Breaking News

ကိုဗစ်နိုင်တင်းကြောင့် မဲဆွယ်စည်းရုံးရေး ပိုမိုရုန်းကန်ရမည့် တစ်သီးပုဂ္ဂလများ



ကိုဗစ်နိုင်တင်းကြောင့် မဲဆွယ်စည်းရုံးရေး ပိုမိုရုန်းကန်ရမည့် တစ်သီးပုဂ္ဂလများ

ကျောထောက်နောက်ခံနိုင်ငံရေးပါတီမရှိသည့်အတွက် နိုင်ငံပိုင်မီဒီယာ အသုံးပြုမဲဆွယ်ခွင့်လည်း မရရှိနိုင်သည့်အပြင် ကိုဗစ်နိုင်တင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် အကျပ်တွေ့နေကြရသည်

ဟေမာန်ပြည့် (Myanmar NOW)

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၀

တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အလုပ်သမား လယ်သမား ကိုယ်စားလှယ် ၁၁ ဦးကို ဇူလိုင် ၆ သတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်/ Myanmar Now)


၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ကြတော့မည်ဖြစ်သည်။ ထိုအခြေအနေတွင် တကျော့ပြန် ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကူးစက်မှုလည်း အရှိန်မြင့်တက်လျက်ရှိသည်။ ထပ်မံတင်းကျပ်လိုက်သည့် စည်းမျဉ်းစည်းကမ်းများကြောင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး ပိုမိုရုန်းကန်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများသည် ပါတီစည်းရုံးရေးအသွင်ဖြင့် ဇူလိုင်လကတည်းက စတင်လှုပ်ရှားခွင့်ရှိခဲ့သော်လည်း တစ်သီးပုဂ္ဂလများမှာ တရားဝင်မဲဆွယ်စည်းရုံးရေးကာလ စတင်သည့် စက်တင်ဘာလ ၈ မှသာ စတင်လှုပ်ရှားနိုင်ကြမည်ဖြစ်သည်။

မဲဆွယ်စည်းရုံးရေး စတင်ချိန်တွင် ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရသဖြင့် အကျပ်ရိုက်နေသည်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးက ဆိုသည်။ အလုပ်သမားနှင့်လယ်သမားများကို အကျိုးစီးပွားမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် လှိုင်သာယာ (အရှေ့) မြို့နယ်မှ ဝင်ပြိုင်မည့်သူမှာ တရားလွှတ်တော်ရှေ့နေဦးဌေးဖြစ်သည်။

“နိုင်ငံရေးပါတီဆိုတာက မဲဆွယ်စည်းရုံးခွင့် မစသေးပေမယ့် ရုံးခန်းတွေရှိတယ်။ အလံတွေရှိတယ်။ တံဆိပ်တွေရှိတယ်။ မူဝါဒတွေရှိတယ်။ ပါတီဝင်တွေရှိတယ်။ သူတို့က ကိုယ်စားလှယ်လောင်းသာ မိတ်မဆက်ရသေးပေမယ့် ပြည်သူတွေက ယဉ်ပါးနေပြီ။ တစ်သီးပုဂ္ဂလကတော့ ပြီးခဲ့တဲ့ ၃၀ ရက်ကမှ စပြီးအတည်ပြုတာ။ ခုမှ စမလို့ရှိတဲ့အချိန်မှာပဲ ကိုဗစ်နိုင်တင်းနဲ့ ရင်ဆိုင်တော့ ဘယ်လိုမှ လှုပ်လို့မရဘူး” ဟု ဦးဌေးက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးဌေးနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဒေါ်စုစုနွေးအပါအဝင် အလုပ်သမားနှင့် လယ်သမားကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦးရှိနေသည်။

