Breaking News

ဆယ်ပေါင်တူ - မလုပ်ရဲတာ ဘာမှမရှိသလို ဖြတ်ထိုးဥာဏ်လည်း ကောင်းသောကြင်စိုး

Art - Than Htay Maung


ဆယ်ပေါင်တူ - မလုပ်ရဲတာ ဘာမှမရှိသလို ဖြတ်ထိုးဥာဏ်လည်း ကောင်းသောကြင်စိုး

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၅

ကြင်စိုးကို ချီးမွမ်းခန်းဖွင့်နေသည်လားဟု မျက်စိလည်သွားလောက်သည်။ ချစ်သူပျောက်ရှာပုံတော်က အစပြုသော ကြင်စိုး၏အဖြစ်သနစ်ကို ကြည့်ပြီးသကာလ၊ ဤခေါင်းစဉ်ကလွဲပြီး တခြားအမည်ကို ရှာပေး၍မရ။

ကြင်စိုး၏ ချစ်သူပျောက်ရှာပုံတော်သည် ၁၅၀၀နှင့်လည်းမဆိုင်၊ ၅၂၈နှင့်လည်း မဆိုင်၊ ဆိုင်ခြင်းဆိုင်မည်ဆိုပါက မေဒိကန်တို့ ထုတ်လိုက်သော ဆုငွေ ဒေါ်လာ ၂၅ သန်းနှင့်လည်း နည်းနည်းသာ ဆိုင်နိုင်သည်။

ကြင်စိုး အလွန်အမင်းတွေ့ချင်နေသော်လည်း အတွေ့မခံလေသောချစ်သူမှာ တခြားသူတော့မဟုတ်၊ ကျားဖြန့်ဆိုသည့်ဟာကြီးကို ဘာဆိုဘာမှ မသိရှာသော စောချစ်သူ ပင် ဖြစ်သည်။ နေပြည်တော်ကို လှမ်းခေါ်တော့လည်းမလာ၊ ဘယ်လာပေလိမ့်မည်လဲ၊ စောချစ်သူသည် သူ့ရှေ့က ‘ပယ်ဆောက်ချိန်’ကို သင်ခန်းစာ ယူရကောင်းမှန်း မသိရလောက်အောင် ထူအသည့်သူမဟုတ်။ 

ကြင်စိုးကိုယ်တိုင် မော်လမြိုင်၊ ဘားအံလိုက်သွားတော့လည်း အရူးကွက်နင်းပြန် သည်။ ‘မီဒီယာတွေ ဓါတ်ပုံဆရာတွေ ခေါ်ခဲ့မယ်၊ ဗိုလ်ချုပ်မှူးကြီးနဲ့ ဓါတ်ပုံတွဲ မရိုက် ရတာလည်းကြာပြီ’ ဘာညာလုပ်လိုက်တော့ တကမ္ဘာလုံးကျားဖြန့်ကိစ္စ အုတ်အော် သောင်းနင်းဖြစ်နေချိန်တွင် ကြင်စိုး စောချစ်သူနှင့် ဓါတ်ပုံရိုက်မခံလို၍ မတွေ့ဖြစ် တော့။ ဤကဲ့သို့ ချစ်သူက ကြင်စိုးထက် တကွက်ပိုမြင်သည်။

အရင်ငွေပေးငွေယူတွေ အဆင်ချောနေကြတုန်းကတော့ ‘မင်းက ဗိုလ်မှူးကြီးစောချစ်သူ ဆိုတော့၊ ငါက ဗိုလ်ချုပ်မှူးကြီး စိုးချစ်သူလို့ နံမည် ပြောင်းရရင် ကောင်းမလားပဲ၊  ငါတို့ကညီအကိုတွေကွ’ဟု သူ့ဝသီအတိုင်း ပြောချင်တာ ပြောတတ်သည့် ကြင်စိုးက၊ ကြင်စိုး ဆိုသည့် သူ့နံမည်မှ ‘စိုး’တလုံးကိုယူကာ ပြောခဲ့ဖူးသည်။ တ ကယ်ကတော့ သူတို့ နှစ်ဦးသည် တယောက်ကိုတယောက် ယုံကြည်ကြသူများမ ဟုတ်။ တယောက်ခြေလှမ်း တယောက် စောင့်ကြည့်နေသူများသာ ဖြစ်ကြသည်။

