Breaking News

မောင်စွမ်းရည် - နိုင်ငံရေးသိပ္ပံ


မောင်စွမ်းရည် - နိုင်ငံရေးသိပ္ပံ

(မိုးမခပြန်လည်ဆန်းသစ်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄)

          “နိုင်ငံရေးသိပ္ပံ” ဆိုတဲ့ ဝေါဟာရဟာ အင်္ဂလိပ်စာလုံး political science (ပေါ်လတစ်ကယ် ဆိုင်းယင့်) ဆိုတဲ့စကားလုံးကို ဘာသာပြန်ထားတာပါ။ ဒီဘာသာရပ် အသံကျယ်လာတာ သိပ်မကြာသေးဘူး။ ကျနော်တို့ ငယ်ရွယ်စဉ်က (လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က) နိုင်ငံရေးဆိုတာ “နိုင်ငံ့အရေး” လို့သာ သာမန်သိခဲ့ပြီး လေ့လာဆည်းပူးစရာ ဘာသာရပ်တခုရယ်လို့ ရှိနေမှန်း မသိခဲ့ပါဘူး။ တက္ကသိုလ်ကိုလဲ ရောက်ရော နိုင်ငံရေးသိပ္ပံဆိုတဲ့ ဘာသာရပ်ကို ဆည်းပူးနိုင်တယ်လို့ သိလိုက်ရတယ် ဆိုရင်ပဲ အဲဒီဘာသာရပ်ကို တနှစ်လောက် ယူကြည့်လိုက်ပါတယ်။ ဖီလောဆော်ဖီ ခေါ် ဒဿနိကဘာသာ၊ သမိုင်းဘာသာတို့နဲ့ တွဲယူမှလဲ အဓိပ္ပါယ်ဆက်စပ်မိပါတယ်။ သင်ရိုးထဲက နိုင်ငံရေးသိပ္ပံပညာရှင်တွေနဲ့ ဒဿနိကဗေဒပညာရှင်တွေဟာ အတူတူလိုချည်းပါပဲ။ သူတို့ရဲ့ ဒဿနိကဗေဒကနေပြီး သူတို့ရဲ့ နိုင်ငံရေးအတွေးအမြင် ပေါက်ဖွားလာခဲ့တယ်လို့ သဘောရပါတယ်။ ဆိုကရေးတီး၊ ပလေးတိုး၊ လော့၊ ဟော့ကနေ ကားလ်မတ်၊ အိန်ဂျယ်တို့အထိ။

          မဆလခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ခေတ်မှာ နိုင်ငံရေးသိပ္ပံစာအုပ်တွေ ဘာသာပြန်တာရော၊ နိုင်ငံရေးသမားဟောင်းတွေ ပြုစုတာရော အများကြီးပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဖတ်ရှုစမ်းကြည့်တော့ တချို့က ရှေးရိုးကျောင်းသုံးစာအုပ်တွေကိုပဲ ဘာသာပြန်ပြဌာန်းထားပြီး၊ တချို့က ဆိုရှယ်လစ်ဝါဒရှေ့က ‘မြန်မာ’ ထဲ့ထားတာကို တွေ့ရတော့ ထူးဆန်းတယ်လို့ အောက်မေ့ပါတယ်။ မြန်မာမျိုးချစ်ပုဂ္ဂိုလ် ‘မစ္စတာရှစ်ချက်ဗောကာ’ တို့စတဲ့ နာမည်မျိုး ကြားလိုက်ရသလိုပါပဲ။ ပြုံးရမလို ငိုရမလို။ မြန်မာ့ကွန်မြူနစ်လမ်းစဉ်တို့ ဝေါဟာရ ပေါ်အုံးမလား မသိ။ ပေါ်လာရင်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို ဖြစ်မှာ စိုးရပါတယ်။

          ဗမာစာပေလောကမှာ နိုင်ငံရေးစာပေဆိုတာက ခပ်ရှားရှားပါ။ အစောဆုံးနိုင်ငံရေးသိပ္ပံကျမ်း ဆိုတာကို ပြောရရင် ကုန်းဘောင်ခေတ်နှောင်း မန္တလေးရတနာပုံခေတ်မှာ ပေါ်ပေါက်တဲ့ ‘ရာဇဓမ္မသင်္ဂဟကျမ်း’ ကိုပဲ ပြရမယ် ထင်ပါတယ်။ ‘ရာဇောဝါဒ’ ဆိုတာလဲ နိုင်ငံရေးကျမ်းပဲ ခေါ်ရမလား မသိ။ ရာဇဓမ္မသင်္ဂဟကျမ်းကို စာရေးဆရာကြီး မောင်ထင် တည်းဖြတ်ထုတ်ထားတာ ရှိပါတယ်။ နိုင်ငံရေးစာပေလေ့လာရှင် ဆရာကြီးမောင်ထင် တည်းဖြတ်တဲ့စာအုပ်ကို မုချ ဖတ်ကြရမယ် ထင်ပါတယ်။ တဆက်တည်း ပြောရရင် ဆရာကြီးမောင်ထင် ပြုစုတဲ့ ‘နိုင်ငံရေးသုခမိန်’ ဆိုတဲ့ကျမ်းကိုလဲ အတော်ကောင်းတဲ့ နိုင်ငံရေးသိပ္ပံကျမ်းလို့ ဆိုချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအမြင်ကို ဖွင့်ဆိုပြရာမှာ တခုတည်းသော စာအုပ်ဖြစ်ပါတယ်။

          မြန်မာနိုင်ငံရေးအထူးနိုးကြားခဲ့တာကတော့ နဂါးနီစာအုပ်အသင်း ပေါ်ပေါက်တဲ့ခေတ်၊ သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စတဲ့ နိုင်ငံရေးသမားများ ပေါ်ထွန်းတဲ့ခေတ်လို့ ဆိုရမယ် ထင်ပါတယ်။ နိုင်ငံရေးကို ယုံကြည်ချက်သဘောတရားစာဖြင့် ဖော်ထုတ်လာတာ နဂါးနီခေတ်ပါပဲ။ ဆိုရှယ်လစ်ဝါဒ၊ ဘုံဝါဒ၊ ဓနရှင်ဝါဒ၊ အင်ပါယာချဲ့ (နယ်ချဲ့) ဝါဒ ၊ ပြည်သူ့အာဏာ စတဲ့ ဝေါဟာရတွေနဲ့ သဘောတရားလေ့လာမှုတွေဟာ နဂါးနီစာအုပ်အသင်း တည်ထောင်လှုပ်ရှားခဲ့တဲ့ ၁၉၃၇-၃၉ ခုနှစ်များအတွင်းမှာ အထူးထင်ရှား ခေတ်စားလာခဲ့ပါတယ်။ နိုင်ငံရေးဆိုတာ ဝါဒသဘောတရားသက်သက် သီးခြားလေ့လာတာထက် သမိုင်းနောက်ခံတွေနဲ့ လေ့လာမှ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ ဒါကိုသိလို့ နဂါးနီစာအုပ်အသင်း တည်ထောင်သူတွေက သမိုင်းစာအုပ်တွေကိုလည်း ထုတ်ဝေပေးပါတယ်။ သမိုင်းစာပေတမျိုးဖြစ်တဲ့ အထ္ထုပ္ပတ္တိစာအုပ်တွေကိုလဲ ပြုစုထုတ်ဝေပေးကြပါတယ်။

          ဖေဘီယန်ဦးဘခိုင်ရဲ့ ‘မြန်မာပြည်နိုင်ငံရေးရာဇဝင်’ လို သမိုင်းစာအုပ်၊ တက်ဘုန်းကြီးသိန်းဖေခေါ် ဦးသိန်းဖေမြင့်ပြုစုတဲ့ ‘သူပုန်စာရေးဆရာကြီး ဦးလွန်း ခေါ် ကဗျာစာဆိုကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အထ္ထုပ္ပတ္တိ’ စာအုပ်မျိုးတွေ ဆက်တိုက်ထုတ်ပေးပါတယ်။ ပြင်သစ်အရေးတော်ပုံ၊ ပဲရစ်အရေးတော်ပုံ၊ အိုင်းရစ်အရေးတော်ပုံ၊ မိုက်ကယ်ကောလင်း၊ ဟိုဇေရီဇော်၊ လီနင်၊ လင်ကွန်း စတဲ့ နဂါးနီစာအုပ်တွေဟာ လူငယ်မျိုးချစ်တွေကို ‘မျက်ကန်းမျိုးချစ်’ တွေ မဖြစ်စေဘဲ နိုင်ငံရေးအမြင်ရှိတဲ့ မျိုးချစ်တွေ ဖြစ်စေခဲ့ပါတယ်။

          နိုင်ငံရေးသိပ္ပံလို့ ဆိုနိုင်တဲ့ စာအုပ်တွေ အများကြီး မရှိပေမယ့်၊ ရှိသလောက်ထဲက အကြိုက်ဆုံးကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းပေါင်းချုပ်ပါပဲ။ စာပေဗိမာန်စာအုပ်တိုက်မှာ ဦးထင်ကြီးတို့ ရှိစဉ်က စီစဉ်ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ဆိုလိုပါတယ်။ ဒီမိုကရေစီ၊ နိုင်ငံရေး၊ နိုင်ငံရေးပါတီ၊ ဖက်ဆစ်၊ နယ်ချဲ့၊ လူတန်းစား စတဲ့ နိုင်ငံရေးဝေါဟာရ၊ နိုင်ငံရေးသဘောတရားတွေကို ဗမာ့နိုင်ငံရေးနောက်ခံကားများနဲ့ ခင်းကျင်းရှင်းလင်းထားတာတွေ ပါရှိပါတယ်။ ဒါဖတ်ပြီးမှ နိုင်ငံရေးလုပ်ပါလို့ ပြောလိုက်ချင်ပါရဲ့။

မောင်စွမ်းရည်၊ ၂၀၁၄၊ ဇန်နဝါရီ ၁။ နယူးယောက်