Breaking News

နေသွင်ညိဏ်း - ကိုရိုနာ ကပ်ဘေးအပေါ် ဗုဒ္ဓဘာသာအမြင်

ကိုရိုနာ ကပ်ဘေးအပေါ် ဗုဒ္ဓဘာသာအမြင်
နေသွင်ညိဏ်း 
(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၀
(တိုင်းမ် မဂ္ဂဇင်းတွင် ဖော်ပြထားသော တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ အက်ဆေး ဖြစ်ပါသည်။)

တခါတလေ မိတ်ဆွေတွေက ဒီဘုန်းကြီးဆီလာပြီး တန်ခိုးပြခိုင်းကြတယ်။ ကမ္ဘာ့ပြဿနာတွေကို တန်ခိုးနဲ့ဖြေရှင်းပေးပါလားလို့ တောင်းပန်လာရင် ဘုန်းကြီးက ပြန်ပြောတာ ဟေ့ ဒလိုင်းလားမားမှာလည်း ဘာတန်ခိုးမှ မရှိဘူး။ ငါ့မှာသာ တန်ခိုးရှိရင် ငါ့ ခြေထောက် နာနေတာလည်း ပျောက်။ ငါ့ လည်ချောင်း နာတာလည်း ပျောက်ပြီပေါ့။ ဘုန်းကြီးတို့ အားလုံးဟာ လူတွေချည်းပဲ ဖြစ်လို့ ကြောက်စရာ၊ မျှော်လင့်စရာ၊ မသေချာမှုတွေ အားလုံး အတူတူ ကြုံတွေ့နေကြတာပါပဲ။

ဗုဒ္ဓဘာသာ အမြင်ဘက်က ကြည့်ရင် သက်ရှိအားလုံးဟာ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ ကြုံရတာ ဓမ္မတာပါပဲ။ ဒီထဲမှာ လူသားမှာ လောဘစိတ်၊ ဒေါသစိတ်၊ ကြောက်စိတ် ထိန်းချုပ်နိုင်တဲ့ အစွမ်း ရှိတယ်။ ဒီနှစ်တွေအတွင်းမှာ ဒီ ဘုန်းကြီးက စိတ်ခံစားမှုကို ပယ်သတ်နည်းတွေကို တစိုက်မတ်မတ် ဟောနေတယ်။ အရာရာကို အရှိတရားအတိုင်း၊ ရှင်းရှင်းလင်းလင်း ကြည့်ဖို့၊ ကြောက်တဲ့စိတ်၊ ဒေါသစိတ်နဲ့ မကြည့်ကြဖို့ ဟောနေတာပါ။ ပြဿနာက အဖြေရှိတယ်ဆိုရင် အဖြေကို ရအောင် ရှာရမှာပေါ့။ ဒါပေမယ့် အဖြေမရှိတဲ့ ပြဿနာကိုတော့ အချိန်ကုန် ခံပြီးတော့ စဉ်းစားနေစရာ မလိုတော့ဘူးလေ။

ဗုဒ္ဓဘာသာအမြင်အရ ကမ္ဘာတခုလုံးဟာ အညမည သဘော၊ အပြန်အလှန် မှီခိုနေရတာပဲ။ ဒါကြောင့် ဘုန်းကြီးက အားလုံးနဲ့ ဆိုင်တဲ့ တာဝန်ဆိုတာကို ဟောနေရတာပဲ။ အခုပဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပုံကို ကြည့်လိုက်ရင် လူတစ်ယောက်မှာ ဖြစ်တဲ့ အရာဟာ တခြားလူတွေလည်း မကြာခင်မှာ ဆက်ဖြစ်နေတယ်ဆိုတာကို ရှင်းနေတာပါပဲ။ ဒါပေမယ့် ကရုဏာ တရားနဲ့ စေတနာအပြုအမူလေးတွေလည်း လိုအပ်နေတယ်ဆိုတာကို သတိပေးနေတယ်။ ကိုယ့်ဖာသာ ဆေးရုံ ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ တစ်ကိုယ်တည်း သီးသန့် နေထိုင်တာပဲ ဖြစ်ဖြစ် ဒါဟာ လူအများကို ကူညီရာရောက်တာပဲ မဟုတ်ဘူးလား။

ဝူဟန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်လို့ သတင်းတွေစကြားကတည်းက တရုတ်ပြည်က မိတ်ဆွေသင်္ဂဟ ဆွေမျိုးမောင်နှမတွေရော၊ တခြား ဒေသက လူတွေအတွက်ပါ မေတ္တာပို့နေပါတယ်။ အခုဆိုရင် ဒီဗိုင်းရပ်စ် မကူးစက်နိုင်တဲ့ လူလည်း မရှိဘူးဆိုတာ မြင်နေရတာပဲ။ ကိုယ့်ရဲ့ချစ်သူခင်သူတွေ၊ မိမိတို့ရဲ့ရှေ့ရေးအတွက် တွေးပူကြတယ်။ ကိုယ့်အိမ်တွက် ပူရ၊ ကမ္ဘာ့စီးပွားရေးအတွက် ပူရပေါ့။ ဒါပေမယ့် ဆုတောင်းတာ တစ်ခုတည်းနဲ့တော့ မရတော့ဘူးနော်။

ဒီကပ်ဘေးက လူတွေ ကိုယ်စီကိုယ်စီ ကိုယ့်တာဝန် ကိုယ်ယူရမယ်ဆိုတာကို ပြနေတယ်။ သတ္တိကောင်းတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့အင်အားနဲ့ သိပ္ပံပညာရဲ့လက်တွေ့အစွမ်းနဲ့ ဒီအခြေအနေကြီးကို ပြောင်းပြန်လှန်ပြီးတော့ ရှေ့ အနာဂတ်မှာ ဒီလို ပြဿနာမျိုးတွေ ထပ်မဖြစ်အောင် စုပေါင်း ကာကွယ်ကြရမယ်။
အခုလို အကြောက်တရားကြီးစိုးတဲ့ အချိန်မျိုးမှာ အားလုံးအတွက် ရေရှည် ပြဿနာတွေကိုလည်း စဉ်းစားကြဖို့ အရေးကြီးလာတယ်။ အာကာသကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် ဒီကမ္ဘာကြီးဆိုတာ ဘာနယ်နိမိတ်မှ မရှိတဲ့ ဂြိုလ်ပြာကြီး တစ်လုံးပါပဲ။ ဒါကြောင့် အားလုံးက ဒီကမ္ဘာကြီး မပျက်စီးရအောင် ဂရုစိုက်ဖို့လိုတယ်။ ရာသီဥတု ပြောင်းလဲမှုလိုမျိုး၊ တခြား အဖျက်အင်အားတွေနဲ့ မကြုံအောင် ဂရုစိုက်ရမယ်။ ဒီကမ္ဘာမှာ အားလုံး အတူတူ၊ ညီညီညွတ်ညွတ် ရှိမှပဲ မျှော်လင့်မထားတဲ့ ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်မယ်ဆိုတာကိုလည်း ဒီ ကူးစက်ရောဂါ ဘေးကြီးက သတိပေးနေပါတယ်။

ဘယ်သူမှ ဒုက္ခသစ္စာကနေ မလွတ်မြောက်နိုင်ဘူးဆိုတာကိုလည်း လူတိုင်း မမေ့ကြဖို့ လိုပါတယ်။ နေစရာ အိမ်မရှိသူတွေ၊ ခိုကိုးရာမဲ့သူတွေ၊ မိသားစုမရှိသူတွေကို တတ်နိုင်သလောက်ကူညီရမယ်။ အကာအကွယ်ပေးရမယ်။ လူတွေဟာ ဘယ်မှပဲ နေနေ တစ်ယောက်နဲ့ တစ်ယောက် မကင်းနိုင်ဘူးဆိုတာကို ဒီကပ်ဘေးက ပြသနေပါတယ်။ ဒါကြောင့် အားလုံးဟာ မေတ္တာ ကရုဏာနဲ့ ကူညီကြဖို့ ဝတ္တရား ရှိပါတယ်။

ဗုဒ္ဓဘာသာရဟန်းတစ်ပါး အနေနဲ့ မမြဲခြင်းတရား (အနိစ္စ) ကို နှလုံးသွင်းထားပါတယ်။ နောက်ဆုံးမှာတော့ ဒီဗိုင်းရပ်စ်ပိုးမွှားလည်း ပျောက်ကွယ်သွားမှာပါပဲ။ ဒီ ဘုန်းကြီးရဲ့သက်တမ်း တလျှောက်မှာ စစ်ပွဲတွေ၊ ဆိုးရွားတဲ့ ဒုက္ခတွေ အများကြီး ကြုံခဲ့ရပြီး ပျောက်ကွယ်သွားသလိုပေါ့လေ။ အဲဒီအချိန်ကျရင် အရင်လိုပဲ ကမ္ဘာ့အသိုင်းအဝိုင်းဆိုတာကို ပြန်လည် တည်ဆောက်ကြဖို့ အခွင့်အရေးကို ပြန်ရကြမှာပါပဲ။ ဒါကြောင့်အားလုံး ဘေးကင်းကင်းနဲ့ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းကြဖို့ မျှော်လင့်ပါတယ်။ အခုလို မရေရာတဲ့ အချိန်မှာ မျှော်လင့်ချက် မဲ့မသွားကြဖို့နဲ့ စေတနာနဲ့ အပြုသဘောဆောင်ရွက်နေကြသူတွေအပေါ်မှာ ယုံကြည်စိတ်ချဖို့ဟာ အရေးကြီးပါတယ်။

'Prayer Is Not Enough.' The Dalai Lama on Why We Need to Fight Coronavirus With Compassion
-