JCB နဲ့ စစ်ကောင်စီရဲ့ NSPNC တို့ကို အင်ဒိုနီးရှားက ဖိတ်ကြားဆွေးနွေး
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၃ ၊ ၂၀၂၅
JCB နဲ့ စစ်ကောင်စီရဲ့ NSPNC တို့ကို အင်ဒိုနီးရှားက ဖိတ်ကြားဆွေးနွေး
Joint Coordination Body လို့ အင်္ဂလိပ်ဘာသာနဲ့ အမည်ပေးထားပြီး မြန်မာဘာသာနဲ့ဆို ပူးတွဲညှိနှိုင်းရေးအဖွဲ့ လို့ အဓိပ္ပာယ် ရတဲ့ JCB အဖွဲ့ထဲမှာ ပါဝင်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တဖက်မှာ အာဏာသိမ်း စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းဆွေးနွေးရေးကော်မတီ NSPNC တို့ကို အင်ဒိုနီးရှားနိုင်ငံက နိုင်ငံတည်ဆောက်ရေး အလွတ်သဘောဆွေးနွေးရေး အစည်းအဝေးတွက် ဖိတ်ကြားခဲ့ပြီး ခုရက်ပိုင်းမှာ ဖိတ်ကြားတဲ့ အင်ဒိုနီးရှားနိုင်ငံက အဖွဲ့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးနေကြတဲ့ သတင်းတွေ စတင်ပေါ်ထွက်လာခဲ့ပါတယ်။
ဘီဘီစီ မြန်မာပိုင်းသတင်းမှာ ဖော်ပြထားချက်အရ ရှမ်းအဖွဲ့အစည်းအများစု ပါဝင်နေတဲ့ Joint Coordination Body နဲ့ NSPNC က ဗိုလ်ချုပ်စိုးနိုင်ဦး ခေါင်းဆောင်တဲ့ အဖွဲ့တွေ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေကြပြီး မြန်မာ့အရေးကို အဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့က ၂ ဖက်အဖွဲ့အစည်းတွေနဲ့ သီးခြားစီတွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ ဖော်ပြထားပါတယ်။
JCB ဆိုတဲ့ အဖွဲ့ကို ယူရိုဘားမားရုံးက ဦးဟန်ညောင်ဝေက ကမကထလုပ်ပြီး ယမန်နှစ်အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအဖွဲ့ထဲမှာ ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးအင်အားစုတွေ အများစုပါဝင်တယ်လို့ ပြောဆိုနေကြသလို ရှမ်းမဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့လည်း ပါဝင်နေကြတယ်လို့ သတင်းရင်းမြစ် တချို့က ပြောဆိုထားပါတယ်။ KNU, KNPP, NUG တို့ ပါဝင်သလို NUCC လည်း ပါဝင်တယ်လို့ ဆိုကြပေမယ့် တရားဝင် လူသိရှင်ကြား ထုတ်ပြန်ကြေညာတာတွေတော့ မတွေ့ရသေးပါဘူး။ ဦးဟန်ညောင်ဝေဟာ သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့ သားဖြစ်ပြီး ပြည်ပမှာ နေထိုင်တဲ့ မြန်မာ့နိုင်ငံအရေး ဆောင်ရွက်သူ တဦး ဖြစ်ပါတယ်။
JCB အဖွဲ့က မြန်မာ့နိုင်ငံရေး ပြဿနာကို ဘယ်ရှုထောင့်က ချဥ်းကပ်ဆွေးနွေးမလဲ၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးလား၊ လက်ရှိ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ နားလည်ရပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရတို့လည်း ပါဝင်နေတာကြောင့် လက်နက်ကိုင် ပဋိပက္ခရဲ့ ဘက် ၂ ဘက်က အဖွဲ့တွေ အားလုံးမဟုတ်သည့်တိုင် အရေအတွက်တခုထိ ပါဝင်နေကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်း၇၀ ကျော် ၈၀ နီးပါး ကြာရှည်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်လို့ပဲ ခေါ်ခေါ် လက်နက်ကိုင် ပဋိပက္ခလို့ဆိုဆို ဒီစစ်ပွဲကို ဘယ်သူတွေက အဆုံးသတ် နိုင်စွမ်းရှိကြပါသလဲ။
စစ်ဝါဒ၊ စစ်တပ်ကြောင့် ပြည်တွင်းစစ် ဖြစ်ပွားနေရတယ်လို့ ကောက်ချက်ချမှု ရှိသလို ၁၉၄၈ ကနေ ၁၉၆၂ ထိကာလက ဖဆပလ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖြစ်ပွားတာလို့လည်း စစ်တပ်က တုံ့ပြန်ပြောဆိုဖူးပါတယ်။ အာဏရ အစိုးရနဲ့ လက်နက်ကိုင်လမ်းစဥ်ကို ကိုင်စွဲထားတဲ့ တိုင်းရင်းသား၊ လက်ဝဲ၊ လက်ယာ အင်အားစုတွေက တိုက်ခိုက်ကြရာမှာ စစ်တပ်က ခုခံကာကွယ် တိုက်ခိုက်ရတာလို့ ဆင်ခြေပေး ပြောဆိုဖူးပါတယ်။
၁၉၆၂ ခုနှစ်ကနေ ခုလက်ရှိအချိန်ထိ ပြည်တွင်းစစ်ကတော့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ဖွဲ့စည်းအုပ်ချုပ်တဲ့ မဆလ တပါတီအစိုးရ၊ နဝတ၊ နအဖ အစိုးရနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်း နစကအစိုးရတို့ကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း တောက်လောင်လာတဲ့ စစ်မီးက နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးအတွင်း ဒုတိယမြောက် full scale civil war တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားတဲ့ ပြည်တွင်းစစ် ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးပြည်တွင်းစစ်၊ နယ်ပယ် အကျယ်ပြန့်ဆုံး အတိုင်းအတာနဲ့ ဖြစ်ပွားတဲ့စစ်၊ ထိခိုက်သေဆုံးမှု အရေအတွက်၊ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ အများဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ပြည်တွင်းစစ် ဖြစ်ပါတယ်။
အခုတကြိမ် ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ဟာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မယ်လို့ ကြွေးကြော်ထားကြသလို စစ်တပ်ကို အပြီးတိုင် အနိုင်ယူဖို့၊ နိုင်ငံရေးအာဏာနယ်ပယ်ကို ဘယ်တော့မှ ပြန်မလာတော့ဖို့ အဆုံးတိုင် အနိုင်ယူမယ်လို့ ကြွေးကြော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီ ၅ နှစ်တာနီးပါးကာလအတွင်း လက်နက်ကိုင်နဲ့ အရပ်သား သောင်းဂဏန်းနဲ့ ချီထိခိုက်သေဆုံးခဲ့ကြရပြီလည်း ဖြစ်ပါတယ်။ အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်ကူးသန်းမှု၊ နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုတွေ ပျက်စီးထိခိုက်ခဲ့သလို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်တွေလည်း ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ပြီ ဖြစ်ပါတယ်။
စစ်ပွဲရဲ့ အကျိုးဆက်က လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အသက်ဆုံးရှုံးတာ ဒဏ်ရာရတာတွေ ရှိသလို လက်နက်မကိုင်တဲ့ အရပ်သားတွေလည်း ထိခိုက်သေဆုံးနေကြရတာ ဖြစ်ပါတယ်။ သို့ပေမယ့် စစ်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
အခုလို အင်ဒိုနီးရှားနိုင်ငံက ကမကထ လုပ်တဲ့ ဆွေးနွေးပွဲမှာ တဖက်နဲ့ တဖက် မျက်နှာချင်းဆိုင် ဆွေးနွေးခြင်းမရှိသည့်တိုင် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးအတွက် လုပ်ဆောင်တဲ့ အဖွဲ့ကို ပုဏ္ဏားတိုင်ထားပြီး မိမိတို့ ရပ်တည်ချက်၊ လိုလားချက်တွေကို ပြောဆိုကြလိမ့်မယ်လို့ မှန်းဆရပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က ဆုံးခန်းတိုင်ဖို့ နီးလာပြီလား သို့မဟုတ် နောက်ထပ်ဆက်လက်တိုက်ခိုက်နိုင်ဖို့ အင်အားဖြည့်ဆည်းရင်း နည်းပရိယာယ်အရ ဆွေးနွေးစကားပြောဆိုကြတာလား ဆိုတာတော့ လောလောဆယ်မှာ ကောက်ချက်ချဖို့ စောနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar