Breaking News

၂၀၂၅ ခုနှစ်မှာ ရင်ဆိုင်ရနိုင်တဲ့ မြန်မာနိုင်ငံအခြေအနေ


မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၃၁ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၁၊ ၂၀၂၅


၂၀၂၅ ခုနှစ်မှာ ရင်ဆိုင်ရနိုင်တဲ့ မြန်မာနိုင်ငံအခြေအနေ 

ပြက္ခဒိန်နှစ်တနှစ် ဖြစ်တဲ့ ၂၀၂၄ ကုန်ဆုံးချိန်မှာ ရှေ့လာမယ့် ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ ဘာတွေ ရင်ဆိုင်ကြရနိုင်သလဲ။ ဘာတွေကြုံတွေ့ကြရမလဲ ဆိုတဲ့ မေးခွန်း နဲ့ အတွေးက လူတိုင်းမှာ ရှိနေကြလိမ့်မယ် ထင်ပါတယ်။ ဘေးကင်းလုံခြုံမှု အနေနဲ့ ဆိုရင် မိမိတို့နေထိုင်နေတဲ မြို့ရွာတွေအထိ စစ်မီးက ရောက်လာနိုင်သလား၊ လက်ရှိစစ်မီးရောက်နှင့်ပြီး တိမ်းရှောင်နေကြသူတွေအဖို့လည်း ၂၀၂၅ ခုနှစ်ထဲမှာ ဘယ်တော့လောက် ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်အိမ်ကို ပြန်နိုင်မလဲ ဆိုတဲ့ အတွေးက ရှိနေကြမှာ မလွဲပါဘူး။ ၂၀၂၄ ခုနှစ်ထဲမှာ စစ်မီးကူးစက်လာတဲ့ နယ်မြေဒေသတွေ အများအပြားတွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ စတဲ့မြို့နယ်တွေထဲက ဒေသအများအပြားပါဝင်သလို၊ ကချင်ပြည်နယ်မှာလည်း ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ ပန်ဝါ၊ ကန်ပိုက်တည်၊ ချီဖွေ၊ ဗန်းမော် အစရှိတဲ့ ဒေသတွေ ဖြစ်ပြီး ရခိုင်ပြည်နယ် မှာတော့ မြို့နယ် တခု နှစ်ခုကလွဲရင် ပြည်နယ်တခုလုံးနီးပါး ၂၀၂၄ ခုနှစ်ထဲ စစ်မီးကူးစက်ပြီး AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းလောက်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

စစ်မီး ကူးစက်ပြီးနောက် မြို့တွေ နယ်မြေတွေ သိမ်းယူနိုင်ခဲ့ပြီး လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ရင်ဆိုင် တိုက်ခိုက်မှု လျော့ကျသွားတာ သို့မဟုတ်  မရှိတော့တာမျိုး အခြေအနေဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိမိတို့ မြို့ရွာ၊ နေအိမ်တွေ မှာ ပြန်လည်နေထိုင် နိုင်ခြင်းမရှိတဲ့ အခြေအနေကြုံရသူတွေလည်း အများအပြားတွေ့ရမှာ ဖြစ်ပါတယ်။ အချို့သောဒေသတွေမှာတော့ ကုန်စည်ကူးသန်းရောင်းဝယ်မှု သယ်ယူမှုတွေကို ပိတ်ဆို့ခံနေကြရပြီး အခြားသော လမ်းကြောင်း၊ နည်းလမ်းတွေနဲ့ ဝယ်ယူ သုံးစွဲရတာမျိုးရင်ဆိုင်ကြရကာ ကုန်စျေးနှုန်း မတန်တဆမြင့်တက်မှုကို ကြုံကြရပြန်ပါတယ်။ 

စစ်မက်ဖြစ်ပွားမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး လေ့လာသင်ယူဖို့ ပျက်ယွင်းနေတဲ့ အခြေအနေတွေလည်း မြန်မာနိုင်ငံက ဒေသအများအပြားမှာ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။  စားသောက်ကုန်၊ လူသုံးကုန် အစရှိတဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေလည်း မကြုံဖူးလောက်အောင် မြင့်တက်လာပြီး လူနေမှု ဘဝထပ်မံ နိမ့်ကျကြရပြန်ပါတယ်။ ဒီဒုက္ခတွေအပေါ် ထပ်ဆင့်လိုက်တဲ့ နောက်ထပ်အကြောင်းအရာ တခုက စစ်မှုထမ်းဖို့ ဥပဒေ နဲ့ ရော ဥပဒေမဲ့ပါ အဓမ္မခေါ်ဆောင်ကာ စစ်မှုထမ်းစုဆောင်းတဲ့ အန္တရာယ် ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်၊ စစ်အာဏာသိမ်းမှုက စေ့ဆော်လိုက်တဲ့ လက်နက်ကိုင်နည်းလမ်းနဲ့ ခုခံတိုက်ခိုက်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ရပ်တွေ အခုလက်ရှိ အချိန်ကာလအထိ ကြုံတွေ့နေကြရတာ အဆိုးဆုံး မရောက်သေးဘူးလို့ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ပွဲ မဖြစ်ပွားရသေးတဲ့ နယ်မြေ ဒေသအချို့လည်း စစ်ပွဲဖြစ်ပွားလာနိုင်ခြေ ရှိနေတာပါ။ သတင်းတပုဒ်မှာ လတ်တလော မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းယူနိုင်ခဲ့တဲ့ ချင်းညီနောင် အဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က သတင်းမီဒီယာကို ပြောဆိုရာမှာ လာမယ့်နှစ်မှာ အညာဒေသ၊ ပဲခူး နဲ့ ဧရာဝတီတိုင်းတို့က လူထုအနေနဲ့ စစ်ပွဲပိုမိုကျယ်ပြန့်လာနိုင်ချေ ရှိနေတာကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ဗုံးခိုကျင်းတွေ တူးထား ပြင်ဆင်ထားတာမျိုး၊ စစ်ပွဲကနေ ဘေးလွတ်ကင်းရာကို ရှောင်တိမ်းကြဖို့ ပြင်ဆင်ထားသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိ အနေအထားမှာ စစ်ပွဲကနေ လွတ်ကင်းနေတဲ့ ဒေသလို့ဆိုရင် ပဲခူးတိုင်းနဲ့ မကွေးတိုင်းရဲ့ ဒေသအချို့၊ မန္တလေးတိုင်းရဲ့ ဒေသအချို့၊ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသအချို့၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းက ဒေသအချို့ နဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ပဲ ဖြစ်ပါတယ်။ 

ရန်ကုန်၊ မန္တလေးတို့လိုမြို့တွေမှာ စစ်ဘေးရှောင်တိမ်းရင်း လာရောက်နေထိုင်သူတွေ တစတစများပြားလာ နေတာလည်း တွေ့ရပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်မှာ မြို့ကြီးတွေမှာ စစ်ဘေးကနေ လွတ်ကင်းဖို့ မြို့ကြီးတွေဆီ လာရောက်နေထိုင်ကြသူ ပိုပြီးများလာဖွယ် ရှိပါတယ်။ ရာဇဝတ်မှုဖြစ်ပွားနှုန်း မြင့်တက်နေသော်လည်း ကုန်စည် ပိတ်ဆို့မှု မခံရတဲ့ မြို့ကြီးတွေမှာ နယ်မြို့တွေကနေ စစ်ဘေးရှောင်ဖို့ လာရောက်နေထိုင်ကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဆန်၊ စိုက်ပျိုးသီးနှံတွေ ထွက်ရှိတဲ့ ဒေသတွေမှာ စစ်ပွဲတွေ ဖြစ်ပွားမှု ကျယ်ပြန့်လာ အရှိန်မြင့်လာခြင်းကလည်း ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေတာတွေ့ မြင်ကြရပါတယ်။ အထူးသဖြင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့လို စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတဲ့ ဒေသတွေမှာ လုပ်အားအင်အား လျော့ပါးလာတာ၊ ဒေသမတည်ငြိမ်တာကြောင့် စိုက်ပျိုး နိုင်ခြင်းမရှိတာနဲ့ ထွက်ရှိလာတဲ့ သီးနှံတွေကို အချိန်မှီ သယ်ယူ ပို့ဆောင်နိုင်ခြင်း မရှိတဲ့ ပြဿနာတွေက စိုက်ပျိုးရေး လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်စေတာ တွေ့မြင်နေကြရပါတယ်။ ယခင်က အသီးအနှံ၊ ပဲ၊ တို့ကို အဓိကထား စိုက်ပျိုးထွက်ရှိတဲ့ စစ်ကိုင်းတိုင်းလို ဒေသမှာ လူ့အရင်းအမြစ် ဆုံးရှုံးမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေက စိုက်ပျိုးရေးလုပ်ငန်းကို ကြီးမားစွာ ထိခိုက်နေတာတွေ့ကြရပါတယ်။ 

သတင်းတပုဒ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စိုက်ပျိုးရိတ်သိမ်းလို့ ရတဲ့ ဆန်စပါးတွေကို လယ်သမားတွေက ရောင်းချလိုသည့်တိုင် နယ်မြေ ဖြတ်သန်းသယ်ဆောင်မှုတွေ ပိတ်ဆို့ကန့်သတ်ထားတာကြောင့် ဝယ်သူမရှိတဲ့ အဖြစ်မျိုး ကြုံတွေ့နေကြရတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

တဖက်မှာ ရိက္ခာပြတ်လပ်နိုင်တဲ့ အခြေအနေ၊ ကုန်ထုတ်လုပ်မှုတွေ လျော့ကျလာနေပြီး တနိုင်ငံလုံး အနေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ကြုံတွေ့နိုင်တဲ့ အခြေအနေတွေကို ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက ခန့်မှန်းထုတ်ပြန်နေချိန်မှာပဲ တချို့ဒေသတွေမှာ စိုက်ပျိုးထုတ်လုပ်လို့ ရရှိလာတဲ့ ဆန်စပါးလိုမျိုးကို သယ်ယူခွင့် ပို့ဆောင်ခွင့် ကန့်သတ်မှုတွေကြောင့် အလဟဿ ဖြစ်မယ့်အရေးနဲ့လည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်မှာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF လိုအဖွဲ့တွေ အဖို့ စစ်ရေးအရ အောင်မြင်မှုတွေ ရရှိလာနိုင်တယ်လို့လည်း ခန့်မှန်းတွက်ချက်မှုတွေ ရှိနေတဲ့ အချိန်မှာပဲ လူထုအနေနဲ့  အသက်ရှင်သန် နေထိုင်နိုင်ဖို့ ပိုပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေလည်း ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar