Breaking News

မြဇင်ယော် - မြို့ကလေးရဲ့ အော်ပရာဇာတ်ဝင်ခန်းများ

Htun Wei Myint 2017

မြို့ကလေးရဲ့ အော်ပရာဇာတ်ဝင်ခန်းများ

မြဇင်ယော် 

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၀

(၁)

    ဇွန်လရဲ့ မိုးရေစက်တွေအောက်မှာပေါ့။ ကိုယ့်မြို့က စာအုပ်ဆိုင်လေးတဆိုင်ကို ရောက်ခဲ့တယ်။ စာအုပ်တွေအများကြီးထဲမှာမှ ကိုယ်ဖတ်ပြီးသား ဘာသာပြန်ဝတ္ထုတွေ ရွေးဝယ်မိတယ်။ ဖတ်ပြီးသားကို ပြန်ဝယ်ရတာက ခဏခဏပြန်ဖတ်ချင်လို့၊ အပိုင်သိမ်းထားချင်လို့။ စာသမားတွေဘဝမှာ အပိုင်သိမ်းချင်တဲ့စာအုပ်တွေ၊ ခဏခဏပြန်ဖတ်ချင်နေတဲ့စာအုပ်တွေ၊ တခါဖတ်ပြီး လှည့်တောင်မကြည့်ချင်တဲ့ စာအုပ်တွေ၊ ကိုယ့်မှာရှိပြီးသားတောင် သူများကိုပေးပစ်ချင်တဲ့ စာအုပ်တွေ၊ ပျောက်သွား ပျက်စီးသွားတောင် မနှမြောတဲ့စာအုပ်တွေ၊ ကိုယ့်လက်နဲ့ စာအုပ်နာမှာစိုးလို့ ဖွဖွလေးကိုင်တာတောင် နှမြောမိနေတဲ့ စာအုပ်မျိုးတွေ အမျိုးမျိုးကြုံဖူးကြတယ်လို့ ဆိုပါတယ်။ တကယ့်စာသမားအစစ်မဟုတ်တဲ့ စာဖတ်သူကိုယ့်မှာလည်း တချို့စာတွေကို ဇာတ်လမ်းကျောရိုးသိရုံသာ ဖတ်ပြီး တချို့စာတွေကိုတော့ ဇာတ်လမ်းထက် ဝါကျဆက်တင်တွေ ဝေါဟာရတွေကို စေ့စေ့စပ်စပ်ဖတ်ရ၊ သုတေသနစာတမ်းတင်မှာတော့ မဟုတ်ပေမယ့် လေ့လာမှတ်သားနေရပါတယ်။

(၂) 

     ကိုယ်ဟာ စာဖတ်ဝါသနာပါလွန်းလှတယ်လို့ မဆိုနိုင်ပေမယ့် အချိန်အားလေးရလာရင်တော့ စာလေးဖတ်ပြီးနေတတ်တဲ့အကျင့်လေးရခဲ့ပါတယ်။ စာအုပ်ပုံကြားထဲ ကြီးပြင်းလာခဲ့ရလို့ထင်ပါရဲ့။ အဲ့ဒီ စာအုပ်ပုံကြီးဟာ အိမ်မှာ ပဒေသာပင်ကြီးလို နေ့ချင်းညချင်းရောက်လာတာကတော့ အလယ်တန်းတုန်းက မြန်မာစာနဲ့အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာကြီးကျေးဇူးကြောင့်ပါ။ ဆရာကြီးဟာ သူ့မှာရောဂါရပြီဆိုကတည်းက သူပိုင်စာအုပ်တွေအားလုံး အဖေ့လက်ထဲအပ်ပြီး စာကြည့်တိုက်ကြီးမလုပ်နိုင်ရင်တောင် လူငယ်စာဖတ်အသင်းလိုမျိုးလေးဖွဲ့ပြီး လူငယ်တွေကို စာဖတ်အောင်စည်းရုံးပေးဖို့၊ သူ့စာအုပ်တွေငှားပေးဖို့ အဖေ့ကို အကူအညီတောင်းခဲ့ပါတယ်။ ဆရာကြီးက အဖေ့ကို ယုံကြည်ပြီး သူပိုင်သမျှစာအုပ်တွေအပ်နှံခဲ့တာဟာ ကိုယ်တွေကို အလေ့အကျင့် ပြောင်းလဲစေတာပါပဲ။

