Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၆



လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် - ၆

(မိိုးမခ) မေ ၆၊ ၂၀၂၀

နောက်ကြောင်းအေးရသူများ


တရုတ်ရုပ်မြင်သံကြားအစီအစဉ်က ကိုဗစ်၁၉ကပ်ရောဂါတိုက်ဖျက်ရေး ရည်ရွယ်ချက်နဲ့ ကမ္ဘာတဝန်းဆေးပညာရှင်များနဲ့ တရုတ်ဆေးဝန်ထမ်းများအကြား တယ်လီကွန်ဖရင့်တွေ အများအပြား လုပ်ဆောင်နေကြပါတယ်။ တပတ်(၂)ကြိမ်ကျ လုပ်နေပြီး ကမ္ဘာတဝန်းက စိတ်ဝင်တစားတက်ကြည့်သူ များပြားရုံမက မေးခွန်းတွေဝိုင်းမေးကြသူများလည်း များပါတယ်။

ဒီစကားဝိုင်းတွေဟာ မတူညီတဲ့နိုင်ငံရေးစနစ်တွေအကြားက လူအများအပြားကို တူညီတဲ့ ရည်မှန်းချက်တခုအောက် ရောက်စေပြီး ပူးပေါင်းဆောင်ရွက်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စုပေါင်းရှာဖွေလုပ်ဆောင်တဲ့ လုပ်ဟန်တွေ ပေါ်ထွက်စေပါတယ်။

အပြန်အလှန် - အတွေ့အကြုံတွေ ဖလှယ်တာ- အကြံပေးကူညီဖြေရှင်းတာ- စတာတွေဟာ ဦးစီးလုပ်ဆောင်နေတဲ့ ဆေးပညာရှင်ကြီးများကိုသာမက တက်ရောက်ကြည့်ရှုသူများကိုလည်း အလွန်ကောင်းမွန်တဲ့ သင်ခန်းစာတွေ ပေးနေပါတယ်။

ဆေးပညာရှင်ဆိုတာတွေကလည်း အခြေခံအားဖြင့် လူတွေကို များနိုင်သမျှ များများ အသက်ကယ်ချင်တဲ့ စိတ်စေတနာ အပြည့်အဝရှိကြသူများပါ။ ဒါ့အပြင် အုပ်ချုပ်ရေးပိုင်းကိုပါ တာဝန်ယူရတဲ့သူများဟာ လူနာကယ်ရေးသာမက မိမိလက်အောက်က လုပ်ဖော်ကိုင်ဖက်များရဲ့ ဘဝလုံခြုံရေးကိုလည်း ဂရုစိုက်ရတာပါ။

တကယ်တော့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သမယမှာ ဘယ်နိုင်ငံမှ အထီးကျန် နေလို့မရတော့ဘဲ လူသားအားလုံးရဲ့ ဘဝနဲ့အနာဂတ်တွေဟာ (interconnected) ယှက်လိမ်ရောနှောနေပါပြီ။ ဒါ့ကြောင့်ဒီကမ္ဘာ့ကပ်ရောဂါကြီးကို အားလုံးဝိုင်းဝန်းပြီး ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်မှရမှာပါ။ ဒီစကားဝိုင်းတွေမှာ တရုတ်ဆေးပညာရှင်တွေဟာ (သူတို့နိုင်ငံက ကိုဗစ်၁၉ကပ်ရောဂါကို တစုံတရာအဆင့်ထိ ထိန်းချုပ်နိုင်ပြီးဖြစ်လို့) အနည်းအများဆိုသလို အပေါ်စီးရနေတာတွေ့ရပါတယ်။ ကျန်နိုင်ငံများက အခုမှ ကပ်ရောဂါကို စတွေ့ရသူများဖြစ်လို့ သိချင်တာတွေကလည်း များနေပါတယ်။ ဒါ့အပြင် တရုတ်ဆေးပညာရှင်တွေမှာ အားသာချက် (အလွန်လည်းအရေးကြီးတဲ့) တချက်ရှိပါသေးတယ်။ (ဒါကတော့ သူတို့နိုင်ငံရဲ့ နိုင်ငံရေးစနစ်ပါ။)

သူတို့ရဲ့နောက်မှာ သူတို့ကို ခိုင်မာစွာထောက်ခံပေးနေတဲ့ အလွန်လည်း အရှိန်အဟုန်ပြင်းစွာနဲ့ အင်အားတောင့်တင်းလာနေတဲ့ တရုတ်ပြည်ကြီးတရပ်လုံး လူတယောက်တည်းပမာ ရပ်တည်ပေးနေခြင်းပါပဲ။

လူတွေအသက်ကယ်ရေးသာ ဦးစားပေးပါ။ ကျန်လုပ်ငန်းအားလုံး လိုအပ်သမျှ လိုက်လုပ်ဆောင်ပေးပါမယ် ... လို့ သူတို့ဆေးပညာရှင်တွေကို တရုတ်ထိပ်ဆုံး ခေါင်းဆောင်များကစလို့ အဆင့်အသီးသီးခေါင်းဆောင်များက အာမခံချက် ပေးထားတာပါ။ ဒါကြောင့် သူတို့တတွေ ဘာမှပူပန်စရာမရှိဘဲ ဒီလို ခပ်တင်းတင်း ဆိုနိုင်ကြတာပါ။

ဆေးဝန်ထမ်းများအနေနဲ့ လူနာကိစ္စပဲ ဦးစားပေးစဉ်းစားရမှာ။ ကျန်တဲ့ကိစ္စ (ဥပမာ - နှာခေါင်းစည်း မလောက်တာမျိုး) ထည့်စဉ်းစားစရာ မလိုဘူး တဲ့။

ဧပြီ၁၄ ရက်နေ့က အိန္ဒိယဆေးပညာရှင်များနဲ့ ပြုလုပ်တဲ့ တယ်လီကွန်ဖရင့်မှာ ဝူဟန့်က တရုတ်-ဂျပန် ချစ်ကြည်ရေးဆေးရုံရဲ့ ဒုဆေးရုံအုပ်က အိန္ဒိယဆရာဝန်ရဲ့ အမေးဖြစ်တဲ့ (သူ့ဆေးရုံက ဆေးဝန်ထမ်း ၆%လောက် ကူးစက်ခံနေရပါတယ်။ ဒါကို ခင်ဗျားတို့ ဘယ်လို ဖြေရှင်းကျော်လွှားခဲ့သလဲ) ဆိုတာကို ဖြေဆိုရာမှာ ... "ကျွန်တော်တို့က ဆေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အလွန် အလေးထားတယ်။ သူတို့မရှိရင် လူနာကို ဘယ်သူက ဆေးကုပေးမှာလဲ။ သူတို့အားလုံးကိုလည်း တဦးချင်းကာကွယ်နည်းတွေ သင်တန်းပေးထားပါတယ်။ ဒါပေမဲ့ အဓိကတာဝန်ယူရမှာက တာဝန်ခံဌာနများက ( institutions) ကဖြစ်တယ်။ ကျွန်တော်တို့က ဘေးကင်းလုံခြုံရေးတာဝန်ခံအဖွဲ့တွေ ဖွဲ့ပေးထားတယ်။ သူတို့က ဆေးဝန်ထမ်းတွေ တာဝန်ထမ်းခါနီး ဝတ်ထားတဲ့ ကာကွယ်ရေးဝတ်စုံတွေ လုံခြုံမှု ရှိမရှိ စစ်ဆေးရတယ်။ တာဝန်ချိန်ကိုလည်း ဆရာဝန်ဆို (၆) နာရီ၊ သူနာပြုဆို (၄) နာရီပဲ တဆက်တည်း တာဝန်ထမ်းရမယ်။ ပြီးရင် ဟိုတယ်ခန်းတွေမှာ အေးအေးဆေးဆေး အနားယူခိုင်းတယ်။ အာဟာရ လုံလောက်အောင် စီစဉ်ပေးတယ်။ဒါတွေအားလုံးကို တာဝန်ခံဌာနတွေက တာဝန်ယူရတာ" ... တဲ့။

ဒီနေရာမှာ တိုက်ဆိုင်လာလို့ တခုပြောပြရဦးမယ်။ အဲဒီတုန်းက ဝူဟန့်မှာ တာဝန်ထမ်းခဲ့ဘူးတဲ့ ဆေးဝန်ထမ်းလေးတဦး တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောသွားတာ ...

ကျွန်တော်တို့ တခါတလေ တာဝန်ချိန်ပြီီီးတာဟာ ည (၂) ချက်တို့၊ မနက် (၄) နာရီ တို့ဖြစ်တတ်တယ်။ ဘယ်အချိန်ဖြစ်ဖြစ် ဆေးရုံက ထွက်လိုက်တာနဲ့ ကားတစီး အဆင်သင့်ရပ်ထားတာ တွေ့ရတယ်။ တခါတလေ ကားဆရာကြီးက အိပ်ပျော်နေတာပါ။ ကျွန်တော်တို့ အသံကြားတာနဲ့ နိုးလာတတ်ပြီး ကျွန်တော်တို့နေထိုင်နေတဲ့ ဟိုတယ် ကိုလိုက်ပို့တာပဲ။ ဟိုတယ်ရောက်ပြီး မကြာဘူး။ ပူပူနွေးနွေးခေါက်ဆွဲတွေရောက်လာတယ်။၊ တခါများ အမဲဝမ်းတွင်းသားပြုတ်တွေနဲ့ ခေါက်ဆွဲတွေ ရောက်လာတယ်။ ကျွန်တော်တို့ မြောက်ပိုင်းသားတွေဖြစ်တော့ (ဟေလုံးကျန်းဆေးအဖွဲ့ကပါ) အဲဒီဟိုတယ်က စားဖိုမှူးကြီးကကျွန်တော်တို့မြောက်ပိုင်းသားတွေအကြိုက် ဟင်းအမျိုးမျိုး လုပ်ကျွေးရှာတယ်။ အသီးများဆို အခွံနွှာ အစိတ်ကလေးတွေ စိတ်၊ သွားကြားထိုးတံလေးတွေ ထိုးထားပြီ အခန်းထဲအရောက်ပို့ပေးကြတာ။ ကျွန်တော့်သား မွေးတုန်းက ဇနီးမီးနေသည်ကို ကျွန်တော်စောင့်ရှောက်ရတုန်းကတောင် မလုပ်ပေးခဲ့ဖူးပါဘူးဗျာ ... " တဲ့။ အဲဒီ ဟိုတယ်မှာ လုပ်အားပေးလေးတွေက တက္ကသိုလ်ကျောင်းတွေကပါ။ (ဟိုတယ်ဝန်ထမ်းတွေ နှစ်သစ်ကူးအနားယူချိန် မို့ ပြန်ကုန်ကြပြီး၊ ဝူဟန့်ကိုလည်း အသွားအလာပိတ်ဆို့ထားလို့ ပြန်မလာနိုင်ဖြစ်နေတာပါ။) တခြားတနယ်တကျေးက ငါတို့ဆီ လာကယ်တင်နေသူတွေ ... ဆိုတဲ့အတွေးအခေါ်ကို ဝူဟန့်မြို့သူမြို့သားများအကြား သူတို့အစိုးရက ကောင်းကောင်းသွင်းပေးထားနိုင်လို့ ဒီလိုအသေးအဖွဲလေးတွေကအစ အလွန်ဂရုစိုက်ခဲ့တာတွေ့ရပါတယ်။ ဟုတ်ပါတယ်။ ဒါတွေကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနတွေက လုပ်ပေးရမှာပါ။

တရုတ်အစိုးရက အဲဒီကာလ တာဝန်ထမ်းတဲ့ဆေးဝန်ထမ်းများအားလုံးကို စတာဝန်ထမ်းတဲ့နေ့ကစပြီး လစာ (၃) ဆ ၊ ရိက္ခာထပ်ဆောင်းငွေ တယောက်တနေ့ (၂၀၀) ယွမ် သတ်မှတ်လိုက်ပါတယ်။ သွားလာစရိတ်၊ တည်းခိုနေထိုင်စရိတ်အကုန်အခမဲ့ပါ။ ဒါ့အပြင် ပြည်နယ်အလိုက် ထောက်ပံ့မှုတွေလည်း ရှိပါတယ်။ ဥပမာ ပြည်နယ်အလိုက် အသက်အာမခံစာချုပ် တွေဝယ်ပေးတာမျိုး... စသဖြင့်။ ဝူဟန့်မြို့အုပ်ချုပ်ရေးကော်မတီက ဆိုရင် တာဝန်ထမ်းနေတဲ့ဆေးဝန်ထမ်းများရဲ့ သားသမီးများ ကျောင်းနေစရိတ် စားစရိတ်တွေ တာဝန်ယူပေးတာ၊ တက္ကသိုလ်ဝင်ဖြေသူများကို (၁၀) မှတ်ပေါင်းပေးတာ၊ ဝူဟန်က တက္ကသိုလ်တွေ ဝင်ခွင့်ရရင် ဘွဲ့ရတဲ့အထိ အစိုးရက တာဝန်ယူမှာ စတာ စတာတွေပါ။ ဆေးဝန်ထမ်းအားလုံးဟာ အိမ်မပြန်နိုင်ကြပါဘူး။ အစိုးရငှားပေးတဲ့ ဟိုတယ်တွေမှာ နေရတာပါ။ ဒါ့ကြောင့် အိမ်မှာ ကလေးအရွယ်အမျိုးမျိုး (ကျောင်းတွေကလည်း ပိတ်ထားလို့) နဲ့ တခါလေ သက်ကြီးရွယ်အို မိဘများ ကျန်နေတတ်ပါတယ်။ ဒါတွေအားလုံးကို သက်ဆိုင်ရာဌာနနဲ့ ရပ်ကွက်များက တာဝန်ယူကြရပါတယ်။ ဒါတွေကြောင့် သူတို့ နောက်ကြောင်းအေးစွာနဲ့ လူနာအသက်ကယ်ရေးပဲ ဦးစားပေးလုပ်နိုင်ခဲ့တာပါ။

ဒီလိုမျိုးဆွေးနွေးပွဲတွေဟာ အဓိကဆွေးနွေးနေတဲ့ပညာရှင်ကြီးများကိုရော နားထောင်နေတဲ့ပရိသတ်ကိုပါ အလွန်ကောင်းမွန်တဲ့ သင်ခန်းစာတွေကို ပေးနေပါတယ်။

လူထုကျန်းမာရေးစနစ်သစ်ကို ပြည့်စုံအောင်တည်ဆောက်ဖို့အတွက် နိုင်ငံစုံကဆေးပညာရှင်များအတွက် နည်းနာပေါင်းစုံကိုမြင်ရတွေ့ရနိုင်ပြီးတရုတ်ပညာရှင်များနဲ့ တရုတ်နိုင်ငံသားများအတွက်လည်း မိမိတို့ရရှိထားတဲ့ အခွင့်အရေးတွေကို ကာကွယ်ထိန်းသိမ်းရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရေး ၊မိမိတို့လောက်ကံမကောင်းရှာတဲ့ (အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံက ဆေးဝန်ထမ်းများအပေါ်) စေတနာထားရေး၊ကူညီရိုင်းပင်းရေး စတာတွေကိုလည်း ပညာပေးပြီးသား ဖြစ်သွားပါတော့တယ်။

တရုတ်နိုင်ငံသားများအဖို့ မိမိတို့နိုင်ငံရဲ့နိုင်ငံရေးစနစ်အပေါ်မှာလည်း အလွန်စိတ်ချ ယုံကြည်စိတ်တွေတိုးပွားစေပြီး ဒီစနစ်ကိုကာကွယ်ရေးအတွက် ဘာပဲပေးဆပ်ရ ပေးဆပ်ရပေးဆပ်ဖို့ သန္နိဋ္ဌာန်တွေလည်းချမှတ်ပြီးဖြစ်သွားစေပါတယ်။

ဝူဟန့်ရှေ့တန်းစစ်မြေပြင်က ပြန်လာတဲ့သူရဲကောင်းကြီးများကို သက်ဆိုင်ရာ အစိုးရများက အမြင့်ဆုံးသူရဲကောင်းကြီးများအဖြစ် ကြိုဆိုကြပါတယ်။ သူတို့တွေပါလာတဲ့လေယာဉ်ပျံ မြေပြင်ဆိုက်တာနဲ့ မီးသတ်ပိုက်များ က ရေတွေဖျန်းပက်ပြီး ကြိုဆိုကြပါတယ်။ လမ်းခရီးတလျှောက်လည်း ရဲမော်တော်ယာဉ်များက ခြံရံလိုက်ပါကြပါတယ်။ ဝူဟန်ကအထွက်မှာလည်း တမြို့လုံးက လမ်းဘေးတလျှောက် တန်းစီပြီး နှုတ်ဆက်ခဲ့ကြတာပါ။

ပြန်ရောက်လာတဲ့ ဆေးဝန်ထမ်းများက မျက်ရည်လည်ရွှဲနဲ့ သူတို့တာဝန် သူတို့ ထမ်းတာပါလို့ ဆိုတော့ လာကြိုတဲ့ တာဝန်ခံခေါင်းဆောင်က တို့တတွေကလည်း မင်းတိုတတွေရဲ့လုပ်ဆောင်ချက်တွေကိုအသိအမှတ်ပြုပြီး တို့စေတနာလေးတွေကို ဖော်ပြတာပါ... တဲ့။

ဒါကြောင့်ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထက်တန်းအကြံပေး ဒေါကိတာဘရုစ် အဲလ်ဝတ်က ပြည်သူနဲ့အစိုးရ တထပ်တည်းရှိတဲ့တိုင်းပြည် လို့ တရုတ်ပြည်ကို ပြောခဲ့တာဖြစ်မှာ။

လှကျော်ဇော
၅-၅-၂၀၂၀။