကလဲ ဘုန်းကြီးကျောင်းဘက်က ခြံကျယ်တော့ရောက်ရောက်လာတတ်တယ်။ သူတို့ကတော့ကြောင်ထုံးစံအတိုင်းကြွတ်ခုတ်တယ်၊ ဌက်ဖမ်းတယ်ပေါ့။ ဒါတင်ဘယ်ဟုတ်သေးလို့လဲ၊ သူတို့ကကြွတ်တွေ၊ ဌက်တွေချီလာပြီးတော့ ဆရာတော်ကိုလာပြသေးတာ။ သူတို့တော်ကြောင်းကြွားတဲ့သဘောလားမသိဘူး။ အစာဝနေပေမယ့် တိရစ္ဆာန်ဆိုတာ စရိုက်ကတော့ တိရစ္ဆာန်အတိုင်းပဲရှိမှာပဲ။

ဌက်တွေကတော့သနားပါတယ်၊ နှင်းတွေကအမြဲလို ဒီနှစ်မှာကျတော့ အစာရှာစရာ မြေနေရာတောင်မရှိဘူး။ဒီတော့ဆရာတော်ကမနက်တိုင်း ဌက်တွေကိုအစာကျွေးရတယ်၊ သူတို့ကလဲသိနေပြီ။ မနက်ဆိုရင်ကိုယ်ယောင်ပြ အဲလေ ဌက်‌ယောင်ပြနေပြီ။

(၈)

ထမနဲပွဲကအောင်အောင်မြင်မြင်ပဲ ပြီးသွားတယ်၊ လူတွေကလဲထမနဲတွေရလို့ပျော်လို့။ ဟင်းတွေကလဲအများကြီးဆိုတော့ ပိုလျှံနေတော့ ZIPLOC ပလက်စတစ်အိတ်တွေနဲ့ ထည့်ယူကြတယ်၊ ကိုလွှမ်းမိုးသီချင်းထဲကလို ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်ပေါ့၊ အလှုငွေလည်းရတာမဆိုးဘူးဆိုတော့ ဆရာတော်လဲပြုံးလို့။ နောက်ပြီး ဒီနေ့ကအေးပေမယ့် နေရောင်ခြည်လေးရှိတော့လင်းလင်းချင်းချင်းရှိတယ်။ အဲ့ဒါကြောင့်လူတွေ ပျော်ကြတာလဲပါမှာပေါ့လေ။

ကိုဘာဘူတို့အသိ မြန်မာမွတ်စလင် ဒေါ်ဖာတမာဘီဘီတို့လဲလာကြတယ်။ ခရစ်ယာန်ဘာသာဝင်အမိုးတို့ (သူ့နာမည်အပြည့်အစုံက ဒေါ်နော်အားမူထောတဲ့၊ ဒါပေမယ့်အမိုးလို့ပဲ ခေါ်ကြတယ်။) မိသားစုလဲလာတယ်။ အသိတွေနဲ့ပျော်ပျော်ပါးပါးစားသောက်ပြီး ပြန်သွားကြတာပါပဲ၊ တကယ်တော့ဘာသာမတူတာကလွဲရင် သူတို့အားလုံမြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးကြတဲ့ မြန်မာတွေပဲလေနော့။

ထမနဲပွဲပြီးတော့ဆရာ‌တော် စိတ်နဲနဲပေါ့သွားတယ်။ အစကတော့ ရာသီဥတုကလဲအစိုးမရတော့ ဖြစ်ပါ့မလားလို့စိတ်ပူနေရတာ။ အခုတော့အနောက်ဖက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ဖက်က တပည့်ဦးဇင်းတစ်ပါးက လေယာဉ်စရိတ်ပို့ပေးပြီး ဖိတ်တော့စိတ်ပြေလက်ပျောက် ဗေကေးရှင်းထွက်မလား စိတ်ကူးတယ်၊ ကျောင်းမှာချည်းပဲနေရတာလဲကြာတော့ ပိတ်မိနေသလိုကြီးခံစားရတယ်၊ ရာသီဥတုကအေးတော့ပိုဆိုးတာပေါ့။ ဆရာတော်က တစ်ခါတစ်လေဆွမ်းစားသွားရတာတွေ ဘာတွေမကြိုက်ဘူး၊ ကားစီးရတာမူးလာတယ်၊ သူတို့ကဒန်ပေါက်ဆွမ်းတွေဘာတွေကပ်ရင်လဲ ကိုယ်ကသွေးတိုးရှိတော့ သိပ်မကြိုက်လှပါဘူး၊ နာရေးဆွမ်းကျွေးတွေ ဘာတွေသွားရင်ပို‌ဆိုးသေးတယ်၊ တစ်ခါတစ်လေ အလှု့ရှင်ကစကားအမျှင်မပြတ်တော့ပဲ လျှောက်ပြောပြီးလွမ်းတသသဖြစ်နေရော။ နားပူတာမခံနိုင်ဘူးဆိုတာ အဲ့တာမျိုးပဲနေမှာပဲ။ ကိုယ်ကစာအုပ်ကလေးနဲ့နေချင်တာကိုး။

အဲခရီးသွားရတာတော့ ဆရာတော်ကြိုက်တယ်၊ ဒေသန္တရဗဟုသုတလဲရတယ်၊ ရှေးကသမိုင်းဝင်နေရာတွေ၊ အဆောက်အဦးတွေ၊ ပြတိုက်တွေ၊ ပန်းခြံတွေဘာတွေသွားရတာလဲကြိုက်တယ်၊ ဒီနိုင်ငံမှာကစည်းကမ်းတကျ သူ့ဟာနဲ့သူထိန်းသိမ်းထားတာတော့ ဟန်ကျတာပဲ။နောင်လာ နောင်သားတွေ ပညာရတာပေါ့။ အဲငါတို့နိုင်ငံမှာတော့ရှေးရေးဆေးပန်းချီကားတွေ ဘာတွေလဲထိန်းသိမ်းရကောင်းမှန်းမသိကြဘူး၊ အပေါ်ကထုံးသုတ်ပစ်လိုက်မှာပဲ။

ကယ်လီဖိုးနီးယားပြည်နယ်က ဒီအချိန်မှာနဲနဲနွေးတော့ဆရာတော်နေလို့ထိုင်လို့ကောင်းတယ်၊ တပည့်ဦးဇင်းကလဲလိုလေသေး မရှိစေရပါဘူး၊ တစ်ခုပဲရှိတယ်၊ တပည့်ဦးဇင်းက လူငယ်ပီပီအင်တာနက်တွေ၊ ဖေ့စ်ဘွတ်ခ်တွေဘာတွေညာတွေ ကွိကွိကွကွလုပ်တာတွေများလွန်းတယ်လို့ ဆရာတော်ထင်တယ်။ ဆွမ်းချက်တာတောင် ရေဒီယိုကြီးနားထောင်လို့။ အဲ့ဒါနားမထောင်ရတော့ဘာဖြစ်သွားမှာလဲ။ ပုထုဇဉ်လူတွေဆိုတာသံဃာတော်တွေကို အတုယူကြည်ညိုလေးစားရမှာ၊ ကိုယ်ကသူတို့ကျောင်းရောက်လာတိုင်း တရားနဲ့ဆိုင်တာမလုပ်ပဲ အင်တာနက်နှိုက်နေ၊ ဖေ့စ်ဘွတ်ခ်လုပ်နေ၊ ဆိုရှယ်ကိစ္စတွေများနေရင် လူတွေကကြည်ညိုချင်စရာကောင်းပါဦးမလား၊ သေချာစဉ်းစားကြည့်သင့်တယ်၊ ကိုယ်ကပဲဒိတ်အောက်နေသလားတော့မသိဘူး။

ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုတာ သိပ်မှန်တာပဲ၊ ဆရာတော်ဦးဝိမလ ကယ်လီဖိုးနီးယားရောက်နေတုန်း ကျောင်းကိုရောက်လာတဲ့အထဲမှာ၊ မြန်မာပြည်မှာတုန်းက ခင်ခဲ့မင်ခဲ့တဲ့ ဒကာကြီး ဒကာမကြီးတွေနဲ့ ပြန်ဆုံရတယ်၊ သူတို့ကလဲဆရာတော်နဲ့ ဒီတစ်သက်ပြန်မတွေ့ရတော့ဘူးမှတ်လို့၊ အခုလိုပြန်တွေ့ရတော့ဝမ်းသာတာပေါ့။ ဆရာတော်က ကိုယ့်ပြဿနာနဲ့ကိုယ်၊ နိုင်ငံက‌နေတိတ်တိတ်ထွက်ခဲ့ရတာမဟုတ်လား၊ ဘယ်သူ့ကိုနှုတ်ဆက်နေနိုင်မှာလဲ၊ ဒီနိုင်ငံရောက်တော့လဲ ဘယ်သူနဲ့မှသိပ်အဆက်အသွယ်မလုပ်ပဲ ကိုယ့်ဟာကိုယ်အေးဆေးနေတာပဲလေ။ ဒကာ၊ ဒကာမသံယောဇဉ်တွေမထားပါဘူး။

ဒကာကြီးဦးရန်ရှင်းနဲ့ ဒကာမကြီးဒေါ်ကျင်လွမ်တို့က အသက်ကြီးရှာပါပြီ၊ နားတွေ၊ မျက်စိတွေ သိပ်မကောင်တော့ဘူး၊ သူတို့ကဆရာတော်ကို အပြစ်တင်ကြတယ်၊ သူတို့နဲ့မဆက်သွယ်ပဲထားတယ်ဆိုပြီး သူတို့ကဟိုမှာအရင်ခေတ်ထဲက ချမ်းသာကြတယ်လေ။ ကယ်လီဖိုးနီးယားမှာ နေတာကြာလှပြီဖြစ်တဲ့ သားဆီလာလည်ကြတာ၊ ချွေးမကလဲမနှစ်ကမှ ကင်ဆာနဲ့ဆုံးသွားတော့ သားကိုအားပေးချင်တာလဲပါမှာပေါ့။ မြေးကတော့သူ့ဟာနဲ့သူကောလိပ်သွားပြီ။

အဲ့တာနဲ့ဆရာတော်ဆီ လာလည်ချင်ပါတယ်ဖြစ်ပါရော။ နားမကောင်းတော့ပေမယ့် သတိကောင်းသေးတဲ့ဒကာမကြီးက ဆရာတော်ရဲ့မွေးနေ့ကို မှတ်မိနေတော့ သူကဒီရောက်တုန်းရောက်ခိုက် လုပ်ပေးပါရစေတဲ့။ နောက်ဆိုရင်လဲလူ့သက်တမ်းအရ သူနဲ့ပြန်ဆုံဖို့၊ အခုလိုလှုဖို့၊ တန်းဖို့မလွယ်တော့ဘူးတဲ့၊ ဒါနောက်ဆုံးပြန်ဆုံရတာဖြစ်ရင်ဖြစ်မှာဆိုပြီး ဇွတ်အတင်း ပူဆာနေတာနဲ့ ခွင့်ပြုလိုက်ရတယ်။အမှန်တိုင်းဆိုဆရာတော်က ကိုယ့်မွေးနေ့ပွဲတွေ ဘာတွေမလုပ်ချင်ဘူး၊ မွေးနေ့ဆိုတာသေဖို့တနှစ်ပိုနီးလာတာပါပဲ။ ဒါကိုဘာလို့များပါတီတွေ လုပ်နေကြဦးမှာလဲမသိဘူး။

ဒေါ်ကျင်လွမ်ရဲ့သားအင်ဒရူးကလဲ အမေတို့စိတ်ချမ်းသာသလိုစီစဉ်ပါတဲ့။ သူက အင်ဂျင်နီယာမို့ ခွင့်စီစဉ်ရမှာတစ်ခုပဲ။ ဒါပေမယ့် ဆရာတော်မွေးနေ့က ဧပြီလလောက်မှာမို့အချိန်ရသေးတယ်။

ကယ်လီဖိုးနီးယားမှာဆရာတော် တစ်ပတ်အစား ဆယ်ရက်လောက်ကြာသွားတယ်။ လေယာဉ်လတ်မှတ်တောင် ပြောင်းလိုက်ရတယ်၊ စိုးစိုးကိုဖုန်းဆက်ခေါ်ပြီးဒင်နီရယ်ကို နောက်ထပ် သုံးရက်လောက် ငှက်စာကျွေးပေးပါဦးလို့ပြောခိုင်းရတယ်။ ‌ဆရာတော်ကသူ့ဌက်တွေ စားစရာမရှိမှာ စိတ်ပူနေတာလေ။

(၉)

ဒေါ်ကျင်လွမ်ကတော့ ဆရာတော်မွေးနေ့ပူဇော်ပွဲကို အကောင်ဆုံးဖြစ်စေချင်တာ။ ဆရာတော်ကြိုက်သလောက်လူတွေဖိတ်ပါ၊ ဖိတ်စာရိုက်မယ်ဆိုရင်လည်းရိုက်ပါဘုရားတဲ့။ သူတို့ကရပ်ဝေးကလဲဖြစ်ပြန်၊ အသက်ကလဲကြီးပြီဆိုတော့ ဟင်းချက်တဲ့ကိစ္စကိုတော့ မြို့ခံလူတွေနဲ့ပဲပြောပါရစေတဲ့၊ ကုန်ချင်သလောက်ကုန်ပါစေ၊ တပည့်တော်ပေးနိုင်ပါတယ်တဲ့။ ဆရာတော်က ဟဲ့ဒီလူတွေကစေတနာနဲ့လုပ်ပေးကြမယ့်သူတွေများပါတယ်လို့ပြောရတယ်။ ဆရာတော်က ဒန်ပေါက်မကြိုက်မှန်းသိတော့ ဟင်းတွေဖွယ်ဖွယ်ရာရာနဲ့စီစဉ်ချင်ပါတယ်ဘုရားတဲ့၊ တပည့်တော်ကတော့ အိုမင်းမစွမ်းဆိုတဲ့အတိုင်း အိုရင်မင်း မစွမ်းတော့ဘူးဆိုသလိုပဲ ဘာမှမလုပ်နိုင်တော့ပါဘူးတဲ့။

ဆရာတော်ကဒီတော့ သူ့တပည့်ရင်းတွေနဲ့ တိုင်ပင်တယ်လေ။ ဒကာမကြီးကဟင်းတွေ၊ အချိုပွဲတွေ၊ ဖွယ်ဖွယ်ရာရာနဲ့မွေးနေ့ပူဇော်ပွဲလုပ်ပေးချင်တဲ့အကြောင်း၊ ကုန်ကျစရိတ် သူတို့ပေးမယ့်အကြောင်းပေါ့။ တပည့်တွေကလဲ ဝမ်းသာအားရလက်ခံကြတယ်။ သူတို့ကဒါမျိုးလုပ်ပေးချင်တာ၊ ဆရာတော်ကပကာသနတွေမမက်ဘူး၊ ခက်ရိုးရိုးပဲနေချင်တာကိုး။

လူပျိုကြီးဇံဇံကချက်ပေးချင်တဲ့ စေတနာတော့ရှိတယ်၊ ဒါပေမယ့်သူ့တိုက်ခန်းမှာချက်ဖို့က အဆင်မပြေ‌တော့ကျောင်းမှာလာချက်ရမှာ။ နောက်ပြီးသူတစ်ယောက်ထဲနဲ့လဲ အားလုံးတာဝန် မယူနိုင်ဘူးလေ။ မသင်းတို့ကလဲအဲ့ဒီလိုပဲ။ အလုပ်တွေလုပ်ကြရတာကိုး။ ကိုမျိုးနဲ့မာလာတို့ကတော့ အားကိုးလို့မရဘူး၊ စိုးစိုးကတော့ အောက်ခြေသိမ်းသူအကုန်လုပ်ပေးပါမယ်၊ ခွင့်ယူရမယ်ဆိုရင်လဲရပါတယ်တဲ့။ ဒါပေမယ့်သူက ယောကျာ်းလေးဆိုတော့ ဟင်းချက်မကောင်းဘူး၊ အန်တီအေးကတော့ အားနေတဲ့သူဆိုတော့ကားအပို့အကြိုရှိမယ်ဆိုရင် ကျောင်းမှာကြိုပြီး လာချက်ပေးလို့ရပါတယ်တဲ့။ ဒါပေမယ့်ဟင်းတွေအများကြီးတယောက်ထဲ ဘယ်သူကချက်နိုင်မှာလဲ။

နောက်ဆုံးတော့ အားလုံးခွဲဝေပြီးတာဝန်ယူကြတယ်။ ချိုချိုစားသောက်ဆိုင်ကနေ ငါးသလောက်ပေါင်းရယ်၊ ဗလချောင်ကြော်ရယ်၊ ကြက်သားဟင်းရယ်မှာတယ်၊ ချိုချိုစားသောက်ဆိုင်သံကြားတော့ ကိုမျိုးမျက်နှာက ရှုံ့မဲ့သွားတယ်။ ဒါပေမယ့်အများဆန္ဒကိုသူမလွန်ဆန်နိုင်ဘူးလေ။ အစားအသောက်အော်ဒါမှာလို့ရတဲ့ မတူးမာဆီက ဝက်သားနဲ့ပုစွန်ဟင်းမှာတယ်။ ချဉ်ပေါင်ရွက်ချဉ်ရည်ကတော့ ကျောင်းမှာပဲချက်ကြမယ်၊ အဲ့ဒါကပိုက်ဆံမပေးရပါဘူး၊ လူပျိုကြီးဇံဇံက စပယ်ရှယ်ငါးဖယ်သုပ်တဲ့။ အန်တီအေး‌ကတော့ ဟင်းသီးဟင်းရွက်အစိမ်းကြော်နဲ့ပဲကြီးနှပ်တဲ့။ မာလာတို့ကတော့ဖျော်ရည်နဲ့ကိတ်မုန့်၊ သစ်သီးပေါ့၊ ဒါကကိုယ်ကအမာခံပေါ့နော်။ လာတဲ့ဧည့်ပရိသတ်ကလဲနဲနဲပါးပါးယူရင်ယူလာဦးမှာပေါ့၊ ဒါပေမယ့်သူတို့ကိုတော့ ထည့်တွက်လို့မရဘူး၊ တချို့က ဟင်းချက် ယူလာနိုင်ပေမဲ့၊ အချိန်ရှိ၊ ပိုက်ဆံရှိ၊ ဟင်းလေးတစ်ခွက်မှ ယူလာဖော်ရကြတာမဟုတ်ဘူး။ အေးလေ ကိုယ့်သဒ္ဒါနဲ့ ကိုယ်ပေါ့နော်။

မသင်းကတော့ ထုံးစံအတိုင်းရွှေခေါင်းပြောင်ဟင်းပေါ့။ ခပ်များများ ချက်မယ်၊ အချိုပွဲအတွက် ဆနွင်းမကင်း ဖုတ်မယ်၊ ကိုဖိုးမောင် အမျိုးသမီး အေးရီမက သူလဲ ကျောက်ကျော တစ်ဗန်း ကုသိုလ်ယူပါရစေတဲ့ ။

မာလာကတော့ ဘာမှကြိုပြီး အာမမခံရဲဘူး၊ အာမခံပြီးတော့မှ အလုပ်ကိစ္စ ပေါ်လာတာတို့၊ ဆေးခန်းမှာ တစ်ခုခုမျှော်လင့်မထားတာ ဖြစ်လာတာတို့ဆိုရင် ကတိမတည်မှာဆိုးလို့ ဘာမှ ပြောမထားဘူး ၊ အားရင်တော့ ဆေးဘဲဥသုပ် ဖြစ်ဖြစ် ခေါက်ဆွဲကြော် ဖြစ်ဖြစ် လုပ်မယ်လို့ စိတ်ကူးတယ်၊

ဒကာမကြီးပေးတဲ့ ပိုက်ဆံနဲ့ ချိုချို စားသောက်ဆိုင်နဲ့ မတူးမာကိုတော့ ရှင်းပေးပြီးပြီ၊ ကျန်တဲ့လူတွေကတော့ သူကဘယ်လောက်ပေးပေး ယူကြမှာမဟုတ်ပါဘူး၊ စေတနာနဲ့ ကူမှ ပါ၊ ဒကာမကြီးရဲ့ ဆန္ဒအတိုင်း တံဆိပ်ခေါင်းတွေဝယ်ပြီး မွေးနေ့ ဖိတ်စာတွေပို့ရတယ်။ ဟုတ်တယ်လေ၊ အီးမေးလ်ကပို့ရုံနဲ့တော့ လူစုံတက်စုံ ဘယ်သိလိမ့်မှာလဲ၊ မြန်မာပြည်ကရောက်ခါစလူတိုင်းမှာ ဘယ်အီးမေးလ်ရှိမှာလဲ။ အဖိုးကြီး၊ အဖွားကြီးတွေမှာ ဘယ်အီးမေးလ်တို့၊ အိုင်ဖုန်းတို့၊ ဖေ့ဘွတ်စ်တို့ရှိမှာလဲ။ ဖိတ်စာလေးရတော့ ဖိုးဖိုးဖွားဖွားတို့၊ အန်ကယ်ကြီး၊ အန်တီကြီးတို့က ငါ့ကိုဖိတ်ကြသားပဲဆိုပြီး ဝမ်းသာရှာတာပေါ့။ နောက် အီးမေးလ်ကစိတ်မချရဘူး၊ ပို့လိုက်ပေမယ့်တခြားရောက်တာတို့ လိပ်စာလွဲနေတာတို့ ဖြစ်ရင်ဖြစ်နေမှာ။

ဆရာတော်ကခေါ်ထားလို့ ဇာနည်ညွှန့်တို့အဖွဲ့တွေကလည်း လုပ်အားပေးဖို့အဆင်သင့်ဖြစ်နေပြီ။ ဇာနည်ညွှန့် ကို မင်းဦးဇင်းဝတ်ပါလားကွလို့ မေးတော့ သူကတပည့်တော်က မယ်သီလရင်ပဲဝတ်မှာဘုရားဆိုတော့ ဆရာတော်လဲဘာပြန်ပြောရမှန်းမသိတော့ဘူး၊ ဇာနည်ညွှန့်ကိုလူတွေကမာမီညွှန့်တဲ့၊ ဘူးညွှန့်လို့လဲခေါ်ကြတယ်၊ ဘယ်သူတွေကဘာခေါ်ခေါ် လုပ်အားပေးလာဖို့ကအဓိကပဲလေ။ မာမီညွှန့်တို့အဖွဲ့က စိုးစိုးကိုသိပ်သဘောကျတာ။ ဒါပေမယ့် စိုးစိုးကသူတို့လိုမဟုတ်ဘူးဖြစ်နေတယ်။

ဆရာတော်စိတ်ကူးရတဲ့အတိုင်း သူ့မွေးနေ့မှာ အသက်ကြီးတဲ့လူတွေကိုလဲ ကန်တော့ဖို့စီစဉ်ထားတယ်၊ ဒါမှကလေးတွေ၊ လူငယ်တွေလဲ ဒီအစဉ်အလာကို ဆက်ထိန်းနိုင်အောင်ပေါ့။ လူကြီးတွေကလဲသိပ်မများပါဘူး၊ အလွန်ဆုံးရှိလှနှစ်ဆယ်လောက်ပေါ့။ မွေးနေ့ကြီးသက်သက်ရယ်ပကာသနမဆန်ပဲ လူကြီးတွေကိုလဲဂါဝရပြုတဲ့သဘောဖြစ်တာပေါ့။ ဧပြီလဆိုတော့ နှစ်ဆန်းချိန်လဲဖြစ်နေတယ်လေ။

အားလုံးကတက်တက်ကြွကြွဖြစ်နေသလောက် မကျေမနပ်ဖြစ်နေတာကတော့ ဦးစိုးနိုင်ပဲ သူများတွေအားလုံးအဝေးကြီးကလူတွေတောင် ဖိတ်စာရပြီးသူကမရတော့စိတ်ဆိုးတာပေါ့။ သူလဲအမြဲလှုတန်းနေတာပဲ။ တကယ်ကတော့ တမင်တကာမဖိတ်တာဟုတ်ချင်မှဟုတ်မှာပါ။ သူကတိုက်ခန်းပြောင်းသွားတော့ လိပ်စာမရှိတာလဲဖြစ်ရင်ဖြစ်မယ်၊ ဟိုကိစ္စဖြစ်ထားတော့ လူတွေကပြဿနာရှင်းအောင် မဖိတ်တာလဲဖြစ်ရင်ဖြစ်မယ်၊ လူတိုင်းသိတာပဲလေဆိုပြီး သပ်သပ်မဖိတ်တာလဲဖြစ်ရင်ဖြစ်မယ်၊ ဒါပေမယ့် ကိုဖိုးမောင်တို့၊ ကိုဘာဘူတို့ကအစဖိတ်စာရကြတော့ သူစိတ်တိုတာပေါ့။

ဖိတ်စာကရပ်ဝေးရပ်နီးမှမိတ်ဆွေတွေကို ဆရာတော်ရဲ့မွေးနေ့ပွဲနဲ့ သက်ကြီးပူဇော်ပွဲအတွက် ကျွန်တော်၊ ကျွန်မတို့ကုသိုလ်ယူချင်ပါတယ်ဆိုပြီး အလှု့ရှင်နာမည်နဲ့ဖိတ်တာလေ။ အနီးအနားကမြို့တွေကဆရာတော်နဲ့ ရင်နှီးတဲ့သူတွေ‌ဆီလဲဖိတ်တယ်။

မသင်းကတော့ ဦးစိုးနိုင်ကိုကြည့်မရတာဆိုတော့မဖိတ်ဘူး၊ မာလာကတော့စိုးရိမ်တတ်သူပီပီ တစ်ခုခုဖြစ်မှာကြောက်တော့ မဖိတ်ပဲမသိချင်ဟန်ဆောင်နေချင်တယ်၊ ဇံဇံကတော့အလုပ်တွေများပြီး ဘာမှကိုမစဉ်းစားနိုင်ဘူး၊ သူ့ကုမဏီကလုပ်ဖော်ကိုင်ဖက်တစ်ယောက်က နှင်းတောင်တွေပေါ်မှာ SKI သွားစီးတာအက်ဆီးဒင့်ဖြစ်ပြီး အရိုး‌‌တွေကျိုးကုန်လို့ အလုပ်မဆင်းနိုင်ဘူးလေ။ ဒီတော့ ကျန်တဲ့လူတွေက အလုပ်ပင်ပန်းတာပေါ့။

အန်တီအေးကတော့သက်ပြင်းတွေချတယ်။ ခုရက်‌‌တွေမှာရာသီဥတုကောင်းလာတော့မှ ပိုစိတ်ဓာတ်ကျသလိုပဲ၊ အရင်တုန်းကတော့ နှင်းကျတာနဲ့ဘာနဲ့အလုပ်တွေရှုပ်ပြီး ဘာမှသိပ်မတွေးဖြစ်သလိုပဲ။ ဦစိုးနိုင်ဆီကဖုန်းလာရင်လဲမကိုင်ဘူး၊ သမီးတွေကိုလဲပြောပြီးပြီ၊ ငါ့ဆီဖုန်းမဆက်နဲ့လို့ပြောပေးပါလို့။ အရင်ကတော့ကိုယ်တွေ မယုံနိုင်တာတွေ၊ ဒေါသထွက်တာတွေနဲ့ပေါင်းပြီး သွေးဆူနေတာပေါ့နော်။ နောက်ပြီး အိမ်မက်မက်နေသလိုမျိုး ခံစားရတယ်။ သူငါ့ဆီစိတ်ပြန်လည်လာမလားလို့ထင်မိတယ်။ အခုတော့အချိန်တွေလဲကြာလာတော့ ပိုပြီးလဲအသားကျလာပြီ။ ကိုယ်ကအသဲလဲမာလာပြီလေ။ ဒင်းကမှကိုယ့်အပေါ် မညှာမတာလုပ်နိုင်သေးတာ ကိုယ်ကဥပက္ခာလုပ်ထားလိုက်ရုံပေါ့နော်။

အန်တီအေးကဖြစ်နိုင်ရင် ခုချက်ချင်းကြီး ကွဲပေးလိုက်ချင်သေးတယ်၊ ဒါပေမယ့် ဒီဥပဒေအရ အဲ့ဒီလိုလုပ်လိုက်လို့မရဘူး၊ အနဲဆုံးတစ်နှစ်လောက် တခြားစီနေပြီးမှ ဥပဒေအရ ကွဲလို့ရတယ်။ သမီးတွေကတော့ မကွဲစေချင်ဘူး၊ ကွဲသွားရင် အန်တီအေး ရစရာရှိတဲ့ အခွင့်အရေးတွေ၊ သူတို့ရစရာရှိတာမရမှာစိုးနေတာလေ။

အခုဒီရက်တွေမှာ အန်တီအေးပိုစိတ်တည်ငြိမ်အောင်ကြိုးစားတယ်၊ ဘုရားရှိခိုး၊ ပုတီးစိတ်၊ ပရိတ်တွေ ရွတ်၊ စာအုပ်ဖတ်၊ တီဗွီကြည့် ၊ ဟင်းချက်၊ ကလေးထိန်း အလုပ်ရှိရင် ကလေးထိန်းတယ်၊ အခုတိုက်ခန်းတွေမှာပဲ အသက်ရှစ်ဆယ်ကျော်အဖွားကြီးတစ်ယောက်ဆီ သွားပြီး အိမ်မှုကိစ္စတွေ ကူလုပ်ရင်လုပ်ပေးတယ်၊ ပိုက်ဆံရတာကဘယ်လောက်မှ မရှိပါဘူး၊ ဒါပေမယ့် ကိုယ်လဲ အပျင်းပြေ၊ ကုသိုလ်လဲရတယ်၊ အဖွားကြီးလဲ အဆင်ပြေတာပေါ့။ ဆရာတော်ဆီက နည်းယူပြီး တရားလေးဘာလေး မှတ်တယ်။ ဒါပေမယ့် ငယ်စဉ်က မှတ်ခဲ့တဲ့အကျင့်မရှိပဲ အခုမှမှတ် တော့မလွယ်လှဘူး၊ သမာဓိရဖို့ကိုပဲ အတော်ကြိုးစားရတယ်၊ ဒါပေမယ့်တရားထိုင်ပြီးရင် ပေါ့ပေါ့ပါးပါး ဖြစ်သွားတာတော့အမှန်ပဲ။ ဒေါသတွေလဲ လျော့လျော့သွားတယ်။ လက်ရှိအခြေအနေကိုပို လက်ခံလာတယ်။ လောကဓံကို ခါးစည်းခံဖို့ ပိုအဆင်သင့် ဖြစ်လာတယ်။ နောက်နှစ်မှာ၊ နောက်လမှာ ဘာတွေဖြစ်နေမလဲ မစဉ်းစားတော့ပဲ လက်တွေ့ ပစ္စုဟ်မှာပဲကြိုးစားပြီး ပျော်အောင်နေတော့တယ်။ ဦးစိုးနိုင်ကြိုက်တတ်တဲ့ဟင်းတွေ ချက်ဖြစ်ရင်လဲသူ့အကြောင်း ကြိုးစားပြီး မစဉ်းစားမိအောင်နေတယ်၊ မိုးရွာရင်လဲ သူ့အအေးမိတတ်တာတွေ မစဉ်းမိအောင် နေတယ်၊ အဲ့ဒီလိုနဲ့ပဲ စဉ်းစားဖြစ်နေပြန်ရော။ တကယ်တော့ အန်တီအေး အတွက်မေ့ဖြစ်ဖို့မလွယ်ပါဘူး။

ဒကာမကြီး ဒေါ်ကျင်လွမ်နဲ့ဖုန်းဆက်ပြီး အလှုကိစ္စတွေ ပြောဖို့ကိုမသင်းကိုလွဲပေးထားရတယ်။ အဖွားကြီးကနားသိပ်မကောင်းဘူးဆိုတော့ အသံကျယ်တဲ့လူနဲ့မှဖြစ်မှာလေ။ အခုတစ်ခါ အသားဟင်းတွေကတော့ စိတ်ချရပါပြီတဲ့။ သက်သက်လွတ်ဟင်းတွေဘာတွေ စီစဉ်ပါဦးဆိုလို့ တို့ဟူးသုပ်နဲ့ခေါက်ဆွဲကြော်လုပ်ပါ့မယ်လို့ စိတ်အေးအောင်ပြောရတယ်။

မာလာကတော့အမှန်အတိုင်းပြောရရင် သက်သက်လွတ်စားပါတယ်ဆိုပြီး သူတော်ကောင်းလုပ်ပြတဲ့ဟာတွေကို စိတ်ကုန်တယ်။ သူတို့ကြောင့်သူများတွေအလုပ်ပိုရှုပ်ရော၊ ကသိကအောက်တွေဖြစ်ကုန်ရော၊ သက်သက်လွတ်စားဖို့ လောဘ ၊ ဒေါသတွေငြိမ်းပြီး နိဗ္ဗန်ရောက်မှာမှမဟုတ်ပဲ။ သက်သက်လွတ်စားဖို့ ကယိကထတွေများပြီးအချိုလေးစီစဉ်၊ အချဉ်လေးစီစဉ်၊ အသုပ်ကလေး၊ အကြော်လေးလဲပါ, ပစေနော်ဆိုပြီး ကိစ္စတွေ များနေတာကမှ ပိုဆိုးသေးတယ်။ အများနဲ့အတူရှိတာပဲ စားလိုက်ရောပေါ့။

မာလာတို့ ဆေးကျောင်းမှာတုန်းက ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်က သက်သက်လွတ်စားတဲ့သူတွေဆို မေးပြီး။ သစ်ပင်တွေမှာလဲအသက်ရှိတာပဲ၊ ဘယ်မှာ သက်သက်လွတ်လို့တုန်းလို့လေ။ အဲ့ဒါကို ကျောင်းသားတစ်ယောက်က အထွန့်တက်ပြီး သစ်ပင်တွေက ခံစားမှုမရှိဘူးလို့ပြန်ဖြေတယ်လေ အဲ့ဒီတော့ ဆရာ၀န်ကြီး ကလဲ ဘယ်ခံလိမ့်မလဲ။ အင်း ခံစားမှုမရှိတာကို စားမယ်ဆိုရင် ကွာ၊ လေဖြတ်ထားတဲ့သူတွေ၊ အာရုံခံစားမှုမရှိတဲ့သူတွေ၊ လက်ပရိုစီဖြစ်နေတဲ့သူတွေကိုရော စားမလားတဲ့။ မှတ်ကရော။ ကိုမျိုးကတော့ အဲ့ဒီလို သက်သက်လွတ်စားပါတယ်ဗျာ လုပ်တဲ့သူတွေကမှ လူကွယ်ရာမှာမဟုတ်တာ အကုန်လုပ်တာတဲ့။

(၁၀)

အလှူရက် မတိုင်ခင် နှစ်ရက်လောက် ကြိုပြီး အလှူ့ရှင်မိသားစုက လေယာဉ်ပျံနဲ့ရောက်လာကြတယ် ဟိုတယ်မှာနေတယ်။ ကျောင်းကို နေ့စဉ်လာပြီး ဘာကိုသေးလဲ အမြဲ မေးတယ်။ တစ်ခါသုံး ပန်းကန်တွေ၊ ရေခွက်တွေ၊ ဇွန်းခက်ရင်း တွေကတော့ အလုံအလောက် ကြို၀ယ် ထားပြီးပြီ။

အလှုရက်မတိုင်တစ်ရက်မှာတော့ ကျောင်းမှာ ကြိုတင်သန့်ရှင်းရေး လုပ်ကြတယ်၊ ချဉ်ရည်ဟင်းချက်တယ်၊ အသုပ်အတွက် ကြက်သွန်ဆီသပ်တယ်။ ရွက်ဖျင်တဲတွေထိုးပြီး ကုလားထိုင်တွေ စီတယ် အားလုံးက တက်ကြွနေကြပြီ။

