Breaking News

ဒေါက်တာသိန်းလွင် - ဂျာမဏီမှာ ခိုလှုံသည်


ဒေါက်တာသိန်းလွင် - ဂျာမဏီမှာ ခိုလှုံသည်

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၀

မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၁)

မြန်မာပြည်ထဲမှာ Corona Virus ကူးစက်မှုတွေ များလာလို့ မိတ်ဆွေတွေအတွက် စိုးရိမ်ပါတယ်။ ရခိုင်မှာ ရွာသူ၊ ရွာသားတွေ ပြေးလွှားပုန်းအောင်းရ၊ သေကြေဆုံးရှုး နေရ တာကိုလည်း စိတ်မကောင်းဖြစ်မိပါတယ်။ ပြည်သူလူထုကို ကပ်ဘေးတွေကနေ ကင်းဝေးစေချင်ပါတယ်။ 

ကျနော် အချိန်အားရှိလို့ မိတ်ဆွေတွေကို ပြောပြချင်တာတွေကို ဆက်ရေးနေတာပါ။ အချိန်ပို ရှိမှသာ ဖတ်ကြပါ။
ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာ ၁၁ ရက်။ 

နိုင်ငံရေးခိုလှုံခွင့်

​၁၉၉၃ ခုနှစ် ဂျာမဏီနိုင်ငံ မာဘွတ်မြို့မှာ ရောက်နေတုန်း ကျွန်တော့်ကို နိုင်ငံရေးခိုလှုံခွင့်လျှောက်ဖို့ ကိုသိန်းဝင်းက အကြံပေးပါတယ်။ မာဘွတ်မြို့မှာရှိတဲ့ လူ့အခွင့်အရေးရှေ့နေတစ်ဦးနဲ့လည်း တွေ့ပေးပါတယ်။ ကျွန်တော်က နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျခဲ့ဖူးတယ်၊ ၈၈ အရေးခင်းမှာလဲပါဝင်ခဲ့တယ်၊ NLD အဖွဲ့ဝင်လဲဖြစ်တယ်၊ NLD အဖွဲ့ဝင်တွေလဲ အဖမ််းခံနေရတယ်၊ ကျွန်တော် မြန်မာပြည်ပြန်သွားရင်လဲ အဖမ်းခံရနိုင်ခြေရှိတယ်။ ဒါကြောင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ဖို့ အကြုံးဝင်တယ်လို့ ရှေ့နေကပြောပါတယ်။ ဂျာမဏီနိုင်ငံကလည်း နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာ ဂျနီဗာသဘောတူညီချက် (1951 Refugee Convention) ကို လက်မှတ်ထိုးထားတာဖြစ်လို့ ဂျာမဏီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်နိုင်တယ်လို့ ပြောပါတယ်။ ခိုလှုံခွင့်ရရင် ဂျာမဏီနိုင်ငံမှာနေထိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်၊ ပညာသင်ကြားပိုင်ခွင့်၊ ဆေးကုသခံယူပိုင်ခွင့် တွေရှိတယ်လို့ ပြောပါတယ်။

​နိုင်ငံရေးခိုလှုံခွင့် လျှောက်သင့်သလား၊ မလျှောက်သင့်ဖူးလား၊ ကျွန်တော်အချိန်ယူစဉ်းစားပါတယ်။ ကျွန်တော့် ရည်ရွယ်ချက်က ဘာလဲ။ ဂျာမဏီနိုင်ငံမှာ အခြေချနေထိုင်ဖို့တော့ ရည်ရွယ်ချက်မရှိပါဘူး။ ကာလတစ်ခုအထိတော့ နေချင်ပါတယ်။ ပညာသင်ဖို့၊ အတွေ့အကြုံရဖို့၊ အလုပ်လုပ်ပြီး ငွေရှာဖို့တော့ စိတ်ကူးရှိပါတယ်။ ခိုလှုံခွင့် လျှောက်ထားတာနဲ့ ပတ်သက်လို့ နောက်ထပ်သိချင်တာတွေရှိပါသေးတယ်။ ကိုသိန်းဝင်းက ပညာတော်သင်နဲ့ လာသူမို့ နိုင်ငံရေး ခိုလှုံခွင့်ကိစ္စ သူသိပ်မသိပါဘူး။ 

ပါဆောင်းမြို့က ကိုဋ္ဌေးဝင်းဆီရောက်တော့၊ သူကနိုင်ငံရေးခိုလှုံခွင့် ရထားသူမို့ သူ့ရဲ့ အတွေ့အကြုံတွေ ပြောပြပါတယ်။ ခိုလှုံခွင့်လျှောက်လွှာကို လက်ခံပြီးရင် ခိုလှုံခွင့်လျှောက်ထားသူများ ထားတဲ့စခန်းမှာ နေရတယ်။ အစားအသောက်ကို စခန်းကတာဝန်ယူတယ်။ အလုပ်လုပ်ခွင့်၊ ခရီးသွားခွင့်တွေကန့်သတ်ထားတယ်။ ချိန်းဆိုတဲ့ရက်မှာ လူတွေ့စစ်ဆေးမေးမြန်းတာခံရတယ်။ သက်သေအထောက်အထား ခိုင်လှုံမှုရှိရင် ခိုလှုံခွင့်ရတာ မြန်တယ်။ အထောက်အထား မပြည့်စုံရင် ကြာတတ်တယ်။ တစ်ချို့ကလပိုင်းနဲ့ ခိုလှုံခွင့်ရကြပြီး တစ်ချို့က သုံးနှစ်၊ လေးနှစ်အထိ ကြာကြောင်း ပြောပြပါတယ်။

​ကျွန်တော် ခိုလှုံခွင့်လျှောက်ဖို့ ချက်ချင်း မဆုံးဖြတ်ပါဘူး။ အချိန်ကြာနေရင် ဘယ်လိုလုပ်မလဲ။ ကိုလုံးမြို့မှာတော့ မြန်မာပြည်သား တော်တော်များများရှိတယ်။ ခိုလှုံခွင့်ရထားသူတွေလဲရှိတယ်။ ဒါကြောင့် သူတို့နဲ့ တွေ့ဖို့ ကိုလုံးမြို့ကိုသွားခဲ့တာပါ။ ခိုလှုံခွင့်ရထားသူတွေကတော့ ကိုချိုဝင်း၊ ကိုဋ္ဌေးအောင်၊ ကိုကိုဦး၊ ကိုခင်မောင်ဝင်း၊ ကိုအောင်ဇော်မြင့် တို့ဖြစ်ပါတယ်။ ပညာတော်သင် ကျောင်းသားတွေလည်း ရှိပါတယ်။ ကိုညီညီကျော် (သစ်တော) ၊ မအေးအေးကျော် (မြို့ပြ) ၊ မဖြူဖြူအောင် (စိုက်ပျိုးရေး) ၊ မနီလာသော် (စိုက်ပျိုးရေး) တို့နဲ့လည်း မကြာခဏ တွေ့ဖြစ်ပါတယ်။ မြန်မာပြည်သား စားသောက်ဆိုင် ၂ ဆိုင်လည်းရှိပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးစားသောက်ဆိုင်နဲ့ ရှမ်းအမျိုးသား ကိုစီလတ်ရဲ့ ထိုင်းစားသောက်ဆိုင်တို့ဖြစ်ပါတယ်။ ကိုလုံးမြို့နဲ့ သိပ်မဝေးလှတဲ့ ဘွန်းမြို့မှာလည်း မြန်မာပြည် သားတွေရှိတယ်ပါတယ်။ သတင်းထောက် စျာန်ရ ရဲ့ မိသားစုနဲ့လည်း တွေ့ရပါတယ်။

ကျွန်တော့်ကို ခိုလှုံခွင့်လျှောက်ဖို့ ဆရာ ဦးနွယ်အောင်က စီစဉ်ပေးပါတယ်။ ဆရာက ရန်ကုန် တက္ကသိုလ် ဓါတုဗေဒဋ္ဌာနမှာ ဆရာလုပ်ရင်း ပညာသင်ဆုနဲ့ ဂျာမဏီကို ရောက်လာသူပါ။ ဂျာမန် အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီး ဂျာမဏီမှာ အခြေချနေထိုင်သူဖြစ်ပါတယ်။ ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ NCGUB ရဲ့ ဂျာမဏီနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေပါတယ်။ ဂျာမဏီနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပံ့ပိုးဖို့အတွက် ဂျာမဏီနိုင်ငံသားတစ်ချို့နဲ့ မြန်မာနိုင်ငံသားတစ်ချို့ ပါဝင်ဖွဲ့စည်းထားတဲ့ Burma Bureau ကိုလည်း ဦးဆောင်သူဖြစ်ပါတယ်။ ချင်းလူမျိုး ဆလိုင်းကစ်ခိုလျန်လည်း Burma Bureau မှာပါဝင်ပါတယ်။ ABSDF ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဂျာမဏီနိုင်ငံမှာ ခိုလှုံခွင့်နဲ့ နေထိုင်တဲ့ ကရင်လူမျိုး စအောင်လွင်လည်းပါဝင်ပါတယ်။ စအောင်လွင််နေတဲ့မြို့ကိုလည်း အလည်သွားခဲ့ပါတယ်။ ထိုင်းနယ်စပ်ကရောက်နေတဲ့ ကိုအောင်စောဦးနဲ့လည်း စအောင်လွင် အိမ်မှာတွေ့ပါတယ်။ အဲ့ဒီမြို့နားမှာ ကျမ်းစာသင်တန်းတက်နေတဲ့ ဦးကျော်ထွန်းလင်း (MICT) နဲ့လည်းတွေ့ဆုံ ခဲ့ပါတယ်။


​ကိုလုံးမြို့ကိုရောက်ပြီး Burma Bureau နဲ့တွေ့ပြီးမှ ကျွန်တော် ခိုလှုံခွင့်လျှောက်ဖို့ ဆုံးဖြတ်ချက်ချတာပါ။ ခိုလှုံခွင့်လျှောက်တဲ့နေ့မှာ Burma Bureau အဖွဲ့ဝင် ဂျာမာန်အမျိုးသမီး Sabine က လိုက်ပို့ပါတယ်။ အစိုးရရုံးတစ်ခုမှာ လျှောက်လွှာတင်ရပါတယ်။ လျှောက်လွှာနဲ့အတူ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေကို စစ်ဆေးပြီး၊ ကျွန်တော့်လျှောက်လွှာကို လက်ခံပါတယ်။ မြန်မာနိုင်ငံက ခိုလှုံခွင့်လျှောက်ထားခွင့်ရှိသော နိုင်ငံများ စာရင်းမှာ ပါဝင်ပါတယ်။

​ကျွန်တော့်လျှောက်လွှာကို လက်ခံပြီးတော့ ကိုလုံးမြို့က ခိုလှုံခွင့်လျှောက်ထားသူတွေထားတဲ့ ယာယီစခန်းကို ပို့ပါတယ်။ ရိုင်းမြစ်ထဲမှာဆိုက်ထားတဲ့ သင်္ဘောတစ်စင်းပေါ်ကို ပို့ပါတယ်။ အခန်းကျဉ်းလေးတစ်ခန်းမှာထားပါတယ်။ သင်္ဘောပေါ်က ကျွေးတဲ့ ညစာကို စားရပါတယ်။ အတော်ကို အူကြောင်ကြောင် နိုင်ပါတယ်။ ဂျာမန်စကားလည်း မတတ်သေးတာမို့ သူတို့ရဲ့ အစီအစဉ်ကိုလဲ သေချာမသိပါဘူး။ နောက်တစ်နေ့မနက်မှာ ကျွန်တော့်ကို ကားလေးတစ်စင်းနဲ့ ခေါ်သွားပါတယ်။ ကိုလုံးမြို့ကနေ ၂ နာရီခရီးလောက်ဝေးတဲ့ အိုဒယ် (Oelde) မြို့ငယ်လေးကိုရောက်ပါတယ်။

အိုဒယ် (Oelde) နိုင်ငံရေးခိုလှုံခွင့်စခန်း

​ကျွန်တော့်ကို အိုဒယ်မြို့စွန်က နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေထားတဲ့ တန်းလျားတစ်ခုကိို ပို့ပေးပါတယ်။ ရေချိုးခန်းအိမ်သာပါဝင်တဲ့ အခန်းတစ်ခန်းမှာထားပါတယ်။ တခြားအခန်းတွေမှာ အီရန်နဲ့ ဆီးရီးယားဘက်က လူတွေကိုထားပါတယ်။ သိရီလင်္ကာနိုင်ငံက လင်မယားစုံတွဲလည်းရှိတယ်။ နံနက်စာကို ကော်ဖီ၊ ပေါင်မုန့်၊ ကြက်ဥ၊ သစ်သီးတွေ ကျွေးပါတယ်။ နေ့လည်နဲ့ ညစာကတော့ ဂျာမန်အစားအစာ အာလူးနဲ့ အသားဟင်းကျွေးပါတယ်။ အိုဒယ်စခန်းမှာ ကျွန်တော် သုံးလနီးပါး နေခဲ့ရပါတယ်။

​အိုဒယ်မြို့ကို ရောက်ပြီး နှစ်ပတ်လောက်အကြာမှာ ကျွန်တော့်ကို လူတွေ့စစ်ဆေးဖို့ အကြောင်းကြားစာရောက်လာပါတယ်။ လူတွေ့စစ်ဆေးမဲ့ နေရာက နုရင်ဘတ်မြို့မှာဖြစ််ပါတယ်။ နာဇီတွေကို ခုံရုံးတင်စစ်ဆေးခဲ့တဲ့ မြို့ဖြစ်ပါတယ်။ မြို့နာမည်ကြားရုံနဲ့တင် အတော်စိတ်ဝင်စားနေပါတယ်။ အိုဒယ်မြို့အုပ်ချုပ်ရေးရုံးက ကျွန်တော့်ကို လူတွေ့စစ်ဆေးဖို့ ချိန်းဆိုတဲ့စာ၊ နုရင်ဘတ် အသွားအပြန် ရထားလက်မှတ်၊ လမ်းမှာသုံးဖို့ပိုက်ဆံ ထုတ်ပေးပါတယ်။ ချိန်းတဲ့နေ့မှာ မနက်အစောကြီး ထသွားပါတယ်။ အိုဒယ်မြို့ကနေ နုရင်ဘတ်မြို့အထိ ရထား ၂ နာရီကျော် စီးရပါတယ်။

​ကျွန်တော့်ကို လူတွေ့စစ်မေးသူက ဂျာမန် အမျိုးသမီးကြီးပါ။ အတော်ရည်မွန်ပါတယ်။ စကားပြန်ကလည်း အမျိုးသမီးပါ။ ဂျာမန်နဲ့ မြန်မာစကားပြန်ပါ။ နာမည်ကတော့မေ့နေပါပြီ။ ဒေါ်ချိုမာတင် လို့ထင်ပါတယ်။ ကျွန်တော့်ကို အဓိကမေးတာ ကိုယ်ရေးရာဇဝင်၊ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်မှု၊ အကျဉ်းကျခံရတဲ့အကြောင်း၊ NLD မှာ တာဝန်ယူခဲ့တဲ့အကြောင်း၊ မြန်မာပြည်မှာဆက်နေရင် ဘယ်လိုဖြစ်မလဲ ဆိုတာတွေမေးပါတယ်။ တနာရီလောက် ကြာပါတယ်။

​လူတွေ့စစ်မေးပြီးတာနဲ့ ကျွန်တော် ဘူတာရုံကိုသွားပြီး အပြန်ရထားစီးပါတယ်။ ရထားက ဂူတင်ဂန် (Gottingen) ဘူတာကိုဖြတ်ပါတယ်။ ဂူတင်ဂန် တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့ ဒေါက်တာကျော်သာဒွန်း ရှိပါတယ်။ ဆရာနဲ့ တွေချင်တာနဲ့ ကျွန်တော် ဂူတင်ဂန်ဘူတာမှာ ဆင်းလိုက်ပါတယ်။ ရထားလက််မှတ်က ရထားလမ်းကြောင်းမှာရှိတဲ့ ဘူတာတွေမှာ ကြိုက်တဲ့နေရာမှာဆင်းပြီး ည ၁၂ နာရီ မထိုးမီအထိ အဲ့ဒီလက်မှတ်နဲ့ဘဲ ရထားဆက်စီးလို့ရပါတယ်။

​ဆရာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ်။ ဆရာက ရခိုင်လူမျိုးပါ။ ဦးအောင်ဇံဝေရဲ့သားပါ။ ဦးအောင်ဇံဝေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေလုပ်ကြံခံရတဲ့ နောက်ဆုံးအစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့ပြီး အသက်မသေဘဲ ကျန်ရစ်သူပါ။

​ဆရာနဲ့ဘီယာသောက်ရင်း စကားပြောကြပါတယ်။ ကျွန်တော် ခိုလှုံခွင့်လျှောက်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ NLD အကြောင်းတွေ ပြောပါတယ်။ သူ့အဖေ ဦးအောင်ဇံဝေ အကြောင်းလဲ ပြောပြပါတယ်။ ဂဠုံဦးစောရဲ့ လူတွေ လာပစ်တော့ သူ့အဖေ လွတ်သွားကြောင်းပြောပြီး “ကျွန်တော့်တို့ရခိုင်တွေက လွတ်လပ်ရေးလည်းမရ၊ အာဇာနည်လည်းမရ၊ အဖေသာ အဲ့ဒီတုံးကသေသွားရင်၊ အာဇာနည်တွေထဲမှာ ရခိုင်ပါမှာ” လို့ ရယ်ပြီး ပြောပါတယ်။ ကျွန်တော့်ကို ဘာဆက်လုပ်မလဲ မေးပါတယ်။ ခိုလှုံခွင့်ရရင် ပညာသင်ချင်ကြောင်း ဆရာကို ပြောခဲ့ပါတယ်။ ညနေစောင်းတော့ အိုဒယ်မြို့ကိုပြန်ခဲ့ပါတယ်။

ဂျာမန်စကားပြောသင်တန်း 

​ကျွန်တော် ဂျာမန်စကားပြော သင်ချင်ကြောင်း၊ အိုဒယ်မြို့ အုပ်ချုပ်ရေးရုံးမှာ သွားပြောပါတယ်။ တရက််၊ နှစ်ရက် နေတော့ ကျွန်တော့်ကို အိုဒယ်မြို့အထက်တန်းကျောင်းမှာဖွင့်တဲ့ ဂျာမန်စကားပြော ညနေသင်တန်းကို ပို့ပေးပါတယ်။ ဂျာမန်စာသင်တဲ့ဆရာမက အိုဒယ်အထက်တန်းကျောင်းက ဆရာမပါ။ အိုဒယ်မြို့ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေအတွက် ဖွင့်ပေးတဲ့သင်တန်းပါ။ နောက်ရက်တွေမှာ ကျွန်တော့်တို့ ခိုလှုံခွင့်အဆောင်မှာနေတဲ့ သိရီလင်္ကာ မောင်နှံကိုလည်း ခေါ်သွားပါတယ်။ ကျွန်တော်တို့ကို အခြေခံက စသင်ပါတယ်။ စကားပြောသာမက၊ အရေးအဖတ်ပါ သင်ပါတယ်။ ဆရာမက အင်္ဂလိပ်စကားလဲပြောပါတယ်။ 

​ဆရာမက ကျွန်တော်ကို သူ့အမျိုးသားနဲ့ မိတ်ဆက်ပေးပါတယ်။ သူ့အမျိုးသားကလည်း ကျောင်းဆရာပါ။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ Amnesty International မှာ ဗော်လံတီယာ လုပ်ပါတယ်။ တရက်မှာ အိုဒယ်မြို့လေးရဲ့ လူစည်ကားတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုပွဲလုပ်ပါတယ်။ ကျွန်တော့်ကိုခေါ်ပြီး မြန်မာနိုင်ငံအကြောင်းပြောခိုင်းပါတယ်။ ကျွန်တော် အင်္ဂလိပ်လို ကြိုးစားပြောပါတယ်။

​အိုဒယ်မြို့ဆေးရုံမှာ ကျွန်တော်ခွဲစိတ်ကုသ ခံရပါသေးတယ်။ ကြီးကြီးမားမား မဟုတ်ပါဘူး။ ခြေထောက်ခွဲရတာပါ ။ ကျွန်တော်ငယ်ငယ်က သံစူးတာပြောခဲ့ဘူးပါတယ်။ ၁၉၇၀ ကျွန်တော် ၉ တန်းတုန်းကပါ။ အဲ့ဒီတုန်းက အနာကျက်သွားပေမဲ့ ခြေထောက်ထဲမှာ သံချောင်းကျန်နေတာ မသိခဲ့ပါဘူး။ ဓါတ်မှန်ရိုက်မကြည့်ခဲ့ကြဘူး။ ၁၉၈၈ မှာ နေ့တိုင်းလိုလို လမ်းလျှောက် ဆန္ဒပြတော့၊ ကျွန်တော်ခြေထောက် ရောင်လာပြီး လမ်းမလျှောက်နိုင်တော့လို့ မြောက်ဥက္ကလာပ ဆေးရုံမှာပြတော့မှ ဓါတ်မှန်ထဲမှာ သံချောင်းတွေ့ပါတယ်။ ထုံဆေးပေးပြီးခွဲထုတ်တာ တစ်လက်မ နီးနီး ရှည်တဲ့ သံချောင်းရပါတယ်။ ခွဲပြီးတော့ ဓါတ်မှန်ပြန်မရိုက်ပါဘူး။ 

ဂျာမဏီရောက်တော့ ရာသီဥတုအေးလို့ထင်ပါတယ် ခြေထောက် နာနေတာနဲ့ အိုဒယ် ဆေးရုံမှာသွားပြပါတယ်။ ဓါတ်မှန်ထဲမှာ နောက်ထပ် သံချောင်းတွေ့ပါတယ်။ မေ့ဆေးပေးပြီးခွဲပါတယ်။ သံစတွေက ကျေမွနေတာမို့ တစ်စစီထုတ်ယူရတယ်လို့ ဆရာဝန်ကပြောပါတယ်။ ဆေးရုံမှာတစ်ည အိပ်ရပါတယ်။ သီရိလင်္ကာဇနီးမောင်နှံက ကျွန်တော့်ကို စောင့်ရှောက်ပါတယ်။ ခုတော့ သံချောင်းအားလုံးကုန်ပြီထင်ပါတယ်။ သံစူးတုန်းက သံချောင်း နှစ်ချောင်း၊ သုံးချောင်း တပြိုင်တည်း စူးလိုက်ပုံရပါတယ်။ အိုဒယ်ဆေးရုံမှာ ဆေးကုသစရိတ် ပေးစရာမလိုပါဘူး။

​အိုဒယ်မြို့ကနေ ဘတ်စကားနဲ့ တနာရီလောက်သွားရင် မွန်းစကား (Munster) မြို့ကိုရောက်ပါတယ်။ စနေ၊ တနင်္ဂနွေပိတ် ရက်မှာ မွန်းစတားကို သွားလည်ပါတယ်။ ခိုလှုံခွင့်ရထားတဲ့ ရန်ကုန်သူ မဒေါ်လီက မွန်းစတားမှာ နေပါတယ်။ သူငှားနေတဲ့ အိမ်ရှင်က Amnesty International မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်ရောက်တဲ့ရက်မှာ မြန်မာနိုင်ငံရဲ့ လူအခွင့်အရေး အခြေအနေကို ဓါတ်ပုံတွေ ပိုစတာတွေနဲ့ ပြပွဲလုပ်ပါတယ်။ မွန်းစတားမြို့လယ်က လူစည်ကားတဲ့ နေရာမှာပါ။ မြန်မာနိုင်ငံအကြောင်းကျွန်တော်ပြောရပါသေးတယ်။ အဲ့ဒီ မွန်းစတားပွဲကို ကိုလုံးမြို့မှာနေတဲ့ ကိုချိုဝင်း၊ ကိုအောင်ဇော်မြင့်နဲ့ ကိုဋ္ဌေးအောင်တို့ အဖွဲ့တွေလာကြပါတယ်။ ပညာတော်သင်ကျောင်းသားတွေလည်း လာကြပါတယ်။ မဒေါ်လီအိမ်မှာ တည်းကြပြီး၊ ချက်ပြုတ်၊ စားသောက်၊ သီချင်းဆိုကြနဲ့ ပျော်စရာကောင်းပါတယ်။

နိုင်ငံရေး ခိုလှုံခွင့် ရရှိခြင်း

​နုရင်ဘတ်မှာ လူတွေ့စစ်ဆေးမေးမြန်းပြီး ၂ လလောက်အကြာမှာ ကျွန်တော့်ကို ဂျာမဏီနီုင်ငံမှာ ခိုလှုံခွင့် ပြုကြောင်း စာရရှိပါတယ်။ ၁၉၅၁ ဂျနီဗာသဘောတူညီချက် (1951 Refugee Convention) အရ ခိုလှုံခွင့်ပေးတာဖြစ်ပါတယ်။ ကျွန်တော် ခိုလှုံခွင့်ရတာ မြန်ပါတယ်။ တချို့ဆို နှစ်နဲ့ချီစောင့်ရပါတယ်။