ကိုဗစ်နိုင်တင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် လူမှုကွန်ရက်မှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း၊ အလုပ်သမားအဖွဲ့ဝင်များကို အင်တာနက်မှတဆင့် ကွန်ရက်ချိတ်ဆက်ပြီး မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်သွားမည်ဟု ဦးဌေးက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောခြင်းကို စက်တင်ဘာ ၈ ရက်တွင် စတင်လုပ်ဆောင်ခွင့်ရမည်ဖြစ်ပြီး ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ရမည်ဟု ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများဆောင်ရွက်ရာတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်နှင့်အညီ နေရာအကျယ်အဝန်း၊ အနေအထားပေါ်မူတည်ပြီး လူ ၅၀ ဦးထက် ပိုမစုဝေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကူးစက်မှု စတင်ဖြစ်ပွားချိန် မတ် ၂၃ မှ စက်တင်ဘာ ၇ နံနက်ပိုင်းအထိ ပိုးတွေ့ အတည်ပြုလူနာ ၁,၃၆၄ ဦးရှိပြီး သေဆုံးသူ ရှစ်ဦးရှိသည်။

ရွေးကောက်ပွဲ မဲဆွယ်စုဝေးဟောပြောခြင်းအတွက် စုရုံးရာတွင် လူတစ်ဦးနှင့်တစ်ဦး ရှေ့၊နောက်၊ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီ ကွာလျက် နေရာချထားစီမံနိုင်ရန်၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ပြုလုပ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာရမည်ဟု ဝန်ကြီးဌာနက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်သို့ စက်တင်ဘာ ၈ ရက်တွင် တရားဝင်မဲဆွယ်စည်းရုံးရေး စတင်သွားရောက်ရန် မူလက စီစဉ်ထားခဲ့သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်မပြုသဖြင့် ခရီးစဉ်ပယ်ဖျက်ခဲ့ရသည်။

ကိုဗစ်ကာလစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရမည်ဖြစ်သည့်အတွက် လူအများရင်းနှီးပြီးသား နိုင်ငံရေးပါတီကိုယ်စားပြုထားသူများ မဟုတ်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအတွက် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရန် အကျပ်ရိုက်နေသည်။

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆,၉၆၉ ဦးအနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ပါဝင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် ဒေသခံများသိရှိကျွမ်းဝင်အောင် ကွင်းဆင်းစည်းရုံးနိုင်မှုတွင် အားနည်းနေလိမ့်မည်ဟု လွှတ်တော်ရေးရာ၊ ဥပဒေရေးရာတို့နှင့် ပတ်သက်ပြီး သုတေသနပြုနေသော အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် အာနန္ဒာအဖွဲ့ တည်ထောင်သူ ကိုထင်ကျော်အေးက ဆိုသည်။

“တစ်သီးပုဂ္ဂလတွေရဲ့ အဓိကအားက အဲ့ဒီနေရာမှာရှိတဲ့ ဒေသခံတွေရဲ့အား။ ဒါကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ လုပ်လို့ရတယ်ဆိုပေမဲ့ ကိုယ်စားလှယ်လောင်းကို သိအောင်လုပ်လို့ရမယ့်နည်းလမ်းတွေက လုပ်လို့မရတာကြောင့် အဲ့ဒီမှာအားနည်းချက်ရှိနေနိုင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့စဉ်က မဲဆွယ်စည်းရုံးရေးအတွက် လူထုစုဝေးဟောပြောခြင်း၊ နိုင်ငံရေးစကားဝိုင်းများပြုလုပ်ခြင်း စသည့် နည်းလမ်းများ အသုံးပြုခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်း နည်းလမ်းကိုသာ အသုံးပြုနိုင်ဖွယ်ရှိသည်ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းသည် လာမည့်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၉) မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“တစ်အိမ်တက်ဆင်း စည်းရုံးတာက ကန့်သတ်ထားတဲ့လူဦးရေနဲ့ အကောင်းဆုံးဖြစ်လိမ့်မယ်။ သို့သော်လည်း မဲဆန္ဒနယ်မြေ ကျယ်တဲ့နေရာတွေမှာဆိုရင် ရွာတွေက ၂၀၀ လောက်ရှိတယ်။ တစ်အိမ်တက်ဆင်း မဲဆွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

ကိုဗစ်နိုင်တင်းကူးစက်မှု မြင့်တက်နေချိန်တွင် အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးသည့် နည်းလမ်းသည်လည်း အချို့ကျေးရွားများ၌ အကန့်အသတ်များ ကြုံရဖွယ်ရှိနေသည်ဟု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်လွင်က ဆိုသည်။

“အစိုးရက လော့ဒေါင်း( Lockdown) ချတာထက် ပိုပြီးတင်းကျပ်တဲ့ ကျေးရွာတွေမှာက ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်ရွာနဲ့ကိုယ်ဆိုတာမျိုး ရွာကို ပိတ်ထားကြတယ်။ အဲ့ဒီလိုကျတော့ တစ်အိမ်တက်ဆင်း သွားဖို့ကျတော့ တော်တော်လေး အခက်အခဲရှိတယ်။ ဒါကြောင့် မဲဆွယ်စည်းရုံးရေး လုပ်လို့ရဖို့တောင် မသေချာဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာအတွက် မဲဆွယ်စည်းရုံးစဉ်က မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ကာ ဟောပြောသည့်နည်းလမ်း၊ လူထုစုဝေး ဟောပြောသည့်နည်းလမ်းတို့ကို အသုံးပြုခဲ့သော်လည်း လက်ရှိကာလတွင် စာရွက်စာတမ်းဝေငှသည့် နည်းလမ်းကိုသာ အသုံးပြုနိုင်ခြေ ရှိသည်ဟု ဦးကျော်လွင်က ပြောသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) တွင် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ ပါဝင်သော်လည်း ရခိုင်ပြည်နယ်တွင် ချမှတ်ထားသည့် သွားလာမှုကန့်သတ်ချက်စည်းမျဉ်းများအရ မာန်အောင်မြို့သို့ စည်းရုံးရေးသွားနိုင်ရေးမှာ မသေချာသည့်အခြေအနေဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဖက်အဖွဲ့အစည်း PACE အဖွဲ့က ထုတ်ဝေသည့် “၂၀၁၅ ရွေးကောက်ပွဲအပြီးသတ်အစီရင်ခံစာ” အရ ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရွက်စာတမ်းများ ဝေငှခြင်း၊ လူထုဟောပြောခြင်းတို့ကို အများဆုံးလုပ်ဆောင်ခဲ့ကြပြီး အိမ်တိုင်ရာရောက်မဲဆွယ်ခြင်းနှင့် စီတန်းလှည့်လည်သည့်နည်းကို ဒုတိယအများဆုံး အသုံးပြုခဲ့ကြသည်။

အင်တာနက်မှတဆင့် မဲဆွယ်စည်းရုံးမှုပြုလုပ်ခြင်းမှာ အနည်းဆုံးဖြစ်သည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။ သို့သော် ယခု ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလတွင်မူ ကိုဗစ်နိုင်တင်းကြောင့် အင်တာနက်မှတစ်ဆင့် မဲဆွယ်စည်းရုံးမှု မလွဲမသွေ မြင့်တက်လာမည် ဖြစ်သည်။

ကိုဗစ်နိုင်တင်းကူးစက်မှုနှုန်းမြင့်မားနေသည့် တိုင်းနှင့်ပြည်နယ်များတွင် အိမ်တိုင်ရာရောက်မဲဆွယ်ရေး နည်းလမ်းအစား အင်တာနက်လူမှုကွန်ရက်မှတစ်ဆင့် မဲဆွယ်နိုင်မည့်နည်းလမ်းကို အသုံးပြုနိုင်သော်လည်း ယင်းနည်းလမ်းမှာ ရခိုင်ပြည်နယ်အတွက် အလုပ်ဖြစ်မည် မဟုတ်ပေ။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝတွင် အစိုးရက အင်တာနက်အသုံးပြုမှုကို တစ်နှစ်နီးပါး ဖြတ်တောက်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း အင်တာနက်မြန်နှုန်းနှေးသည် 2G ကွန်ရက်ကိုသာ ရရှိနိုင်သည်။

2G မိုဘိုင်းဆက်သွယ်ရေးစနစ်အရ Facebook နှင့် အခြားလူမှုကွန်ရက် ပလက်ဖောင်းများပေါ်၌ ဓာတ်ပုံပေးပို့ခြင်း၊ ရုပ်သံကြည့်ရှုခြင်းများ ပြုလုပ်မရပေ။

အဆိုပါ 2G ကွန်ရက်သည် အများပြည်သူဝန်ဆောင်မှုများ၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကဲ့သို့ ဝန်ဆောင်မှုများအား လူထုထံရောက်ရှိရန် နည်းပညာစွမ်းဆောင်မှု အားနည်းသည့်အတွက် မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ပေါ်ထွက်လာရေးထိခိုက်နိုင်သည်ဟု မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်အဖွဲ့က စက်တင်ဘာ ၁ တွင် ထုတ်ပြန်ထားသည်။

“အင်တာနက်ကတော့ ရခိုင်အတွက် လုံးဝအဆင်မပြေဘူး။ ရခိုင်မှာ အင်တာနက် ပိတ်ထားတာလေ။ ရွေးကောက်ပွဲ လုပ်ချင်တယ်ဆိုရင် ရခိုင်မှာ အင်တာနက်ကို လူတိုင်းစေ့သုံးနိုင်အောင် လုပ်ပေးသင့်တယ်” ဟု စစ်တွေမဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးနိုင်စိုးက ပြောသည်။

ရွေးကောက်ပွဲဥပဒေများအရ နိုင်ငံရေးပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအတွက် အခွင့်အရေးနှင့် တာဝန်များမှာ တူညီသော်လည်း နိုင်ငံရေးပါတီများမှာ အားသာချက် နောက်တစ်ခုရှိနေပြန်သည်။

ယင်းမှာ နိုင်ငံရေးပါတီများသည် နိုင်ငံပိုင်မီဒီယာများ အသုံးပြု၍ စည်းရုံးဟောပြောခွင့်ရရှိသော်လည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်များမှာ ယင်းအခွင့်အရေး မရရှိပေ။

"နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောချက်ကတော့ သူတို့(တစ်သီးပုဂ္ဂလ) မရဘူး။ ပါတီတွေပဲ ရတယ်။ ဒါတွေလည်း နောက်တော့ ထည့်စဉ်းစားရမှာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က နေပြည်တော်တွင် စက်တင်ဘာ ၂ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် လှည့်လည်မဲဆွယ်စည်းရုံးခွင့် အကန့်အသတ်များရှိနေချိန်တွင် နိုင်ငံပိုင်မီဒီယာ အသုံးပြုပြီး မဲဆွယ်ခွင့်ရရှိရန် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက လိုလားနေကြသည်။

“ဒီလိုကာလမျိုးမှာ နိုင်ငံပိုင်မီဒီယာကနေ မဲဆွယ်ခွင့်ရရင်တော့ ပိုအားရှိတာပေါ့။ အဲ့ဒီလို နိုင်ငံတော်ကနေ ပြောခွင့်ရမယ်ဆိုရင် အတိုင်းထက်အလွန် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်စိုးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော်လည်း ရွေးကောက်ပွဲတွင် တန်းတူယှဉ်ပြိုင်နိုင်သည့်အခွင့်အရေး အကာအကွယ်ပေးရန်လိုအပ်သည့်အတွက် ရွေးကောက်ပွဲဥပဒေများတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး သီးခြားပြဋ္ဌာန်းပေးရန် လိုသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက အကြံပြုသည်။

“နိုင်ငံရေးပါတီတွေမှာက ပါတီဝင်တွေနဲ့တွေ့ဆုံခွင့်၊ ဒေသခံတွေနဲ့ ထိတွေ့ခွင့်ပေးသလို တစ်သီးပုဂ္ဂလတွေကလည်း လျှောက်လွှာတင်တဲ့အချိန်ကစပြီး မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံခွင့်၊ ဒေသတွေဆင်းခွင့်တွေကို တရားဝင်ပေးမယ်ဆိုရင် လှုပ်ရှားတဲ့အခါ ကြိုတင်ပြီးတော့ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ဖို့ရတာပေါ့။ မဲဆွယ်တဲ့ကာလမှတွေ့ရင် အခက်အခဲတွေ တွေ့တာပေါ့” ဟု ဦးဌေးက ပြောသည်။

ထိုသို့သော အခက်အခဲများရှိနေသော်လည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် နောက်မဆုတ်ဘဲ ဆက်လက်ယှဉ်ပြိုင်သွားရန် စိတ်အားထက်သန်နေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ခြောက်ဦး အနိုင်ရရှိခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်၍ ငါးဦးအနိုင်ရရှိခဲ့သည်။