    အိမ်မှာ ဆရာကြီးစာအုပ်တွေအပြင် " လူငယ်စာဖတ်အသင်း " အတွက် အဖေ ဟိုကဒီက အလှုခံထားတဲ့ စာအုပ်တွေလည်း ရှိနေတော့ အပြင်မထွက်ဖြစ်တော့။ ကျောင်းစာလေး ဟန်ပြလုပ်ပြီးတာနဲ့ စာအုပ်ပုံထဲ ဝင်နေလိုက်တော့တာပဲ။ အရင်ကဆို ကျောင်းကိုအစောကြီးသွားပြီး ဆော့ချင်တာ၊ ကျောင်းဆင်းလည်း အိမ်ကိုတန်းမပြန်ဘဲ ဆော့နေသေးတာ။ အိမ်မှာ စာအုပ်ပုံကြီးရောက်လာပြီးကတည်းက အိမ်ကကို မခွာချင်တော့။ အိမ်အလုပ်လည်း မလုပ်ချင်တော့။ မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုလည်း မြန်မြန်လုပ်၊ ကျောင်းလည်း အချိန် မီရုံ နောက်မကျရုံလေးသွား၊ ဆင်းတာနဲ့ ခပ်သွက်သွက်ပြန်လာပြီး စာဖတ်နေဖြစ်တော့တယ်။ စာကြည့်တိုက် အဆောက်အဦးမရှိလို့ အိမ်မှာ စာအုပ်တွေ ထိန်းသိမ်းထားရတာလည်း ကိုယ်တွေအတွက် ကံကောင်းမှုပါပဲ။ 

      ဆရာကြီးဟာ ရန်ကုန်မှာနေပြီး နှစ်ရှည်လများ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၈၈ အရေးအခင်းပြီးမှ ရွာကိုပြန်ရောက်လာသူလို့ဆိုပါတယ်။ အဲ့ဒီတော့ ၈၈ မတိုင်မီက စာအုပ်တွေ၊ အထူးသဖြင့် စာပေဗိမာန်ဆုရ စာအုပ်တွေ တော်တော်များများရှိပါတယ်။ ကိုယ်တွေကတော့ ဆုရသော မရသော၊ တက်ကျမ်းသော ပုံ ပြင်သော၊ ဝတ္ထုသော ဆောင်းပါးသော၊ ကဗျာသော စကားပြေသော မခွဲတော့ဘဲ ခွဲလည်းမခွဲတတ်၊ သိလည်းမသိဘဲ ဘာလာလာ ဒေါင်းဆိုတာလို မျက်စိထဲတွေ့တာ လက်နဲ့စမ်းမိတာ အကုန်ဖတ်တော့တာပဲ။ 

      အကုန်ဖတ်ပြီးတော့ ရွာမှာ နောက်ထပ်စာအုပ်အသစ်ရဖို့ သိပ်ခက်ခဲတယ်လေ။ အဲ့ဒီတော့ ဖတ်ပြီးသားတွေပဲ ပြန်ဖတ်ရပါတယ်။ ထူးထူးခြားခြား ဒုတိယအကြိမ်ပြန်ဖတ်တော့ စိတ်ကရွေးတယ်၊ လက်ကရွေးတယ်၊ ပထမအကြိမ်တုန်းကလို အကုန်မဖတ်ဖြစ်တော့ဘူး။ ဖတ်ချင်တာ မဖတ်ချင်တာ၊ ဖတ်လို့ကောင်းတာ၊ ဖတ်လို့မကောင်းတာ၊ ဖတ်သင့်တာ မဖတ်သင့်တာ ဘာမှ မစဉ်းစားတတ်ဘဲ စိတ်ရဲ့စေရာ လက်ရဲ့လှုပ်ရှားရာအတိုင်း စာအုပ်တွေရွေးမိသွား ဖတ်မိသွားပါတယ်။ ဒုတိယအကြိမ်ပြီး တတိယအကြိမ်မှာတော့ ကိုယ့်လက်ထဲမယ် စာအုပ်အနည်းငယ်သာ ဆန်ကာတင် ကျန်ပါတော့တယ်။

      ဆန်ကာတင်စာအုပ်တွေထဲက တအုပ်ကတော့ " ကိုပေသီးအုန်းပင်တက်နေသည်နှင့် အခြားဝတ္ထုတိုများ " ပဲဖြစ်ပါတယ်။ စာပေဗိမာန် ဝတ္ထုတို ပထမဆု၊ ရေးသူ သန်လျင်မောင်ဥက္ကာ တဲ့။ စာအုပ်ကျောဖုံး စာရေးဆရာမိတ်ဆက်မှာတော့ ဆံပင်ကောက်ကောက် အသားမည်းမည်း ရုပ်ဆိုးဆိုးနဲ့ စာရေးဆရာဓာတ်ပုံ ပါပါတယ်။ သို့သော် ကိုယ်ဟာ ရုပ်ကိုမဖတ်၊ စာကိုပဲ ဖတ်တာဆိုတော့ နောက်ကျောဖုံးကို မကြည့်မိရင် ကျန်တာ အကုန်သဘောကျစရာတွေချည်းပါပဲ။ ခြစားပေါက်လေးတွေကြားက စာလုံးလေးတွေဟာ ပိုပြီးတော့တောင် ဆွဲဆောင်မှု ရှိနေသလိုလိုပါ။ 

(၃) 

.     အလယ်တန်းပြီး အထက်တန်းမှာ စာလုံးဝမဖတ်ဖြစ်တော့ဘဲ ဆယ်တန်းပြီးမှ ပြန်ဖတ်ဖြစ်တယ်။ တက္ကသိုလ်ကျောင်းသူဘဝမှာတော့ စာအုပ်ဆိုင်လေးတွေ သွားတဲ့အကျင့်ရှိလာပြီ။ စာအုပ်လေးတွေ ဝယ်ပြီး စုတတ်လာခဲ့ပါပြီ။ တက္ကသိုလ်စာကြည့်တိုက်ထဲကနေလည်း စာအုပ်တွေ ငှားဖတ်တတ်လာခဲ့ပါပြီ။ သို့သော် ကိုယ်ဟာ တက်ကျမ်းနဲ့ ဘာသာရေးစာအုပ်တွေဘက် အားသန်ခဲ့ပြီး ဝတ္ထုတိုရှည်တွေ ဖတ်ရာမှာလည်း ဇာတ်လမ်းကျောရိုးလောက်သာ အဓိကထားဖတ်သူ ဖြစ်နေခဲ့ပါတယ်။ ကျောင်းပြီးသွားတော့ ကိုယ်ဝယ်စုထားတဲ့ စာအုပ်လေးတွေ ကျောင်းစာကြည့်တိုက်ကို အကုန်လှုပစ်ခဲ့ပါတယ်။ ကျောင်းပြီး လုပ်ငန်းခွင်ထဲရောက်လာပြန်တော့ သတင်းစာတမျိုးကလွဲရင် ကျန်တာမဖတ်ဖြစ်သလောက်ပါပဲ။ ပြောရရင် ကိုယ်ဟာ ၂၀၀၅ - ၂၀၁၅ ကြားကာလဟာ ရှင်လျက်နဲ့ သေလူတယောက်လိုကြီးတော့ မဟုတ်တတ်ပေမယ့် အကြာကြီး အိပ်ပျော်နေသူတယောက်လိုပါပဲ။

     ကိုယ့်ကိုလှုပ်နှိုးလိုက်တာတော့ သူနာပြုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာပါဝင်ခဲ့တဲ့ကိုယ့်စာမူလေးပါပဲ။ လူဟာ လတ်ဆတ်သွားခဲ့ပြီး စိတ်ခံစားမှု အာရုံကျက်စားမှုတွေဟာ ဘဝအသစ်ကို မွေးဖွားပေးလိုက်သလို။ စာတွေဖတ်ချင်လာတယ်။ သဲကန္တာရထဲ ရေငတ်နေသူရေဆာသလို စာအုပ်တွေကို သွေးဆာလာပါတော့တယ်။ အဲ့ဒီနောက် မိုးမခ online media မှာ စာမူတွေပါလာပြီးတဲ့နောက်တော့ ကိုယ်ဟာ စာရေးဆရာတွေ၊ စာအရေးအသားတွေကို မျက်စိဒေါက်ထောက်ပြီး လေ့လာဖတ်ရှုရတော့တာပါပဲ။ ကျေးဇူးတင်စရာကောင်းတာက လူမှုကွန်ယက်စာမျက်နှာတွေပါပဲ။ စာရေးဆရာတွေကို မိတ်ဆက်ပေးပြီး စာတွေ ဖတ်လို့ရအောင် လုပ်ပေးခဲ့ကြတာ

    ၂၀၁၇ ဧပြီလထုတ် မိုးမခမဂ္ဂဇင်းမှာ ကိုယ့်ရဲ့ " ကွာဟမှုအလွှာ " ဝတ္ထုတိုလေး ပါလာတယ်။ နောက်တခါ သြဂုတ်လထုတ်မှာ " နေရာမှားတဲ့အထား အသို " ဝတ္ထုတိုလေးပါလာပြန်တယ်။ ကိုယ့်မြို့မှာစာအုပ်ဆိုင်မရှိလေတော့ ကိုယ်ဟာ စာအုပ်ကိုလည်း မမြင်ရ၊ ကိုယ့်စာမူပုံနှိပ်စာလုံးလေးတွေလည်း မမြင်ရ။ ဘယ်ကိုဆက်သွယ်ရမှန်းလဲမသိ။ မြင်ချင်တယ်။စာအုပ်လေးကိုင်ပြီး ပုံနှိပ်စာလုံးလေးတွေလည်း ဖတ်ချင်တယ်။ အဲ့ဒါနဲ့ပဲ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ "နယ်မှာနေရတဲ့ဒုက္ခ" ဆိုပြီး စာအတိုလေးတင်လိုက်တယ်။ 

     အဲ့ဒီစာတိုလေးကိုတွေ့ပြီး ဆရာတယောက်က စကားလာပြောတယ်။ " ဘာမှ အားမငယ်နဲ့ ရေးသာရေး " တဲ့။ ကိုယ်က ဘယ်သူပါလိမ့်ဆိုပြီး စုံစမ်းကြည့်တော့ " Naing Win Thi " တဲ့။ ကိုယ်က မိုးမခ online ကို တောက်လျှောက်စောင့်ဖတ်နေတဲ့သူ၊ ဆရာရေးတဲ့ " နာရီတလုံးရဲ့အလျား " ဟာ ကိုယ့်သည်းခြေကြိုက်။ ဆရာက စကားလာပြောတော့ လှပ်ခနဲဝမ်းသာသွားပြီး " ဟုတ်ကဲ့ပါ ဆရာကြီး " လို့ အားရဝမ်းသာ ပြန်ပြောလိုက်တာ။ အဲ့ဒီမှာ စတွေ့တော့တာပဲ။ " ငါ့ကို ဆရာကြီးလို့လာမခေါ်နဲ့၊ ငါဆရာကြီးမဟုတ်ဘူး၊ သူလိုကိုယ်လို စာသမားတယောက်၊ စာရေးနေတဲ့လူတယောက်ပဲ " တဲ့။ အဲ့ဒါကိုပဲ အကျင့်ပါနေတဲ့ ကိုယ်က " ဟုတ်ကဲ့ပါ ဆရာကြီး " လို့ ယောင်ပြီးဖြေမိတော့ " နောက်တခါ ငါ့ကိုဆရာကြီးလို့ ခေါ်ရင် ညည်းကို နားရင်းအုပ်မယ်"တဲ့။ ကိုယ့် ကျောထဲ စိမ့်ခနဲနေခဲ့ရတဲ့ ဆရာနဲ့ ပထမဆုံးမိတ်ဆက်ပါပဲ ။ 

    " နာရီတလုံးရဲ့အလျား " ဝတ္ထုတိုပေါင်းချုပ် ထွက်လာတော့ လိုင်းပေါ်မှာ ဆရာ့စာတော်တော်များများ ဖတ်ပြီးနေတဲ့ ကိုယ်က ပေါင်းချုပ်စာအုပ်ကို ‌ဝယ်ချင်လာတယ်။ စာအုပ်အရောင်းအဝယ်ကိစ္စဟာ စာရေးသူနဲ့ မဆိုင်ဘဲ ထုတ်ဝေသူအလုပ်ဆိုတာ မသိတဲ့ကိုယ်က ဘယ်မြို့ ဘယ်ဆိုင်တွေမှာ ရနိုင်မလဲ ဆရာ့ကို လှမ်းမေးမိတယ်။ ဆရာက ဘယ်မှာနေတာလဲ မေးပြီး စာတိုက်ကနေ ပို့ပေးလိုက်တယ်။ ဆရာ့အပြောက " နယ်မှာနေရတာ ဒီလိုပါပဲ၊ ကိုယ်တွေလဲ ဘာထူးလဲ၊ ဒီလိုအခက်အခဲကြားထဲကနေ ရုန်းကန်ရတာပဲ၊ စာများများဖတ်၊ ရေးသာရေး၊ ဖတ်ချင်တဲ့စာအုပ်ရှိရင်လည်း အားမနာနဲ့ပြော၊ ကြုံရင်ဝယ်ပေးမယ် " တဲ့။ မမျှော်လင့်ထားတဲ့ လက်ဆောင်၊ မမျှော်လင့်ထားတဲ့ အားပေးစကား။ စာအုပ်ဆိုလည်း စာရေးဆရာရဲ့ လက်မှတ်နဲ့ ပထမဆုံးရဖူးတဲ့ စာအုပ်လက်ဆောင်ပဲလေ။ တကယ်တော့ဆရာဟာ စာအုပ်လက်ဆောင်ဆိုတာထက် စာသမားအချင်းချင်း လူချင်းသိသိ မသိသိ၊ စာအုပ်တွေကို မျှဝေပေးရတယ်ဆိုတဲ့ အကျင့်ကိုပါ လက်ဆောင်ပေးခဲ့တာ။ အဲ့ဒီနောက်ပိုင်း စာအုပ်ကို တွန့်တိုတတ်တဲ့ကိုယ်ဟာ ပြောင်းလဲလာခဲ့ပေါ့။

      " နာရီတလုံးရဲ့အလျား " နောက်ကျောဖုံးက စာရေးဆရာရဲ့မိတ်ဆက်ကို ဖတ်ကြည့်တော့ လားလား ကိုယ့်ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်နေတာကိုး။ ငယ်သူငယ်ချင်းဟာ နာမည်တွေပြောင်း၊ စာပေရေစီးကြောင်းတွေပြောင်း၊ ဗားရှင်းတွေအဆင့်ဆင့်မြှင့်ထားတော့ ကိုယ်ဟာ သူငယ်ချင်းကို မမှတ်မိတော့တာ ဘာများဆန်းသလဲ။ လက်ရှိ ခရီးအတော်ပေါက်အောင် ကူးခတ်ပြီးနေတဲ့ ရေစီးကြောင်းထဲကနေ နောက်ရေစီးကြောင်းတခုကို ကူးပြောင်းသွားလိုက်ပုံဟာ သြချရပါတယ်။

  (၄)

      ကဲ အခုတော့ ၂၀၂၀ အတွက် ဆရာရဲ့ နောက်ဆုံးဗားရှင်း " မြို့ကလေးရဲ့အော်ပရာ " ပါတဲ့။ အော်ပရာထဲမှာ ကိုခါးကြီး၊ ကိုဗျတ်ဝိ၊ လှည်းတန်းကပ်စ်ထရို နဲ့ ချော။ ကိုအောင်ထွန်းနဲ့ ကျောက်ခဲသီချင်း။ မဟော်ဂနီရွက်တွေနဲ့ ညမွှေးပန်းရနံ့တွေ။ ပန်းဖြေရာနဲ့ မမဟန်နီ။ ပရိုဖိုင်၊ ဂင်္ဂါမြစ်ဘေးက ငါးတကောင်နဲ့ နေကြာရိုင်း။ ရူးနှမ်းနေတဲ့မိုးတိမ်တွေနဲ့ အတိတ်ထဲက အရိပ်များ၊ အရိပ်များရဲ့ သွေးခုန်သံများ ၊ ဘဝများ၊ စိတ်ခံစားမှုများနဲ့ အာရုံကျက်စားရာ အနုပညာရပ်ဝန်းများ။ စကားလုံးများ၊ ကာရန်များ၊ အလင်္ကာများ၊ ဝါကျဆက်တင်များ၊ ဒလဟောစီးဆင်းလာပေမယ့် ပရမ်းပတာဖြစ်မသွားတဲ့ အရေးအသားများ။ မြို့ကလေးရဲ့အော်ပရာ၊ အော်ပရာထဲကခေတ်၊ ခေတ်ထဲက လူများ အသက်ရှူသံများ ဆာလောင်မွတ်သိပ်မှုများနဲ့ နာကျည်းပေါက်ကွဲသံများ။

    တချို့ စာတွေက စာရေးဆရာအချင်းချင်းကြိုက် သို့သော် ပရိသတ်က မသိလိုက်၊ တချို့စာတွေက ပရိသတ်ကခိုက် သို့သော် စာရေးသူအချင်းချင်းက အာရုံမစိုက်၊ တချို့စာတွေကျတော့ စာရေးသူအချင်းချင်းရော သာမာန်စာဖတ်သူရော ကြိုဆိုကြ။ မြို့ကလေးရဲ့ အော်ပရာဟာ ဘယ်အထဲမှာ ပါဝင်မလဲဆိုတာတော့ စာဖတ်ပရိသတ်တွေနဲ့ ခေတ်က ဆုံးဖြတ်ပေးလိမ့်မယ်လို့ ယုံကြည်မိပါတယ်။     ။