​ခိုလှုံခွင့်ရရင် ဂျာမဏီနိုင်ငံအတွင်း မည်သည့်ဒေသမဆို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။ လူမှုစောင့်ရှောက်ရေး ခံစားခွင့်လည််းရပါတယ်။ အလုပ်မရသေးခင် ကာလမှာလည်း နေစရိတ်််၊ စားစရိတ်တွေပေးပါတယ်။ ပြည်တွင်းသာမက ပြည်ပခရီးသွားလာခွင့်လည်းရှိပါတယ်။ ရွေးကောက်ခံပိုင်ခွင့်နဲ့ မဲပေးခွင့်တွေမှာသာ အကန့်အသတ်ရှိပါတယ်။ ကျွန်တော် ခိုလှုံခွင့်အထောက်အထားရတော့ အိုဒယ်မြို့အုပ်ချုပ်ရေးရုံးက ကျွန်တော်ဘယ်မှာနေချင်လဲလို့ မေးပါတယ်။ ကိုလုံးမြို့မှာနေချင်တယ်လို့ဖြေပါတယ်။ ကိုလုံးမြို့မှာ Burma Bureau ရုံးရှိတယ်။ မြန်မာနိုင်ငံသားတွေရှိတယ်။ မိတ်ဆွေတွေနဲ့ တိုင်ပင်စရာလူတွေ များများရှိတဲ့အတွက် ကိုလုံးမြို့ကို ရွေးချယ်တာပါ။ အိုဒယ်မြို့အုပ်ချုပ်ရေးက ကျွန်တော့်ကို အထောက်အထား စာရွက်တွေနဲ့ လမ်းစရိတ်ပေးပြီး ကိုလုံးမြို့ အုပ်ချုပ်ရေးရုံးကို ဆက်သွယ်ဖို့ မှာပါတယ်။ 

ဂျာမန်စာသင်ပေးတဲ့ ဆရာမတို့ ဇနီးမောင်နှံက သူတို့ကားနဲ့ ကျွန်တော့ကို ကိုလုံးမြို့ကို လိုက်ပို့ပေးပါတယ်။ ဆရာမယောက်ျားရဲ့ အစ်မက ကိုလုံးမြို့မှာနေပါတယ်။ Frau Rita Sasse လို့ ခေါ်ပါတယ်။ Rita တို့ ဇနီးမောင်နှံ (Rita & Berthold) ဆီမှာ ကျွန်တော့်ကို ကူညီပေးဖို့ အပ်ပါတယ်။ အလွန် သဘောကောင်းပါတယ်။ လင်မယားနှစ်ယောက်စလုံး လူမှုစောင့်ရှောက်ရေး အလုပ် လုပ်ပါတယ်။ သူတို့က ကျွန်တော့်ကို ကိုလုံးမြို့ အုပ်ချုပ်ရေးရုံးကိုခေါ်သွားပြီး ကိုလုံးမြို့မှာနေထိုင်မည့်အကြောင်း စာရင်းသွင်းပေးပါတယ်။ အုပ်ချုပ်ရေးရုံးက ကျွန်တော်ကို နေထိုင်စရိတ်ပေးပါတယ်။ အလုပ်သမားရုံးနဲ့ ဆက်သွယ်ဖို့လည်း စာထုတ်ပေးပါတယ်။ 

​အလုပ်သမားရုံးက ကျွန်တော်ကို ဂျာမန်စာသင်တန်း ၃ လတက်ဖို့ စေလွှတ်ပါတယ်။ ကျောင်းစရိတ်၊ ရထားလက်မှတ်၊ နေစရိတ်၊ စားစရိတ် ပေးပါတယ်။ အခြေခံကစသင်ပေးတဲ့ ဂျာမန်စာသင်တန်းကျောင်းမှာ တက်ရပါတယ်။ ကျွန်တော်တို့ အတန်းမှာ သင်တန်းသား ၂၀ ကျော်လောက်ရှိပါတယ်။ ရုရှားနဲ့ အရှေ့ဥရောပသားတွေများပါတယ်။ အီရန်နိုင်ငံသား တစ်ယောက်လဲ ပါပါတယ်။ မြန်မာကတော့ ကျွန်တော် တစ်ယောက်တည်းပါ။ အိုဒယ်မြို့မှာ ဂျာမန်စာ ၂လ လောက် သင်ခဲ့ပြီးတာမို့ အခြေခံ နည်းနည်းရထားလို့ ဂျာမန်စာသင်ရတာ အခက်အခဲမရှိပါဘူး။ သင်တန်းကို နေ့စဉ် နံနက် ၉ နာရီ ကနေ ညနေ ၄ နာရီအထိ အချိန်ပြည့် တက်ရပါတယ်။ 

ကျွန်တော်တို့ သင်တန်းမှာ ရုရှား-ဂျာမန် ကပြား အမျိုးသမီးတစ်ဦး ပါဝင်ပါတယ်။ အမေက ဂျာမန်၊ အဖေက ရုရှားပါ။ ရုရှားမှာမွေး၊ ရုရှားမှာပဲ ကျောင်းနေ၊ အမေက ရုရှားစကားဘဲ ပြောတာမို့ သမီးက ဂျာမန်စကားမတတ်ပါဘူး။ အဖေကွယ်လွန်သွားပြီမို့ ဂျာမဏီကို ပြောင်းရွေ့ နေထိုင်ကြတာပါ။ ဂျာမန်စကား မတတ်တဲ့အတွက် သင်တန်းလာတက်တာပါ။ ကျောင်းဝင်တဲ့နေ့မှာ စာရင်းသွင်းတော့ ပုံစံစာရွက်ထဲမှာ လူမျိုးအမည်၊ နိုင်ငံသား၊ မိခင်ဘာသာစကား (Mother Tongue) စတာတွေဖြည့်ရပါတယ်။ အဖေက ရုရှား၊ အမေက ဂျာမန်၊ Mother Tongue ကို ဂျာမန်လို့ ဖြည့်ပြီးမှ စဉ်းစားမိပုံရပါတယ်။ မိခင်ဘာသာစကား (အမေပြောတဲ့ဘာသာစကား) က ဂျာမန်၊ ဒါပေမဲ့ သူက ဂျာမန်စကားမတတ်တာမို့ ဆရာမကို ဘယ်လိုဖြည့်ရမလဲ မေးပါ တယ်။ ဆရာမက Mother Tongue နေရာမှာ ရုရှားလို့ပဲ ဖြည့်ဖို့ပြောပါတယ်။ Mother-Tungue ဆိုတာ မွေးကတည်းက ကျွမ်းကျွမ်းကျင်ကျင် တတ်မြေက်သောဘာသာစကားကို ဆိုလိုတာ ဖြစ်မယ်လို့ နည်းလည်ရပါတယ်။


ပညာဆက်လက်သင်ယူရန်ကြိုးပမ်း

​ဂျာမန်စာသင်တန်းပြီးတဲ့အခါ တက္ကသိုလ် တစ်ခုခုမှာတက်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော့် သူငယ်ချင်းကိုသိန်းဝင်းက ကျွန်တော်ရဲ့ မြန်မာပြည်ကဘွဲ့လက်မှတ်ကို ဂျာမန်လိုဘာသာပြန်၊ နိုထရီလုပ်ပြီး သူတက်တဲ့ မာဘွတ်တက္ကသိုလ်မှာ လျှောက်ထားပေးပါတယ်။ မာဘွတ် တက္ကသိုလ်က ဂျာမန် ဘာသာနဲ့သင်တာမို့ ကျွန်တော်ရဲ့ ဂျာမန်စာက တက္ကသိုလ်မှာတက်နိုင်ဖို့ မလုံလောက်သေးပါဘူး။ 

သင်တန်းနားတဲ့ရက်တွေမှာ ကိုလုံးမြို့မှာရှိတဲ့ British Council ကိုသွားပါတယ်။ အင်္ဂလန်နိုင်ငံက တက္ကသိုလ်တွေအကြောင်းသွားလေ့လာပါတယ်။ ကျောင်းဆရာ ဖြစ်ခဲ့သူမို့ ပညာရေးဘာသာရပ်ကို သင်ဖို့ စိတ်ဝင်စားပါတယ်။ နယူးကာဆယ် တက္ကသိုလ်က နိုင်ငံတကာကျောင်းသားတွေအတွက် ဖွင့်လှစ်တဲ့ Center for International Studies in Education (CISE) ကိုတွေ့ပါတယ်။ ပညာရေးမူဝါဒနဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးရေး ဘာသာရပ် ကိုတက်ချင်ပါတယ်။ ကျွန်တော် နယူးကာဆယ် တက္ကသိုလ်ကို စာရေးပါတယ်။ လျှောက်လွှာပုံစံနဲ့အတူ သင်ကြားမဲ့ ဘာသာရပ် အသေးစိပ်ကိုပို့ပေးပါတယ်။ ကျွန်တော်လျှောက်ထားပါတယ်။ 

ဂူတင်ဂန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာကျော်သာဒွန်းက ကျွန်တော့်အတွက် ထောက်ခံစာရေးပေးပါတယ်။ ကျွန်တော်နယူးကာဆယ် တက္ကသိုလ်မှာ တက်ရောက်ခွင့်ရပါက မြန်မာ နိုင်ငံပညာရေးအတွက် အထောက်အကူဖြစ်မည့်အကြောင်း ရေးပေးပါတယ်။ အိုဒယ်မြို့မှာ ဂျာမန်စာသင်ပေးတဲ့ ဆရာမကလည်း ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ခံစာရေးပေးပါတယ်။ တက္ကသိုလ်က ကျွန်တော်ဆီ လိုအပ်တဲ့ အထောက်အထားတွေ တောင်းယူပြီး ဝင်ခွင့်ပေးပါတယ်။ ကျွန်တော်ဝမ်းသာအားတက်ပါတယ်။ တဖက်ကလည်း Scholarship အတွက် ပူပန်ရပါသေးတယ်။

​ကံကောင်းထောက်မတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ဂျာမဏီနိုင်ငံ ဘရီမင် (Bremen) မြို့မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ပွဲတစ်ခုမှာ Dr. Michael Aris ကို မမျှော်လင့်ပဲတွေပါတယ်။ Michael ကို ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် အိမ််မှာ တွေ့ဖူးခဲ့ပါတယ်။ ကျွန်တော်သူ့ကိုနှုတ်ဆက်၊ ပြန်မိတ်ဆက်ပြီး၊ ကျွန်တော် ကျောင်းတက်ချင်ကြောင်း သူ့ကိုပြောပါတယ်။ နယူးကာဆယ်က တက္ကသိုလ်မှာ ဝင်ခွင့်ရထားကြောင်းလည်းပြောပြပါတယ်။ Michael က ကျွန်တော့်အတွက် Prospect Burma မှာ စကောလားရှစ် လျှောက်ပေးပါတယ်။ စကောလားရှစ် ရပါတယ်။

အင်္ဂလန်ဗီဇာ အခက်အခဲ

​ကျောင်းဝင်ခွင့်လည်းရ၊ စကောလားရှစ်လည်း ရပြီမို့ အင်္ဂလန်သံရုံးမှာ ဗီဇာသွားလျှောက်ပါတယ်။ လျှောက်လွှာတင်ပြီး တစ်လလောက်ကြာတော့ ကျွန်တော့်ဗီဇာလျှောက်လွှာကို ပယ်ကြောင်း အကြောင်းကြားစာပို့ပါတယ်။ အကြောင်းပြ ချက်ကတော့ ကျွန်တော် အင်္ဂလန်ရောက်ပြီးရင် ပြန်မည်မဟုတ်ဟု ယူဆသောကြောင့်လို့ ရေးထားပါတယ်။ အင်္ဂလန်မှာ ပညာသင်ဖို့ မျှော်မှန်းထားတာ၊ ကျောင်းဝင်ခွင့်လည်းရ၊ စကောလားရှစ်လဲရပြီးမှ ဗီဇာမရတဲ့အတွက် သွားခွင့်မရလို့ ဝမ်းနည်းခဲ့ရပါတယ်။ စိတ်ထဲမှာလည်း တချက်ချက် နာကျင်လာပါတယ်။ အင်္ဂလိပ်လူမျိုးတွေ မြန်မာပြည်လာတုံးက ဘာဗီဇာမှမပါပဲ အနှစ် ၁၀၀ ကျော် နေသွားခဲ့ကြပါတယ်။ ကျွန်တော် ၁ နှစ်၊ ၂ နှစ်၊ ကျောင်းတက်ဖို့သွားတာကို “အင်္ဂလန်က ပြန်မည်မဟုတ်ဟု ယူဆသောကြောင့်” ဆိုပြီး ဗီဇာ ငြင်းပယ်တဲ့အတွက် နာကျည်းချက်ဖြစ်ပါတယ်။

ဗီဇာပယ်လိုက်တဲ့အကြောင်း နယူးကာဆယ် တက္ကသိုလ် ကိုရော၊ Prospect Burma ကိုရော အကြောင်းကြားလိုက်ပါတယ်။ Prospect Burma က ကျနော့်ရဲ့ ဗီဇာအတွက် UK နိုင်ငံခြားရေးဌာနကို ဆက်သွယ်မည့်အကြောင်းနဲ့ ကျနော့်ကို စောင့်ဖို့ အားပေးစကားပြောပါတယ်။ ဗီဇာစောင့်နေရတဲ့ အတွက် ကျောင်းဖွင့်ချိန် ကျော်သွားပါတယ်။ နယူးကာဆယ်တက္ကသိုလ်က ကျနော့်ရဲ့ ကျောင်းဝင်ခွင့်ကို နောက်လာမဲ့ စာသင်နှစ်ကို ရွှေ့ပေးပါတယ်။

လူမှုစောင့်ရှောက်ရေးအလုပ်သမား

အင်္ဂလန်မှာ ကျောင်းတက်ဖို့ စာသင်နှစ် တနှစ်စောင့်ရမှာဖြစ်တဲ့အတွက် အလုပ်လုပ်ဖို့ ကိုလုံးမြို့က အလုပ်သမားရုံးကို ဆက်သွယ်ပါတယ်။ ကျနော် ဘယ်လိုအလုပ်မျိုး လုပ်ချင်သလဲ ဆိုတာ မေးပါတယ်။ စာသင်ကျောင်း သို့မဟုတ် စာကြည့်တိုက်မှာ လုပ်ချင်ကြောင်း ပြောပါတယ်။ “အဲ့ဒီနေရာတွေမှာ နေရာလွတ်မရှိသေးဘူး၊ လူမှုစောင့်ရှောက်ရေးဘက်မှာတော့ နေရာလွတ်တွေရှိတယ်၊ လုပ်ချင်သလား” လို့ မေးပါတယ်။ ကျနော်လည်း တခြား ရွေးချယ်စရာ မရှိတာနဲ့ လုပ်မယ်လို့ ဖြေပါတယ်။ 

ကျနော်အလုပ်လက်ခံကြောင်း လက်မှတ်ထိုးပြီးတော့ လူမှုစောင့်ရှောက်ရေး သင်တန်းကျောင်းမှာ ၃ လ သင်တန်းတက်ဖို့ စာထုတ်ပေးပါတယ်။ သင်တန်းကာလအတွင်း လစဉ်သုံးဖို့ ရထားလက်မှတ်၊ အိမ်ခန်းငှါးခအပြင် လစဉ် ဂျာမန်ငွေ ၉၀၀ (ယူရိုငွေ ၅၀၀ ခန့်) ပေးပါတယ်။ သင်တန်းကာလအတွင်းမှာ လခ ပေးထားတာ ဖြစ်ပါတယ်။ 

သင်တန်းသား၂၀ လောက်ရှိပါတယ်။ ဂျာမန်၊ ရုရှ၊ အီရန်နဲ့ အာဖရိကန် တစ်ချို့ပါဝင်ပါတယ်။ သဘောတရားနည်းနည်း၊ လက်တွေ့များများ သင်ပါတယ်။ သဘောတရားတွေကတော့ လူမှုဆက်ဆံရေး၊ လူ့အခွင့်အရေး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူများရဲ့ စိတ်ပိုင်းဆိုင်ရာ စတာတွေ သင်ပါတယ်။ လက်တွေ့ကတော့ လှည်း (wheelchair) တွန်းနည်းကအစ သင်ပါတယ်။ သင်တန်းကာလ ၃ လကို အခက်အခဲမရှိ ဖြတ်သန်းနိုင်ပါတယ်။
သင်တန်းပြီးတော့ အလုပ်သမားရုံးက ကျနော့်ကို အလုပ်ခန့်စာ ပေးပါတယ်။ ကိုလုံးမြို့ရဲ့ ရိုင်းမြစ်ကမ်းပေါ်မှာရှိတဲ့ St. Vincenz Haus အသက်အရွယ်ကြီးရင့်သူများကို စောင့်ရှောက်တဲ့ ဂေဟာမှာ အလုပ်ရပါတယ်။ လူမှုစောင့်ရှောက်ရေး အလုပ်သမား (social worker) ဖြစ်ပါတယ်။ 

အဲ့ဒီ ဘိုးဘွားရိပ်သာက ဟော်တယ်နဲ့တူပါတယ်။ အထပ် သုံးထပ်ရှိပါတယ်။ အောက်ဆုံးထပ်မှာ ရုံးခန်းတွေထားပါတယ်။ အပေါ်နှစ်ထပ်မှာ အဖိုး၊ အဖွားတွေ နေပါတယ်။ ဟော်တယ်တွေမှာလို သူ့အခန်းနဲ့သူ နေကြပါတယ်။ တချို့က သန်သန်မာမာ ဟိုသွားဒီသွား သွားနိုင်ကြပါတယ်။ တချို့က တွန်းလှည်းနဲ့ ဘဲသွားနိုင်ပါတယ်။ တချို့ကတော့ အိပ်ယာပေါ်မှာ လဲနေပါတယ်။ 

အဖိုး၊ အဖွား အားလုံး အပေါ်ထပ်မှာ ၄၀၊ အလယ်ထပ်မှာ ၄၀ လောက်ရှိပါတယ်။ လူမှုစောင့်ရှောက်ရေးအလုပ်သမားတွေက တစ်ထပ်မှာ အလုပ်တစ်ဆိုင်းကို ၈ ယောက်လောက်ရှိပါတယ်။ နေ့ဆိုင်း၊ ညဆိုင်း တစ်လတစ်ကြိမ် အလှည့်ကျ လုပ်ရပါတယ်။ 

ကျနော့်အလုပ်ကတော့ တာဝန်ဝန်ကျတဲ့ အခန်းတွေက အဖိုး၊ အဖွားတွေကို စောင့်ရှောက်ရပါတယ်။ မနက် ၇ နာရီ လောက်မှာ မနက်စာ စားဖို့ပြင်ဆင်ပေးရပါတယ်။ လမ်းမလျှောက်နိုင်သူတွေကို တွန်းလှည်းနဲ့ ထမင်းစားခန်းကို ပို့ပေးရပါတယ်။ အိပ်ယာထဲ လဲနေသူတွေကို တော့ သူတို့ရဲ့ ဆီးတွေ၊ ဝမ်းတွေကို သန့်ရှင်းပေးပြီး မျက်နှာလဲ သစ်ပေးရပါတယ်။ ထမင်းလည်း ခွန့်ကျွေးရပါတယ်။ ကိုယ့်ရဲ့ အဖေ၊ အမေကို ပြုစုရသလိုပါဘဲ။ နေ့လည်စာ၊ ညနေစာတွေလည်း အလားတူလုပ်ပေးရပါတယ်။ တနင်္ဂနွေ ဘုရားကျောင်းသွားရင်လည်း လိုက်ပို့ပေးရပါတယ်။ 

ကျနော်တာဝန်ယူရတဲ့ အဖွား နှစ်ယောက်က အတော်ချစ်စရာကောင်းပါတယ်။ တစ်ယောက်က အိပ်ယာထဲလဲနေတဲ့ အဖွားပါ။ အသက် ၉၀ လောက်ရှိပါပြီ။ သတိတော့ကောင်းပါတယ်။ သူ့ကို ထမင်းတစ်လုတ် ခွန့်တိုင်း ကျေးဇူးတင်ပါတယ် (Danke) တစ်ခါပြောပါတယ်။ ကျနော် သူ့အခန်းကိုဝင်ရင် မျက်လုံးလေး ဝင်းပြီး ပြုံးပြီး နှုတ်ဆက်ပါတယ်။ 

နောက်အဖွားတစ်ယောက်က အသက် ၈၀ ကျော် ရှိပါပြီ။ လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမဲ့ သူငယ်ပြန်နေပါတယ်။ ညနေ ထမင်းစားပြီးချိန််ဆိုရင် အဝတ်အစား သစ်သစ်လွင်လွင်ဝတ်၊ မျက်နှာတွေ ချယ်သ၊ ပိုက်ဆံအိပ်လှလှလေး ကိုင်ပြီး အဆောင်ရှေ့ကိုထွက်ပါတယ်။ “အဖွားဘယ်လဲ” လို့ မေးရင်၊ “ငါ့ရီးစားလာမယ်၊ သွားကြိုရမယ်” လို့ ပြောပါတယ်။ အဆောင်ရှေ့မှာရပ်ပြီး လမ်းမဘက်ကိုဘဲ မျှော်နေပါတယ်။ မိုးချုပ်တော့မှ အဖွားကို ချော့ခေါ်ပြီး သူ့အခန်းကို ပို့ရပါတယ်။ လူကြီးတွေ သူငယ်ပြန်ရင် ငယ်ငယ်က အပျော်ဆုံးအချိန်ကို စိတ်ကပြန်ရောက်သွားတယ်လို့ ကြားဖူးပါတယ်။ ဒီအဖွားက အပျိုဖြန်းအရွယ်ကို သူငယ်ပြန်ပုံရပါတယ်။ 

အလုပ်ချိန်ပြီးရင် ရိုင်းမြစ်ကမ်းအတိုင်း လမ်းလျှောက်၊ တံတားကနေ တဖက်ကမ်းကိုကူး၊ ကိုလုံးဘုရားကျောင်းကြီးကို တစ်ပါတ် ပါတ်၊ မြို့လည် လူစည်ကားတဲ့ စျေးကိုဖြတ်ပြီး ကျနော်နေတဲ့ အခန်းကို ပြန်ပါတယ်။ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ လစာလည်းကောင်းပါတယ်။ ဂျာမန်ငွေ ၃၀၀၀ (ယူရိုငွေ ၁၅၀၀) ကျော်ရပါတယ်။ အခွန်အခ နှုတ်ပြီးရင် ဂျာမန်ငွေ ၂၀၀၀ ကျော်ကျန်ပါတယ်။ ကျနော့် အခန်းလခက ဂျာမန်ငွေ ၁၅၀၊ စားစရိတ်က ၁၅၀ လောက်ဘဲကုန်ပါတယ်။ တစ်လကို ဂျာမန်ငွေ ၂၀၀၀ နီးပါး စုနိုင်ပြီး မြန်မာပြည်ကိုလည်း ပြန်ပို့နိုင်ပါတယ်။ ထိုင်းကနေလာတုန်းက ကိုသိန်းဝင်း ဝယ်ပေးတဲ့ လေယာဉ်ခကိုလည်း ပြန်ပေးလိုက်ပါတယ်။

ခြောက်လလောက် အလုပ်လုပ်ပြီးတော့ အင်္ဂလိပ် သံရုံးက ကျနော့်ဆီ ဖုံးဆက်ပြီး ဗီဇာလာယူဖို့ပြောပါတယ်။ နယူးကာဆယ် တက္ကသိုလ်ကလည်း ကျောင်းဝင်ခွင့် သက်တမ်းတိုးပေး ထားပါတယ်။ စကော်လားရှစ်လည်း သက်တမ်းတိုးပေးထားတာကြောင့် အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်ပါတယ်။ 

ဘိုးဘွားရိပ်သာက မန်နေဂျာကို အင်္ဂလန်မှာ ကျောင်းသွားတက်မှာမို့ အလုပ်ထွက်မဲ့ အကြောင်းပြောပါတယ်။ သူက အလုပ်မထွက်ဖို့နဲ့ လစာတိုးပေးမဲ့ အကြောင်းပြောပါတယ်။ ကျောင်းတက်ချင်ရင် လူမှုစောင့်ရှောက်ရေး ဘာသာရပ်ကို ကိုလုံးတက္ကသိုလ်မှာ အချိန်ပိုင်းတက်နိုင်ကြောင်း ပြောပါတယ်။ ကျနော်က ပညာရေးဘာသာရပ်ကို သင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် အင်္ဂလန်သွားဖို့ကိုဘဲ ဆုံးဖြတ်ခဲ့ပါတယ်။ 

လာမည့်တစ်ပါတ်တွင် အင်္ဂလန်နိုင်ငံ နယူးကာဆယ် တက္ကသိုလ်တွင် တက်ရောက်စဉ်က အတွေ့အကြုံများကို ရေးသားပါမည်။

မှတ်ချက်။ ဓါတ်ပုံများမှာ ဂျမဏီနိုက်ငံတွင် ခိုလှုံခွင့်ရကြောင်း အထောက်အထားနှင့် ခရီးသွားလက်မှတ် ဖြစ်ပါသည်။ 

ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာလ ၁၁ ရက်။