အလှုရက်မှာတော့ လူတစ်ရာကျော်၊ နှစ်ရာကျော်လာမယ်လို့ခန့်မှန်းရတယ်၊ မသင်းကလဲ အချိတ်လုံချည်တွေဘာတွေနဲ့ ဝတ်ကောင်းစားလှတွေဝတ်လို့။ အန်တီအေးကတော့ ဦးစိုးနိုင်က (သူ့ကိုမဖိတ်တဲ့အတွက်) အရွဲ့တိုက်ပြီးလာမယ်လို့ပြောထားတဲ့အတွက်မလာတော့ဘူး၊ သမီးတွေကိုလဲမသွားခိုင်းဘူး။ ဆရာတော်ကလဲခပ်စောစောတရားဟောပြီး တိုတိုတုတ်တုတ်ပဲ ရေစက်ချပေးလိုက်တယ်၊ မွေးနေ့နဲ့ဆိုင်တဲ့တရားပါပဲ၊ လိုတိုရှင်းပေါ့၊ တရားအလုပ်လုပ်ကြဖို့ အဓိကဟောတာပါပဲ။ အဲ့ဒါပြီးတော့ သက်ကြီးဝါကြီးဖိုးဖိုးဖွားဖွားတွေကိုကန်တော့ကြတယ်။ အဖိုးကြီးတစ်ယောက်က ကျေးဇူးတင်စကားပြောတာအကြာကြီးပြောနေလို့ လူတွေစိတ်ညစ်ကြတယ်၊ သူကပြောလို့မပြီးမချင်းလူတွေထလို့မရကြဘူးလေ။ ဟင်းတွေ‌နွေးရ၊ ခပ်ရဦးမယ်၊ ဆွမ်းစားချိန်ကရောက်နေပြီ။ လူတွေကလောနေပြီ။

သူကတော့မပြီးနိုင်ဘူး၊ ခုလိုဂါရဝတရားထားတာကောင်းကြောင်း၊ ရိုးရာကိုထိန်းသိမ်းသင့်ကြောင်းတွေ အရှည်ကြီးလျှောက်ပြောနေတယ်။ ဆုတွေပေးလိုက်တာလဲအရှည်ကြီးပဲ၊ ဇောတိကသူဌေးကြီးလို ချမ်းသာပါစေဆိုတာကပါသေးတယ်၊ အဲ့ဒါကြောင့်တချို့တွေကပြောတာ၊ သေခါနီးလူတွေဟာကိုယ့်အချိန်ရော၊ သူများအချိန်တွေရောကို တန်ဖိုးမထားတတ်ကြဘူးတဲ့လေ။ တောင်စဉ်ရေမရတွေလျှောက်ပြောနေတော့ လူတွေလဲအလျှိုအလျှိုထကုန်တယ်။

သူပြောတာပြီးမှပဲ အားလုံးဝမ်းသာရတော့တာ၊ အဖိုးအဖွားတွေကိုတစ်ယောက် ငါးဆယ်စီကန်တော့တယ်လေ။ ဒကာမကြီးလှုထားတဲ့အလှုငွေထဲကပေါ့။ ကန်တော့တဲ့ကိစ္စပြီးတော့ဖိတ်ထားတဲ့သံဃာတော်တွေ ဆွမ်းကပ်၊ လူ‌တွေလဲထမင်းကျွေးပေါ့။

အလှုရင်အဖွားကြီးကလဲဝမ်းသာလုံးမျက်ရည်တွေစို့လို့။ အဖိုးကြီးကတော့ သိပ်အမောမခံနိုင်တာနဲ့ ကုလားထိုင်မှာပဲထိုင်နေတယ်။ ဟင်းတွေရော၊အချိုမုန့်တွေရောအလျှံပယ်ပဲ။ လူတွေထမင်းစားနေကြပေမယ့်စိုးစိုးတို့၊ ဇေယျာညွန့်တို့လူငယ်တစ်သိုက်ကတော့မနားနိုင်၊ မစားနိုင်သေးဘူး၊ လူတွေကိုချဉ်ရည်ဟင်းလိုက်ချပေးတာ၊ ဟင်းလိုက်ပွဲတွေထပ်ဖြည့်ပေးတာ၊ ထမင်းအလုံအလောက်ရှိမရှိစစ်ဆေးတာ၊ ဘုန်းကြီးတွေအတွက်အချိုပွဲကပ်ရတာတွေ၊ ပန်းကန်ဆေးရတာတွေ၊ လုပ်ရသေးတာကိုး။ အားလုံးနီးပါးဧည့်သည်တွေ စားလို့ပြီးသလောက်ဖြစ်တော့မှ ဘယ်သူမှမထင်မှတ်ထားတဲ့စုံတွဲက လက်ချင်းတွဲလို့ရောက်လာတယ်။ ဘယ်သူရှိရမှာလဲ။ ဦးစိုးနိုင်နဲ့သူ့ကောင်မခင်စန်းလင်းပေါ့။ (ကာလသားတွေကတော့ ဖင်အရမ်းကမြင်းတယ်လို့ကွယ်ရာမှာ ကာရန်စပ်ကြတယ်။)

အားလုံးအံဩလို့။ ဦးစိုးနိုင်ကခပ်တည်တည်ပဲ၊ ခင်စန်းလင်းကလဲအဖြူအနက်ဟော့ရှော့ဂါဝန်နဲ့၊ ဘာမှမဖြစ်သလိုပဲ၊ ပြုံးလို့။ မကောင်းတတ်တော့ မသင်းကပြုံးပြဧည့်ခံပြီး ထမင်းစားဖို့ပြောရတယ်။ မာလာကလဲသဘောကောင်းတဲ့သူဆိုတော့ ရောယောင်ပြီးလာစားလေလို့ခေါ်မိတယ်။ ကျောင်းလာတဲ့သူကို ဘယ်လိုလုပ်မောင်းထုတ်ရမှာလဲ။ ကိုမျိုးကတော့ ဦးစိုးနိုင်တို့စုံတွဲကိုအမြင်ကတ်လို့ကျောင်းပေါ်တတ်သွားပြီ။ လူပျိုကြီးဇံဇံက မနေ့ကညှော်မိထားလို့ ခေါင်းကိုက်တယ်ဆိုပြီး စားသောက်ပြီးခဏမှိန်းနေတယ်။

အင်း ဦးစိုးနိုင်ကကံဆိုးချင်တော့ အမိုးနဲ့မှတစ်ဝိုင်းထဲမှာထိုင်မိတယ်။ အမိုးဆိုတာကရင်မကြီး၊ မဟုတ်ရင်မခံဘူး၊ ဘယ်သူ့မှလဲမကြောက်ဘူး၊ ဦးစိုးနိုင်နဲ့လဲအတွင်းသိ ရပ်ဆွေရပ်မျိုးတွေ၊ အမိုးကအရင်ထဲကရော၊ အခုရောသူနာပြုဆရာမကြီးဆိုတော့ မျက်စိထဲအပိုးမကျိုးတာတွေတွေ့ရင်လဲ ပြောဖို့ဝန်မလေးဘူး၊ မသင်းကလဲအရင်ကဆရာမလုပ်ခဲ့တော့ ဆရာမစရိုက်ကတော့ရှိတာပေါ့။ ဒါပေမယ့် ဆရာတော်မျက်နှာကြောင့်ရယ်၊ ဦးစိုးနိုင်အသက်ပိုကြီးတာကြောင့်ရယ် ဘာမှမပြောသာဘူး။ ကိုလတ်ကလဲ မင်းပါးစပ်ကြီးပိတ်ထားနော်လို့ အမြဲမှာထားတယ်လေ။

