Breaking News

ဧရာ(မန္တလေး) - ဗောဇ္ဈင်္ဂသုတ် ပရိတ် - Healing Mantra



ဧရာ(မန္တလေး) - ဗောဇ္ဈင်္ဂသုတ် ပရိတ် - Healing Mantra

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၀

ရောဂါတွေကို ကုတဲ့အခါ ရောဂါ ဖြစ်တဲ့ အစိတ်အပိုင်းကို ခွဲစိတ် ဖြတ်ထုတ် ပစ်လိုက်တာ၊ ဝင်လာတဲ့ ပိုးကို သတ်ပစ်လိုက်တာ စသဖြင့် ရောဂါကို ထိပ်တိုက် ကုသတာမျိုးလည်း ရှိတယ်။

တခါတလေမှာတော့ ရောဂါကို ခန္ဓာကိုယ်က သူ့ဟာသူ ကုစားစေပြီး၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကို အားကောင်းအောင် အထောက်အပံ့ပေးမယ့် ဆေးဝါးနဲ့ ဓာတ်စာတွေကိုပဲ ပေးပြီး ကုတာမျိုးလည်း ရှိတယ်။

ဆေးပညာ မထွန်းကားသေးတဲ့ ရှေးခေတ်တုန်းကတော့ လူတွေက ဒုတိယနည်းက ပိုပြီး အားကိုးကြရတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဓာတ်စာဆေးဝါးတွေနဲ့ ကုသတဲ့ ဒုတိယနည်းကလည်း ပြန်ပြီး ခေတ်စားလာတယ်။

အချို့ကလည်း ဒီဓာတ်စာ ဖြည့်စွက်စာတွေက ထူးထူးခြားခြား အစွမ်းထက်လှတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဆေးတွေကို ယုံကြည်တဲ့ စိတ်ရဲ့ placebo effect ကြောင့်သာ ရောဂါတွေ ပျောက်သွားတာလို့ ဆိုတယ်။ Placebo effect ရဲ့ ဆန့်ကျင်ဖက်ကို Nocebo effect လို့ ခေါ်တယ်။ ကင်ဆာလို ရောဂါ ကြီးကြီးမားမားရတဲ့ လူနာ အတော်များများက စိတ်ဓာတ်ကျပြီး အားလျော့လိုက်တဲ့ အတွက် ဆေးမတိုးတော့ဘဲ မသေသင့်ဘဲ သေကြရတယ်လို့ ဆိုတယ်။ စိတ်ဖိစီးမှုကြောင့် ရောဂါ ရနိုင်တယ်လို့ ယုံကြည်သူတွေက စိတ်ဖိစီးမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေနဲ့ ဆုံးပါးရတာ များတယ်လို့ ဆိုတယ်။ ဦးနှောက်က တကယ့် လက်တွေ့အခြေအနေကို မသိဘူး၊ စိတ်ကပြောတဲ့ အတိုင်း လိုက်လုပ်ရတယ်။ ဥပမာ တကယ့် အန္တရာယ် မဟုတ်တာကို အန္တရာယ်လို့ ကြောက်စိတ် ဝင်ရင်လည်း နှလုံးခုန်နှုန်း, အသက်ရှူနှုန်းတွေ မြန်လာမယ်, ဇော ချွေးတွေ ပြန်လာမယ်။ ဒါကြောင့် စိတ်ကို တည်တည် ငြိမ်ငြိမ် အေးအေး ချမ်းချမ်း ထားတတ်မယ်၊ ပျော်ပျော် ရွှင်ရွှင် နေတတ်မယ် ဆိုရင် ရောဂါဆိုးတွေ ဝင်လာမှာ မဟုတ်ဘူး၊ ဝင်လာခဲ့ရင်လည်း ခန္ဓာကိုယ်က သူ့ဟာသူ ကုစားသွားနိုင်လို့ ဆိုတယ်။ Biology of Belief လို့ခေါ်တဲ့ စာအုပ်ကို ရေးခဲ့တဲ့ ပါမောက္ခ Bruce Lipton ကလည်း ဒီသဘောမျိုးကို ပြောခဲ့တယ်။

ရှေးခေတ် သမားတော်တွေက မန္တန် စုတ်ထိုးပြီး ကုသလို့ပျောက်တယ် ဆိုတာလည်း Biology of Belief ကြောင့်လို့ ဆိုနိုင်တယ်။ မမာမကျန်း ဖြစ်ရင် ဗုဒ္ဓဘာသာဝင်တွေ ရွတ်လေ့ရှိတဲ့ “ဗောဇ္ဈင်သုတ်” ပရိတ်ရဲ့ အစွမ်းကလည်း ဒီသဘောမျိုး ဆန်ဆန်ပါပဲ။ ဗောဇ္ဈင်သုတ် ပရိတ်အမွမ်းမှာ “ဆေးဝါးနဲ့ တူတဲ့ အန္တရာယ်ကင်း မန္တန်” (ဩသဓဉ္စ ဣမံ မန္တံ) လို့ ညွှန်းထားတယ်။

ဗောဇ္ဈင်သုတ်ရဲ့ နောက်ပိုင်းမှာ အရှင်မဟာကဿပ, အရှင်မဟာမောဂ္ဂလာန်နှင့် ဘုရားရှင် ကိုယ်တော်တိုင် ဗောဇ္ဈင် ခုနှစ်ပါးတရားကို နားကြားနှလုံးသွင်းရင်း ရောဂါတွေ ပျောက်ကင်းသွားတယ် ဆိုတဲ့ အကြောင်းကို ယုံကြည်မှု သဒ္ဓါတရား ဖြစ်အောင် (testimonial သဘောမျိုး) ထည့်ပြီး ရေးထားတယ်။ ဒီအကြောင်းအရာတွေကို မဟာဝဂ္ဂသံယုတ်ပါဠိတော် ဂိလာနဝဂ်မှာ လာတဲ့ သုတ် သုံးသုတ်နဲ့ မှတ်တမ်းတင်ထားတယ်။ ဒါကို အကျဉ်းခြုံးပြီး “ဗောဇ္ဈင်သုတ်” ပရိတ် အဖြစ် ရှေးဆရာတော်တွေက စီစဉ် ရေးသားခဲ့တာပါ။

“ဗောဇ္ဈင်္ဂ” ဆိုတာက သစ္စာလေးပါးကို သိမြင်တဲ့ ဗောဓိဉာဏ်ရဲ့ (တနည်း သမ္ဗောဓိဉာဏ်ရဲ့) အင်္ဂါ အစိတ်အပိုင်း (ဗောဓိ + အင်္ဂ) လို့ အဓိပ္ပါယ်ရပါတယ်။ သတိ (အမှတ်သတိ), ဓမ္မဝိစယ (တရားသဘောတို့ကို စုံစမ်းဆင်ခြင်မှု), ဝီရိယ, ပီတိ, ပဿဒ္ဓိ (ကိုယ်စိတ် ငြိမ်းအေးမှု), သမာဓိ (စိတ်တည်ကြည်မှု), ဥပေက္ခာ (ကြောင့်ကျ ဗျာပါရ ကင်းစွာ တရားသဘောတို့အပေါ် အညီအမျှထားနိုင်မှု) တို့ကို ဗောဇ္ဈင် ၇-ပါးလို့ ခေါ်ပါတယ်။

ဥကနေ ပေါက်ဖွားလာတဲ့ ငှက်ငယ်က အတောင်အလက် စုံတဲ့အခါမှာ အသိုက်မှ ပျံတက်သွားနိုင်သလိုပဲ၊ ကြိမ်ဖန်များစွာ ပွားများအားထုတ်တဲ့ ဗောဇ္ဈင် ၇-ပါးက ရင့်ကျက် ပြည့်စုံ သွားတဲ့ အခါမှာ သမ္ဗောဓိ လို့ခေါ်တဲ့ မဂ်ဉာဏ်ရဲ့ အတောင်အလက်တွေ စုံလင်ပြီး လောကုတ္တရာနယ်ကို ပျံတက်နိုင်တယ်လို့ ဥပမာ ပေးပါတယ်။ ဒါကြောင့် ဗောဇ္ဈင်ကို factors of awakening လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတာ ရှိသလို့ wings of awakening လို့လည်း ဘာသာပြန်ကြပါတယ်။

ဗောဇ္ဈင် ၇-ပါးနဲ့ အနာရောဂါ ပျောက်ကင်းမှုက ဘယ်လို ဆက်စပ်နေသလဲလို့ မေးစရာ ရှိတယ်။ ဒီမထေရ်ကြီးတွေက ဗောဇ္ဈင်တရားကို နာကြားရတဲ့ အခါမှာ အရိယသစ္စာကို ထိုးထွင်းသိမြင်စဉ်က မိမိတို့ရဲ့ သန္တာန်မှာ ဒီဗောဇ္ဈင် ၇-ပါးတရားတွေ ထင်ရှားဖြစ်ပေါ်ခဲ့တယ်ဆိုတာကို ပြန်ပြီး ဆင်ခြင်ရင်း စိတ်တွေ ကြည်လင်လာတယ်။ စိတ်ကြည်လို့ သွေးတွေ ကြည်လာပြီး မှီပြီးဖြစ်တဲ့ ဥပါဒါရုပ်တွေလည်း စင်ကြယ် သွားတယ်။ ဒီအခါမှာ ပိန်းကြာရွက်ပေါ် ရေမတင်ဘဲ လျှောကြရသလို အနာရောဂါတွေ ပျောက်ကင်းသွားတယ်လို့ အဋ္ဌကထာဆရာက ရှင်းပြပါတယ်။

ဒီနေရာမှာ ဗောဇ္ဈင် ၇-ပါးအနက်က ဝမ်းမြောက် ပီတိ ဖြစ်ခြင်း, ကိုယ်စိတ် အေးငြိမ်းခြင်း, စိတ်တည်ငြိမ်ခြင်း, ကြောင့်ကျ ဗျာပါရတွေ ကင်းဝေးပြီး စိတ်ကို ညီညွတ်တည့်မတ်စွာ ထားနိုင်ခြင်း စတဲ့ အချက်တွေက ရောဂါပျောက်ကင်းခြင်းရဲ့ အကြောင်းတရားတွေ ဖြစ်တာကို သတိပြုသင့်ပါတယ်။

ရောဂါဝေဒနာ ဖြစ်တဲ့ အခါမှာ ရောဂါပေါ် စိတ်ရောက်ပြီး တွေးတောပူပန်နေမယ့် အစား၊ ကိုယ့်ရဲ့ ဒါန, သီလ, ဘာဝနာ စတဲ့ ကုသိုလ်ကောင်းမှုတွေကို အမှတ်သတိနဲ့ စူးစိုက်ဆင်ခြင်ပြီး နှစ်သက်ဝမ်းမြောက်မှု ပီတိ, စိတ်အေးငြိမ်းမှု ပဿဒ္ဓိ စတဲ့ ဗောဇ္ဈင်တရားတွေကို ရင်ထဲမှာ ဖြစ်ပေါ် ခံစားလာနိုင်အောင် စွမ်းသလောက် ကြိုးစား အားထုတ် သင့်ပါတယ်။

ဆေးဝါးတွေနဲ့ ကုသမှု ခံယူနေသလို၊ တဖက်ကလည်း ဗောဇ္ဈင်တရား ဆိုတဲ့ ဘုရားဆေးနဲ့ပါ တွဲပြီး ကုရင် ဆေးစွမ်း ပိုပြီး ထက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။