Breaking News

နေသွင်ညိဏ်း - ကျနော်ကိုယ်တိုင်သည် ဗိုင်းရပ်စ်ဖြစ်ပါသည် (အက်ဆေး)



ကျနော်ကိုယ်တိုင်သည် ဗိုင်းရပ်စ်ဖြစ်ပါသည် (အက်ဆေး)
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၁၇ ၂၀၂၀

(မိတ်ဆက်) 
လူဘယ်လောက်ကို ရောဂါကူး၊ ဘယ်လောက် ဆေးရုံတက်၊ ဘယ်လောက်သေ၊ စီးပွားရေးဘယ်လောက်ကျ စသဖြင့် ကိန်းဂဏန်းတွေက စိတ်ညစ်ညူးစရာ။ ရသတွေ ဖတ်ချင်လာပါသည်။ သို့နှင့် အက်ဆေးတွေ ရှာဖတ်ကြည့်ပါသည်။ အက်ဆေးတွေလည်း ဒီအကြောင်းတွေပင်။ ဒီထဲမှာ အီတလီက ဓာတ်ပုံ ဂျာနယ်လစ်တစ်ယောက် ရေးသောအက်ဆေးတပုဒ်က ကျနော့်ကို ဆွဲဆောင်ပါသည်။ အလက်စီယို မာမို Alessio Mamo သည် ကမ္ဘာကျော် စစ်သတင်းထောက်တစ်ဦးဖြစ်သဖြင့် သူ့ ဓာတ်ပုံများလိုပင် သူ့အရေးအသားများကလည်း အလွန်စိတ်ဝင်စားစရာကောင်းလှပါသည်။
+++++++++++++++

ကျနော့်နေအိမ် တိုက်ခန်းထဲကို ကိုဗစ် ၁၉ ရောက်နေတာ ၁၅ ရက် ရှိပါပြီ။ ကျနော်ခေါင်းရင်းနားမှာ သူ အိပ်ပြီး ကျနော် ဘေးနားကနေ အိပ်ယာထားပါသည်။ သူ့ အသက်ရူထုတ်လိုက်သော လေကို ကျနေ်ာ အသက်ပြန်ရူသွင်းပါသည်။

ဟောဒီ ကာတာနီးယားက တိုက်ခန်းကို အိမ်ရယ်လို့ ကျနော် ခေါ်ဖို့ အလွန် ဝန်လေးပါသည်။ လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း ကျနေ်ာသည် ခရီးဝေးများစွာ ထွက်ခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ၊ မြို့ပေါင်းများစွာ၊ လူတွေရဲ့ဘဝ၊ ကမ္ဘာကြီးကို ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးနေသော ပဋိပက္ခများ ပေါ်ပေါက်ရာ နေရာများကို လှည့်လည်သွားလာနေခဲ့သည်။ ဘက်ဂဒတ်မြို့၏ လမ်းမပေါ်၊ မိုဆိုးလ်မြို့၊ ကဘူးလ်၊ အမ်မန်၊ ခါတွမ်း၊ တဟီရန် တို့သာ ကျနော်၏ အိမ်ရာအစစ် ဖြစ်ခဲ့ပါသည်။

၅၀ စကွဲမီတာသာ ရှိသော ကာတာနီးယားမြို့က တိုက်ခန်းကို ကျနော် အဝတ်အစားများနှင့် ဓာတ်ပုံများ သိမ်း ဆည်းစရာ နေရာတခုလောက်သာ ထင်ခဲ့ပါသည်။ အီရတ်က ဒုက္ခသည် စခန်းတွေကို စွန့်စွားသွားခဲ့ပြီးတဲ့နောက်၊ ဆင်ဂျာက လူတွေအစုလိုက်အပြုံလိုက် မြှုပ်ထားရာ ကျင်းတွေကို မှတ်တမ်းတင်ခဲ့ပြီးနောက်မှာ၊ ဆီးရီးယားမြောက်ပိုင်းဒေသက တော်လှန်ရေးနယ်မြေတွေမှာ လူသေအလောင်းတွေတင်တင်ထား
သည့်ကားကို ကားကြုံစီးခဲ့ပြီးနောက် ဟော့ဒီတိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကမ္ဘာ့စိတ်ဝင်စားစရာ အကောင်းဆုံး အဖြစ်အပျက်တစ်ခုနှင့် တည့်တည့်တိုးရလိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားခဲ့ပါ။

ကိုရိုနာ ဗိုင်းရပ်စ်နှင့် ကျနော် နေထိုင်နေတာ မတ်လအလယ်ကတည်း ဆိုပါတော့။ ကျနော့် အမေ၊ ကျနေ့ာ်ချစ်သူ စစ်သတင်းထောက် မာတာ ဘယ်လင်ဂရီလီ၊ ကျနော့် အနီးအနားက တခြားလူတွေ သူတို့ အားလုံး ဗိုင်းရပ်စ် ကူးစက်ခံထားရပါသည်။ ကျနော်တဦးတည်းသာ ထူးဆန်းစွာ လွတ်မြောက်နေသည်။ ထူးဆန်သော ဒီလှည့်ကွက်ကို ကျနော်ကဒီလိုတွေးမိပါ
သည်။ ကိုရိုနာ ဗိုင်းရပ်စ်က ကျနော့်ကို ဒီအဖြစ်အပျက်တွေအကြောင်းမတူသောရူ့ဒေါင့်မှ မှတ်တမ်းတင်စေချင်လို့ ဖြစ်မှာပါ။ ဒါကို ကျနော်လက်ခံလိုက်ရတာလည်း အကြောင်း ရှိပါသည်။ ကျနော့် အခန်းထဲအထိ ကိုရိုနာဗိုင်းရပ်စ်ရောက်လာသောအကြောင်းက ကျနော့်၏ ဓာတ်ပုံဆရာဘဝနှင့် ထဲထဲဝင်ဝင်ပတ်သက်နေလို့ပါ။

လွန်ခဲ့သော ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မိတ်ဆွေများနှင့် မိသားစုဝင်များအတွက် ညစာစားပွဲ ပြုလုပ်ပေးခဲ့ပါသည်။ ကမ္ဘာ့သတင်းဓာတ်ပုံအဖွဲ့ကြီးက ၂၀၂၀ အတွက် ဓာတ်ပုံဆုရသူများ စာရင်းကို မကြာသေးခင်က ကြေညာခဲ့ရာမှာ ကျနော့်လည်း ဒုတိယအကြိမ် ပါဝင်ခဲ့ပြန်ပါသည်။ ဆီးရီးယား အရှေ့မြောက်ဒေသက အယ်ဟို အကျဉ်းထောင်တွင်းစခန်းထဲမှာ အိုင်အက်စ်အမျိုးသမီးတစ်ယောက်က သူ့ကလေးကိုချီပွေ့ထားသော ဓာတ်ပုံကိုဆုပေးဖို့ ရွေးချယ်ခံရတာပါ။ ထိုအချိန်မှာပင် အီတလီတွင် ကိုဗစ်လူနာဦးရေမှာ ၄ ယောက်ကနေ ၃၂၂ ယောက်အထိ ရှိလာပါသည်။ လူနာနံပါတ် ဇီးရိုးဟာ ကျနော်တို့နှင့် စားပွဲတခုတည်းမှာ ညစာအတူစားခဲ့မယ်လို့ ဘယ်သူမှထင်မှတ်မထားခဲ့ပါ။ ဂျာမနီကနေ သူ ပြန်လာတာ မကြာသေး။ ရောဂါ လက္ခဏာ မပြဘဲ ရောဂါပိုး သယ်ဆောင်ထားသူ ဖြစ်နေမှန်း သူကိုယ်တိုင်လည်း မသိခဲ့။ နောက်တနေ့မှာတော့ ကျနော်နှင့် ကျနော့်ချစ်သူ မာတာတို့ဟာ အရင်တနှစ်က ဒုက္ခပင်လယ်ဝေပြီး တော်လှန်ရေး ပေါ်ပေါက်ခဲ့ရာ နိုင်ငံဆီကို ခရီးထွက်ခဲ့ကြပါသည်။

ထိုခရီးစဉ်နှင့် လာတော့မည့် ရက်သတ္တများကို ပြောင်းလဲလိုက်မည့် တယ်လီဖုန်းခေါ်ဆိုမှုတစ်ခုဟာ နောက် ၆ ရက်် အကြာမှာ ရောက်လာပါသည်။ အီတလီနှင့် ကမ္ဘာကြီးသည် ပြောင်းလဲနေသည်။ ဂျာမဏီရှိ ကျနော့် မိတ်ဆွေတစ်ဦးလည်း ကိုဗစ် ၁၈ ကူးစက်ခံရသော သတင်းကြားရပါသည်။ အချက်ပေးသံသည် အဆက် မပြတ် မြည်လာသည်။ ညစာစားပွဲတွင် အတူရှိနေခဲ့သောသူများ ရောဂါကူးစက်ခံရခြင်း ရှိမရှိ ဆေးစစ်မှုခံယူရန်၊ သက်ကြီးရွယ်အိုများ ဆေးစစ်ဆေးမှုခံယူရန် အဆက်အပြတ်ဖုန်းခေါ်နေကြသည်။ တချို့သော မိတ်ဆွေများသည် ရောဂါကူးစက်ခံထားရသူများ ဖြစ်သွားကြသည်။ ကျနော့် မိခင်ကြီးဆို ဆေးရုံဆီ တန်းပို့ခဲ့ရသည်။ အသက် ၆၉ နှစ်အရွယ် ကျနော့်မိခင်မှာ နဂိုကတည်းက အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိခဲ့သည်။ မိခင်အတွက် စိတ်ပူရပါသည်။ ကျနော့်ကမ္ဘာလည်း အမှောင်ကျပါပြီ။

ဆူဒန်ဆီသွားသော လမ်းခုလတ်ဖြစ်သော တူရကီက အီတလီနှင့် လေယာဉ်ခရီးများကို ဖျက်သိမ်းလိုက်ပါပြီ။ တခြား နိုင်ငံများလည်း လွန်ခဲ့သော ၁၄ ရက်အတွင်း အီတလီကို ခရီးသွားခဲ့သော သူများကိုလည်း တင်းကြပ်ထားကြပါသည်။ ထိုအချိန်မှာပင် မာတာမှာလည်း ရောဂါလက္ခဏာများ ပြလာပါသည်။ ခေါင်းနည်းနည်းမူးလာ၊ အဖျားသွေး နည်းနည်းတိုးလာသည်။ ထို့ကြောင့် ဆူဒန်တွင်ရှိနေစဉ် ကျနော်တို့ တခြားလူများနှင့် မတွေ့တော့ဘဲ သီးခြားနေထိုင်လိုက်ကြသည်။

အီတလီတော့ပြန်မှ ဖြစ်မည်။ အီတလီနှင့် လေကြောင်း ခရီးစဉ် ရှိနေသေးသော အာရှမှ တဆင့် ပြန်ရတော့မည်။ နောက်ပိုင်းတွင် ဆူဒန် ကျန်းမာရေး ဝန်ကြီးဌာနက ကျနော်တို့နှင့် ဆုံခဲ့သော လူများကို ရောဂါရှိ မရှိ စစ်ဆေးခဲ့သည်။ တစ်ယောက်မှ ကူးစက်ခံရသော လက္ခဏာ မပြပါ။ သို့သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် အားလုံးကို သီးသန့်ခွဲထားခဲ့သည်။ ဆူဒန်တွင် ကိုဗစ် ၁၉ လူနာ ၆ ဦးသာ တွေ့ကြောင့် သိရသဖြင့် ကျနော်တို့ စိတ်သက်သာရာရကြပါသည်။
အီတလီ ပြန်ရောက်သည်နှင့် အရာရာသည် ထူးဆန်းနေတော့သည်။ နှာခေါင်းစည်းဝတ်ထားသူများနှင့် လူသူကင်းမဲ့သောလမ်းမများ။ ကျနော်တို့လည်း အမြန်ဆုံး ဆေးစစ်မှု ခံယူကြပါသည်။ ထို့နောက် မာတာထံ ဆရာ ဝန်ဆီက ဖုန်းဝင်လာပါသည်။
“စိတ်မကောင်းပါဘူး။ ခင်ဗျားမှာ ရောဂါကူးစက်ခံထားရပါပြီ။ မည်သည့်အကြောင်းနှင့်မှ အိမ်ထဲကနေ ထွက်ခွင့်မရှိတော့ပါဘူး။ ကိုယ်ပူချိန် ၃၈ ဒီဂရီ၊ သို့မဟုတ် အသက်ရူရခက်လာရင် ဒီဖုန်းနံပါတ်ကို ဆက်ပါ။ နားလည်ရဲ့လား။”

ကျနော့်အတွက်အဖြေက အနုပါပဲ။ မယုံနိုင်စရာပါပဲ။ ကျနော်နှင့်မာတာတို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညစာ စားပွဲကတည်းက အတူတူရှိနေခဲ့ကြတာပါ။ ယခုအထိ ဗိုင်းရပ်စ်ပိုးက ကျနော်ကို စိတ်ဝင်စားဟန်မပြပါ။ ဆရာဝန်ကလည်း အဖြေမှားထွက်တာ ဖြစ်မလား ယူဆနေပါသည်။ ဘာကြောင့်လဲဆို ကျနော့်မှာလည်း လက္ခဏာတွေ ပြနေပါပြီ။ ကိုယ့်ပူချိန် ၃၃ဒသမ၃ ဒီဂရီ ( C ) ၃၃ဒသမ၇ ဒီဂရီ ရှိလာသည်။ နောက်ဆုံးမှာတော့ ကျနော် အရင်ကလုပ်နေကြထုံးစံအတိုင်း ကင်မရာကို ဆွဲယူဖို့ သတိရသွားပါသည်။ အရင်က တခြားသူများ၏ ဝေဒနာကို ကျနော် ဓာတ်ပုံ ရိုက်ယူခဲ့သော်လည်း ယခုတကြိမ်တွင်တော့ ကျနော့် ချစ်သူ မာတာ၏ ဝေဒနာ၊ ကျနော့်၏ ဝေဒနာကို မှတ်တမ်းတင်ရပါတော့မည်။

မာတာ့ အခြေအနေ ဆိုးလာပါသည်။ အသက်ရူရခက်လာပြီး ရင်ဘတ်ထဲ ကျောက်ခဲတုံး ခုနေသလို အောင့်လာတယ်လို့ ညည်းညူရှာပါသည်။ ကျနော်လည်း သီးသန့် နေလိုက်ပါသည်။ နောက်ထပ် ၁၄ ရက်လုံးလုံး ကျနော်သည် တိုက်ခန်းထဲမှာ အကာအကွယ် ဝတ်စုံအပြည့်နှင့် မာတာနှင့် အတူ နေထိုင်ခဲ့ပါသည်။
အောက်ဆီဂျင်ပမာဏကိုစောင့်ကြည့်သော မော်နီတာစက် တစ်ခုကို ဆေးဆိုင်ကနေ မှာယူဖို့ ဆရာဝန်က အကြံပေးပါသည်။ သို့နှင့် မော်နီတာသည် အကောင်းဆုံး မိတ်ဆွေ ဖြစ်လာပါသည်။

“ အောက်ဆီဂျင် မျဉ်းက ၉၅ မှာ ဆိုလျှင် အိုကေ။ ၉၂ အောက် ကျသွားရင်တော့ ဆေးရုံကို ပြေးပေတော့။”
ကျနော့် အောက်ဆီဂျင်မျဉ်းက ၉၉၊ မာတာက ၉၈။ သို့သော် မာတာ အခြေအနေ သိပ်မဟန်ပါ။ အတွင်းခံဘောလီ ကြပ်ကြပ်ကို ဝတ်ထားရသလို ခံစားနေရတယ်လို့ ပြောပြောနေရှာသည်။ မိတ်ဆွေများက ချက်စရာ၊ ပြုတ်စရာများကို ယူလာပေးကြပြီး အိမ်တံခါးဝတွင် ချပေးခဲ့ကြပါသည်။
ကျနော်တို့၏ နေ့ရက်များကို အပူချိန်တိုင်းလိုက်၊ ကိုယ်တိုင်ဖျော်သော လိမ္မော်ရည် သောက်လိုက်၊ အပူချိန်ကို ထပ်တိုင်းလိုက်၊ ဆရာဝန်ကို ဖုန်းခေါ်လိုက်နှင့် အစီစဉ်တကျ ဖြတ်သန်းပါသည်။ အောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်းလည်း ပါဝင်ပါသည်။ ကျနော့် မိခင်ကို စကိုက်မှ ခေါ်ပါသည်။ အခုတော့ အမေလည်း အသက်ရူရတာ အရင်လောက် မခက်တော့ပါဘူး။ ကျနော်တို့ အခုတော့ ပြုံးနိုင်ကြပြီလေ။
ဆရာဝန်က ကျနော့်ကို နောက်တကြိမ် ဆေးစစ်ရန် ပြောပြန်သည်။ ဒီတကြိမ်လည်း နက္ကတစ်ပဲ အဖြေထွက်ပြန်ပါသည်။ ကျနော်ဟာ ဗိုင်းရပ်စ် ပြီးနေသော လူတစ်ယောက် ဖြစ်နေသလား။
နေ့တွေ တစ်ရက်ပြီး တစ်ရက် အခန်းထဲ တိုးဝင် ပျောက်ကွယ်သွားကြသည်။ အရာရာသည် ကျနော့် ဓာတ်ပုံတွေအတိုင်း အဖြူအမည်းတွေသာ။ ကျနော်ကိုယ်တိုင်သည် ဗိုင်းရပ်စ် ဖြစ်နေသောကြောင့်သာ ကျနော်တွင် ရောဂါလက္ခဏာမပြတာဟု ကြံဖန်စဉ်းစားကြည့်သောအခါ ကျနော်တို့ ပြုံးရယ်နိုင်ကြပါသည်။ ဒီလိုပြုံးနိုင်တာသည်ပင် သတင်းကောင်းဖြစ်လာပါသည်။ ကျနော့်အမေ ဆေးရုံမှ ဆင်းခွင့်ရသည်။ သို့သော်လည်း ရက်သတ္တပတ်အတန်ကြာအောင် တွေ့ခွင့်မရကြပါ။ မာတာလည်း အသက်ရူရတာ ပုံမှန် ပြန်ဖြစ်လာသည်။ ကျနော်လည်း အခုမှ သက်ပြင်းချနိုင်ပါတော့သည်။ တကယ်တော့ ကိုယ့်နိုင်ငံမှာ အရေးကြုံသော အခါမျိုးမှာ ကျနော် ဓာတ်ပုံရိုက်ချင်လှပါသည်။ ရှေ့တန်းစစ်မျက်နှာမှာ ဆရာဝန်များ၏ ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ပွဲ၊ ဆေးရုံများ မနိုင်ဝန်ဖြစ်သွားပြီး မမြင်ရသောရန်သူ၏ရှေ့မှောက်တွင် အီတလီ ဒူးထောက်ကျသွားပုံတွေ။ ထိုအဖြစ် အပျက်များကို မှတ်တမ်းတင်ခွင့်မရခဲ့ပါ။ ထို မမြင်ရသော ရန်သူသည် မတ်လ ရက်တစ်ရက်တွင် ကျနော် အိမ်တံခါးကိုလည်း လာခေါက်ခဲ့သောကြောင့် ဖြစ်ပါသည်။
-
https://www.facebook.com/nethwin.nyein/posts/1004636889953399 မှ...