ကိုအောင်မှိုင်း - ကမ္ဘာ့အခင်းအကျင်းသစ်
ကိုအောင်မှိုင်း - ကမ္ဘာ့အခင်းအကျင်းသစ်
မိုးမခ ၊ ဒီဇင်ဘာ ၆ ၊ ၂၀၂၅
၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့ မိုးမခမဂ္ဂဇင်းမှာ “ထရန့်နဲ့ ရှီကျင့်ဖျင် ဘယ်သူ နိုင်မလဲ” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ “ ထရန့်နဲ့ ရှီကျင့်ဖျင် ၂ ယောက်လုံး နိုင်မယ်” လို့ရေးခဲ့ပါတယ်။ ဒါဆို ဘယ်သူတွေ ရှုံးမလဲဆိုတော့ သူတို့လက်ဝေခံနိုင်ငံတွေ ရှုံးကြလိမ့်မယ်လို့ ကျနော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ တချို့ နည်းနည်းရှုံးကြလိမ့်မယ်။ တချို့ များများရှုံးကြလိမ့်မယ်။ သူတို့ ဖန်ဆင်းလိုက်တဲ့ တဆင့်ခံစစ်ပွဲတွေ (proxy war) ကြားမှာ ကြောက်ကြောက်လန့်လန့်နဲ့ ဝင်ပါကြရင်း ကိုယ့်နိုင်ငံ ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေနဲ့ လက်နက်လဲလှယ်ကြရတဲ့ အနေအထားမျိုးကို ကမ္ဘာကြီးတခုလုံးဖြစ်အောင် သူတို့ လုပ်ခဲ့ကြတာလို့ ကျနော် ပြောချင်ပါတယ်။
ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံ ၂ ခုကတော့ ဘယ်တော့မှ စစ်မဖြစ်ကြဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။ ဒါက အတော်သေချာတဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့ စစ်ဖြစ်ကြရင် ကမ္ဘာကြီးပျက်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ စီးပွားဖြစ် တဆင့်ခံစစ်ပွဲတွေ ဖန်တီးရင်း လက်နက်အပြိုင်အဆိုင်ရောင်းကြတော့တာပေါ့ဗျာ။ ဟန်ပန်တွေကတော့ ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ် ဆိုတာတွေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်တာတွေ၊ အကြပ်ကိုင်တာတွေ စစ်ပွဲတွေဆီ တွန်းပို့တာတွေကို တပျော်တပါးလုပ်ကြတာ ဖြစ်ပါတယ်။ တကယ်လည်း သူတို့ စီးပွားဖြစ်ကြသလို သူတို့ လိုလားတဲ့ (ကိုလိုနီနိုင်ငံတပိုင်း) နိုင်ငံတွေကို သူထက်ငါ စည်းရုံးကြတော့တာပါပဲ။ လက်နက်နဲ့တမျိုး စီးပွားရေးမက်လုံးတွေနဲ့တမျိုး အကြပ်ကိုင်နည်းတွေနဲ့တမျိုး သူ့ဘက် ကိုယ့်ဘက် အင်အားသစ်တွေကို ခွဲဝေယူငင်နေကြတာဟာ ကမ္ဘာ့အခင်းအကျင်းသစ်တခုအဖြစ် တည်ရှိလာတော့တာပါပဲ။ အရင်က ရုရှားဟာ တန်းဝင်နိုင်ငံတခုအနေနဲ့ ရပ်တည်လာနိုင်ခဲ့ပေမဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ အတော်အထိနာသွားပါတယ်။ ဘောလုံး စကားနဲ့ပြောရရင် တန်းဆင်းသွားရတဲ့ အနေအထားဖြစ်သွားပြီလို့ ပြောရတော့မှာပါ။
ကနေ့ကမ္ဘာကြီးမှာ ကမ္ဘာ့ဝင်ရိုး world order ၂ ခုပဲ ရှိပါတယ်။ ဆိုလိုချင်တာက ကမ္ဘာ့ဝင်ရိုး ၂ ခု ကို မဏ္ဍိုင်ထားပြီး ကမ္ဘာကြီးကို ခွဲဝေလိုက်ကြတာလို့ ပြောချင်ပါတယ်။ ကနေ့ အမေရိကန်နဲ့ တရုတ် အပြိုင်အဆိုင် လက်နက်ရောင်းချနေကြတာကတော့ ငြင်းလို့မရတဲ့ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းကြီးတွေလို့ ပြောရမယ် ထင်ပါတယ်။ ရေတို ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေကလည်း ကြောက်ခမန်းလိလိပါပဲ။ ကမ္ဘာကြီးမှာ နောက်နှစ်ပေါင်း ၅၀ လောက် စီးပွားရေးအရ ဆက်လက်ဖိထားနိုင်မဲ့ အစီအစဥ်တွေကို စနစ်တကျ ဖန်တီးနေကြတာ ဖြစ်ပါတယ်။ ခန့်မှန်းချက်အရတော့ အမေရိကန်၊ တရုတ် ဆက်ဆံရေးဟာ စီးပွားရေး၊ နည်းပညာ၊ လုံ ခြုံရေးနဲ့ အစိုးရကဏ္ဍတွေမှာ ယှဉ်ပြိုင်ခြင်းတချို့နဲ့ ဆိုင်းငံ့ပူးပေါင်းခြင်းတချို့ ကို ပေါင်းစပ်ကျင့်သုံးနေကြတဲ့ မဟာဗျူဟာလို့ သုံးသပ်ကြပါတယ်။ ဒီအခင်းအကျင်းကို ကြည့်ရင် အမေရိကန်နဲ့ တရုတ်က တဖက်က အားပြိုင်နေကြသလို တဖက်က ပူးပေါင်းဆောင်ရွက်နေကြတာလို့ ပြောရမှာဖြစ်ပါတယ်။ အားပြိုင်တာက ကိုလိုနီတပိုင်း ( semi colony ) နိုင်ငံတွေကို မွေးမြူကြတာမှာ အကျိုးစီးပွားတွေအတွက် ပြိုင်ဆိုင်မှုရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုတာက ၂ နိုင်ငံ အကျိုးစီးပွါးအတွက် နည်းပညာ ကုန်သွယ်ရေး စီးပွါးရေးနဲ့ လုံခြုံရေး အစိုးရကဏ္ဍတွေမှာတော့ ပူးပေါင်းဆောင်ရွက်မှုတွေ အခိုင်အမာလုပ်ကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ အနိုင်ကျင့် ဗိုလ်ကျတဲ့ လုပ်ငန်းတွေကို မဟာအင်အားကြီး ၂ နိုင်ငံလုံးက မဟာဗျူဟာတခုအနေနဲ့ လုပ်လေ့ရှိတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ အကြောင်းတရားတခုပါဘဲ။
အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာပို့ကုန်ပမာဏ ကုန်ပစ္စည်းအမျိုးအစားများ စစ်ဘက်ဆိုင်ရာ ပို့ကုန်များနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ပို့ကုန်ပမာဏ ကုန်ပစ္စည်းအမျိုးအစားများ စစ်ဘက်ဆိုင်ရာပို့ကုန်များကို နှိုင်းယှဥ်လေ့လာကြည့်ရင် မဟာအင်အားကြီးနိုင်ငံတွေ ဘယ်လောက် ကုန်သွယ်နေကြသလဲ၊ အမြတ်အစွန်းတွေ ဘယ်လောက် ရနေကြသလဲ၊ ဘာတွေ ထပ်တိုးချဲ့ဖို့ ရည်ရွယ်နေကြသလဲ၊ ဘယ်လိုတွေ နိုင်ငံတကာအပေါ် ကုပ်သွေးစုတ်ကြဦးမလဲဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ “လက်နက်ရောင်းချတဲ့ လုပ်ငန်းဟာ ကမ္ဘာမှာအမြတ်အစွန်းအများဆုံးရတဲ့ လုပ်ငန်းအဖြစ်”အသိအမှတ်ပြုခဲ့ကြရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီး ၂ နိုင်ငံလုံးက ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ်နဲ့ လေယာဥ်အသစ်တွေ ထုတ်ပြကြ၊ စစ်သင်္ဘောကြီးတွေ ထုတ်ပြကြ၊ နည်းပညာအသစ်တွေ ထုတ်ပြကြရင်း ဝယ်လက်ခေါ်နေကြတာကိုလည်း နိစ္စဓူဝ တွေ့ရမှာဖြစ်ပါတယ်။ ကနေ့ ဝယ်လက်တွေ ဝယ်ယူနိုင်တဲ့ အင်အားကုန်တဲ့နီးပါး ဖြစ်လာပြီဆိုတော့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံစကားပြောကြပြီပေါ့ဗျာ။
