Breaking News

ဘုန်းနိုင်လင်း - ပိုးလမ်းမကြီးပေါ်မှာ

KT#
ပိုးလမ်းမကြီးပေါ်မှာ
ဘုန်းနိုင်လင်း
(မိုးမခ) ဧပြီ ၂၊ ၂၀၂၀

မနက်ခင်းဆို...
သူ့ဆိုက်ကားကို ကလိုရင်းနဲ့ပိုးသတ်တယ်
လိုအပ်သလို
အရက်ပျံနဲ့ လက်ဆေးတယ်တဲ့၊
လူတောတိုးနေရတဲ့ ဘီးကလေးနဲ့
ခင်များတို့ ရဲ့သူရဲကောင်းလေးပေါ့။

မနေ့က ခြောက်ထောင်ရတယ်
တနေကုန် လူပါးတယ်တဲ့
တချို့ဂိတ်တွေ ဆို လူစုဝေး 
အုံနာကြေး လျော့ပေးဖို့ တောင်းဆိုနေကြသေးတယ်တဲ့။
ဒီနေ့ကိုးထောင်ရတယ်တဲ့
ပုံမှန်ရှာငွေနဲ့ဝေး လိုနေသေးသမျှ မှာ
ပိုနေတဲ့ခွန်အား ကိုယ်ခံအားအတွက်ထားပါတဲ့။

ရှင်သန်ခြင်းရဲ့အသက်
နှလုံးသားနဲ့ဆက်နိုင်သမျှ
မနက်ဖြန် တိုင်းရဲ့ လမ်းများ
တိုးထပ်စရာ လိုသေးလား။
ပိုးသတ်စရာ လိုသေးလား။

ကားဂိတ်သွားမလား
ရထားဆိပ်သွားမလား
စျေးဆိုင်သွားမလား
ဆေးဆိုင်သွားမလား
စျေးရုံ သွားမလား
ဆေးရုံ သွားမလား
ဟိုနား ဒီနား သွားမလား
ဘယ်သွားသွားအသင့်
စျေးဟောင်းဖြင့်ပါ
ကိုယ်ခံအားဖြင့် နင်းပို့နေသည်။
-
31Mar2020, TU

 01:53AM