Breaking News

ခက်ဦး - ပျော်နေတဲ့လမ်းကလေး

ပျော်နေတဲ့လမ်းကလေး
ခက်ဦး
(မိုးမခ) မေ ၁၄၊ ၂၀၂၀

ရပြီလေ ပူလို့ရပြီ
ညနေမှာသုံးရက်စာတစ်ပါတည်း
ရှင်းမယ်ဆိုတာကြားပြီးကတည်းက
ခြေထောက်အောက်ကကျောက်ပူကြမ်းတွေ
ကောက်ရိုးဘဝပြောင်းသွားပြီ
ထပ်ပူလိုက်စမ်း ထပ်ထပ်ပူလိုက်စမ်း
အကြွေးလေးဆပ်ပြီးညနေလွှေးမယ့်
ကြက်ဆီပြန်ဟင်းနံ့လေးက
ကတ္တရာတွေအညှော်ဝေးအောင်
mask လေး လာတပ်ပေးသွားပြီ
ထပ်ပူလိုက်စမ်း ခြေပျော်ကျအောင်ပူလိုက်စမ်း
ကျောက်လာချတဲ့သနားခါးထူထူလေး
အပြုံးဖွဖွလေးပေးပြီးကတည်းက
ရင်ပူကြီးထဲရှဲခနဲ
အပျော်မိုးတွေရွှဲသွားပြီ
ဖုန်ထူထူထဲအေးခနဲ
မြေသင်းနံ့လေးဝှေ့သွားပြီ
ပူပူကြီးထဲပျော်ပျော်ပဲ
သီချင်းလေးတောင်ဟဲလိုက်သည် ။  ။

ခက်ဦး
  12.5.2020