Breaking News

စစ်တပ် နောက်ခံပြု ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ခြိမ်းခြောက်မှု

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၃ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၄ ၊ ၂၀၂၅


စစ်တပ် နောက်ခံပြု ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ခြိမ်းခြောက်မှု

လာမယ့် လကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းလတွေမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က တာဝန်ယူကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးတဲ့ သူတွေအနေနဲ့ စစ်တပ်နဲ့ သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူတွေကို မဲပေးဖို့ ခုရက်ပိုင်းအတွင်း မှာပဲ ပြောဆိုလိုက်သလို စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်ပြီး စစ်တပ် နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဟောင်း ခင်ရီကလည်း စစ်တပ်နဲ့ မပူးပေါင်းဆောင်ရွက်တဲ့ အစိုးရဟာ တက်လာပြီးနောက်နေ့မှာ ပြုတ်ကျမယ်လို့ ခုရက်ပိုင်းအတွင်းမှာပဲ မဲဆွယ်မှုတခုမှာ ပြောဆိုလိုက်ပါတယ်။ 

လက်ရှိ အာဏာရယူထားပြီး ယာယီသမ္မတနဲ့ စစ်တပ်ရဲ့ တာဝန်အရှိဆုံး ရာထူးယူထားသူ တယောက်အနေနဲ့  မကြာခင်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးမှုနဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ပေး ပြောဆိုခြင်းဟာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တာဝန်ယူထားတဲ့ အဖွဲ့အစည်း အနေနဲ့ ရွေးကောက်ပွဲအပေါ်  သြဇာလွှမ်းမိုးခြင်း မပြုရဘူးဆိုတဲ့ အခြေခံကျတဲ့ စည်းမျဥ်းကို ဖောက်ဖျက်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အခုလို ပြောဆိုမှုဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ ပြောဆိုမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ခုပြောဆိုမှုကို အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင် ဇီးပင်ကြီး မီးသတ်သင်တန်းကျောင်းရဲ့ သင်တန်းဆင်းပွဲမှာ နိုဝင်ဘာ ၁ ရက်နေ့က ပြောဆိုခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံ မတည်မငြိမ်ဖြစ်လာတဲ့အခါ နိုင်ငံမပြိုကွဲအောင် လုပ်ဆောင်ရာမှာ စစ်တပ်ဟာမရှိမဖြစ် အဖွဲ့အစည်းဖြစ်တာကြောင့် ကာကွယ်ရေး အမြင်ရှိတဲ့ ကိုယ်စားလှယ်တွေကို မဲပေးဖို့လည်း ဒီသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ကာကွယ်ရေး အမြင်ရှိတဲ့ ကိုယ်စားလှယ် ဆိုတဲ့ စကားလုံးရဲ့ ဆိုလိုရင်းဟာ စစ်တပ်က အငြိမ်းစားယူပြီး ဝင်ရောက်ယှဥ်ပြိုင်သူတွေ၊ စစ်မှုထမ်းဟောင်းတွေကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပြီး စစ်မှုထမ်းဟောင်း စစ်အရာရှိဟောင်းတွေ အများဆုံး ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေကို မဲပေးဖို့ မဲဆွယ်စည်းရုံးပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၂၀၂၅/၂၆ ရွေးကောက်ပွဲဟာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့အနေနဲ့ ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကြိုတင် ကြံစည်ထားတဲ့ ရွေးကောက်ပွဲ တခု၊ ပါတီမှတ်ပုံတင်ရာမှာ တန်းတူပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ပါတီတွေ မှတ်ပုံတင်ဖို့ အခက်အခဲဖြစ်အောင် ပြင်ဆင်ခဲ့သလို၊ မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေကိုလည်း ပါတီဝင်အရေအတွက် မပြည့်မီလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မှတ်ပုံတင်ပယ်ဖျက်ခဲ့တာတွေ၊ ကိုယ်စားလှယ်လောင်း စာရင်းတင်ရာမှာလည်း ကိုယ်စားလှယ်လောင်း သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ဆိုကာ စာရင်းမှပယ်ဖျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ရွေးကောက်ပွဲရဲ့ မလွတ်လပ်မှု၊ ဘက်လိုက်မှု၊ မမျှတမှုတွေကို သက်သေထင်ရှားစေခဲ့ပါတယ်။ 

ယခုတဖန် မဲဆွယ်ကာလမှာ ကြံ့ခိုင်းရေးပါတီနဲ့ စစ်တပ်ခေါင်းဆောင်တို့က စစ်တပ် ထောက်ခံတဲ့ ပါတီနဲ့ စစ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေကို မဲပေးဖို့ ခပ်ပြောင်ပြောင်ပဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ယခင် နအဖ စစ်အစိုးရက ကျင်းပခဲ့ပြီး ကြံ့ခိုင်ရေးပါတီ အနိုင်မရ ရအောင် ကြိုးစားခဲ့တဲ့  ၂၀၁၀ ရွေးကောက်ပွဲထက်ကို ပိုပြီး ရုပ်ပျက်တဲ့ မဲဆွယ်ပြောဆိုမှုတွေ ဖြစ်တာ တွေ့ကြရပါတယ်။ 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ရေးအတွက် လုံလုံလောက်လောက် ကိုယ်စားလှယ်နေရာရဖို့ မဲမသမာမှု၊ ကြိုတင်မဲ မသမာမှုတွေ လုပ်ပြီး အစိုးရဖွဲ့နိုင်အောင် လုပ်ခဲ့ကြတာ ဖြစ်ပြီး အခု လာမယ့်ရွေးကောက်ပွဲမှာ မဲမသမာမှုက ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ပေါ်လာမလဲ ဆိုတာတော့ မသိနိုင်သေးပေမယ့် ရွေးကောက်ပွဲ ဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် ပယ်ဖျက်မှုတွေနဲ့ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်မှုတွေကို လေ့လာသုံးသပ်ကြည့်ရုံနဲ့တင် ဘက်လိုက်မှု၊ မမျှတမှု၊ မလွတ်လပ်မှုတွေက သက်သေအထောက်အထားအများအပြားနဲ့ တွေ့ရှိနေရတဲ့ သဘောဖြစ်ပါတယ်။ 

ဒီအတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက မူဝါဒ နဲ့ တုံ့ပြန်မှု အမျိုးမျိုး ရှိနေကြတာ ဖြစ်ပါတယ်။ KNU လို အဖွဲ့က ၄င်းတို့ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပခွင့် ရှိမှာမဟုတ်ဘဲ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေမှာ ကူညီသူတွေကို အရေးယူ အပြစ်ပေးမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရကလည်း ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်နေသူတွေကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူမယ်လို့ ယခုနှစ်ဆန်းပိုင်းက ပြောဆိုခဲ့ပါတယ်။ ကရင်နီပြည်၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သီးခြားထုတ်ပြန်ကြေညာတာမျိုး မရှိပါဘူး။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ တို့က ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေမှာ မပါဝင်ဖို့ တဖက်မှာ ပြောဆိုနေသလို အခြားတဖက်မှာ အာဏာသိမ်းစစ်တပ်က လူထုကို ရွေးကောက်ပွဲအတွက် မဲစာရင်းကြည့်ဖို့၊ မဲပေးဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲက ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေ ပေါ်ပေါက်စေသလို ရွေးကောက်ပွဲလမ်းကြောင်းက လက်ရှိ လက်နက်ကိုင် ပဋိပက္ခ၊ စစ်အုပ်ချုပ်ရေးကနေ ပြောင်းလဲဖို့ အခွင့်အလမ်းတခု စစ်တပ်ရဲ့ ပါဝင်မှုကို လျှော့ချဖို့ ရွေးချယ်စရာ တခုလို့ မြင်နေကြတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိနေကြတာပါ။ 

ရွေးကောက်ပွဲ မလုပ်ဘဲ စစ်အာဏာသိမ်းမှု၊ စစ်အုပ်ချုပ်ရေးက ဘယ်လို အသွင်ပြောင်းမလဲလို့ မြေပေါ်နိုင်ငံရေးနယ်ပယ်က နိုင်ငံရေးသမားတချို့က ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းကို မရွေးချယ်ဘဲ နိုင်ငံရေးနည်းလမ်းကနေသာ စဥ်းစားတဲ့ နိုင်ငံရေးသမားတွေ အနေနဲ့ အခုလို ရှုမြင်တာက မဆန်းကြယ်ပေမယ့် လက်နက်ကိုင် နည်းလမ်းနဲ့ စစ်အာဏာရှင်ကို အနိုင်ယူမယ်လို့ ခံယူထားတဲ့ အင်အားစုတွေ အနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးသမားနဲ့ ပါတီတွေကိုလည်း ရန်သူစာရင်းထဲ ထည့်ပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပံ့ပိုးပေးသူတွေ အဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

လာမယ့် ရွေးကောက်ပွဲက အာဏာသိမ်းစစ်တပ်ရဲ့  ထွက်ပေါက်လား သို့မဟုတ် စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ အကြား စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်စေတဲ့ နိုင်ငံရေး ဖြစ်စဥ်တရပ်လား ဆိုတာလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကာလ အလွန်အတွက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး မဟာဗျူဟာတွေလည်း ကြိုတင်ပြင်ဆင်ချမှတ်ထားဖို့ အရေးကြီးတာ အမှန်ပင် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar