Breaking News

ညိုထက်ညို - မဖြည့်မဖြစ် ဗိုက်

Credit- Google
မဖြည့်မဖြစ် ဗိုက်
ညိုထက်ညို
(မိုးမခ) မေ ၁၄၊ ၂၀၂၀


အဲဒီနေ့ ညနေ ငါးနာရီ လောက်မှာ ကျွန်တော် ရေချိုးတယ်....
ရေချိုးပြီးတော့ အဝတ်အစားလဲပြီးတာနဲ့ အိမ်ရှေ့ဝရံတာမှာရပ်ပြီး အောက်မှာ သွားနေလာနေ ကြတဲ့လူတွေကို ငေးတယ်....
တကယ်ပါပဲ... ရန်ကုန်အတွက်တော့ အခု အခြေအနေဟာ တကယ့်ကိုမကြုံဖူးတဲ့ အခြေအနေတစ်ရပ်ပါပဲ....
တစ်ကမ္ဘာလုံးအတွက်ကော ဘာထူးလဲ....
နေရာတကာမှာ လူတွေဟာ ကျဲကျဲ၊ ကားတွေဟာ ကျဲကျဲ....

ညနေမှောင်ရီပျိုးလာပြီဆို လမ်းထောင့် လမ်းထောင့်တွေဆီက ထွက်ထွက်လာတဲ့ ခပ်လှမ်းလှမ်းကကြားရတဲ့ အသံချဲ့စက်သံ သဲ့သဲ့အောက်မှာ ရန်ကုန်မြို့ကြီးဟာ မကြုံစဖူး လူသူရှင်းလင်းနေတယ်....
ပြောမယ်ဆို စစ်ကြီးဖြစ်နေတဲ့ ဂျပန်ခေတ် မှာတောင် ဆင်နွှဲဖြစ်အောင် ဆင်နွှဲခဲ့တဲ့ နှစ်ကူးသင်္ကြန်ပွဲတောင် ဒီနှစ်မှာတော့ လုပ်ခွင့် မရှိတော့ဘူးတဲ့ ....
ရှူနေတဲ့လေထုထဲမှာကို အကြောက်တရားတွေနဲ့ ....
နေရာတကာမှာ မျက်နှာဖုံးတွေနဲ့၊ လမ်းဆုံလမ်းခွတွေမှာ လက်ဆေးဆပ်ပြာရည်တွေနဲ့၊ လူတွေဟာ ဆာလောင်မွတ်သိပ်မှုတွေနဲ့....
ရောဂန္တရကပ်တဲ့ ။
............................ ....................... ...................... ……………………….   

ညဆယ်နာရီ မတိုင်ခင်မှာ အိမ်ကို ပြန်ရမယ်....
မနက် ၄ နာရီထိုးမှပဲ အပြင်ကို ထွက်ခွင့်ရှိတယ်....
မလိုအပ်ဘဲ မထွက်ရ၊ လူငါးယောက်ထက် ပိုမစုရ၊ ဈေးတွေဘာတွေ ထွက်ဝယ်တာနဲ့ ဆေးရုံဆေးခန်း သွားတာပြုတာကလွဲလို့ တတ်နိုင်သမျှ အပြင်မထွက်ရ.....

အလုပ်တွေ အတော်များများ ပိတ်ထားရတော့ ထွက်စရာလည်း အကြောင်းသိပ်မရှိတော့၊ စားဝတ်နေရေးအတွက် မဖြစ်မနေ ထွက်ကို ထွက်ရမယ့်လူတွေလောက်ပဲ အပြင်ကို ထွက်တော့တယ်၊ မြို့စွန်မြို့ဖျားက အပေါင်ဆိုင်တွေမှာဆို လူတွေနဲ့ ကြိတ်ကြိတ်ကြိတ်ကြိတ်၊ ဆန်တွေဆီတွေ အနည်းအကျဉ်း ဝေပေးတာတော့ ရှိတယ်၊ ဒါပေမဲ့လည်း လူ့အစာအိမ် ဆိုတာ အကျယ်ကြီးဟာပဲ၊ ဒီလိုအခြေအနေမှာ ရာဇဝတ်မှုတွေ ပေါ်လာမှာလည်း တစ်ဖက်က ကြောက်နေရသေးတယ်၊ အနည်းနဲ့ အများသာ ကွာမယ်၊ လူတွေဟာ စိတ်ညစ်နေကြတယ်။

ဘာပဲဖြစ်ဖြစ် လောလောလတ်လတ် တော့ အပြင်မထွက်ရတာ တစ်ခုတည်းနဲ့ ကျွန် တော်တို့ အထူးသဖြင့် မြို့ထဲ တိုက်ခန်းကလေးတွေမှာ ကျဉ်းကျဉ်းကြုတ်ကြုတ်နေရတဲ့လူတွေ ကိုယ်တွေလက်တွေ ညောင်းညာတဲ့အဆင့်အထိပါ ဖြစ်လာတယ်....
လူတွေက အိမ်ထဲမှာတင် နေနေရတော့ ညဘက်ဆို အိပ်မပျော်၊ အရေးထဲ ပြင်းလိုက်တဲ့ရာသီဥတုဆိုတာလည်း ဆိုစရာမရှိ၊ အရိပ်ထဲမှာတင် ချွေးဆိုတာ ဒီးဒီးကျတယ်။
ပူလိုက်တဲ့ရာသီဥတုပါမှ ရန်ကုန်မှာဆို နှစ်ငါးဆယ်အတွင်းမှာ အပူဆုံး စံချိန်တွေတင်တဲ့အထိပါ ဖြစ်ကုန်တယ်။
ရန်ကုန်ဟာ လူကျဲကျဲ ကားကျဲကျဲ ချွေးတွေသံတွေ တရွှဲရွှဲ နဲ့ ။
..........................   .....................   ........................ ……………………….   

အဲဒီအနေအထားမှာ လွန်ခဲ့တဲ့ တစ်လ လောက်ကစပြီး ညနေဘက်ဆို ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းထွက်လျှောက်ဖြစ်တယ်….
တစ်ခါတစ်ခါ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အတွင်းဝန်ရုံးကိုပတ်ပြီး လမ်းလျှောက်ကြတယ်၊ တစ်ခါတစ်ခါ မဟာဗန္ဓုလလမ်းအတိုင်း ဟိုး Ocean ဆူပါမားကက်ရှိတဲ့နေရာအထိလျှောက်သွားပြီး တံတားအောက်ဘက်ကနေ ကျွန်တော်တို့ နှစ်ယောက် ပုစွန်တောင်ဘက်ကိုပတ်ပြီး မြို့ထဲကို ပြန်လျှောက်ကြတယ်၊ ရံဖန်ရံခါတော့ မဟာဗန္ဓုလပန်းခြံဘက်နဲ့ ကုန်သည်လမ်းတဝိုက်မှာ လျှောက်တယ်။

ဘာပဲဖြစ်ဖြစ် အဆိုးထဲကအကောင်း လူလည်းရှင်း ကားလည်းရှင်းနဲ့ လမ်းလျှောက်လို့တော့ အတော်ကောင်းတယ် ပြောရမယ်။ ပြောမယ်ဆို ကျွန်တော်တို့ ရန်ကုန်ဟာ သူထမ်းနိုင်တဲ့ဝန်နဲ့မမျှအောင်ကို လူတွေကားတွေနဲ့ သူတို့ဘေးထွက်ပစ္စည်းတွေကို ထမ်းထားရတာ ဆယ်စုနှစ်တွေနဲ့ကို ချီနေပြီပဲ။ အခုမှပဲ ရန်ကုန်လည်း နည်းနည်းပါးပါး အနားပြန်ရတော့တယ် လို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့ မြို့ထဲမှာဆို ရှူနေရတဲ့ လေကအစ အခုမှပဲ နည်းနည်း ပြန်သန့်သွားတော့တယ်။
လျှောက်မိတဲ့ကုန်သည်လမ်းတဝိုက်၊ ပန်းဆိုးတန်းတဝိုက်၊ ဆူးလေဘုရားလမ်းအောက်လမ်းတဝိုက်က ကို လိုနီခေတ် လက်ကျန် ဝိတိုရိယခေတ်က လက်ရာဆွတ်ပျံ့ဖွယ်အဆောက်အဦကြီးတွေနဲ့ မှိုင်းပျပျ ရန်ကုန်ဟာ လွမ်းမယ်ဆိုတောင် လွမ်းဖို့ကောင်းပါတယ်။
ဟောဟိုမှာ တရားရုံးချုပ်၊ ဟောဟိုမှာ ကြေးနန်းရုံးကြီး၊ ဟောဟိုမှာ ပြည်တွင်းရေကြောင်း၊ ဟောဟိုမှာ ဟောဟိုမှာ ရန်ကုန်မြို့ထဲတဝိုက်ကလမ်းမတွေပေါ်မှာ ခွေးလေခွေးလွင့်တွေနဲ့၊ အိပ်တန်းတက်ဖို့ ပြင်နေတဲ့ကျီးတွေနဲ့၊ လမ်းပေါ်မှာ ဟိုတချို့ဒီတချို့ တွေ့လေ့တွေ့ထရှိတဲ့ မစင်ပုံတွေနဲ့၊ လူလေလူလွင့်တွေနဲ့၊ ကျွန်တော်တို့လို လမ်းထွက်လျှောက်တဲ့ လူတွေနဲ့။
အဲဒီအနေအထားမှာပဲ ကျွန်တော်တို့ သူ ငယ်ချင်းနှစ်ယောက် ညနေညနေဆို လမ်းလျှောက်ဖြစ်နေတယ်။
ဒီနေ့ညနေ တော့ သူငယ်ချင်းက မအားလို့ လမ်းလိုက်မလျှောက်တော့ဘူးတဲ့။
ဒီနေ့ညနေတော့ ကျွန်တော် တစ်ယောက်တည်း။
……………………….           ……………………….    ……………………….   

ခါတိုင်းတော့ ကျွန်တော်တို့ နှစ်ယောက် များသောအားဖြင့် အတွင်းဝန်ရုံးကို ပတ်လျှောက်တာ များတယ်….
ဒီညနေတော့ တစ်ယောက်တည်းလည်းဖြစ်နေတာနဲ့ မဟာဗန္ဓုလပန်းခြံဘက်ပဲလျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပန်းခြံရှေ့ က ဧမာနွေလဘုရားကျောင်းရှေ့ကို ကျွန်တော်ရောက်တော့ ညနေ ၆ နာရီခွဲတော့မယ်။ ကျီးတွေတောင် အိပ်တန်းတက်ကုန်ကြပြီပဲ။

ကုန်သည်လမ်းဘက်ကနေ တစ်ပတ်ပတ်ပြီးတာနဲ့ အမှောင်တွေက ကျလာတယ်။ Pullman ဟိုတယ်ရှေ့နား ဆူးလေဘုရား အောက်လမ်းဘက်ခြမ်းကလမ်းပေါ်မှာဆို ပလက်ဖောင်းပေါ်မှာကြွေနေတဲ့ ငုဝါတွေကိုလှည်းနေတဲ့ စည်ပင်ကကောင်လေး တစ်ယောက်နှစ်ယောက်နဲ့ ကျွန်တော်လောက်ပဲ ရှိတော့တယ်။ မဟာဗန္ဓုလ ဘက်ခြမ်းကတော့ တစ်ယောက်နဲ့ တစ်ယောက် သုံးလက်မလောက်ပဲခွာဖို့စိတ် ဝင်စားပုံရတဲ့ စုံတွဲကောင်လေးကောင်မလေးအချို့နဲ့ လူလေလူလွင့် အချို့ ရှိတယ်။ တစ်ယောက်တည်း ပန်းခြံကို ပတ်လျှောက်နေရင်းနဲ့ လေးပတ်ပြည့်တော့ ကျွန်တော်လည်း လျှောက်ရတာပျင်းလာတာနဲ့ ဒီနေ့အဖို့တော့ ဒီလောက်နဲ့ပဲရပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဧမာနွေလ ဘုရားကျောင်း က နာရီကြီးကိုကြည့်တော့ နာရီကြီးက ၆ နာရီ သုံးဆယ့်ငါးမှာ ရပ်နေတယ်။