ဦးစိုးနိုင်က စားသောက်ရင်းကအမိုးကို နင်ငါ့မင်္ဂဆောင်ကျရင်ရောလာမှာလား၊ ဒီလိုပဲကျွေးမယ်လေလို့ပြောတယ်။ အမိုးကဘယ်ခံ‌နေမှာလဲ။ ဟဲ့စိုးနိုင်ရဲ့ ဒီနိုင်ငံမှာ တရားဝင် မကွာရှင်းရသေးပဲ၊ မယားငယ်ယူလို့မရဘူးဆိုတာ နင်မသိဘူးလားဟဲ့။ နင့်အစားငါရှက်တယ်။ အေးအေးကိုမှအားမနာပဲ နင်မို့လို့လာတယ်၊ ဘယ်သူမှနင့်အလှုလာမှာမဟုတ်ဘူးလို့ ပြောတာကနေ စကားတွေများကုန်ကြရော။

နောက်ပိုင်းတော့ ဘေးကလူတွေကဝင်ပြီဖြန်‌ဖြေကြရတယ်၊ တချို့လဲ စားသောက်ပြီးလို့ပြန်သွားကြပြီ။ တချို့တွေကလဲ စိတ်ဝင်တစားစပ်စုပြီးဝိုင်းကြည့်ကြလို့။ မာလာကတော့စိုးရိမ်တာပေါ့၊ တော်ကြာထသတ်ကုန်ကြရင်ဒုက္ခပဲလို့၊ မသင်းကတော့စိတ်ထဲက ကြိတ်ပြီးဝမ်းသာနေတယ်၊ ဦးစိုးနိုင်ကို ပြောမယ့်သူရှိပြီလေ။ ဝူးဝူးဝါးဝါးတွေရန်ဖြစ်ကြပြီး ဦးစိုးနိုင်တို့စုံတွဲပြန်သွားကြတယ်။

ကျောင်းပေါ်မှာ သူ့သူငယ်ချင်းစန်းစန်းရှိန်တို့လင်မယား (သူတို့ကထုံးစံအတိုင်း မြန်မာစံတော်ချိန်နဲ့ရောက်လာတယ်။) ပြောရင်းဘုန်းကြီးဝိုင်းကကျတဲ့အချိုမုန့်တွေကို စားနေတဲ့ကိုမျိုးကဘာမှမသိလိုက်ဘူး၊ ဘုန်းကြီးအခန်းထဲမှာပင်ပန်းပြီးခဏအိပ်ပျော်သွားတဲ့ ဇံဇံကလဲရန်ဖြစ်တာကို လွတ်သွားရလေခြင်းဆိုပြီးစိတ်မကောင်းဘူး၊ ဆရာတော်ကလဲ လူသံတွေတော့ကြားတယ်လို့ထင်သားပဲတဲ့။ စကားများကြတာကိုမသိလိုက်ဘူး။

အလှုရှင်အဖွားကြီးကလဲ ဘယ်သိရှာမလဲ၊ သူကနားလေးနေတော့ပိုသိချင်တာပေါ့။ ဘာဖြစ်ကြတာလဲဟင်ဆိုလို့ မာလာကရှင်းပြရတယ်။ ဒါပေမယ့် ပါးစပ်ကအကျယ်ကြီးအော်ရှင်းပြလို့ မကောင်းလို့ စာရွက်မှာရေးပြတော့အဖွားကြီးကမျက်လုံးတွေပြူးလို့၊ သူ့အလှုမှာဒါမျိုးဖြစ်တော့ ဘယ်စိတ်ကောင်းမှာလဲ။ စိုးစိုးခမျာဝင်ဖြန်ဖြေပေးတာမှာ ဦးစိုးနိုင်ကတွန်းမိလို့ ပုခုံးနဲ့တိုင်စွန်းနဲ့ ဝင်ဆောင့်လို့ပရုတ်ဆီ လိမ်းရသေးတယ်။

အလှုကြီးကအစားအသောက်တွေအလျှံပယ်နဲ့ လူတွေပျော်ရရွှင်ရပါရဲ့။ ပင်ပန်းတာနဲ့တန်အောင် အလှုငွေလဲရပါရဲ့။ အဖွားကြီးကကျောင်းအတွက်ဆိုပြီး ငွေတစ်သောင်းသပ်သပ်လှုသွားသေးတယ်၊ ရှေးကကုသိုလ်ပါလာတော့လဲ သူများအားကျအောင်လှုနိုင်တာပေါ့။ တခြားလူတွေလဲ လှုကြတန်းကြလို့ကုသိုလ်ရကြပါရဲ့။ ဦးစိုးနိုင်တို့စုံတွဲရှုပ်တာနဲ့ ပြဿနာဖြစ်ရတယ်လေ။

ထုံးစံအတိုင်းအလှုမှာ ဘာမှနားမလည်သေးတဲ့ ဘုစုခရုအရွယ်ကလေးတွေရော၊ ဆယ်ကျော်သက်အရွယ်တွေရောလဲရှိတော့ သူတို့လဲဝိုင်းကြည့်နေကြတယ်။ လိုက်ပွဲတွေ နှစ်ခါလောက်ထပ်ထည့်နေတဲ့ ဒင်နီရယ်လ်ကလဲဘာဖြစ်တာလဲမေးလို့ ရှင်းပြရသေးတယ်။ လူတချို့ကလဲအခြေအနေအရ ထပြန်ကုန်ကြတယ်။ ရာသီဥတုမကောင်းဘူးဆိုပြီး။

အလှုပွဲပြီးသွားတော့လူငယ်တွေ သိမ်းဆည်းနေကြတုန်း မသင်းကတော့သူ့ခန္ဓာကိုယ်ကြီးနဲ့ ခြေပစ်လက်ပစ်ထိုင်ရင်း အတင်းပြောနေတယ်။

‘အဲ့ဒါကြောင့်ပြောတာပေါ့အေ၊ ကုသိုလ်ရကိစ္စလုပ်နေတုန်း၊ အကုသိုလ်ကောင်ဝင်ရှုပ်လို့ ပိုပင်ပန်းရတာ’

‘ဒါပေါ့မသင်းရယ်၊ တကယ်ဆို သူတို့ကိုလူတွေက စိတ်ဆိုးကြတုန်း ရှိသေးတယ်ဆိုတော့နားမလည်ဘူး၊ စောစောစီးစီးလူပုံအလယ် ဝင်လာတော့ ဒေါသမထိန်းနိုင်တဲ့သူက ပြောမိတာပေါ့။’

ဇံဇံကလည်းဝင်ထောက်ခံတယ်။

‘အမလေး၊ ဒါမျိုးကကြာရင်လူတွေကမေ့သွားမှာမဟုတ်ပါဘူး၊ စောင့်ကြည့်ကြသေးတာပေါ့။’

‘ကျွန်တော်ကြားရတာတော့ ဦးစိုးနိုင်ကြီး အခုဝဋ်လည်နေတယ်တဲ့၊ သူကအခုဆို သူ့အမျိုးသမီးကသူ့ကိုပစ်ပြီး တခြားပိုပြီးချမ်းသာတဲ့သူတို့၊ ငယ်တဲ့သူတို့နဲ့ ဖြစ်သွားမှာကြောက်နေသတဲ့၊ ဆိုင်မှာထိုင်တော့လဲ လူအများနဲ့တွေ့မှာစိုးပြန်၊ အိမ်မှာတယောက်ထဲထားခဲ့ရင်လဲစိတ်မချဆိုသလို ဖြစ်နေသတဲ့။’

‘အို ဒါတွေသူအရင်ထဲက ကြိုသိခဲ့ရမှာပေါ့အေ၊ ဒီကောင်မက မြန်မာပြည်မှာထဲက ခပ်ရှုပ်ရှုပ်တဲ့။’

ဆရာတော်ထွက်လာလို့ စကားပြတ်သွားကြတယ်။

မာလာကတော့ ဒီကောင်မကလှတော့လှပါရဲ့၊ ဒါပေမယ့် အေးချမ်းတည်ငြိမ်တဲ့၊ ချစ်စရာကောင်းတဲ့၊ ကျက်သရေရှိတဲ့အလှမျိုးတော့မဟုတ်ဘူး၊ ကြာများတဲ့၊ ပူလောင်တဲ့၊ ပြီတီတီနိုင်တဲ့လျှပ်ပေါ်တဲ့အလှမျိုး၊ သူများယောကျာ်းကို ကိုယ့်ယောကျာ်းဖြစ်အောင် လုပ်နိုင်တဲ့အလှမျိုး လို့တွေးတယ်၊ ကိုမျိုးကတော့မာလာက ဦးစိုးနိုင်တို့စုံတွဲကို နှုတ်ဆက်ရ ခေါ်ရကောင်းလားဆိုပြီး ပြောလို့ကိုမဆုံးတော့ဘူး။

အဲ့ဒီကိစ္စတွေလဲပြီးလို့ တစ်ပတ်လောက်လဲကြာရော၊ လူတွေရဲ့အိမ်ကို စာတစ်စောင်ရောက်လာတယ်။ ကိုလတ်နဲ့မသင်းတို့လဲရကြတယ်၊ ကိုမျိုးနဲ့မာလာ၊ ကိုကျော်ဇံ၊ အမိုး၊ ကိုဖိုးမောင်၊ တိုင်းရင်းသားလူငယ်လေးတွေ၊ ဆရာတော်၊ တခြားရွာနီးချုပ်စပ်ကလူတွေ အားလုံးရကြတယ်။

စာထဲမှာက ဦးစိုးနိုင်တို့လုပ်ရပ်ဟာ ငါးပါးသီလကို ချိုးဖောက်နေတာဖြစ်ကြောင်း၊ ယုတ်မာတဲ့ အကျင့်ဖြစ်ကြောင်း၊ လောကနိဗ္ဗာန်ကျောင်းတော်ကိုလဲ မျက်နှာပြောင်တိုက်ပြီး နှစ်ယောက်အတူလာခဲ့ရာမှာ ဧည့်သည်တွေက ဖဲကျဉ်ရှောင်ခွာကုန်ကြကြောင်း၊ မြန်မာအသိုင်းအဝိုင်းထဲမှာ လူငယ်တွေအတုခိုးမမှားစေဖို့၊ နောက်နောင် ဒါမျိုးမဖြစ်ရစေဖို့ အခုလိုစာပို့ရတာဖြစ်ကြောင်း၊ လူတွေကိုဆက်ဆံတဲ့အခါမှာ ငွေကိုမကြည့်ပဲ အကျင့်စာရိတ္တကိုကြည့်သင့်ကြောင်း၊ ဒီစုံတွဲကိုအပေါင်းသင်းမလုပ်သင့်ကြောင်း စတာတွေရေးထားတယ်။

စာရေးတာဘယ်သူမှန်းတော့ သေချာမသိကြဘူး၊ တချို့ကလည်း ကိုဘာဘူဖြစ်မယ်လို့ထင်ကြတယ်၊ တချို့ကလည်း လူငယ်တယောက်ဖြစ်မယ်ထင်ကြတယ်။

တချို့ကတော့ ဒီနိုင်ငံမှာဒါမျိုးကိစ္စတွေရိုးနေတာကို အထူးအဆန်းလုပ်ပြီးပြောနေ၊ စာရေးပို့နေရသေးတယ်၊ သူတို့ဟာသူတို့ ဖောက်ပြန်ချင်လို့ဖောက်ပြန်တာ ကိုယ့်အပူတပြားမှမပါဘူး၊ လုပ်ချင်တာလုပ်ကြပစေလို့ပြောကြတယ်။

တချို့ကတော့လဲ ဒီလိုစာထွက်လာတာကောင်းတယ်၊ ဒါမှဒို့မြန်မာအသိုင်းအဝိုင်းမှာ ဒါမျိုးထပ်မလုပ်ရဲကြတော့ပဲ နောင်ကြဉ်မှာလို့ထောက်ခံကြတယ်၊ ကိုမျိုးကတော့စာပို့တဲ့သူ ဘယ်သူလဲဆိုတာသိရင် မုန့်ဖိုးပေးချင်သတဲ့။ စာပို့တာကိုမျိုးတော့မဟုတ်တာသေချာတယ်၊ သူကမြန်မာလိုလက်နှိပ်စက်၊ ကွန်ပြူတာမှမရိုက်တတ်ပဲ။

အန်တီအေးလဲစာရပါတယ်။ ရှက်လဲရှက်စိတ်မကောင်းလဲဖြစ်မိပါတယ်။ ဒါပေမယ့် အခုအချိန်မှတော့မထူးတော့ဘူးလေ။ စိတ်မကောင်ဘူးဆိုတာကဒီလိုပါ၊ သမီးလေးနှစ်ယောက်မွေးထားတာ မိစုံဘစုံမဖြစ်တော့ဘူး၊ မြေးလေးတွေရလာရင်လဲ ဘိုးစုံ၊ဘွားစုံမဟုတ်တော့ဘူး၊ သမီးတွေလည်းမိကောင်းဖခင်သားသမီးရယ်လို့မဟုတ်တော့ဘူး၊ ဟိုနေ့ကဆိုဆရာတော်မွေးနေ့ကို အန်တီအေးသွားချင်တာပေါ့၊ ဒါပေမယ့်သူလာမယ်ဆိုတော့ မသွားတော့ပဲ ချက်ထားတဲ့ဟင်းတွေကို စိုးစိုးနဲ့ပဲထည့်ပေးလိုက်ရတော့တယ်။ လူတွေကတော့အန်တီအေးကို အားနာလို့စာအကြောင်းသိပ်မမေးကြပါဘူး။

အန်တီအေးကတော့ဖြစ်နိုင်မယ်ဆိုရင် တရားဝင်ကွာပေးလိုက်ချင်တယ်၊ ဒါပေမယ့်ဒီမှာတရားဥပဒေအရ ချက်ချင်းကွာလို့မရဘူး၊ အချိန်စောင့်ရတယ်၊ သမီးတွေကလည်းမကွာစေချင်ဘူး။ ကွာလိုက်ရင်ဆိုင်ကို အန်တီအေးမရတော့မှာစိုးတာရယ်၊ အန်တီအေးကလည်းရိုးတော့၊ အ,တော့စိတ်မချတာလဲပါမယ်နဲ့တူတယ်၊ ဒါပေမယ့်အန်တီအေးကတော့ ပြန်ပေါင်းထုတ်ဖို့လုံးဝစိတ်ကူးမရှိတော့ဘူး။

အဲ့ဒီလိုဦးစိုးနိုင်တို့ကိစ္စနဲ့ပက်သက်ပြီး စာထွက်လာပြီးလူတွေစိတ်ဝင်စားစရာ၊ အတင်းပြောစရာအကြောင်းအရာတခုရနေတုံး ဘယ်လိုမှမမျော်လင့်တဲ့ကိစ္စဖြစ်သွားတယ်။

ဆရာတော်နဲ့ကပ်ရက်ခြံက စစ်ပြန်အဖိုးကြီးကိုယ့်ဟာကိုယ် ကြိုးဆွဲချပြီးသပ်သေသွားတယ်လေ။