Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၄





လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၄

(မိိုးမခ) ဧပြီ ၇၊ ၂၀၂၀

နှာခေါင်းစည်းပြဿနာ

က။ နှာခေါင်းစည်း တပ်သင့် မတပ်သင့်

နှာခေါင်းစည်းတပ်ထားရင် ကူးစက်ခံရမှုက အသေအချာ ကာကွယ်နိုင်မယ် လို့ ဘယ်ပညာရှင်ကမှ ဆိုမထားပါဘူး။ သိပွံနည်းကျ သုတေသနလုပ်ထားတာလည်း မရှိသေးပါဘူး။ ဒါပေမဲ့ လူသားသမိုင်းတလျှောက် ပေါ်ခဲ့တဲ့ရောဂါအမျိုးမျိုးကို အစပိုင်းတွေမှ ာဆေးမြီးတို အစုံနဲ့ ကုခဲ့ကြရတာပါ။ သိပွံပညာတွေထွန်းကားလာမှ စနစ်တကျ ဆေးဝါးဖော်စပ်မှုတွေ၊ ဆေးကုထုံးတွေ ပေါ်ပေါက်လာရတာပါ။
အခု ကိုဗစ်(၁၉) ဟာ ဗိုင်းရပ်ပိုးအသစ်ပါ။ ဒီတော့ ဒီရောဂါပိုးအကြောင်း စနစ်တကျ ဘယ်သူမှ မသိသေးလေတော့ စမ်းတဝါးဝါး ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုး လုပ်ကြရတာပါပဲ။

တရုတ်ပြည်မှာက ဆားစ်ရောဂါ ၂၀၀၃ခုနှစ်မှာ ဖြစ်ကတည်းက လက်ဆွဲ နှုတ်မဆက်ရဘူး၊ နှာခေါင်းစည်းတပ်ရမယ် စတာတွေကို မလိုက်နာ မနေရ သတ်မှတ်ဖူးတော့ လူတွေက ကျင့်သားရနေပါပြီ။ နှစ်စဉ်ဆောင်းတွင်းဝင်ပြီဆိုရင် သက်ကြီးရွယ်အိုတွေ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်တာ အကျင့်ဖြစ်နေကြပါပြီ။ ကျောင်းတွေမှာလည်း ပညာပေးထားလို့ ကလေးတွေက နှာစေးချောင်းဆိုးဖြစ်ရင် (မိမိကြောင့် သူများမထိခိုက်စေဖို့) နှာခေါင်းစည်းတွေ တပ်ပြီး ကျောင်းတက်ကြပါတယ်။

လူတွေကအကျိုးရှိတယ် လို့ ထင်လို့ ဒီနှာခေါင်းစည်းတပ်တာကို အလေ့အကျင့်ကောင်းအဖြစ် လက်ခံကြပါတယ်။ ဒါပေမဲ့ သာမန်အချိန်တွေမှာတော့ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။

အခုဒီ ကိုးဗစ်၁၉ ကပ်ရောဂါတိုက်ဖျက်ရေး စတင်ချိန် ဖေဖော်ဝါရီလဆန်းကစလို တရုတ်ပြည်မှာ အပြင်ထွက်ရင် (တချို့အိမ်ထဲမှာ ကန့်သတ်နေရရင်) နှာခေါင်းစည်း မဖြစ်မနေ တပ်ရပါတယ်။ ရပ်ကွက်အဝင်အထွက်တွေမှာ ရပ်ကွက်ကော်မတီများက စောင့်ကြပ်ကြည့်ရှုနေပြီး နှာှခေါင်းစည်း တပ်မထားသူများကို အဝင်အထွက်ခွင့်မပြုပါဘူး။

ဒါပေမဲ့ လူတွေက ဒီလိုရောဂါမျိုး အကြီးအကျယ်ဖြစ်နေချိန်ဖြစ်တော့ ကြောက်ကြောက်လန့်လန့် လိုက်နာလုပ်ဆောင်ကြပါတယ်။ လက်တွေ့အရလည်း အကျိုးရှိတာမြင်လာတာတွေ ရှိပါတယ်။



အီတလီက အဖြစ်အပျက်တခုကို ပြောပြပါ့မယ်။ www.cgtn.com.မှာ တင်ထားတဲ့  ဆောင်းပါးလေးတစောင်ပါ။ ခေါင်းစဉ်က ဖိုးသုညမှ သူရဲကောင်းအဖြစ်သို့ တဲ့။ From zero to hero အီတလီမှာနေထိုင်နေတဲ့ တရုတ်တဦး ရေးတာပါ။