မဟာဗန္ဓုလလမ်းအတိုင်း ကျွန်တော် အိမ်ဘက်ကို ပြန်လျှောက်လာခဲ့ရင်းနဲ့ ပန်းဆိုးတန်းထိပ်ကို ပြန်ရောက် လာတယ်။ အဲဒီမှာပဲ တစ်ခုသတိရတာနဲ့ ကျွန်တော် ၃၇ လမ်းထဲကနေမပြန်ဘဲ ပန်းဆိုးတန်းကိုပတ်ပြီး ပြန်ဖို့ ပန်းဆိုးတန်းထောင့်က အာလာဒင် အကြွေစေ့ လောင်းကစားဆိုင်ကြီး ရှေ့ကနေ လမ်းထဲချိုးဝင်လိုက်တယ်။

ပန်းဆိုးတန်း တဲ့ …. ရန်ကုန်မြို့ရဲ့ နာ မည်ကြီး လမ်းတစ်လမ်းလို့ ပြောလို့ရမယ် ထင်ပါတယ်….ကျွန်တော့်ကို ၃၇ လမ်းမှာ မွေးတယ်။ ကျွန်တော့် ငယ်ဘဝခြေရာတွေဟာ ဒီလမ်းပေါ်မှာ ထပ်ခဲ့တယ်။ အဖေအလုပ်လုပ်တာက ပန်းဆိုးတန်းအလယ်နားက ယာဉ်/စက် လို့အတိုကောက် ခေါ်တဲ့ ယာဉ်နှင့် စက်ကိရိယာပစ္စည်းကော် ပိုရေးရှင်း မှာ။ ကျွန်တော့် မူလတန်းပညာရေးကိုလည်း ပန်းဆိုးတန်းထိပ်နားလေးက အမက (၅)ကျောက်တံတားမှာ ပြီးခဲ့တယ်။ ကျွန်တော့်ကလေးဘဝရဲ့ညနေတွေကို ပန်းဆိုးတန် ရဲ့ ကျယ်ပြောလွတ်လပ်တဲ့ ပလက် ဖောင်းကြီးတွေပေါ်မှာ သူငယ်ချင်းတွေနဲ့ ဂေါ်လီရိုက်ရင်း ဘောလုံးကန်ရင်း ဖြတ်ခဲ့တယ်။ ပန်းဆိုးတန်းမှာ မိုးရေချိုးဖူးတယ်။ ပန်းဆိုးတန်းမှာ ရန်ဖြစ်ဖူးတယ်။ ပန်းဆိုးတန်းမှာ ချော်လဲလို့ ဒူးပြဲဖူးတယ်…..

နောက်ထပ် ပန်းဆိုးတန်းနဲ့ပတ်သက်ပြီး အမှတ်ရစရာတစ်ခုက သုံးတန်းတုန်းက သူငယ်ချင်း ‘ဘလွင်’ နဲ့ ပတ်သက်နေတယ်။ ဘလွင်က အခုမရှိတော့တဲ့ အရင် ပန်းဆိုးတန်းက ပေါ်တီကိုအကြီးကြီးရှိတဲ့ တိုက်ကြီးမှာ နေတယ်။ တစ်ရက်မှာ ဘလွင်က ကျွန်တော့်ကို ပြောတယ်။ သူပြောတာလေးကို ကျွန်တော် ဒီနေ့အထိ မှတ်မိနေသေးတယ်။

‘ဟေ့ကောင် ဇာနည်ကို၊ ပန်းဆိုးတန်း အထက်လမ်းဘက်မှာ ကြက်တွေရှိတယ်ကွ၊ မင်းသိလား’ တဲ့
‘ကြက်’တဲ့…. ဘာ ကြက်လဲ ကျွန်တော် ချက်ချင်းနားမလည်။ အဲဒီမှာပဲ ဘလွင်က သူ့ဘာသာသူ အဓိပ္ပာယ် ဖွင့်ပေးတယ်။ ကြက်ဆိုတာ ဟိုဟာလေကွာ၊ မကောင်းတဲ့ မိန်းမတွေလေကွာ တဲ့။
အဲဒီကတည်းက ကျွန်တော်ပန်းဆိုးတန်း မှာ ‘ကြက်’ တွေကို စတွေ့တာ အသက်သုံးဆယ်မှာ နိုင်ငံခြားကိုထွက်သွားတဲ့အထိပဲ….
တစ်ခါတလေ သူတို့ကို ကုန်းကျော်တံတားကြီးမရှိသေးတဲ့ ပန်းဆိုးတန်းအထက်လမ်း မှာ တွေ့တတ်တယ်၊ တစ်ခါတလေ အလယ်လမ်းဘက်မှာ တွေ့တတ်တယ်။ တစ်ခါတလေ ကျွန်တော် အရောက်အပေါက် အဲဒီတုန်းက နည်းနည်း နည်း သေးတဲ့ပန်းဆိုးတန်း အောက်ဘက်တကြောမှာ တွေ့တတ်တယ်။

အန်တီကြီးတွေ အရွယ်၊ အစ်မကြီး တွေအရွယ်၊ အစ်မခပ်ငယ်ငယ်တွေအရွယ်၊ ကိုယ်နဲ့ သက်တူရွယ်တူ အရွယ်၊ ကိုယ့်ထက်နည်းနည်းငယ်တဲ့ အရွယ်ကနေ ကျွန်တော် သူတို့ကို တောက်လျှောက်ကြီး ပန်းဆိုးတန်းမှာ တွေ့လာတာ ဆယ်နှစ် လောက် ပြတ်သွားပြီးတဲ့နောက် အခု အသက် လေးဆယ်ကျော်မှာ ၃၇ လမ်းကို ပြန်ရောက်တော့ ဒီနေ့ပဲ ရောက်ပါတယ် နောက် လေးငါးခြောက် နာရီလောက်အကြာ မှောင်ရီဖျိုးဖျ မှာ သူတို့ကို ပန်းဆိုးတန်းထိပ်နားလေးက ကျွန်တော် ငယ်ငယ်က တက်ခဲ့တဲ့ အမက(၅) ကျောင်းလေး ရှေ့မှာ ထပ်တွေ့တယ်။
ဒီတစ်ခါတော့ သူတို့ဟာ ကျွန်တော့်ထက် တော်တော်ငယ်တဲ့ အရွယ်။
…………………………   ………………….   ……………………….   

အခြေအနေတွေကို အကဲခတ်ပြီး ဟိုနား သည်နားမှာ နည်းနည်းပါးပါး မေးလိုက်မြန်းလိုက်တာနဲ့ ခေတ်ပေါ် ပန်းဆိုးတန်း ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျွန်တော် ချက်ချင်း သိလိုက်ရပါတယ်။

အဲဒီပန်းဆိုးတန်းထိပ်နားလေးက တိုက်ကြီးမှာပဲ အမက(၅) ကျောင်းလေးနားကိုရောက်လို့ ခေါင်းမော့ကြည့်လိုက်ရင်ကို တန်းမြင်ရတဲ့ တည်းခိုခန်း ခပ်စုတ်စုတ်လေးတစ်ခန်း ရှိတယ်။ အဲဒီတည်းခိုခန်းကလေးကို တည်ကြက်ပြုပြီး အရွယ်စုံ အမျိုးသမီးကလေး လေးငါးယောက် လောက် အဲဒီနားတဝိုက်မှာ ကျက်စားတယ်။
အဲဒီတည်းခိုခန်းကလေး အပေါ်ထပ်မှာပဲ ဒိုင်လျှိုလေးဖွင့်ထားတဲ့ အနှိပ်ခန်းကလေး တစ်ခန်းလည်း ရှိသတဲ့။ အဲဒီမှာတော့ ကောင်မလေး ၄-၅-၆ ယောက် လောက် ၂၄ နာရီ အဆင်သင့် ရှိတတ်ပါသတဲ့။
အဲဒီနားမှာတွေ့တဲ့ လူတစ်ယောက်ဆီက ကျွန်တော် စပ်စုနေရင်းနဲ့ ရှေ့ကို လှမ်းကြည့်လိုက်တော့ မီးတွေထိန်လင်းနေတဲ့ ‘ကျော်’ ဟိုတယ်ကြီးကိုမရောက်ခင် အမျိုး သမီး သုံးလေးယောက် ပလက်ဖောင်းဘေးက မှောင်ရိပ်ကလေးတွေထဲမှာ ရပ်နေကြတာ တွေ့တယ်။
ရှေ့ကိုဆက်ပြီး နည်းနည်းလျှောက်အကြည့်မှာပဲ ခပ်ဝဝနဲ့ မမကြီးပုံစံအမျိုးသမီးတစ်ယောက်ဘေးက ကျွန်တော် ဖြတ်သွားရတယ်။
ထုံးစံအတိုင်း ‘သွားမလား’ လို့ ကျွန်တော့်ကို တိုးတိုးလေးလှမ်းပြောလိုက်သံ ကြားလိုက်ရတယ်။
…………………………      …………………….     ……………………….   

အဲဒီနေ့ကတည်းကပါပဲ၊ သူတို့ကို အဲဒီ ပန်းဆိုးတန်းထိပ်နားလေးမှာ ကျွန်တော် နေ့စဉ်လိုလို တွေ့ရတယ်။ တွေ့ဆို ကျွန်တော့်အခန်းနဲ့ သူတို့နဲ့ကလည်း ခြေလှမ်းတစ်ရာလောက်ပဲ ဝေးတာပဲ။
ငယ်တုန်းရွယ်တုန်းက ဆိုရင်တော့ ကိုယ် တိုင်ကိုယ်ကျ ထပ်မံစူးစမ်းမိချင် စူးစမ်းမိနိုင်တယ်။ အခုတော့ ဖြတ်သွားဖြတ်လာ ငေးမိရုံလောက်ပဲ ရှိတော့တယ်။
ဒီလိုနဲ့တွေ့လာရာက အခု Covid-19 ကိစ္စ ပေါ်လာအပြီး မြန်မာပြည်မှာ ရောဂါကူးစက်ခံရသူ စတွေ့တဲ့ မတ်လ ၂၃ ရက် နောက်ပိုင်းမှာတော့ သူတို့အခြေအနေတွေ လည်း အတော်ယိမ်းယိုင်လာပုံရတယ်။ တစ်ရက်မှာဆို ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းနှစ်ယောက် သူတို့ အုပ်စုထဲကို ဖြတ်အလျှောက်မှာ ‘ခေါ်ကြပါ’ ‘ခေါ်ကြပါ’ ဆိုပြီး ဝိုင်းအော်ကြတာ ခံရဖူးတယ်။
ဒုက္ခပါပဲ…. သူတို့မလည်း အတော် ဒုက္ခ ရောက်နေကြရှာတယ်ထင်တယ်။
အဲလို အအော်ခံရပြီးနောက်ပိုင်းကတည်းက ကျွန်တော်လည်း ဒီဘက်မရောက်တော့တာ ဒီနေ့မှပဲပြန်ရောက်ဖြစ်တော့တယ်။

တွေးနေရင်းနဲ့ ကျွန်တော့်ငယ်ဘဝ အရိပ်တွေကိုဖြတ်ပြီး ကျွန်တော်လျှောက်လာခဲ့တာ အနော်ရထာထိပ်ဘက်နားကို ရောက်မှန်းမသိ ရောက်လာတယ်။
ရှေ့ကို မျှော်ကြည့်လိုက်တော့ လူတွေ ရှင်းနေတယ်။ ကြည့်ရတာ အိမ်တွင်းမှာပဲ ၁၀ ရက်တိတိ နေရတော့မယ့် ဧပြီ ၁၀ ရက်နေ့ နီးပြီမို့ ထင်တယ်။ အဲဒီမှာပဲ ဟိုး ၃၅ လမ်း ၃၆ လမ်းဘက်နားက အသံချဲ့စက်သံသဲ့သဲ့ ကို ကြားရတယ်။ Covid-19 ရောဂါ ကာကွယ်တားဆီးရေးအတွက်တဲ့။ ကြည့်ရတာ ဒီတစ်ညတော့ ရှားရှားပါးပါး ဒီမှာ ဘယ်သူမှ မရှိကြတော့ဘူးထင်တယ်။ တွေးနေရင်းနဲ့ တည်းခိုခန်းကလေးရှိတဲ့ တိုက်ကြီး ကို ကျွန်တော်ကျော်လာတယ်။ အဲဒီမှာပဲ ပန်းဆိုးတန်းထောင့်နားက ပိတ်ထားတဲ့ ဆိုင်ခန်းကလေးရှေ့မှာရပ်နေတဲ့ ကောင် မလေး တစ်ယောက်ကို ကျွန်တော် တွေ့လိုက်ရတယ်။

ကောင်မလေးက ကြည့်ရတာ ဒီမှာ သိပ် တွေ့နေမကျတဲ့ လူသစ်ကလေးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံနဲ့ အနေအထားအရ သူ ဘာဆိုတာ ကျွန် တော် သိနေပါတယ်။ ဒုက္ခပါပဲ။ ဘယ်မှာနေတဲ့ဟာလေးလည်း မသိပါဘူး။ ဒီလောက်ဗရုတ်ဗရက် အချိန်ကြီးထဲ ဒီအချိန် ဒီမှာ လာရပ်နေရတယ်။ ရာသီဥတုကလည်း ပူလိုက်တာ မပြောပါနဲ့တော့။ Covid ကို ကာကွယ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေခွာရမတဲ့။ တစ်ပေလောက်တောင်ခွာဖို့ခက်တဲ့ တစ်ခါတစ်ခါ ရင်ချင်းပါ အပ်ရတဲ့ သူတို့အလုပ်နဲ့တော့ ပြဿနာပဲ။ ရုပ်ပြစားပါတယ်ဆိုမှ မျက်နှာဖုံးကကော ဘယ့်နှယ်သွားတပ်နိုင်မလဲ။ အခု အင်တာနက်ပေါ်မှာပေါ်နေတဲ့ ကော်နီဆိုတဲ့ သီချင်းအမည်ကတော့ ‘အိမ်မှာ နေချင်တာပေါ့’ တဲ့။ ဒါပေမဲ့ သူတို့အလုပ်လောက် အိမ်မှာနေလို့မရတဲ့အလုပ်မျိုးလည်း လောကမှာ ဘယ်ရှိတော့မလဲ။ ကျွန်တော်တွေးနေရင်းနဲ့ ကောင်မလေးကို ကျော်လာပြီး ၃၇ လမ်းဘက် အနော်ရထာလမ်းပေါ်ကို ပြန်ကွေ့လိုက်ရတယ်။

အဲဒီမှာပဲ ကောင်မလေး ကို ဖျတ်ခနဲ ကျွန် တော် ကြည့်လိုက်မိတယ်…..
ကောင်မလေးရဲ့ မျှော်လင့်ချက်နဲ့  လက် သွားတဲ့မျက်လုံးကလေးတွေက ကျွန်တော့် တစ်သက်လုံးမှာ တွေ့ဖူးခဲ့တဲ့ အရောင် အထောင်အသောင်း အသိန်း ထက်ကို လက်နေတယ်။  ။

ညိုထက်ညို