Breaking News

ကိုသိန်း (တိုကျို) - ပြည်သူချစ်သော အနုပညာရှင် မာမာအေး



ကိုသိန်း (တိုကျို) - ပြည်သူချစ်သော အနုပညာရှင် မာမာအေး

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၀

ကျွန်တော် အလုပ်လုပ်သော လျှပ်စစ်ကုန်တိုက်က အကီဟားဘာရားဘူတာအနီးတွင် ရှိသည်။ နိုင်ငံတကာသုံး ပစ္စည်းများ ရောင်းသည်။

ဂျူတီဖရီး (အခွန်မဲ့)လည်း ရောင်းသည်။ တိုကျိုတွင် လျှပ်စစ်မြို့တော်ဟု ကမ္ဘာကျော်သည်။ တိုကျို ရောက်သူတိုင်း အကီဟာဘာရားသို့ လာကြသည်။ ကျွန်တော့်အလုပ်မှာ မြန်မာဝန်ထမ်း ၆ ဦးခန့် ရှိသည်။ အများစုက ကျောင်းတက်ရင်း အချိန်ပိုင်း ဝင်လုပ်ကြသည်။ ဂျပန်ရောက် မြန်မာများအကြား မြန်မာကုန်တိုက်ဟု နာမည်ကြီးသည်။

တစ်ရက်… ကျွန်တော် မြေညီထပ်မှာရှိနေစဉ် မေသင်္ကြန် ဦးဆောင်သော မြန်မာအုပ်စုတစု ဝင်လာသည်။ ထိုအုပ်စုထဲတွင် အစ်မကြီး ဒေါ်မာမာအေးကို လှမ်းတွေ့သည်။ ကျွန်တော် အပြေးသွားပြီး ခရီးဦးကြိုပြုသည်။

မေသင်္ကြန်က အစ်မကြီးနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးသည်။ အစ်မကြီးက ဗွီဒီယို ကင်မရာလေးတစ်လုံး လိုချင်သည်။ ရှိသမျှ ဆိုနီ၊ နေရှင်နယ်၊ ဟီတာချီ ကင်မရာများ ထုတ်ပြသည်။ အစ်မကြီးက ဆိုနီ ကင်မရာလေးတလုံးကို ကြိုက်သည်။ စျေးက မသေး။ ယန်း ဆယ်သောင်းကျော်။ ကျွန်တော်လည်း စာရင်းစာအုပ်ကို အကြိမ်ကြိမ်လှန်ပြီး အလျှော့နိုင်ဆုံးစျေးကို ထုတ်ပြသည်။ ထိုအချိန်က ဒေါ်လာစျေးက ကောင်းသည်။ တစ်ဒေါ်လာကို ယန်း တစ်ရာ့နှစ်ဆယ်လောက် ရှိသည်။

အစ်မကြီးနှင့်အတူ ပါလာသော အမေရိကမှ အမကြီးက “အို တန်တယ်။ US မှာ ဒီစျေးမရဘူး” ဟု ဝင်၍ မှတ်ချက်ပေးသည်။ အစ်မကြီးက ဝယ်လိုက်သည်။ ဒေါ်မာမာအေး ရောက်နေတယ်ဆိုတဲ့သတင်း ကြားပြီး အပေါ်ထပ်၊ အောက်ထပ်မှ ဝန်ထမ်းလေးများက ခေါင်းတပြူပြူဖြင့် လာချောင်းကြသည်။

ကျွန်တော်က အားလုံးကိုခေါ်ပြီး အစ်မကြီးနှင့် မိတ်ဆက်ပေးသည်။ ကောင်တာမှ ကင်မရာတစ်လုံး ထုတ်ပြီး သူတို့တွေကို အစ်မကြီးနှင့်တွဲ၍ ဓာတ်ပုံရိုက်ပေးသည်။ သူတို့လေးတွေမှာ ပျော်လို့။ အစ်မကြီးကလည်း အိုက်တင်မခံ။ အားလုံးကို တရင်းတနှီး။ ကျွန်တော့်မှာ ပထမဆုံး အရှင်လတ်လတ် အစ်မကြီးကို တွေ့ဖူးခြင်း ဖြစ်သည်။ တွေ့တွေ့ချင်း ခင်မင်သွားမိသည်။

ဂီတမိခင် မာမာအေး တေးပွဲတော်နှင့် ကာရာအိုကေပြိုင်ပွဲကြီးကို ၂၀၀၃ စက်တင်ဘာ ၂၃ ရက် စနေနေ့က အုအဲနိုပန်းခြံ ဂီတစင်မြင့်တွင် ကျင်းပသည်။ ဝင်ကြေး ယန်း နှစ်ထောင်။ ကျွန်တော် သွားရောက် အားပေးခဲ့သည်။

အလွန်စည်ကားအောင်မြင်သည်။ ကာရာအိုကေပြိုင်ပွဲမှာ ယခုသည် ဒုတိယအကြိမ်။ ပထမအကြိမ်မှာ ၁၉၉၈ ခုနှစ်က အမေလူထုဒေါ်အမာ ဂုဏ်ပြုပွဲအတွက် ရန်ပုံငွေရှာကြစဉ်က ဖြစ်သည်။ ရန်ပုံငွေရှာဖွေရေး တာဝန်ခံ ဒေါက်တာစိုးမြင့် ပြောတာလေးကို မှတ်မိနေသည်။

“ဂျပန်မှာက ဖိုးဆိုချင်က များတယ်။ ပြိုင်ပွဲဝင်ချင်သူတွေကို လက်မှတ် ဆယ်စောင်စီ တာဝန်ပေးလိုက်တယ်။ သူ့လူ။ သူ့ပရိသတ်။ သူ့ဟာသူ စည်းရုံး။ ဆိုတော့ အစစ အဆင်ပြေတယ်” တဲ့။ ခုပွဲလည်း ကျွန်တော့် ဘော်ဒါကြီးတွေ ဗိုလ်မြ တို့၊ ဗိုလ်ဉာဏ်တို့ ဝင်ဟဲနေကြတာ တွေ့ရသည်။ အစ်မကြီးက အကဲဖြတ်ဒိုင်လည်း လုပ်ပေးသည်။ တဝကြီးလည်း ဖျော်ဖြေပေးသွားသည်။ ဂျပန်ရောက် မြန်မာလူငယ်တို့အကြား ဂန္ထဝင်တေးများ တဖန်ပြန်လို့ ခေတ်စားလာသည်။ ဝမ်းသာစရာပါ။

၂၀၀၇ ဇန်နဝါရီ ၂၈ ရက်နေ့က တိုကျိုမြို့ နာကာနိုဆန်း ပလာဇာ ခန်းမမှာ မင်းသားလေး ထွန်းထွန်းနှင့် မင်းသမီးလေး ချိုချိုမြင့်တို့၏ မင်္ဂလာပွဲကျင်းပသည်။ သူတို့၏ မင်္ဂလာပွဲအတွက် အစ်မကြီးကို တကူးတက လှမ်းဖိတ်ပြီး အကူအညီတောင်းကြသည်။ ချစ်စရာ။ အစ်မကြီးကလည်း လက်ခံသည်။

ဒီလိုနဲ့ အစ်မကြီး ဒုတိယအကြိမ် တိုကျိုသို့ ရောက်ဖြစ်သည်။ တိုကျိုမှာက အနုပညာအင်အားစုက တောင့်သည်။ မင်္ဂလာဒိုး။ ကိုမြတ်သူတိုရဲ့ (Bllack Rose) ဂီတဝိုင်း။ ဟာသ ရုပ်ရှင်သရုပ်ဆောင် ဦးသန်းနွဲ့၏သား စန္ဒရားကိုထွန်းအေးနွဲ့တို့ ရှိသည်။ ဝိုင်းကြ ဝန်းကြသည်။ နယ်စပ်ဒေသ ရန်ပုံငွေပွဲ နွှဲလိုက်ကြသေးသည်။ ဝင်ကြေး ယန်း ၁၅၀၀။ အစ်မကြီးက သက်တံပေါ်မှာ ကစားမယ်။ ငွေဇင်ရော် စသည့် ခေတ်ပေါ်တေးများရော၊ ဂန္ထဝင်တေးများရော မရပ်မနား ဖျော်ဖြေပေးသွားသည်။

တိုကျိုသားတို့ အစ်မကြီးကို တသသ လွမ်း၍ ကျန်ရစ်ခဲ့ကြသည်။

၁၉၄၂ ဇူလိုင်၂၆ ရက်တွင် ဖခင် နှဲဆရာဦးအေး၊ မိခင်ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း)တို့မှ မြေင်းမြမြို့တွင် မွေးသည်။ ငယ်မည် မအေးမြင့် ဖြစ်သည်။ ၃ နှစ်တွင် ခေတ်သစ်ရာဇဝင်ပြဇာတ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၈ နှစ်သမီးတွင် စတင်အသံလွှင့်ခဲ့သည်။ သီချင်းကြီးတူရိယာအဖွဲ့၊ စစ်ရဲဂီတ၊ ကေသီပန်အဖွဲ့ တို့တွင် သီဆိုခဲ့သည်။ ၁၉၅၅ တွင် ‘သက်တံပေါ်မှာ ကစားမယ်’ သီချင်းနှင့် နိုင်ငံကျော်ခဲ့သည်။ ၁၉၆၁ တွင် မြန်မာ့အသံ၌ အစီအစဉ် လက်ထောက်လုတ်လုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ခေတ်ပေါ်တေးဂီတ ကောင်စီဝင်၊ ဂီတပဒေသာမဂ္ဂဇင်းကော်မတီဝင် ဖြစ်ခဲ့သည်။ မြချူသံ၊ မန်ဒါလီ၊ သူ့ကိုမှချစ်သည် ဇာတ်ကားများတွင် ရုပ်ရှင်သရုပ်ဆောင်လုပ်ခဲ့သည်။

၁၉၇၆ တွင် အေး အဆိုသင်တန်းကျောင်း။ ၁၉၇၁ တွင် တေးသံရှင် ဓာတ်ပြားထုတ်လုပ်ရေး၊ စတူရီယို အသံသွင်းခန်းများ လုပ်ခဲ့သည်။ ၁၉၈၉ တွင် အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် တွင်း (၁)၊ ၁၉၉၅ တွင် မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေး ကော်မတီဝင်၊ စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၅-၉၇ တွင် ဆိုကရေးတီးပြိုင်ပွဲ (အဆို-မဟာဂီတ) အတွင်းရေးမှူး လုပ်ခဲ့သည်။ ၁၉၉၈ တွင် အင်္ဂလန်နိုင်ငံမှ ဆရာတော်ဦးရေဝတ၏ ဘုရားကြီး ထီးတင်ပွဲသို့ သွားရင်း အမေရိကသို့ ဝင်လည်ခဲ့သည်။ နယူးယောက်တွင် နိုင်ငံရေးအတိုက်အခံအဖွဲ့၏ ဂီတဖျော်ဖြေပွဲ၌ ဝင်ရောက်ဖျော်ဖြေပေးခဲ့၍ မြန်မာပြည် ပြည်ဝင်ခွင့်ဗီဇာ အပိတ်ခံရသည်။ အမေရိက၊ အင်ဒီယားနားပြည်နယ် ဖေါ့ဝိန်းမြို့တွင် နေထိုင်သည်။ ဂီတမှတ်တမ်းများ ပြုစုသည်။ ဘီဘီစီ မြန်မာပိုင်းမှ ‘ပြောစရာတွေလည်း တပုံကြီး ရှိသေးတယ်’ မှတ်တမ်း ရေးသား အသံလွှင့်သည်။ စာအုပ်လည်း ထုတ်ခဲ့သည်။ ဂီတချစ်သူများ၏ ဖိတ်ကြားမှုအရ အင်္ဂလန်၊ ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ အမေရိကရှိ ပြည်နယ်များသို့ သွားရောက် ဖျော်ဖြေပေးခဲ့သည်။

ကျွန်တော်တို့ ငယ်စဉ်က မိုးရွာအပြီး ကောင်းကင်၌ သက်တံရောင်စဉ်များ ပေါ်လျှင် ‘သက်တံပေါ်မှာ ကစားမယ်။ သက်တံပေါ်မှာ ကစားမယ်’ ဟု အော်ခဲ့ကြသည်။

ကျွန်တော်တို့ အရပ်ထဲတွင် မညိုက လက်ဖက်သုပ်၊ ချင်းသုပ် ရောင်းသည်။ မညိုက လုံးကြီးပေါက်လှ။ အပြောက ချိုသည်။ အစ်ကိုကာလသားတို့ စည်သည်။ ဆိုင်ကယ်နှင့်၊ ကားနှင့် လာစားကြသည်။ မညိုကို ရိသဲ့သဲ့ ပြောကြသည်။ မညိုက ပြုံးပြုံး။ အနှိပ်သည် ဒေါ်ကြီးစိန်က “စိန်နားကပ်ကြီး ပန်ရမလို၊ စိန်နားကပ်ကြီး ပန်ရမလို’ ဟု စောင်းချိတ်သံ ကြားရသည်။ ထိုသို့ အစ်မကြီး၏ သီချင်းလေးများက ပေါက်သည်။

“ကောင်းမြတ်သော စိတ်ဓာတ်နှင့် မေတ္တာပွားစေ၊ အနန္တသတ္တဝါ ဝေနေယျာတွေ၊ ကိုယ်ရောစိတ်ပါ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းချမ်းသာစေ။ အရပ်ရှစ်မျက်နှာ။ မင်္ဂလာမျက်မှောက် အမြဲရောက်ပါစေ။ ချမ်းမြေ့ ချမ်းမြေ့ပါစေ၊ ချမ်းမြေ့ပါစေ၊ ဖေဖေလည်း ချမ်မြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ၊ သားသမီးလည်း ချမ်းမြေ့ပါစေ။”

အစ်မကြီး၏ ရင်ခေါင်းထဲမှ ဆွဲငင်သီဆိုလိုက်သော ‘ချမ်းမြေ့ပါစေ’ သီချင်းလေးကို ကြားရလျှင် အရမ်းခံစားရသည်။ တခြား ပြန်ဆိုသူများက အစ်မကြီး၏အသံကို မမီဟု ခံစားရသည်။

အစ်မကြီးသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနသို့ ရောက်သည်။ မှတ်တမ်းတွင် “ဘငြိမ်းချမ်းကို ရွှေဂျိုးဖြူ ကူသံစဲမှသော်၎င်း။ ရွှေစပါးနှံတွေ တုံးမှသော်၎င်း။ မေ့၍ရနိုင်တော့မည် ဖြစ်ပါသည်။ ဘငြိမ်းချမ်း၍ ရောက်ရာဘဝတွင် ရွှေဂျိုးကူသံ တညံညံ ကြားနိုင်ပါစေ” ဟု ရေးခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပြည်သူတို့နှင့်အတူ ဒီမိုကရေစီတေးများ သီဆိုခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေးတွင် “အသည်းနာ ကမ္ဘာမကျေ” တေးသီချင်း သီဆိုပေးခဲ့သည်။ အစ်မကြီးသည် ပြည်သူ့အကြားမှာ ပြည်သူအများနှင့် အစဉ်ရှိခဲ့သည်။ အစ်မကြီးကလည်း ပြည်သူတွေကို ချစ်သည်။ ပြည်သူတွေကလည်း အစ်မကြီးကို ချစ်သည်။

၂၀၁၁ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် နိုင်ငံရေး လှုပ်ရှားသူများ ပြည်ဝင်ခွင့်ပေးခဲ့သည်။ ၂၀၁၂ တွင် အစ်မကြီး မြန်မာပြည် ပြန်ခဲ့သည်။ အစ်မကြီးကို ချစ်သူများက ဂီတဖျော်ဖြေပွဲများ ကျင်းပကြသည်။

၂၀၁၇ အစ်မကြီး၏ မွေးနှစ်စိန်ရတုတွင်လည်း ရန်ကုန်၊ မန္တလေး စိန်ရတုပွဲများ ကျင်းပကြသည်။ အစ်မကြီးက တဝကြီး ဖျော်ဖြေပေးသည်။

၂၀၁၆ တွင် သမ္မတကြီးဦးသိန်းစိန် အနားယူခါနီး နိုင်ငံတော်မှ အလင်္ကာကျော်စွာဘွဲ့များကို ပန်းချီဦးစိုးမိုး၊ ဟင်္သာတဦးမြင့်ငွေ၊ စင်ရော်မောင်မောင်တို့ကို ချီးမြှင့်ခဲ့သည်။ ပြည်သူများအကြား ရှေးယခင်က အနုပညာဆုများ ပြန်လည်နိုးကြားလာခဲ့သည်။

ဆရာဆူးငှက်၏ အမေလူထုဒေါ်အမာ ရာပြည့်ပွဲတွင် လူရွှင်တော် ဦးထင်ပေါ်က “ဪ… အနုပညာ ဂုဏ်ထူးဆုတွေ အတော်များများ ရကုန်ကြပြီ။ မာမာအေး တစ်ယောက်တော့ ဘာလို့များ ဘာဆုမှ မရသေးပါလိမ့်” ဟု ဆိုခဲ့သည်။ ဟုတ်သည်။ ဘာလို့များပါလိမ့်။

ကိုသိန်း (တိုကျို)

Campaign FB group
https://www.facebook.com/groups/536038397087913/permalink/604685336889885/