အီတလီမှာ တရုတ်လူမျိုး သိန်းနဲ့ချီ ရှိပါတယ်။ သူတို့တတွေက အီတလီဖွား တရုတ်အနွယ်တွေ၊ တရုတ်ပညာတော်သင်တွေ၊ တရုတ်ကုမွဏီက လုပ်သားတွေ စသဖြင့်ပေါ့။ ဇန်နဝါရီလကုန်လောက်မှာ တရုတ်တွေက ပြည်မကြီးပြန်နှစ်သစ်ကူးကြပြီး အီတလီကို ပြန်ရောက်လာကြတယ်။ အဲဒီတုန်းက တရုတ်မှာ ကပ်ရောဂါစဖြစ်နေပြီ။ ဒီတော့ သူတို့ တရုတ်ပြည်မှာ လုပ်တဲ့အတိုင်း အိမ်ထဲက အိမ်ပြင်မထွက် အခန်းပုန်းတယ်။ ထွက်ဖို့လိုရင်လည်း နှာခေါင်းစည်းတပ်တယ်။ လူစုလူဝေး ရှိတဲ့နေရာတွေ ရှောင်တယ်။ တချို့အီတလီလူမျိုးတွေက ခွဲခြားဆက်ဆံတာတွေ လုပ်တယ်။ (နှာခေါင်းစည်းနဲ့ တရုတ်မလေးတချို့ ရထားပေါ်ကဆွဲချတာ ခံရတယ်။) အီတလီလူငယ်တွေ စကီးတွေသွားစီး ညပါတီပွဲတွေတက် ပျော်နေချိန်မှာ တရုတ်အားလုံး အိမ်တွင်းပုန်းနေကြတယ်။

မတ်လပိုင်းရောက်လာတော့ အီတလီမှာ ကမ္ဘာပျက်နေပြီ။ တရုတ်က အေးဆေးပဲ။ ပရာထို(Prado)ဆိုတဲ့မြောက်ပိုင်းကမြို့လေးမှာ တရုတ်ရပ်ကွက် (လူ ၅၀,၀၀၀) ရှိတယ်။ မြို့လူဦးရေရဲ့ ၂၅%။ တယောက်မှရောဂါမဖြစ်ဘူး။ မြို့ပျက်မတတ် ရောဂါတွေဖြစ်လာတဲ့အခါ ဒီအချက်က သိပ်ထင်ရှားတဲ့အတွက် တရုတ်တွေ သူရဲကောင်းတွေ ပြန်ဖြစ်လာကြတယ် ... တဲ့။

တရုတ်ဝက်ဘ်ဆိုက်တွေ အစောကြီးကတည်းက တင်နေတဲ့ ဆောင်ရန်ရှောင်ရန်တွေကို အခုမှ အလုအယက်ဖတ်ကြ အပြန်အလှန်မေးကြ၊ ဆွေးနွေးကြတွေ  လုပ်လာသတဲ့။

တရုတ်အစိုးရရဲ့ ကောင်းမှုလည်း ပါပါတယ်။ မတ်လလယ်လောက်ကတည်းက တရုတ်ပြည်က ဆေးအဖွဲ့တွေ ဆေးဝါးပစ္စည်းတွေ အချိန်မီပို့ပေးတဲ့အချက်ကလည်း အီတလီရောက် တရုတ်တွေအတွက် မျက်နှာကောင်းရစေပါတယ်။

အခုတော့ အီတလီသားတွေ နှာခေါင်းစည်းတွေ တပ်နေကြပြီ ... တဲ့။



ခ။ နှာခေါင်းစည်း ဒီပလိုမေစီ - Mask Diplomacy

တရုတ်မှာ ဒီရောဂါစဖြစ်ချိန်မှာ ဆေးဝါးပစ္စည်းအများအပြား လိုအပ်ခဲ့ပါတယ်။ နှာခေါင်းစည်း ဆိုတာကလည်း ရေချိန်အမျိုးမျိုး၊ အဆင့်အမျိုးမျိုး ရှိပါတယ်။ (ဆရာမဂျူးရဲ့ “နှာခေါင်းစည်း တပ်ရမလား -  မတပ်ရဘူးလား” ဆိုတဲ့ ဆောင်းပါးမှ ာအတော်ပြည့်ပြည့်စုံစုံရေးထားပါတယ်။)

တရုတ်က သူ့စက်ရုံတွေကိုလည်း ပြန်လည်လည်ပတ်စေပြီး လိုအပ်တာတွေကို ထုတ်လုပ်စေခဲ့ပါတယ်။ တချိန်တည်းမှာ နိုင်ငံခြားတိုင်းပြည်များက လှူဒါန်းကြတာတွေကိုလည်း အလွန်ကျေးဇူးတင်စွာဖြင့် လက်ခံခဲ့ကြပါတယ်။

မတ်လဆန်းလောက်ရောက်တော့ တရုတ်က ရောဂါအရှိန်သတ်လာပြီး ကမ္ဘာတဝန်းမှာတော့ အရှိန်တက်လာပါတော့တယ်။ ဒီတော့ တရုတ်က အတုံ့အပြန်ရှိသင့်တယ် ဆိုပြီး တခြားနိုင်ငံတွေကို လှူနိုင်တာလှူ ရောင်းနိုင်တာရောင်း လုပ်လာပါတယ်။

စက်ရုံက အများအပြား လှိမ့်ထုတ်ရတာဆိုတော့ အရည်အချင်းမမီတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် တချို့နိုင်ငံတွေက သက်ဆိုင်ရာအစိုးရချင်း မဆက်သွယ်ဘဲ ကြားပွဲစားတွေနဲ့ လုပ်ကြတော့ ပြဿနာရှိလာပါတယ်။ ဒီတော့ အနောက်တိုင်းသတင်းစာများက (သေသေချာချာ စုံစမ်းလေ့လာခြင်းလည်း မရှိဘဲ) တရုတ်က နှာခေါင်းစည်းဒီပလိုမေစီ ကျင့်သုံးတယ်။ အပေါ်ယံစေတနာရှင်ကြီး ယောင်ဆောင်ပြီး တရုတ်စက်ရုံတွေက အပေါစားပစ္စည်းတွေ ဈေးတင်ရောင်းတယ်် စတဲ့ အားမနာပတွေ ရေးလာပါတယ်။

ဒါတွေကို မတ်လ(၃၀)ရက်နေ့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ချေပပြောဆိုမှုတွေ လုပ်ပါတယ်။

တရုတ်ဘက်က မိမိပြည်တွင်းလိုအပ်မှုကိုလည်း မထိခိုက်စေဘဲ တခြားနိုင်ငံတွေက လိုအပ်တာတွေကိုစက်ရုံတွေက ၂၄ နာရီ လည်ပတ်ပြီး ထုတ်လုပ်ပေးနေရတာတဲ့။ ဒီလိုအခြေအနေမှာ အရည်အချင်းမပြည့်ဝတာတွေလည်း ရှိနိုင်ပါတယ် တဲ့။ တချို့နိုင်ငံတွေက ပစ္စည်းတွေမှာရာမှာ သံတမန်လမ်းအတိုင်းပဲ ဆက်သွယ်တယ်တဲ့။ နိုင်ငံခြားရေးဌာနအနေနဲ့ကလည်း အရည်အချင်းပြည့်ဝတဲ့ကုမွဏီများနဲ့ပဲ ဆက်သွယ်ပေးပါတယ် တဲ့။ အဲသလိုမျိုးအဆက်အသွယ်နဲ့ လုပ်ကြတဲ့ အရောင်းအဝယ်များမှာ ပြဿနာမပေါ်ပါဘူး တဲ့။ တချို့ကိစ္စတွေမှာတော့  (ဥပမာ ရောဂါပိုး ရှိ မရှိ စစ်တဲ့ ကိရိယာများ) သုံးတဲ့သူများက ညွှန်ကြားချက်အတိုင်း မလိုက်နာမှုတွေလည်း ရှိတယ် တဲ့။

တကယ်တော့ တွေ့ရှိရတဲ့ ခြွင်းချက်ကိစ္စတွေကို ယေဘုယျဖြစ်အောင် ချဲ့ကားကြတာတွေကို ပြန်ချေပတာပါပဲ။ အသက်ကယ်ဖို့ အရေးကြီးနေချိန်မှာ တရုတ်ပြည်အနေနဲ့ နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေး အတွက်ပူးပေါင်းပါဝင်ပြီး ကူညီနေမှုကို လက်တွေ့ကျကျ ကြည့်မြင်ကြပြီး သက်ဆိုင်ရာနိုင်ငံအသီးသီး အနေနဲ့လည်းနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးမှာ တတ်နိုင်သမျှပါဝင်ကြပါ ... တဲ့။

အဆုံးသတ်ကလေးမှာတော့ ဒီလိုပြောသွားပါတယ်။
ကျွန်မတို့ ရောဂါတွေ စဖြစ်စက နိုင်ငံတကာကအကူအညီတွေရစဉ်ကလည်း တချို့ပစ္စည်းဟာ အရည်အချင်း မပြည့်မီတာတွေ ရှိခဲ့ပါတယ် တဲ့။
ဒါပေမဲ့ ကျွန်မတို့ကတော့ သူတို့တတွေရဲ့ စေတနာမေတ္တာအပေါ် ယုံကြည်မှုနဲ့လေးစားမှုကို ပြသခဲ့ပါတယ် ... တဲ့။

လှကျော်ဇော

၆-၄-၂၀၂၀။