Breaking News

ဧရာ(မန္တလေး) - ကိုရိုနာဗိုင်းရပ်စ် တိုက်ပွဲနှင့် အမျိုးသမီးခေါင်းဆောင်များ



ဧရာ(မန္တလေး) - ကိုရိုနာဗိုင်းရပ်စ် တိုက်ပွဲနှင့် အမျိုးသမီးခေါင်းဆောင်များ

(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၀

ကမ္ဘာတလွှားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို ထိန်းချုပ်နှိမ်နင်းတဲ့ တိုက်ပွဲတွေမှာ အမျိုးသမီး ခေါင်းဆောင်တွေရဲ့ စွမ်းဆောင်ရည်က ထူးခြားထက်မြက်တာကို ကမ္ဘာက အသိအမှတ်ပြုကြရတယ်။ ဒီအမျိုးသမီး ခေါင်းဆောင်တွေရဲ့ တူညီတဲ့ တုန့်ပြန်ပုံတွေကို Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။

🔹 အမှန်တရားကို မဖုံးကွယ်ခြင်း

ဂျာမနီဝန်ကြီးချုပ် မာကယ်လ်က ဒီကပ်ရောဂါက တိုင်းပြည် လူဦးရေရဲ့ ၇၀% လောက်ထိ ကူးစက်နိုင်လို့ အရေးတကြီး ဆောင်ရွက်ဖို့လိုတယ်ဆိုတာကို အစောကြီးကတည်းက တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်ကို ချပြခဲ့တယ်။ တကယ်လည်း အရေးပေါ်အဆင့်ထားပြီး အစီအမံတွေကို ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တယ်။ နိုင်ငံရဲ့ အဓိက ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ၊ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဘာသာရေး, လူမှုရေး ပွဲတွေကို စောစောစီးစီး ကတည်းက ပိတ်ပစ်ခဲ့တယ်။

🔹 ပြတ်သား မြန်ဆန်သည့် ဆုံးဖြတ်ချက်

ဒီကပ်ရောဂါကို ထိန်းချုပ်ဖို့ အတွက် ပထမဆုံးနဲ့ အမြန်ဆုံး တုန့်ပြန်ဆောင်ရွက်ခဲ့တာကတော့ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ပါ။ ဇန်နဝါရီလ ကူးစက်မှု အသစ်ဖြစ်နေပြီဆိုတဲ့ အရိပ်အခြေတွေ့ကတည်းက ကူးစက်မှု ပြန့်မလာအောင် ထိန်းချုပ်မယ့် အစီအမံပေါင်း ၁၂၄ ခုကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့တယ်။ အစောပိုင်းကတည်းက ပူးပေါင်းဆောင်ရွက်ဖို့ WHO ကို ဆက်သွယ်ခဲ့ပေမယ့် တရုတ်ဩဇာ မကင်းတဲ့ WHO က ထိုင်ဝမ်ကို သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် မပြုတဲ့ အတွက် သတင်းအချက်လက်တွေကို ထုတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်။ ဒါပေမယ့် ထိုင်ဝမ်က ရောဂါကူးစက်မှုကို အံဩစရာ ကောင်းလောက်အောက် ထိန်းချုပ်နိုင်ခဲ့လို့ ကမ္ဘာက အသိမှတ်ပြု ချီးကျူးရတယ်။

နယူးဇီလန်မှာလည်း ရောဂါကူစက်စ အချိန်မှာကတည်းက ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒင်က အလွန် ပြတ်သားပြီး (အဲဒီအချိန်အနေနဲ့ ပြောရရင်) အလွန်လည်း တင်းကြပ်တယ်လို့ ဆိုနိုင်တဲ့ ပိတ်ဆို့မှုတွေကို လုပ်ခဲ့ပါတယ်။ မတ်လ ၂၀-ရက်ကစပြီး နိုင်ငံခြားတွေကို ပြည်ဝင်ခွင့် ပိတ်ခဲ့ပြီး၊ နိုင်ငံကို ပြန်လည်ရောက်လာတဲ့ သူတွေကို ကိုယ်တိုင်သီးခြားနေတာမျိုး မဟုတ်ဘဲ ၂-ပတ်ကြာ ကွာရန်တင်း ဝင်စေခဲ့တယ်။ ခေါင်းဆောင်တိုင်းက ညွှန်ကြားချက်တွေ ပေးကြတယ် ဆိုပေမယ့်၊ ခေါင်းဆောင်ကောင်းတွေက ‘ညွှန်ကြားချက်’ ပေးရာမှာ ‘ကိုယ်ချင်းစာနာစိတ်’ အပြည့်ရှိပြီး၊ ဘာကြောင့် လိုက်နာကြရမယ် ဆိုတဲ့ ‘ရည်ရွယ်ချက် အဓိပ္ပါယ်ပေါ်လွင်’ တဲ့ ညွှန်ကြားချက်မျိုးကို ပေးလေ့ရှိပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေက ပြတ်သားရုံသာမက သူ့ရဲ့ လမ်းညွှန်ချက်တွေက ဒီအရည်အချင်းတွေနဲ့ ပြည့်စုံတယ်လို သုံးသပ်သူတွေက ချီးမွမ်းကြတယ်။

🔹 နည်းပညာကို အသုံးချမှု

နိုင်ငံအတော်များများမှာ ရောဂါလက္ခဏာ ရှိသူတွေကိုပဲ ရောဂါရှိမရှိ စမ်းသပ် စစ်ဆေးပေးနိုင်ကြပေမယ့်၊ အိုက်စလန်နိုင်ငံမှာတော့ နိုင်ငံသားတိုင်း ရောဂါရှိ-မရှိ အခမဲ့ စစ်ဆေးနိုင်အောင် စီမံပေးခဲ့တယ်။ နိုင်ငံလူဦးရေအချိုးအဆနဲ့ ပြောရရင် တောင်ကိုရီးယားနိုင်ငံထက် ၅-ဆ လောက်ပိုပြီး စစ်ဆေးနိုင်တယ် လို့ပြောလို့ရတယ်။ ရောဂါကူးစက်သူနဲ့ ထိတွေမှုတွေကို ခြေရာခံရာမှာလည်း အလွန်စိစပ်သေခြာပြီး ထိရောက်တဲ့ အတွက် အသွားအလာ ပိတ်ဆို့တာ၊ ကျောင်းပိတ်တာတွေ လုပ်စရာ မလိုခဲ့ဘူး။

ဒီဇင်ဘာလကမှ ရွေးကောက်ခံရပြီး တက်လာခဲ့တဲ့ ကမ္ဘာ့ အငယ်ဆုံး ဖင်လန် ဝန်ကြီးချုပ် စန်န မာရင်တော့ ရောဂါတိုက်ဖျက်ရေးအတွက် လူမှုကွန်ယက်မှာ လူသိများပြီး ဩဇာရှိတဲ့ သူတွေကို ထိရောက်ရောက် အသုံးချခဲ့တယ်။

💞 မေတ္တာတရား

ယေဘုယျအားဖြင့် အမျိုးသမီး ခေါင်းဆောင်တွေက မိခင်စိတ်, မေတ္တာ, ကရုဏာတရားတွေနဲ့ ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။

ထူးခြားမှုတခု အနေနဲ့ နော်ဝေး ဝန်ကြီးချုပ် အာနာဆိုးလ်ဘတ်က ရုပ်သံကနေ တဆင့် နိုင်ငံက ကလေးသူငယ်တွေနဲ့ တွေ့ဆုံ အမေးအဖြေလုပ်တဲ့ အစီအစဉ်တခုကို လုပ်ခဲ့ပါတယ်။ ကလေးငယ်တွေရဲ့ “မွေးနေ့ပွဲ လုပ်လို့ရလား”, “ကာကွယ်ဆေးရဖို့ ဘယ်လောက် စောင့်ရဦးမှာလဲ”, “ဘယ်တော့မှ သူငယ်ချင်းတွေနဲ့ ဖက်လှဲတကင်း နေလို့ရမလဲ”, “ဘယ်တော့ အဖိုးအဖွားတွေဆီကို အလည်သွားလို့ ရမလဲ” စတဲ့ မေးခွန်းတွေကို ဖြေပေးခဲ့တယ်။

အမျိုးသမီး ခေါင်းဆောင်တွေရဲ့ လူထုနဲ့ ဆက်ဆံပုံက သူတို့ရဲ့ ကရုဏာ လက်အစုံက ရုပ်သံမှန်သားပြင်ကနေ ထွက်လာပြီး နွေးနွေးထွေးထွေး ပွေးဖက်သလို ခံစားကြရတယ်။ ဒါပေမယ့် အချို့ အာဏာရှင် ခေါင်းဆောင်တွေကတော့ ဒီကပ်ဘေးကို အခွင့်ကောင်းယူပြီး အခြားသူတွေကို အပြစ်ပုံချကြတယ်၊ မီဒီယာတွေကို မကောင်းဆိုးဝါးသဖွယ် ဖြစ်အောင်လုပ်ပြီး၊ ကိုယ့်ဂုဏ်ကို ဖော်တဲ့ ဝါဒဖြန့်စစ်ဆင်ရေးတွေ လုပ်တယ်၊ ထောက်လှမ်းရေးတွေကို တိုးမြှင့်ပြီး ပြည်သူတွေကို စောင့်ကြည့်တယ်၊ အလွန်တင်းကြပ်တဲ့ ပြစ်ဒဏ်တွေကို ပြဋ္ဌာန်းကြတယ် လို့ဆိုပါတယ်။

❓ဒီအမျိုးသမီး ခေါင်ဆောင်တွေဆီက ဘယ်လို သင်ခန်းစာမျိုးတွေ ယူနိုင်သလဲ။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုဗစ်-၁၉ တိုက်ပွဲ ဦးဆောင်မှုကိုရော သင်ဘယ်လို ထင်မြင်ယူဆပါသလဲ ...။

Ref,
Avivah Wittenberg-Cox, "What Do Countries With The Best Coronavirus Responses Have In Common? Women Leaders", Forbes, Apr 13, 2020