‘ ချစ်သူ’တယောက် သူ့ရွှေကုက္ကိုလ်သူဌေးလို ပေါက်ဖေါ်ကြီးနောက် ပါသွားမှာ (သို့မဟုတ်) မေဒိကန်ကြီးတွေဆီ ပါသွားမှာကို၊ ကြင်စိုးက ‘ချစ်သူ’ထက်ပင်ကြောက်လို့နေသည်။ သူ့အကြောင်းတွေ အကုန်ဖေါ်ချလိုက်မှာ စိုးသည်။ ‘ ချစ်သူ’ကို လက်စဖျောက် ရအောင်ကလည်း သူ့အနားကို ကပ်မလာတော့သော ချစ်သူမို့ ကြင်စိုးအခက်ကြုံနေသည်။

‘ ချစ်သူ’သည် သူ့ထက်တောင် ပါးရည်နပ်ရည် ရှိသည်ဟု ကြင်စိုးမြင်မိသည်။ နေပြည်တော်ကို လာဖို့မည့် အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရာတွင်လည်း သူ့အ ကြောင်းပြချက်နှင့်သူတော့ ဟုတ်လို့ပင်။ အခုနောက်ဆုံး အကြောင်းပြချက်က ကြင်စိုးကို ပါးစပ်အဟောင်းသား ဖြစ်စေသည်။ သူရှိရာ နေပြည်တော်သို့ လာဖို့ လှမ်းခေါ်လိုက်သည့်အခါ ‘ချစ်သူ’က ကရင်သံဝဲလိုက်၊ မဝဲလိုက်နှင့်

‘ကျနော် နေပြည်တော် လာဖို့ မဖြစ်သေးဘူးခင်ဗျ၊ ကျနော်ကျောင်းတက်နေလို့’

‘ဟ…..မင်းက ဘာကျောင်းတွေ တက်နေတာတုန်း’

‘ကျနော်သူငယ်တန်း ပြန်တက်နေတာ’

ကြင်စိုးနားမလည်နိုင်အောင် ဖြစ်သွားသည်။ ပြီးမှ

‘မင်းက ဘာကြောင့် သူငယ်တန်း ပြန်တက်ရတာလဲ’

‘ကျနော်တို့က ကျားဖြန့်ဆိုတာ ဘာမှန်းမသိဘူးလို့ ပိတ်ငြင်းခဲ့ဖူးတာ ဆိုတော့၊ ယုတ္တိရှိအောင် သင်ပုန်းကြီး ပြန်သင်နေတာ “ကကြီးရေက၊ကကြီးယပင်း ရေးချ ဝစ္စနှစ် လုံး ပေါက် ကျား” ဆိုပြီးတော့  သူငယ်တန်းကလေးတွေနဲ့ရောပြီး အော်ဆိုပြနေတာ၊ အ တန်းထဲကကလေးတွေက ဖဦးထုပ်တော့ မသင်ရသေးလို့ ကျားဖြန့်ဆိုပြီး မအော်နိုင်သေးဘူး၊ ကျားနဲ့ပဲ ရပ်ထားရတယ်’

ကြင်စိုး ‘ချစ်သူ’ကို ကျိတ်အထင်ကြီးသွားမိသည်။ ‘ဒီကောင်ရန်ကုန်မှာသာ ကြီးခဲ့ရင် ငါ့ကိုတောင် ရောင်းစားသွားလိမ့်မယ်’ဟုလည်း အတွေးဝင်သွားသည်။ ‘ဒီကောင့်အ ကြံမဆိုးဘူး၊ ငါလည်းကျားဖြန့်ဆိုတာ ဘာကြီးလဲဆိုပြီး ရူးချင်ယောင် လိုက်ဆောင်လိုက် ဦးမယ်’ဟု စဉ်းစားကာ ...

‘ငါရော မင်းနဲ့ ကကြီးခခွေး လိုက်သင်လို့ ရမလား’ဟုမေးသည်။

‘မရဘူး ..မရဘူးဗျ’ ဟု ‘ချစ်သူ’က မြန်မြန်ဆန်ဆန် ဝင်ပြောသည်။

‘ဘာကြောင့်လဲကွ’

‘ချစ်သူ’က ပြောသင့်မပြောသင့် ခဏစဉ်းစားနေသည်၊ ပြီးမှ ပြောတာတော့ ပြောရချေမည်ဟု စိတ်ပိုင်းဖြတ်ကာ

‘ကျနော့် အတန်းဖေါ်ကလေးတွေက ဗိုလ်ချုပ်မှူးကြီးကို မြင်ရင် အကုန်လန့်ဖြန့်ကြပြီး အော်ငိုကုန်ကြမှာ၊ ဘာကြောင့်လဲဆိုတော့ တနိုင်ငံလုံးမှာ ရှိတဲ့ သူတို့လို ကလေးတွေ စာသင်ကြတဲ့ ကျောင်းတွေပေါ် အဘတို့တတွေက ဗုံးလိုက်ကြဲနေတာကို သိထားလို့’

ကြင်စိုးစိတ်လေသွားသည်။ ‘ချစ်သူ’ကို သူ့ဆီလာဖို့  ကြိုးစားခေါ် ရဦးမည် ဆိုတာကို ပြန်သတိရပြီး

‘မင်း ရုပ်ရှင်ရိုက်သလို ကျားဖြန့်ရုံတွေ ဝင်စီးပြတာ တော်တော်ပီပြင်တာပဲ၊ ငါ့သမီးမှာ ရုပ်ရှင် ကုမ္ပဏီရှိတယ်၊ ရုပ်ရှင်မင်းသား မလုပ်ချင်ဘူးလား။ အခုဆို အချိန်ကိုက်ပဲ ဟို ‘ရွံလေး’ ဆိုတဲ့ကောင် ရုပ်ရှင်လောကက အနားယူတော့မယ်ဆိုလား ပြောသံကြားနေတယ်။ ရန်ကုန်လာပြီး မင်းသားဝင်လုပ်ကွာ၊ မင်းဒီထက်ကြီးပွါးချမ်းသာတာ ငါမြင်ချင်တယ်’ ဟု မြှောက်ပြီး စည်းရုံးသည်။

ကြင်စိုးဘာကြံစည်နေသည်ကို မြွေမြွေချင်းခြေမြင်သည့်  ‘ချစ်သူ’က ရိပ်မိသည်။ သူ့ကိုတဖက်လှည့်နှင့်ခေါ်ပြီး အပျောက်ရှင်းလိုသည်မှန်း သူကသိပြီးသား၊ တကယ် ကတော့ ကြင်စိုးရော ‘ချစ်သူ’နှစ်ဦးလုံးက ကိုယ်ကပဲ ဒီထက်ပိုကြီးပွါးချမ်းသာချင်သူတွေ ဖြစ်သည်။ ဒါ့ကြောင့် ကြင်စိုးဆီ ဘယ်ပုံနဲ့ခေါ်ခေါ် ‘ချစ်သူ’က မလာ။

ပေါက်ဖေါ်ကြီးနှင့် မေဒိကန်ကြီးတို့က ကျားဖြန့်ကိစ္စကို ပိုအာရုံစိုက်လာလေလေ၊ ကြင်စိုး နေမထိထိုင်မသာ ဖြစ်လာလေလေပင်။  နောက်ဆုံးတော့ ပေါက်ဖေါ်ကြီးတို့ဆီသွားပြီး ချဉ်းကပ်မေးမြန်းရတော့သည်။

တကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေသလို ခြေဖျားလက်ဖျားလည်းအေးနေသော ကြင်စိုးက လေသံတိုးတိုးဖြင့် မေးခွန်းစလိုက်သည်။

‘သမ္မတကြီးရှီ  ... ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေ ဖမ်းမိရင် ဘယ်လိုအပြစ်ပေးမှာလဲ’

'ငါကတော့ သေဒဏ်ပေးခိုင်းလိုက်တာပဲ'

‘ဟိုလေ.. သူတို့ဆီက ပိုက်ဆံယူပြီး အကာအကွယ်ပေးတဲ့ သူတွေကိုရော’

‘သူတို့ကိုလည်း သေဒဏ်ပဲ’

‘ပိုက်ဆံခွဲတမ်း ရာခိုင်နှုန်းလေး ဘာလေး ယူတဲ့သူတွေ ဆိုရင်ရော’

အလုပ်အင်မတန်ရှုပ်နေသော သမ္မတကြီးရှီက မေးခွန်းတခုပြီးတခု မေးနေသော ကြင်စိုးကို စိတ်မရှည်တော့၍

‘ရာခိုင်နှုန်း နည်းနည်းယူယူ များများယူယူ အကုန်လုံးသေဒဏ်ပဲ’

ထို့နောက် ‘ငါအချိန်မရှိဘူး၊ နောက်မေးခွန်းတခုပဲ ထပ်မေးခွင့်ပြုမယ်’ဟု ခပ် ပြတ်ပြတ် ပြောလိုက်သည်။

ကြင်စိုးခဏစဉ်းစားပြီးသည့်အခါ

‘ဘယ်လိုလူတွေဆိုရင် သေဒဏ်ကင်းလွတ်ခွင့် ရကြမှာလဲ’

ကပ်သီးကပ်သပ် မေးခွန်းတွေ တခုပြီးတခု မေးနေသော ကြင်စိုးကို စိတ်ရှုပ်လာ

သည့် ‘ရှီ’က ပြီးပြီးရော သဘောဖြင့် ပြန်ဖြေလိုက်သည်။

‘ငါ့မိန်းမနဲ့ ငါ့သားသမီးတွေ ဆိုရင်တော့ သူတို့လွတ်မှာပေါ့’

ကြင်စိုးတချက်တွေသွားသည်။ပြီးမှ စိတ်ဒုန်းဒုန်းချလိုက်ဟန်ဖြင့် 

‘ပါးပါး..ပါးပါး..ပါးပါး’ဟုခေါ်ကာ ‘ရှီ’ကို အတင်းပြေးဖက်သည်။ ဟိုကြည့်ဒီကြည့်လုပ်ပြီး အခန်းတံခါးကိုလည်း အပြေးသွား၍ပိတ်သည်။ ထို့နောက် ‘ရှီ’ကို ကျောပေးကာ သူ၏ဘောင်းဘီကိုချွတ်ပြီး ခါးလေးကို အသာကုန်းလိုက်လေတော့သည်။

xxx x x x x x x x x x x x x x x


‘ရှီ’နှင့်ကတော့ တရန်အေးလေပြီဟု တွေးမိသော်လည်း ကြင်စိုးဟင်းကနဲ သက်ပြင်းမချနိုင်။ ‘ဒေါ်နယ်ထွန်း ’ကြီးက ပြဿနာ စရှာနေပြီ ဖြစ်သောကြောင့်ပင်။ လွယ်လွယ်နှင့် အလျှော့မပေးတတ်သော မအလ ကြင်စိုးသည် ‘ဒေါ်နယ်ထွန်း’ကြီးကို နည်းလမ်းမရမကရ ရှာကာ သွား၍ တွေ့လေသည်။ 

‘မဖြစ်နိုင်တာ ဒေါ်နယ်ထွန်း’လိုလူကို ကြင်စိုးဘယ်လိုလုပ်ပြီး သွားတွေ့နိုင်မှာလဲလို့ ‘

ဟု ဆိုပြီး အတွန့်မတက်ကြပါလေနှင့်။ အသင်သည် ရာဂဏန်းလောက်ရှိသော သိုင်းသမားများကို ဟိုသိုင်းကွက်ဒီသိုင်းကွက် သုံးကာ၊ မိနစ်ပိုင်းအတွင်း ဇီဝိန်ချုပ် ပေးနိုင်သော အရှေ့တိုင်းရုပ်ရှင်၊ အရပ်ရှစ်မျက်နှာမှ ဝိုင်းပစ်သမျှ သူ့ကိုတချက် လေးမျှ မထိပဲ၊ သူကပြန်ပစ်လေတော့မှ အရပ်ရှစ်မျက်နှာတွင် အတုန်းအရုန်းဖြစ်ကုန်ကြလေသည့် အနောက်တိုင်းရုပ်ရှင်တို့ကို ကြည့်ရှုအားပေးသူ ဖြစ်ပါက မဖြစ်နိုင်တာ ဘာမှမရှိဟူသော ထုံးကိုနှလုံးမူကာ၊ ကြင်စိုးနှင့် ‘ဒေါ်နယ်ထွန်း’လည်း ဆယ်ပေါင်တူ ယခုရေးသလို မတွေ့ဆုံနိုင်စရာ ဘာမှမရှိ ဟုသာ တွေးရင်းဖြင့် အသာလက်ခံလိုက်ကြစေလိုပါသည်။ 

‘ဒေါ်နယ်ထွန်း’ကြီးနှင့် တွေ့ဆုံကြသောအခါ ကြင်စိုးကထုံးစံအတိုင်း

‘မစ္စတာ ပရဲစီးဒန့် ၊ မစ္စတာ ပရဲစီးဒန့်က ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေ ဖမ်းမိရင် ဘယ်လိုအပြစ်ပေးမှာလဲ’ဟု မေးလိုက်သည်။

‘ဒေါ်နယ်ထွန်း’ဆီက ဘာမှပြန်ပြောသံမကြား၊ ထို့ကြောင့် ကြင်စိုးက သူပြောတာကို မကြားသောကြောင့်ဟု ထင်ပြီး

‘မစ္စတာ ပရဲစီးဒန့်’ဟု ထပ်မေးခွန်းထုတ်ရန် စပြောရုံ ရှိသေးသည်။ စိတ်ရှည်ဟန် မရှိသည့် လေသံဖြင့် ‘ဒေါ်နယ်ထွန်း’က

‘စောက်ပု…စောက်ပိုတွေ  လုပ်မနေနဲ့ ‘ရှီ’က ငါ့ကိုအကုန်လှမ်းပြောပြီးပြီ၊ ဟိုဘက် လှည့်ပြီး မင်းဘောင်းဘီကို မြန်မြန်ချွတ်လိုက်’ ဟု  လေသံခပ်မာမာဖြင့် ပြောလိုက်လေတော့သည်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar