Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၀


justgiving.com
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၀
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၀

ဧကဝီသ (၂၁ ရက်မြောက်)နေ့

ဒီနေ့ နယူးဇီလန်မှာ လူ ၂၀ ထပ်တိုးတယ်။ စုစုပေါင်း ကိုးဗစ်ကူးစက်ခံနေရတဲ့သူ ၁၀၇၈ ယောက် ရှိသွားပါပြီ။ ဟို တိုင်း ပြည်က ဟိုလိုလုပ်တယ် ဒီလူက ဒီလိုလုပ်တယ် ဒီမှာရော အဲဒီလို လုပ်ဖို့ အစီအစဥ်ရှိလားလို့ မေးတဲ့ သတင်းထောက်တွေကို ဝန်ကြီးချုပ်က ဖြေသွားတာ ကိုယ်သိပ်ကြိုက်ပါတယ်။

We don’t need to compare with others, we will do it our way.

ကျွန်မတို့သူများတွေနဲ့ ယှဥ်ကြည့်ဖို့ မလိုပါဘူး။ ကျွန်မတို့ နည်းနဲ့ ကျွန်မတို့လုပ်သွားပါမယ်တဲ့။

ကိုယ့်သဘောအရပြောရရင် ဘယ်အရာမဆို ကွက်ကွက်ကလေးပဲကြည့်ပြီး သူများလုပ်တိုင်း လိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ကိုကိုယ် နားလည်အောင် အရင် ကြိုးစား၊ ကိုယ့်မှာ ဘာတွေရှိသလဲဆိုတာ သိအောင်လုပ်၊ ဝမ်းစာဖြည့်၊ ကိုယ့်မှာဘာတွေလိုအပ်နေသလဲဆိုတာဆုံးဖြတ်၊ ပြီးတော့မှ လုပ်သင့်တာလုပ်တာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒီအယူအဆအတိုင်း ကိုယ်နေလာတာကြာပါပြီ။ ဘုရားဟောတဲ့ တရားတော်တွေနဲ့လဲ ကိုက်ညီပါတယ်။
နောက်သတင်းကြီးတစ်ခုက ရာထူးကြီးတဲ့ အထက်ပိုင်းကလူတွေ ဝန်ကြီးချုပ်၊ ဝန်ကြီးအဖွဲ့၊ စီအီးအိုတွေ ညွှန်ကြားရေးမှူးချုပ်တွေအားလုံး ၂၀ ရာခိုင်နှုန်း လစာ လျော့လိုက်ခြင်းပါပဲ။ လစာလျော့တဲ့ အထဲမှာ အပေါ်ပိုင်းက လူတွေပဲ ပါပါတယ်၊ အလယ်နဲ့ အောက်က လူတွေမပါပါဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လစာနည်းနည်းရတဲ့သူတွေကို အခွန်လျော့ကောက်တာ အရင်ကထဲကပါ။ လစာနည်းပြီး ကလေးများလို့ မစား လောက်ရင် ထောက်ပံ့ကြေး လျှောက်လို့ရပါတယ်။ လူတိုင်း လူတန်းစေ့နေနိုင်အောင် လုပ်ပေးထားတဲ့စနစ်ပေါ့။ အလွဲသုံးပြီး အစိုးရဆီက ညာတောင်းနေကြသူတွေလဲ ရှိပါတယ်။ သံသရာကျွေး မကြောက်ကြသူတွေပေါ့။ ကိုယ်ကတော့ ညာလို့ရတဲ့ ငွေ ၊ မတရားရှာလို့ ရတဲ့ငွေဟာ ပူတယ်လို့ ထင်ပါတယ်။

အဓိက စကားလုံးလေးကတော့ “equity” ပါ။ Google translate မှာ ပေးထားတဲ့အဓိပ္ပာယ်က သာတူညီမျှ တဲ့။ ကိုယ်ကြိုက်တဲ့ ဒေါက်တာဘဟန်အဘိဓာန်မှာတော့ မျှတခြင်း၊ သာနာညီမျှခြင်း၊ ဘက်မလိုက်ခြင်း၊ တောတည့် ဖြောင့်မတ်ခြင်း၊ ဥပဒေသက်သက်အရမဟုတ် သာနာညီမျှ တရားနှင့်အညီ စီရင်နည်း၊ သာနာညီမျှတရား၊ သာနာညီမျှတရားအတိုင်းရသင့် ရထိုက်ခွင့် လို့ ရှည်ရှည်ဝေးဝေး ရှင်းပြထားပါတယ်။ ကိုယ်တို့ ပညာရေးဘက်မှာတော့ ကျောင်းသားတွေအကုန်လုံးကို စာမွေးပွဲတစ်မျိုးထဲနဲ့စစ်ပြီး အရည်အသွေးဆုံးဖြတ်တာမျိုးဟာ တရားမျှတမှုမရှိကြောင်း ငြင်းကြခုန်ကြတဲ့နေရာမှာ သုံးပါတယ်။ အစိုးရက ကျောင်းတွေကို ထောက်ပံ့ကြေးပေးတဲ့ နေရာတွေမှာလဲ သုံးပါတယ်။ သင်ထောက်ကူတွေပေးတဲ့ နေရာမှာလဲသုံးပါတယ်။ နေရာတိုင်းပါပဲ။

ဒီက ကျောင်းတွေကလဲ ခွဲတမ်းနဲ့ပါပဲ။ ခွဲတမ်းကျော်အပ်လို့ ရခဲပါတယ်။ ကလေးကျောင်းအတွက် လိုအပ်ရင် အိမ်ပြောင်းရပါတယ်။ အစိုးရက ကျောင်းတွေကို ထောက်ပံ့ကြေးပေးမပေးခင် အဲဒီ ခွဲတမ်းဇုံထဲမှာရှိတဲ့ ကျောင်းသားတွေရဲ့မိသားစုဝင်ငွေ၊ ပညာအရည်အချင်း အလုပ်အကိုင်စတာတွေကိုစစ်တမ်းကောက်ပြီး အဆင့် ၁ ကနေ ၁၀ အထိ ခွဲလိုက်ပါတယ်။ အဆင့် ၁ က အနိမ့်ဆုံးပါ။ အနည်းဆုံးရတဲ့နေရာက ကျောင်းတွေကို ထောက်ပံ့ကြေးအများဆုံး ချပေးပါတယ်။ ရှင်းရှင်းလေးပါ။ မိဘတွေက ထောက်ပံ့ပေးနိုင်တဲ့ ကလေးတွေကို အစိုးရက အများကြီးပေးစရာမလိုဘူးဆိုတော့ သဘောပေါ့။
အဲဒီတော့ ကိုယ့်ကလေးကို ပညာတတ်ဝင်ငွေကောင်းတဲ့ လူတွေရဲ့ ကလေးတွေသွားတဲ့ ကျောင်းကို ပို့မယ်လို့ ဆုံးဖြတ်ရင် ကိုယ့်ကလေးပညာရေးအတွက် ကိုယ်တတ်နိုင်သလောက်ပေးဖို့ ပြင်ထားဆိုတဲ့ သဘောပါပဲ။ တချို့မိဘတွေ ဟိုဘက်ကျောင်းက ကျောင်းလေ့လာရေးခရီးအတွက် ပိုက်ဆံမပေးရဘူး။ ဘာလို့ သူတို့ကလေးကျောင်းက ပေးရသလဲဆိုတဲ့မေးခွန်းမျိုးတွေတက်လာရင် ဆရာမတွေ အရှည်ကြီး ရှင်းပြကြရပါတယ်။

ဒီနေ့ သတင်းထဲမှာ ချစ်စရာအကောင်းဆုံးသတင်းလေးကတော့ ဒီလကုန်မှာ အသက် ၁၀၀ ပြည့်မယ့် ဗြိတိန်က စစ်ပြန် အဘိုးတစ်ယောက်ဟာ ဆေးဝန်ထမ်းတွေအတွက် ရန်ပုံငွေကူရှာပေးဖို့ ဆိုပြီး လမ်းလျောက်တဲ့ သတင်းပါပဲ။ အဂလန်နိုင်ငံ အရှေ့ပိုင်း Marston Moretaine ရွာကြီးမှာနေတဲ့ ကပ္ပတိန် တွမ်မောဟာ ၂၅ မီတာရှည်တဲ့ လျောက်လမ်းရှိတဲ့ သူ့ ခြံလေးထဲမှာပတ်ပြီး တစ်နေ့ကို ဆယ်ပတ် လမ်းလျှောက်ပါမယ်၊ တစ်ပတ်လျှောက်ပြီးတိုင်း အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနကို ၁ ပေါင်လှူကြပါလို့  justgiving အလှူခံ ဝက်ဘ်ဆိုဒ်မှာ အလှူခံပါတယ်။ 

သူ့ရဲ့ ရည်မှန်းချက်က အသက်၁၀၀ ပြည့်တဲ့ နေ့မှာ ငွေ ၁၀၀ လှူနိုင်ဖို့ပါပဲ။ ဘယ်လောက်ကောင်းလိုက်သလဲနော်။ ယူနီဖောင်းအပြည့်ဝတ်၊ ဆုတံဆိပ်တွေတပ်ပြီး သူ့ရဲ့ ပြုံးနေတဲ့မျက်နှာနဲ့ လမ်းလျှောက်အကူလှည်းလေးတွန်းပြီး ကြိုးစားပန်းစား လျှောက်နေတဲ့ပုံကို မြင်ရတဲ့ကမ္ဘာအနှံ့သူတွေ ဝိုင်းပြီးလှူလိုက်ကြတာ ၂၄ နာရီအတွင်း ပေါင် ၁၀၀၀ ပြည့်သွားပါတယ်။ ဒီနေ့ဒီအချိန်မှာ ပေါင် ၄ သန်း ၄ သိန်း ၆ သောင်းရှိသွားပါပြီ။ ကိုယ်စာရေးနေတဲ့ ၁၀ မိနစ်လောက်လေးအတွင်းမှာကို တစ်သိန်း တက်သွားပါတယ်။ ကိုယ်ပြီးသွားရင် ၅ သန်းတောင်ပြည့်မလားမသိနော်။ ခုပဲပြီးသွာလို့ ဝင်ကြည့်လိုက်တာ ပေါင် ၅ သန်း ပြည့်ရုံမကပဲ ကျော်သွားပါပြီ။ အဘိုးကတော့ ဝမ်းသာလွန်းလို့ သူလျှောက်နိုင်သမျှ ဆက်လျှောက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ အဘိုးကပ္ပတိန် တွမ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါသတဲ့။ ဟား၊ ဒါကြောင့် ဒီလောက်စိတ်ကောင်းရှိတာဖြစ်မှာ။ (အခြောက်တိုင် မဏ္ဏပ်တိုင်တက်တယ်ဆိုတာ ဒါမျိုးပေါ့။ လုံးဝ မနိုင်ဘူးနော်။)

ကိုယ်အသက်ကြီးလာရင်လဲ အဲဒီလိုပဲ နေချင်ပါတယ်။ ဒါဟာ ကိုယ့်အတွက်တော့ ဘဝကို အဓိပ္ပာယ်ရှိရှိ တရားနဲ့ ဖြတ်သန်းခြင်းပါပဲ။ ခန္ဓာကိုယ်က ခွန်အားကို အသုံးပြုပြီး ရိုးရှင်းတဲ့ အလှူလေး လုပ်ခြင်းပါပဲ။
ကိုယ်အဲဒီလိုအလှူမျိုးတွေကို ကြိုက်ပါတယ်။ ရန်ပုံငွေအတွက် ကြိုးစားလုပ်နေတဲ့သူကို ကြိုက်တဲ့ အားပေးစကားလေးရေး၊ အလှူရှင် နာမည်ထည့်ချင်ထည့် မထည့်ချင်နေ၊ ကြိုက်သလောက်လှူ၊ အားလုံး လက်ခံမယ့်သူဆီ တိုက်ရိုက်ရောက်တဲ့ကိစ္စပါ။ ပကာသနကင်းအောင်နေချင်သူတွေအတွက် အကောင်းဆုံးအလှူပါပဲ။ မြန်မာပြည်မှာလဲ အင်တာနက်ကို အဲသည်လို အကျိုးရှိရှိသုံးကြရင် သိပ်ကောင်းမှာနော်။

Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။
ခင်လေး (Aotearoa)
8:36 p.m. 15.04.2020 Wednesday