Breaking News

ဧရာ(မန္တလေး) - ဉာဏ်ကြီးရှင်၊ ကွန်ပြူတာနှင့် ပညာရေး


ဧရာ(မန္တလေး) -  ဉာဏ်ကြီးရှင်၊ ကွန်ပြူတာနှင့် ပညာရေး 

(မိုးမခ)မေ ၁၀၊ ၂၀၂၀

TED show တစ်ခုမှာ ဂဏန်း ၅လုံးပါတဲ့ ကိန်းတခုရဲ့ နှစ်ထပ်ကိန်းကို စက္ကန့်ပိုင်းအတွင် စိတ်တွက်နဲ့ တွက်ပြသွားတာကို ကြည့်လိုက်ရပါတယ်။ Little Big Shots ဆိုတဲ့ ရုပ်သံအစီအစဉ်တခုမှာ လည်း ငါးနှစ်သား ကလေး တယောက်က စိတ်တွက်နဲ့ ဂဏန်း သုံးလုံးပါတဲ့ ကိန်းရဲ့ နှစ်ထပ်ကိန်းကို တွက်ပြသွားဖူးပါတယ်။

သူတို့ကို ဉာဏ်ကြီးရှင်တွေလို့ ဆိုရင် မမှားပါဘူး။ ဉာဏ်ကြီးရှင်ဆိုတဲ့နေရာမှာ ကွန်ပြူတာစကားနဲ့ ပြောရင် အကြမ်းအားဖြင့် hardware နဲ့ software လို့ နှစ်ပိုင်းခွဲကြည့်နိုင်ပါတယ်။ hardware အရဆိုရင် (၁) တွက်ချက်နှုန်းမြန်တဲ့ processor (၂) အချက်အလက်တွေနဲ့ software တွေကို သိမ်းဆည်းထားနိုင်မယ့် storage device/memory (၃) တွက်ချက်နေတဲ့ အချိန်မှာ အလွယ်တကူ မြန်မြန်ဆန်ဆန် ဖတ်နိုင်၊ သိမ်းနိုင်တဲ့ cache memory/working memory တွေလိုပါတယ်။ software ဖက်ကပြောရင် (၄) မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အဖြေထုတ်ပေးနိုင်မယ့် နည်းလမ်း Algorithm တွေလိုပါတယ်။

ပါရမီရှင်တွေရဲ့ ဦးနှောက်က အထက်ကပြောခဲ့တဲ့ ကောင်းခြင်း လေးမျိုးလုံး မရှိတောင်၊ အနည်းဆုံး နှစ်ခု-သုံးခုလောက်တော့ ပိုင်ဆိုင်ကြပါတယ်။ အချို့က စာတစ်ပုဒ်ကို တစ်ခေါက် နှစ်ခေါက်လောက်ဖတ်လိုက်ရုံနဲ့ နှစ်ပေါင်းများစွာ မမေ့ မပျောက်တော့တဲ့ မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်ကြပါတယ်။ long-term memory က hard disk နဲ့ သဘောတူပါတယ်။ အချို့ကတော့ ဗဟုသုတတွေ သိပ်အများကြီး သိမ်းဆည်းထားတာ မရှိပေမယ့်၊ လတ်တလော လိုအပ်တာတွေကို ခပ်မြန်မြန် မှတ်နိုင် ထုတ်သုံးနိုင်ပါတယ်။ ဦးနှောက်ရဲ့ short-term memory က ကွန်ပြူတာက DRAM တို့ cache memory တို့နဲ့ တူပါတယ်။ စာတပုဒ်ကို ဖတ်ရင် ရှေ့ဆက် မတိုးနိုင်ဘဲ နောက်ကို ပြန်ပြန် ဖတ်ပြီး ဖော်နေရတယ်ဆိုရင် ဒါက short-term memory မကောင်းလို့ပါပဲ။ short-term memory မကောင်းရင် သင်ယူဖို့၊ အလုပ်လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ စိတ်တွက်နဲ့ သင်္ချာတွက်ရာမှာ short-term memory က အတော်လေး အရေးကြီးပါတယ်။ နောက် မှတ်ဉာဏ်တွေ ဘယ်လောက် ကောင်းကောင်း စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိပြန်ရင်လည်း၊ hard disk တွေ၊ memory တွေ အကြီးကြီး ထည့်ထားပေမယ့်၊ လေးအီနေတဲ့ processor တလုံး တပ်ထားတဲ့ ကွန်ပြူတာလို ဖြစ်နေနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ hard disk ထဲမှာ software ကောင်းကောင်းကို သွင်းထားဖို့လည်း လိုပါသေးတယ်။ ဉာဏ်ကြီးရှင်တွေက သူတို့ မွေးရာပါရမီ အလျောက် hardware ကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အပြင်၊ သူတို့ကိုယ်တိုင် ရေးထားတဲ့ software တွေရော၊ သူများရေးထားတဲ့ software ကောင်းကောင်းတွေကိုပါ ထည့်သွင်းထားကြပါတယ်။

ကွန်ပြူတာ hardware ကတော့ ကိုယ်ဝယ် ထားတာထက် ပိုပြီးကောင်း လာစရာ မရှိပါဘူး။ ဒါပေမယ့် ပိုမြန်ပိုကောင်းတဲ့ ပစ္စည်းတွေနဲ့ အသစ်လဲပြီးတော့ upgrade လုပ်ယူနိုင်ပါတယ်။ လူတွေမှာကတော့ မွေးရာ ဦးနှောက်ကို အသစ်ပြန်လဲလို့ မရပါဘူး။ ဒါပေမယ့်၊ Neuroplasticity သဘောအရ “အထိုက်အလျှောက်” ပိုကောင်းလာအောင် ပုံသွင်းပြုပြင် upgrade လုပ်ပေးလို့ ရပါတယ်။ ဉာဏ်ကြီးရှင် တဦးကို မမီပေမယ့် “အထိုက်အလျောက်” သုံးလို့ရတဲ့ hardware ရှိမယ်ဆိုရင် ဉာဏ်ကြီးရှင်တွေ ရေးထားတဲ့ software တွေကို ကိုယ့်ခေါင်းထဲ သွင်းယူထားနိုင်ပါတယ်။ ဥပမာ အထက်ကပြောခဲ့သလို ကိန်းဂဏန်းကြီးတွေ စိတ်တွက်နဲ့ တွက်တာမျိုးကို ပညာရှင်တွေ ထွင်ထားတဲ့ နည်းလမ်းတွေကို သင်ယူမှတ်သားပြီး လိုက်တွက်နိုင်ပါတယ်။ ဂျူးသင်္ချာပညာရှင် Jakow Trachtenberg (1888 – 1953) ဖော်ထုတ်ခဲ့တဲ့ Trachtenberg နည်းစနစ်၊ အိန္ဒိယက ဆွာမိ Bhāratī Krishna Tīrtha (1884 – 1960) ဖော်ထုတ်ခဲ့တဲ့ ဝေဒသင်္ချာ၊ အခုTED show မှာ ပြောသွားတဲ့ အမေရိကန် သင်္ချာဆရာ Arthur Benjamin ရေးတဲ့ စာအုပ် စတာတွေက လူဦးနှောက်မှာ ထည့်သွင်းနိုင်တဲ့ software တွေနဲ့ တူပါလိမ့်မယ်။ (နောက်အလျဉ်းသင့်ရင်တော့ ဝေဒသင်္ချာက နည်းလမ်း အချို့ကို မျှဝေပေးပါမယ်)။

ပညာရေးဆိုတာက
(၁) ဦးနှောက်ရဲ့ hardware ကို coaching နည်းစနစ်တွေနဲ့ upgrade လုပ်ပေးပါတယ်။

(၂) ဆော့ဖ်ဝဲ ကောင်းနဲ့ တူတဲ့ နည်းလမ်းကောင်းတွေ၊ အတွေးခေါ်ကောင်းတွေကို teaching by instruction နည်းစနစ်တွေနဲ့ install လုပ်ပေးပါတယ်။ ဒါမှ ကိုယ့်ခေတ်၊ ကိုယ့်ဘိုးဘွားခေတ်က ပညာရှင်တွေရဲ့ ပခုံးပေါ်ကနေ တက်ကြည့်နိုင်ပါလိမ့်မယ်။

(၃) ဒီမှာ တင်ရပ်မနေဘဲ အတွေးအခေါ်သစ်၊ နည်းလမ်းသစ်၊ ဒီဇိုင်းသစ်တွေ ထွက်ပေါ်လာအောင်၊ တနည်း software အသစ်တွေကို ကိုယ်တိုင် ရေးထည့်နိုင်လာအောင် midwifery or maieutic method ဆိုတဲ့ သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးရပါသေးတယ်။

(၄) ကိုယ့်ခေါင်းထဲကို အတွေးမှား အတွေးဆိုးတွေ တိတ်တခိုး ဝင်မလာအောင် ကာကွယ်ပေးမယ့် Anti-Virus software ကောင်းကောင်း တခုထည့်ဖို့ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်သိပ္ပံပညာရှင်အချို့ဟာ ကွန်ပြူတာကောင်းတွေ၊ ဆော့ဖ်ဝဲကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဟစ်တလာရဲ့ ဗိုင်းရပ်စ်ရန်ကို မကာကွယ်နိုင်ခဲ့ကြဘဲ၊ အသုံးချခံတွေ ဖြစ်ခဲ့ရဖူးပါတယ်။

Cartoon  credit - Tom TolesTom Toles is the Pulitzer Prize-winning editorial cartoonist for The Post and writes the Tom Toles blog. His latest book is "The Madhouse Effect," a book about climate and climate-change denial co-authored with climate scientist Michael Mann.