သေချာတာက ၂၁ရာစု ကမ္ဘာ့လက်နက်ယှဥ်ပြိုင်မှု (Arms Competition) အကြီးမားဆုံးနိုင်ငံတွေကတော့ အမေရိကန်နဲ့ တရုတ်တို့ ဖြစ်ကြပါတယ်။ ပြောမယ်ဆိုရင် တရုတ်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ စစ်ရေး ကုန်ထုတ်လုပ်မှု အမြန်တိုးတက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး လက်နက်ထုတ်လုပ်သူ ဖြစ်လာခဲ့တာ ပါ။ fighter jets (J-20), missile systems,drones,naval destroyers / aircraft carriers တွေကို ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလက်နက်တွေကို Belt and Road Initiative အောက်က မဟာမိတ်နိုင်ငံများ (Pakistan, Cambodia, Africa, Myanmar,) ကို လက်နက်တွေ ပို့လျက်ရှိပါတယ်။ အမေရိကန်နိုင်ငံကတော့ ၂၀၂၀–၂၀၂၅ အတွင်း စစ်ရေးနည်းပညာတွင် AI + drones + cyber + space weapons တွေကို အထူးတိုးချဲ့ ဖွဲ့စည်းနေတာ ဖြစ်ပြီး Indo-Pacific Command ကို ခိုင်မာအောင် Japan, South Korea, Australia, Philippines တို့နဲ့ စစ်ရေးညှိနှိုင်းမှုတွေကို တိုးချဲ့ လုပ်နေတာ တွေ့ရပါတယ်။ ပြောမယ်ဆိုရင် အမေရိကန်က ၂၀၂၀-၂၀၂၄ ခုနှစ် အတွင်း ကမ္ဘာ့လက်နက်ရောင်းချမှု ပမာဏရဲ့ ၄၃ ရာခိုင်နှုန်းကို ရယူထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့တဲ့နိုင်ငံ ဖြစ်နေပါပြီ။
ကျနော် အဓိကထောက်ပြချင်တာက ပြီးခဲ့တဲ့လအချို့မှာ အမေရိကန်၊ တရုတ် ဆက်ဆံရေးဟာ ကမ္ဘာစစ်ကြီးပဲ ဖြစ်တော့မလို တကမ္ဘာလုံးက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒါတွေက အခုတော့လည်း အိပ်မက်တွေ ဖြစ်ကုန်ကြပြီပေါ့ဗျာ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၃၀ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး အလွန်အောင်မြင်သော တွေ့ဆုံမှုတခုလို့ ဖော်ပြခဲ့ပြီး တရုတ်အပေါ် အခွန်ကောက်ခံမှုများကို လျှော့ချပေးမည်လို့လည်း ပြောခဲ့ပါတယ်။ တရုတ်က မြေရှားသတ္တုများ တင်ပို့ခွင့်ပြုရန်နဲ့ အမေရိကန် ပဲပိစပ်များ ဝယ်ယူရန် သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဖန်တနိုင်းဓာတုဆေးဝါးများရောင်းချမှုအတွက် ဒဏ်ခတ်တဲ့အနေနဲ့ ယခုနှစ်အစောပိုင်းက တရုတ်ကို ကောက်ခံတဲ့ အခွန် ၂၀ ရာခိုင်နှုန်းကို အမေရိကန်က ၁၀ ရာခိုင်နှုန်းအထိ လျှော့ချမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထ ရမ့်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ တရုတ်ကို ကောက်ခံတဲ့ စုစုပေါင်းအခွန်နှုန်းဟာ ၅၇ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါတယ်။ “အဆင့်က သုညကနေ ၁၀ အထိ အမှတ်ယူပြီး ၁၀ က အကောင်းဆုံးဆိုရင် အဲဒီအစည်းအဝေးက ၁၂ မှတ်ပဲ။၁၂ မှတ်လို့ ကျနော်ထင်တယ်” သမ္မတထရမ့်ကပြောခဲ့ တာပါ ။သမ္မတထရမ့်က တရုတ် နိုင်ငံကို ဧပြီလမှာ သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်ကလည်း အမေရိကန် ပြည်ထောင်စုသို့ လာမယ်လို့ ပြောသွားခဲ့ပါတယ်။
အခုအခင်းအကျင်းသစ်က G7 တို့ G20 တို့အစား G2 ဆိုတဲ့စကားက ပြန်ခေါင်းထောင်လာပါတယ်။ ဒီစကား အစက အမေရိကန်သမ္မတဘုရှ်ခေတ် တရုတ်သမ္မတ ကျန်းဇီမင်းတို့ခေတ်က ပေါ်လာတာပါ။ ပြောရမယ်ဆို ရင် အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံပေါင်းပြီး ကမ္ဘာကြီးကို ခွဲဝေအုပ်ချုပ်ဖို့ ညှိကြတာပါ။ တရုတ်ဘက်က လက် မခံခဲ့ဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကို ပေးတဲ့နေရာ အဆင့်က တရုတ် လိုချင်တဲ့ အဆင့် နေရာမဟုတ်လို့ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတချို့က သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတခါ ၂၀၂၅- ဘူဆန် မှာလုပ်တဲ့ ထရန့်-ရှီ ဆွေးနွေးပွဲအပြီး ထရန့်က ဒီစကား လုံးထုတ်သုံးလာတဲ့အခါမှာတော့ တရုတ်က မယုတ်မလွန် တုံ့ပြန်လာတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအခြေအနေတွေက ရုတ်ခြည်းပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ မှတ်သားလောက်တဲ့ တရုတ်သမ္မတရဲ့ စကားတချို့ကို ကောက်နုတ်တင်ပြချင်ပါတယ်။
၁။ အခု ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ တရုတ်ရဲ့ ပြန်လည်ရှင်သန်တက်ကြွလာရေးနဲ့ သမ္မတထရန့် ရဲ့ အမေရိကန်တဖန် ပြန်လည်ကြီးမြတ်လာရေး လုပ်ငန်းစဉ်နှစ်ရပ်ဟာ ပူးပေါင်းလုပ်ဆောင်နိုင်စရာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အပြန်အလှန် အကျိုးပြုနိုင်စရာတွေ ရှိပါတယ်။
၂။ သမ္မတကြီးထရန့်အနေနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်နေမှုများကို တွေ့ရလို့ ဝမ်းသာမိပါတယ်။ မိမိတို့အနေနဲ့လဲ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီလုပ်ဆောင်မှာပါ။
ကွာလာလမ်ပူမှာ လုပ်တဲ့ အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ အမေရိကန်ဘက်က ဒီလိုပြောလာပါတယ်။ ကျွန်တော်တို့က “ပစိဖိတ်ဒေသတွင်းမှာ အာဏာချိန်ခွင် လျှာညှိဖို့ လုပ်ဆောင်နေတာပါ”လို့ ပြောလိုက်တော့ တရုတ်အတွက် ထိုင်ဝမ်အရေးပဲဖြစ်ဖြစ်၊ တောင်တရုတ်ပင်လယ်အရေးပဲဖြစ်ဖြစ် အတော်စိတ်အေးသွားရပြီလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဒီအပေးအယူကနေ ရှီကျင့်ဖျင်အတွက် တရုတ်ကွန်မြူနစ်ပါတီ ၁၅ ကြိမ်မြာက် ကွန်ဂရက်က ချမှတ်လိုက်တဲ့ ရေတို စီးပွားရေး ၅ နှစ် စီမံကိန်းကို အမေရိကန် နှောင့်ယှက်နေမှုက ကင်းလွတ်စွာ လုပ်နိုင်တော့မှာဖြစ်သလို ပြည်တွင်းတည်ငြိမ်ပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တော့မှာဖြစ်လို့ ရှီကျင့်ဖျင်အနေနဲ့ သူ့နိုင်ငံတွင်း လူကြိုက်နည်းမှုကို ကျော်လွှားနိုင်မဲ့ မဟာဗျူဟာတခုလို့ ပြောရမှာဖြစ်ပါတယ်။ တခြားဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံများ ၁၅၀ ကျော်ကိုလည်း (ပိုးလမ်းမစီမံကိန်း ၊ BRICS ၊ SCO) တို့တွေနဲ့ စည်းရုံးစုစည်းထားနိုင်ခဲ့ပြီလို့ ပြောရမှာပါ။ တရုတ်ကိုယ်တိုင်က အမေရိကန်ပြောတဲ့ G2 ဆိုတာကို အိပ်မက်ကောင်းတွေအဖြစ် ကြည်ကြည်နူးနူး လက်ခံလိုတဲ့ သဘောတွေ ပြနေပြီဆိုတာကတော့ အတော်ထင်ရှားလာပါတယ်။
အချုပ်ပြောရရင် အမေရိကန်၊ တရုတ် ဆက်ဆံရေးဟာ win-win ဖြစ်တယ်လို့ သုံးသပ်နိုင်ပေမဲ့ ကိုလိုနီတပိုင်း (semi colony) နိုင်ငံတွေအတွက်တော့ နောင်နှစ် ၅၀ လောက်အထိ မဟာအင်အားကြီး ၂ နိုင်ငံရဲ့ မဟာဗျူဟာမြောက် အနိုင်ကျင့်မှုတွေအောက်မှာ ဆက်လက်ရုန်းကန်နေကြရမှာကတော့ အလွန်သေချာတဲ့ ကမ္ဘာ့အခင်းအကျင်းသစ်လို့ပဲ ပြောရတော့မှာပါဗျာ။
(မှတ်ချက်။ ။ ကျနော် ဒီဆောင်းပါးကို သီအိုရီပိုင်းအနေနဲ့ Kenneth Waltz ၏ Structural Realism (Neorealism) ကို သီအိုရီအကူအညီအဖြစ် မှီငြမ်းပြုထားပါတယ်။
အဆိုပါသီအိုရီအရ— ကမ္ဘာပေါ်တွင် authority hierarchy မရှိခြင်း။ မဟာအင်အားတိုးချဲ့လိုသည့် "security-maximizing logic"။ Capability distribution ၏ ပြောင်းလဲမှုတို့ဟာ ပြိုင်ပွဲအရှိန်ကို သတ်မှတ်ပေးလေ့ရှိပါတယ်။ US–China rivalry သည် system-level competition တခုအဖြစ် ယှဉ်ပြိုင်မှု မပျောက်နိုင်သော်လည်း တိုက်ရိုက်စစ်ပွဲထိမသွားရန် “rational cost avoidance” လည်း တပြိုင်နက် တည်ရှိနေတာ ဖြစ်ပါတယ်။)
ကျမ်းကိုးစာရင်း
Waltz, K. N. (1979). Theory of international politics. Addison-Wesley.
SIPRI. (2023). SIPRI yearbook 2023: Armaments, disarmament and international security. Stockholm International Peace Research Institute.
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar