Breaking News

ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၉)

မိခင်ဖတ်ရအောင် ချုပ်ပေးထားတာကို ဖတ်နေတဲ့ စာရေးသူမိခင် (ကျော်လွင်အောင်ဖေ့စ်ဘွတ်)


ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၉)

(မိုးမခ) စကိတင်ဘာ ၂၉၊ ၂၀၂၀

(16) 8888 ဟွေးမလိုင်း တောတွင်းစခန်း၊ ဘုရားသုံးဆူနှင့် . .. . ပြည်တော်ဝင်

တိတ်ဆိတ်မှု၊ ဟုတ်တယ်၊ မြန်မာ-ထိုင်းနယ်နိမိတ် စမ်းချောင်းလေးကျော်ပြီး သီဟိုသရက်တောအုပ်အလွန် ဟွေးမလိုင်းရွာအဝင်က ဘန်ကောက်ပြန် ကျောင်းသားကြီးကို စောင့်ကြိုနေတာက - တိတ်ဆိတ်မှု၊ နောက်ပြီး ခြောက်ကပ်မှုနဲ့အတူ မှောင်မိုက်မှု။ ရွာလယ်လမ်းတစ်လျှောက် ဖယောင်းတိုင်၊ မီးခွက်တို့ ထွန်းညှိ ကျောင်းသား ကျောင်းသူတို့ ဟိုအိမ်ဝင် သည်အိမ်ထွက် ပြောဆို ငြင်းခုံမှုတွေ ဆိတ်သုဥ်းနေတယ်၊ ကိုယ့်အုပ်စု ပျောက်ဆုံးနေတယ်။ 

ဖယောင်းတိုင်မီး မှိတ်တုပ်မှိတ်တုပ်လေး ထွန်းထားတဲ့ အိမ်ကို ဝင်လိုက်တော့ မျက်နှာသိ ကျောင်းသားတစ်ယောက် ။

‘ဘယ်ရောက်ကုန်ကြလဲ ကွ’ 

"တမြန်တနေ့ကပဲ တောထဲကို အားလုံး ရွှေ့သွားကြတယ် အကို၊ ကျနော်က ဒီကို ပြန်ရောက်လာမယ့် သူတွေကို လမ်းပြဖို့ ကျန်ခဲ့တာ" 

"ဟုတ်လား၊ အေး ဒါဆိုလဲ သွားစို့" 

"မြှစ်စက်ရုံက လူတွေအားလုံးလဲ အဲဒီမှာ သွားပေါင်းနေကြပြီ ဗျ"

ရွာထဲကအထွက် တောင်ကုန်းဆင်ခြေလျှောဆီက ကိုယ်တွေစံမြန်းခဲ့တဲ့ တဲနန်းကလေးကို လှမ်းမျှော်ကြည့်မိ၊ မဲမှောင်ခြောက်ကပ်တိတ်ဆိတ် လို့ရယ်၊ အမှောင်ထဲမှာ တဲကလေးရဲ့ အရိပ်မည်းမည်းသာ မြင်ခဲ့၊ ကွေ့ကွေ့ကောက်ကောက် ခြေသွားလမ်းအတိုင်း တဖြည်းဖြည်းချင်း မြင့်တက်ခဲ့ ။ တောင်ခုလတ်မှာ လူက ဟောဟဲ ဆိုက်နေပြီ၊ ညဦးပိုင်း လေပြေက အမောပြေအောင် မတတ်နိုင်တော့၊ ချုံနွယ် တွေကို ဆွဲယူအားပြုတက်ခဲ့ရ  တောင်ကုန်းထိပ် အရောက် အမော‌ဖြေ၊ တောင်အဆင်း လမ်းလျှောက်ရင်း ရှေ့ကို ငေးစိုက်ကြည့်တော့ မဲမဲမှောင်လို့ရယ်၊ လမ်းဘေးက တောငှက်ပျောပင်တွေက လေတိုက်ရင် တဟဲဟဲနဲ့ တောစပ်ကို ချဥ်းကပ်မိတော့ ... ဟိုသည် ကွေ့ပတ်သွားတဲ့လမ်းအတိုင်း လိုက်လို့ ။ ဝါးရုံပင်ရိပ် သိပ်သိပ်သည်းသည်းနား ရောက်ခါနီးမှာ အသံတစ်ချို့က ဆီးကြို ဟော်လို ဂစ်တာသံ သီချင်းဆိုသံက တီးတိုး ညင်သာ ...

“. . . . xxx ရှင်ဘုရင့်သမီး တခြားမြို့က အပြန် xxx . . . လူသူဝေးတဲ့ တောတန်းလေး အလွန်မှာ . . . xxx လူတွေရမ်းကား ပြန်ပေးဆွဲကာနေ၊ စစ်သားတွေ အတုန်းအရုံးကုန် ကျဆုံးချိန် . . xxx ကျွန်တော်နဲ့ လမ်းသွား ခရီးကြုံတယ် . . လူတွေထဲ အတင်းမရမက လု ကယ်လာ . . .”

မောင်မင်းနောင်ရဲ့ သီချင်းသံနဲ့ အားလုံး နားထောင် ငြိမ်သက်လို့ မိုးကာစတွေ မိုးထား၊ ကာထားတဲ့ တဲသုံးလေးလုံး၊ ဖယောင်းတိုင် တစ်တိုင်၊ နှစ်တိုင်မှတပါး အခြားတဲတွေက အမှောင်အတိ၊ ခြေသံမထွက်အောင် ဖြည်းဖြည်းလျှောက်ဝင် ဂီတသံဆီ ဦးတည်လို့ တဲထဲက ဝါးသဲ့ပေါက်ခင်းထားတဲ့ ဆင့်ပေါ်တက်လိုက်တော့ ကိုယ့်အဖွဲ့ကလူတွေ အတုန်းအရုံး ဂီတသံနဲ့ နစ်မြောနေကြ။

“ဟာ ကိုလေး” 

“ရှူး တိုးတိုး”

ကိုယ်လဲ သူတို့ဘေးမှာ လဲလျောင်းရင်း၊ စိတ်ကို လျှော့ချလိုက်တယ်။ ခဏနေတော့ ဂီတသံတိတ် အားလုံးက မျှော်လင့်တကြီး မျက်လုံးတွေနဲ့ ကိုယ့်ကို ဝိုင်းကြည့်နေကြ။ ကိုယ်သယ်လာတဲ့ မုန့်အတိုအစလေးတွေ ဝိုင်းဝန်း စားသောက်ရင်း “ဘယ်လိုလဲ၊ ဘာထူးလဲ”ဆိုတဲ့ မျက်လုံးနှစ်ဒါဇင်လောက်က ကိုယ့်ကို ဝိုင်းကြည့်နေကြ။ ဘာအစီအစဥ်မှ မည်မည်ရရမရှိ၊ မသိခဲ့တဲ့ ကိုယ့်အဖြစ်ကို ဘယ်လို ပြောရပါ့။

စခန်းလေးက သစ်ပင်မြင့်မြင့်တွေအောက်၊ ဝါးရုံတွေကြားထဲမှာပါ။ ဝါးကြမ်းခင်း မိုးကာစအပြာတွေ မိုးထားတဲ့ တဲလေးတွေ ခပ်လှမ်းလှမ်း မှာတော့ မိုးဗြဲဒယ်ကြီးနဲ့ ချက်ပြုတ်အဖွဲ့ အနားမနေရ၊ တောထဲ မှိုရှာ မြှစ်ချိုး၊ ဇရစ်ရိုးရှာ တဲ့အဖွဲ့ကလည်း သွားရှာ နေကြ၊ ကိုယ်တွေအဖွဲ့ကတော့ ကိုယ့် ဘန်ကောက်အတွေ့အကြုံကို နားထောင်မညည်းနိုင်၊ ကိုယ်ကလည်း မချွင်းမချန် ကိုယ့် ခံစား ယူဆချက်တွေ ဖွင့်ပြောပြ။

စကားမဆုံးခင် တောင်ကုန်းတွေပေါ် စားစရာသွားရှာတဲ့အဖွဲ့ ပြန်ရောက်လာတယ်။ ပုဆိုးကွင်းနဲ့ စည်း ထမ်းပိုးလာတဲ့ အထဲက မရမ်းသီး အနုအရင့်တွေ တစ်ပုံကြီး ကုန်းပေါ်မှာ တစ်ပင်တည်း သီးနေတာ “အကုန်ခူးခဲ့တာဗျ”တဲ့၊ ကြီးတဲ့ ရင့်တဲ့ အလုံးတွေ ထက်ခြမ်းခွဲ မရမ်းပြာပြာအစေ့တွေ ဖယ်ထုတ်၊ မိုးဗြဲဒယ်ထဲ ငပိအနှစ်တွေနဲ့ ရောမွှေ၊ ဒီအတိုင်း အစိမ်းကို ဆား၊ ငြုပ်သီးမှုန့်နဲ့ တို့စားချင်သူတွေကလည်းရှိ၊ ‘အိုး ဒီနေ့ကတော့ မရမ်းသီးဒေး’ပါပဲ။ 

ညနေစောင်းတော့မှ ဘန်ကောက်မှာ ဗိုလ်ကျောက်ခဲနဲ့ တွေ့ခဲ့တာကို ညီကိုချင်း တီးတိုးပြောပြရ၊ 

"ကဲ အမေနေမကောင်းဘူး . . ." တဲ့ 

"နင် ပြန်မလား၊ ငါ သွားရမလား" 

မောင်မင်းနောင်ကတော့ သူပြန်ပါ့မယ် ပြောတယ်။

နောက်တစ်နေ့မှာတော့ ဟွေးမလိုင်းတောစခန်းကနေ ကျောင်းသားတွေ လူးလာပြန်ခပ် သွားနေတဲ့ လမ်းကြောင်းအတိုင်း ဘုရားသုံးဆူဘက်ကို ထွက်ခဲ့တယ်၊ ကိုယ့်အဖွဲ့က သုံးလေးယောက်လည်း ပါရဲ့။ ရွာအစွန်မှာတော့ လူမနေတဲ့ အိမ်တွေက ခပ်များများ၊ ရွာအလယ်မှာ အိမ်ရှင်တွေ ပြန်ရောက်နေကြပုံ၊ စည်စည်ကားကား၊ စျေးဘက်လျှောက်ကြည့် ပြန်ဆင်းမယ့် လူကြုံရှာတော့ တွေ့ပါတယ်။ သူတို့ကလည်း မောင်မင်းနောင်ကို လိုလိုလားလား ခေါ်သွားပေးပါမယ်ပြောလို့ နောက်တစ်နေ့ ဆုံမယ့်နေရာ ချိန်းဆို ပြီး စခန်းကို ပြန်လာခဲ့ကြ။

ညစာစားပြီး မှောင်ရီရီအချိန် ဂီတာလေးနဲ့ တေးသီချင်း ညည်းဆိုရင်း. . . .

x x x ……. ‘မျှော်လင့်ခြင်း .. မထားတဲ့ မောင့်အဖြစ်က . . . နေပြည်တော်က ကြီးမြင့်ခြင်းတွေ မလို … ဒီ . .ရွာ . . . ကို မင်းလေး ပြန်မယ့်အချိန် . . . ရွာထိပ်မှာ . . . မောင်မျှော်ကာ နေပါ့မယ် . . .
x x x သည်ခင်တန်း . . . မင်းလှမ်းလို့ မော တဲ့အခါ . . . ဒီမှာ ဒီတစ်ည နားကြစို့လေကွယ် . . . ညာလက်ရုံး ခေါင်းအုံးလို့ မှေးစက်ပါ . . . မနက်လင်း . . တိုင် . . မောင်မအိပ်ပဲ စောင့်နေမယ် . . x x x .

စခန်းရဲ့ နောက်ဆုံးညမှာ မောင်မင်းနောင်ကတော့ ကောင်းကောင်းကြီး နှုတ်ဆက်နေလေရဲ့။

မင်းနောင်ပြန်သွားပြီး နောက်နှစ်ရက်လောက်မှာ ရေဒီယိုက ‘မောင်လှမင်းနောင် အဘ ဦးပု’ ကြိုဆိုလက်ခံရေးစခန်းကို ရောက်တဲ့အကြောင်း သတင်းနားထောင်ရပါတယ်။ (နောက်ပိုင်း မေးကြည့်တော့ - ကုန်သည်နှစ်ယောက်က မောင်မင်းနောင်ကို ကြာအင်းဆိပ်ကြီး ကျေးရွာကောင်စီရုံးမှာ အပ်ထားခဲ့၊ အဲဒီကတစ်ဆင့် ကျိုက်မရောမှာရှိတဲ့ အမ်အိုင် (၅)လက်ထဲအရောက် မင်းနောင်ကို လွှဲပေးခဲ့ကြ၊ မင်းနောင်ရဲ့ ထွက်ဆိုချက်တွေယူပြီး အမ်အိုင်က တပ်ကြပ်ကြီးတစ်ယောက်နဲ့ မင်းနောင်ကို တွဲပေးထား၊ နောက်တော့ မော်လမြိုင်ကတစ်ဆင့် ရန်ကုန်၊ အဲဒီကမှ ပျဥ်းမနားအရောက် ပို့ဆောင်ပေးခဲ့ကြောင်းပါ။)

အဲဒီနောက် ကိုယ့်(မော်လမြိုင်သား)အုပ်စုတစ်စုလုံး ဘုရားသုံးဆူကို ရွှေ့ခဲ့ကြတယ်။ ဂွတ်ဘိုင် ဟွေးမလိုင်း၊ စိတ်မကောင်းပါဘူး။

ရွာအစွန်က ဟိုတစ်နေ့ကတည်းက ကြည့်ထားခဲ့တဲ့ အိမ်ပေါ်မှာပဲ အဖွဲ့လိုက် စခန်းချကြတယ်။ အလုပ်လိုက်ရှာတဲ့သူလည်း ရှာပေါ့။ သစ်စက်ဝင်းထဲလည်းရောက် စျေးဘက်မှာလည်း စနည်းနာလို့ ညနေလည်းစောင်းရော အအေးဓာတ်လေးခြုံလွှမ်းလာတဲ့အချိန် သုံးလေးလ ငုပ်ပြီးပျောက်နေတဲ့ သေဘောဘိုး ငှက်ဖျားက ကိုယ့်ကို နှိပ်စက်တော့တာပါပဲ။ တဟီးဟီး ချမ်းလာ၊ တုန်လာ အေးစက်လာပြီးအဆုံးမှာတော့ တရှိန်းရှိန်း တက်လာတဲ့ အပူ၊ ခြုံထားတဲ့ စောင်တွေ ခွာထုတ်၊ စိတ်က လူကိုယ်ထဲက ထွက်လို့ ... ကောင်းကင်မှာ လွင့်မျော၊ အစုံပါပဲ။ တစ်ညနေပြီး တစ်ညနေ ငှက်ဖျားဒဏ်ခံနေရာက ကယ်တင်ရှင် ဒေါက်တာအေးမင်း ရောက်လာ ပုလင်းကြီးတွေချိတ်၊ ဝါဖျော့ဖျော့ လူတစ်ယောက် ပိုက်တန်းလန်းနဲ့ လဲနေတဲ့ ကိုယ့်ကိုယ်ကို မိုးပေါ်က လူတစ်ယောက်က (အဲဒါလည်း ကိုယ်ပါပဲ) လှမ်းမြင်ရပုံမျိုး၊ မြင်ယောင်နေမိ။

မနက်မိုးလင်းရင် အားနည်းလို့ မိုက်ခနဲ ဖြစ် တတ်တာကလွဲလို့ လူကောင်း၊ မနက်ခင်း ထမင်းကြမ်းကြော် အားလုံးဝိုင်းစားပြီး အလုပ်သွားကြ၊ ကိုယ်က စျေးတောင်း ခေါင်းရွက်သည် ဆီက ချက်ပြုတ်စရာလေးတွေ ဝယ် နေ့ခင်းဘက် ချက်ပြုတ် အလုပ်လုပ်တဲ့သူတွေဆီ သွားပို့တဲ့သူက ပို့၊ လာပြန်စားတဲ့သူက စား၊ ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ . . . . 

ကိုဇော်တို့ သားသား တို့ . . . ဝင်းဆန်း၊ သန်းဗိုလ်တို့ သွား အလုပ်လုပ်နေကျ ဘုရားသုံးဆူကနေ စန်ခလဘူရီဘက်အထွက် ကားလမ်းဘေး တောင်ကုန်း ဆင်ခြေလျှောနဲ့ မြေပြင်ညီပေါ်မှာ အနားယူ အပန်းဖြေစခန်း Resort တစ်ခု ဆောက်နေတဲ့ အလုပ်ခွင်က သူတို့ အချိန်တန် ပြန်မလာလို့ စိတ်ပူနေတုန်း အဲဒီဘက်မှာ တောမီး အကြီးအကျယ်လောင်ပါလေရော၊ တဲပေါ်ကနေ မီးတောက်တွေ အတိုင်းသားမြင်နေရ၊ ကိုယ်လည်း ပိုက်တန်းလန်းနဲ့ ဒရစ်ချိတ်ထားတာတွေ ဖြုတ်၊ . . . ‘ကိုငယ်ရေ သွားကြည့်ပါဦး’ ။ ကိုယ့်လူတွေ ဘာတွေများ ဖြစ်နေကြပါလိ့မ်၊ စိတ်တွေပူလို့ ခေါင်း ကလည်း မထူနိုင်၊ အဖျားကျခါစ မောဟိုက်ပင်ပန်းနေ၊ သွားကြည့် တဲ့လူက တော်တော်နဲ့ ပြန်မလာနိုင် အချိန်က သန်းခေါင် ကျော်ခဲ့ပြီ။ 

“ကိုလေး ဘာမှမဖြစ်ဘူး တောမီးလောင်လို့ သူတို့ ဝိုင်းငြှိမ်းနေ ကြတာ၊ သူဌေးကလည်း ကျေးဇူးတင်လို့ သူတို့ကို ညလယ်စာ ကျွေးနေတာနဲ့ ကျနော်လည်း ဝင်စားနေတာ ။ ကိုလေးအတွက်တောင် ထုပ်လာခဲ့သေးတယ်” 

ကိုငယ်ပြန်လာမှ စိတ်အေးရတယ်။ ဒီလိုနဲ့ ပြန်အိပ်လို့မရ မိုးလင်းလင်းခြင်း ကိုယ့်လူတွေ အလုပ်လုပ်တဲ့ဆီ ကိုငယ်ကို တွဲလို့ လိုက်သွားကြည့်တော့၊ ကိုယ့်လူတွေက ရီဆော့ Resort ရဲ့ စားသောက်ခန်းမှာ အကျအန မနက်စာ စားနေကြလေရဲ့။ သူဌေးနဲ့ မိတ်ဆက်ပေးလို့ စကားပြောခဲ့၊ သူတို့ရဲ့ မနက်စာကို လက်ဖက်ရည်ကျကျနဲ့ စားသောက်ရင်း ဖုန်တွေ မီးခိုးတွေ ပေလူးနေတဲ့ ကိုယ့်ညီတွေကို အနာတရမရှိ အထိအခိုက်ကင်းကင်းနဲ့ ပြန်တွေ့လိုက်ရမှ စိတ်အေးရတယ်။ တော်ပါသေးရဲ့။ စိတ်ထဲမှာတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ။

သူတို့ အလုပ်တွေ ဆက်လုပ်လိုက်ဦးမယ် ၊ ညနေမှ ပြန်ခဲ့မယ် ၊ ကိုလေး ပြန်နှင့်တော့ဆိုလို့ ပြန်လာခဲ့၊ လမ်းမှာ အတွေးတွေ အစီအစဥ်တွေ ချလို့ရယ်။

 ညနေစောင်း အားလုံး ပြန်ရောက်ကိုယ်ချက်ပြုတ်ထားတဲ့ ညစာစားပြီးတော့မှ ကိုဇော်၊ အောင်မြင့် တို့နဲ့ ဆွေးနွေးရတယ်။ မင်းတို့ ပြန်ကြရင် ကောင်းမယ်ထင်တယ်။ ဒီမှာ အပေအတေနဲ့ လုပ်ရင်း စားရင်းသောက်ရင်း ဘာမှ မယ်မယ် ရရမရှိ ဒီမိုတော်လှန်ရေးကလည်း အိပ်မက်တွေလို လွင့်ပျယ် ။ ဘာဆက်လုပ်နေမှာလဲ။  ဒီမှာ ငှက်ဖျားမိတာ၊ မျှော်လင့်မထားတဲ့ အဖြစ်တစ်ခုခုကြောင့် အသက်အန္တရာယ် ထိခိုက်လာနိုင်တာတွေ တွက်ဆပြီး ‘ပြန်ကြတော့ကွာ’ဆိုတော့ ကိုဇော်တို့က သဘောတူ ပါတယ်။ 

‘ကိုလေးက‌​ရော?’လို့ မေးတော့။ ‘ငါတော့ ပြန်မလိုက်သေးဘူး၊ ရနောင်းဘက် ပြန်ကြည့်ချင်သေးတယ်၊ အဲဒီဘက်မှာ ဘာမှ လုပ်စရာမရှိမှ ရေလမ်းကပဲ ပြန်ခဲ့မယ်၊ ငါ့အတွက်မစိုးရိမ်နဲ့’ အားလုံးကို ပြောပြတော့ သူတို့ကလည်း အစ်ကိုတွေ သဘောအတိုင်း ခေါင်းညှိမ့်ကြ၊ ကိုယ်နဲ့အတူ ရနောင်းဘက်ထွက်ကတည်းက အတူပါလာတဲ့ သံဖြူဇရပ်က ကျောင်းသားခေါင်းဆောင် ‘ မောင်ညီငယ်’ကလည်း ကိုလေးနဲ့အတူ နေခဲ့ ပြန်ခဲ့မယ်ဆိုလို့ အဖော်ရပါတယ်။ 

နောက်တစ်နေ့ မနက် မှာ စန်ခလဘူရီဘက်သွားမယ့်လူတစ်ယောက်နဲ့ မြို့ပိုင်ဆီ ဆက်သွယ်ပေးဖို့ မှာလိုက်တယ်။ 

‘ပြည်တော်ပြန်မယ့် ကျောင်းသားတစ်စု ရှိနေကြောင်း’ အကြောင်း ကြားလိုက်ပါတယ်။ 

ညဦးပိုင်း လူစုံပြန်ရောက်လို့ ထမင်းစားပြီးခါစမှာ ဟိုင်းလက်ကားတစ်စင်းနဲ့ စန်ခလဘူရီ မြို့ပိုင်ကိုယ်တိုင် ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ခေါက်ဆွဲခြောက်ဖာတွေ၊ မုန့်ပုံးတွေနဲ့ ရောက်လာပါတယ်။ စကားပြန်လုပ်ပေးတဲ့သူက ပြန်မယ့် လူစာရင်း ကောက်ယူပါတယ်။ သူတို့ကို ဘယ်လို ပြန်ပို့ပေးမှာလဲ မေးကြည့်တော့ ‘Tak ခရိုင်မြို့က နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ဆီ လွှဲအပ်ပေးမယ့်အကြောင်း၊ လေယာဥ်နဲ့ ပြန်ဖို့ စီစဥ်ပေးနိုင်မယ်’ ဆိုတာနဲ့ စိတ်ချရပါတယ်။ မနက်ခင်း လာခေါ်မယ့် အစီအစဥ် ပြောပြပြီး ‘ကျန်ခဲ့မယ့် ကိုယ်တို့ နှစ်ယောက်အတွက် လက်ဆောင်ပါ’တဲ့ သူတို့ယူလာတဲ့ ပစ္စည်းတွေ ပေးပါတယ်။ ‘ကျေးဇူးတင် ပါတယ်၊ ဆဝါဒီခပ်’ပါ။

မနက်ခင်း ထမင်းကြော်စားပြီးတာနဲ့ ညကတည်း ပြင်ဆင်ထားတဲ့ အထုပ်လေးတွေ ကိုယ်စီဆွဲလို့ အားလုံး လမ်းမပေါ်အထွက် သူတို့ လုပ်အားနဲ့ ရထားတဲ့ ငွေလေးတွေ တစ်ယောက်ကို ဆယ်ဘတ်ကျော်ကျော် စီ ဝေပေးရင်း ဝမ်းနည်းစွာ နှုတ်ဆက်တော့၊ ကိုဇော်က သူ့ကိုပေးတဲ့ ဝေစုငွေကို မယူဘဲ ကိုလေးသုံးဖို့ ယူထားလိုက်ပါ၊ ကျနော်အတွက် မလိုလောက်ပါဘူးလို့ ငြင်းတော့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်၊ ယောက်ျားပီပီ မျက်ရည်မကျအောင် ထိန်းနိုင်ပေမယ့် ရင်ထဲမှာတော့ ဆို့ကြပ်နေပါပြီ၊ ငှက်ဖျားဒဏ်နဲ့ တုန် တုန်ရီရီ ဖြစ်လာတာမို့ ‘လိုက်မပို့တော့ဘူးကွာ သွားကြတော့' အားလုံး လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွားကြတာ ခုထိ မျက်စိထဲ က မထွက်ပါဘူး။ အိမ်တစ်အိမ်လုံး ကိုယ်တို့ နှစ်ယောက်ပဲ ကျန်ခဲ့၊ ဟာတာတာ ၊ ကြောင်တောင်တောင်နဲ့ရယ်။ (တကယ်ပါ ပဲ စန်ခလဘူရီ မြို့ပိုင်ရဲ့ အပ်နှံပေးမှုနဲ့ အိုင်စီအာစီက ကိုယ့်လူတွေကို လေယာဥ်အသေးလေးနဲ့ ပြည်တော်ပြန်ပို့ပေးခဲ့ကြပါတယ်။)

နောက်နေ့ကစပြီး ကိုယ့်လူတွေ လုပ်ခဲ့တဲ့ ရီဆော့ Resort က သူဌေးဆီမှာ နှစ်ယောက်သား အလုပ်ဆင်းကြ၊ မနက်သွား ညပြန် လုပ်နေလို့ သူဌေးက သူ့ ခြံဝင်းထဲ တန်းလျားတစ်ခုမှာ နေရာပေး၊ စားဖို့ ဆန် ၊ ဆီ ၊ ဆား လိုအပ်တာ အကုန်ပေးပါတယ်။ ဟင်းသီး ဟင်းရွက်ကလည်း ခြံဝင်းထဲ အလေ့ကျပေါက်နေတဲ့ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်တို့ ဟင်းနုနယ်၊ မုန်လာပင်ပေါက်တွေနဲ့ အဆင်ပြေပါတယ်။ အလုပ်ကတော့ အဆောက်အဦ ဆောက်ဖို့ တိုင်စိုက်မယ့် မြေကျင်းတွေ တစ်တောင် ပတ်လည် နှစ်တောင်အနက် သတ်မှတ် ဝိုင်းပြထားတဲ့ နေရာတွေမှာ လိုက်တူးရပါတယ်။ တစ်ကျင်းကို ဆယ်ဘတ်စီပေးလို့ တစ်နေ့ နှစ်ယောက်သား ရသလောက်တူးကြ၊ ဟင်းချက်ရမှာ ပျင်းရင် စျေးထဲ ကောင်းနိုးရာရာ ဝယ်စားကြပါတယ်။ နှစ်ယောက်လုပ်ခပေါင်း တစ်ယောက်စာ ဘန်ကောက်-ရနောင်းတက်ဖို့ စရိတ်ရရင် တစ်ယောက် ထွက်သွားနှင့်မယ် ဆိုတဲ့ မောင်ညီငယ်နဲ့ သဘောတူ ဆုံးဖြတ် ချက်ကြောင့်ပဲ အားသွန်ခွန်စိုက် တူးကြရပါတယ်။ ကိုယ့်ကို ဦးစားပေးပြီး ‘ကိုလေး အရင်သွားနှင့်’လို့ ညီငယ်ပြောတာနဲ့ ‘အေး ငါ့အတွက်တော့ ဘန်ကောက်အထိပဲ စရိတ်ရရင် သွားနှင့်မယ်၊ မင်းနဲ့ ရနောင်းမှာ ပြန်ဆုံကြစို့’။

ညီငယ်ကို နှုတ်ဆက်ပြီး မနက်စောစော ဘုရားသုံးဆူက ထွက်လာတော့ အဖော်တစ်ယောက်ပါလာသေးတယ်။ သူက စန်ခလမှာ ကျန်ခဲ့ပြီး ကိုယ်က ကားလက်မှတ်ဖြတ်၊ ဘန်ကောက်ကို အားချင်းတက်လာမိတယ်။ ကိုယ်ဝတ်ကိုယ်စားနဲ့ ဘောင်းဘီအိတ်ထဲမှာ ငါးဘတ်ကျော်ကျော်လောက် ကျန်တော့တယ်။ ကားပေါ်မှာ ဟိုသည်ကြည့်ရင်း အိပ်ပျော်သွားလိုက်တာ ဘန်ကောက်အဝင်ရောက်မှ နိုးတော့တယ်။ အဝေးပြေးကားပေါ်ကဆင်း ဘန်ကောက်မြို့တွင်း ဘတ်စ်ကားပေါ်တက် ။ မှတ်သားထားတဲ့ လမ်းအမှတ်အသား၊ ဖြတ်သွားရမယ့် တူးမြောင်းကူးတံတားတွေကို ဖြတ်ပြီး ကိုယ့်ရဲ့ ဦးတည်ရာ ‘ရမ်ကမ်ဟမ်း တက္ကသိုလ် Ramkhamhaeng University’ ဆီ သွားခဲ့၊ ရောက်ခဲ့ပါတယ်။ (အခု ပြန်သွားဆို မမှတ်မိတော့ဘူး)။ 

ကျောင်းနဲ့ ခပ်လှမ်းလှမ်းက အဆောင်တွေဘက် သွားတဲ့ လမ်းကြားထဲဝင်လိုက်၊ မှတ်မိထားတဲ့ အဆောင်ပေါ်တက် မစ္စတာပရပ်ရဲ့ အခန်းဝ ရောက်တော့ ကိုယ် အတော်မောဟိုက် နေပြီ။ တံခါးခေါက်လို့ ပွင့်သွားတော့ ပရပ်ကို တွေ့လိုက်တာ သကြားမင်းကြီးကို တွေ့လိုက်ရတဲ့အတိုင်း ဝမ်းသာလိုက်တာ။ ဆက်တီပေါ်ထိုင်ပြီး သူတို့နားလည်အောင်ပြောပြရတယ်။ ဒီည ၇:၀၀ နာရီ ထွက်မယ့် ရနောင်း ကားနဲ့ သွားချင်ကြောင်း၊ လမ်းစရိတ်အနည်းငယ်လောက် အကူအညီလိုကြောင်းပြောပြ။ သူက နာရီကြည့်လိုက်တော့ ညနေ သုံးနာရီထိုးလုပြီ။ ခဏစောင့် ‘Wait a moment’ တဲ့ နံရံမှာချိတ်ထားတဲ့ ဦးထုပ်တစ်လုံး ဆွဲယူပြီး အခန်းထဲက ထွက်သွားတယ်။ 

ဆယ့်ငါးမိနစ်လောက်ကြာ တော့ ပြန်လာပြီး ဦးထုပ်ထဲက ငွေအကြွေတွေ စားပွဲပေါ်သွန်ချလိုက်ပါတယ်။ တစ်ခန်းဝင် တစ်ခန်းထွက် အလှူခံလာတဲ့ ပုံပါ။ သတင်းစာတစ်စောင် ဆွဲယူ ဖြဲဆုတ်ပြီး ငွေအကြွေတွေကို ဆယ်ဘတ်စီ စီထည့် ထိပ်နှစ်ဘက်ကို လိမ်စည်းလိုက်ပါတယ်။ ဒီလိုနဲ့ ဘတ် ငါးဆယ်လောက် (ငါးထုပ်စည်း)ကို ကိုယ့်လက်ထဲထည့်ပြီး ရနောင်းကားဂိတ်ကို သွားတဲ့လမ်း သိသလားမေးပါတယ်။ ကိုယ့်က သိပ်တော့ မသေချာဘူး တစ်ခါပဲ ရောက်ဖူးတယ်ဆိုတော့ စာနှစ်စောင် ကောက်ရေးချပါတယ်။ တစ်စောင်က ကားဂိတ် မရောက်သေးခင် ဆင်းမိခဲ့ရင်နဲ့ နောက်တစ်စောင်က ကားဂိတ်ကို ကျော်ပြီး စီးမိသွားတယ်ထင်ရင် တစ်ယောက် ယောက်ကို စာပေးပြီး အကူအညီတောင်းဖို့ပါ။ Before or After Terminal ပေါ့။ သူနဲ့အတူ ဘတ်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက် တောင်ပိုင်းကားဂိတ် Southern Bus Terminal ဘက်ရောက်မယ့် ဘတ်စ်ပေါ် တင်ပေးပါတယ်။ သူ့လက်နှစ်ဘက် ကို တင်းတင်းဆုပ် ဂွတ်ဘိုင် နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ (နောက် ဘယ်တော့မှ ပြန်မဆုံရတော့မယ့် ကျေးဇူးရှင် ကျောင်းသား ရဲဘော် တွေပါ။ ဘယ်တော့မှ မမေ့နိုင်ပါဘူး)။

ညနေစောင်းတာလွန်လို့ မှောင်စပျိုးပါပြီ။ ခြောက်နာရီကျော်လို့ လမ်းမီးတွေထိန်ထိန်ငြီးချိန် ‘ပရပ်’ပြောလိုက်တဲ့ တူးမြောင်းကူး တံတားတွေလည်း ဘယ်နှစင်း ဖြတ်မိမှန်းမသိတော့ ညခုနစ်နာရီ နောက်ဆုံးထွက်မယ့် ရနောင်းကား မှီမှမီပါတော့မလား၊ ဘုရား ဘုရား၊ ဖြစ်ချင်ရာဖြစ် ခြောက်နာ့ရီ ဆယ့်ငါးမိနစ်ကျော်ကျော်မှာ ကားပေါ်ကဆင်းလိုက်တယ်။ ရှေ့ဆက်သွားရမလား နောက်ပြန်ဆုတ် ရမလား မသိဖြစ်နေတုန်း ဆယ့်လေးငါးနှစ်အရွယ် ကောင်လေး သုံးယောက် လမ်းလျှောက်လာတာနဲ့ ‘အိပ်ကျု့စ်မီ’ဆိုပြီး ပရပ် ပေးလိုက်တဲ့ စာနှစ်စောင်လုံး ထုတ်ပေးလိုက်ပါတယ်။ သူတို့ ဖတ်ကြည့်ပြီးတာနဲ့ ‘ကမ်း၊ ကမ်းမွန်’ဆိုပြီး ကိုယ့်လက်ကို ဆွဲလို့ အနီးဆုံးမှတ်တိုင်မှာ လာရပ်တဲ့ ဘတ်စ်ကားပေါ် ပြေးတက်ကြ၊ ဘတ်စ်ကားခလည်း သူတို့ ထုတ်ပေး၊ သုံးလေး မှတ်တိုင်လွန်တော့ ၊ ‘ဟီရား၊ ဟီးရား Here’ဆိုပြီး ကားဂိတ်ကြီးထဲ ကိုယ့်လက်ကို ဆွဲပြီး ပြေးဝင်ခဲ့၊ ရနောင်း ဘတ်စ်ကားက ထွက်ဘို့ စက်နှိုးနေပြီ၊ နှစ်ယောက်က ကားကို တားထားလို့ နောက်တစ်ယောက်က ကိုယ့်ကို လက်မှတ်ဖြတ်တဲ့ ရုံဘက် ညွှန်ပြ၊ အပြေးသား လက်မှတ်ဖြတ်ပြီး ကားပေါ် အရောက် သူတို့ကိုတောင် နှုတ်ဆက်ဖို့ မဖြစ်နိုင်တော့ ကားက ထွက်နှင့်နေပြီ၊ ရနောင်းဘက်ကိုလေ။

မနက်လင်းအားကြီး ငါးနာရီလောက် ရနောင်းကို ရောက်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ မျက်နှာသိ ကျောင်းသား တစ်ယောက် နဲ့ဆုံလို့ သူတို့စတည်းချတဲ့ စျေးနားက အိမ်ကို ရောက်သွား၊ တရေးတမောအိပ်၊ ကိုယ်နဲ့ ရင်းနှီးပြီးသား နေရာ ပြန်ရောက်သွားလို့ စိတ်ထဲ ပေါ့ပါးနေပါတယ်။ မနက်ကိုးနာရီလောက်မှာ အလုပ်သွားတဲ့သူ သွား အိမ်မှာနေတဲ့သူတွေက ချက်ပြုတ် အလုပ်ရှုပ်ရာမှာ ကိုယ်လည်း ဝိုင်းကူ စားသောက်၊ အချိန်တန် အလုပ်သွားတဲ့သူတွေဆီ ထမင်းသွားပို့တော့ ကိုယ်လဲလိုက်သွား၊ နောက်ဆို ကိုယ်သွား ပို့ပေးရမယ့် အလှည့်ရောက်ဦးမှာလေ။ သည်လိုနဲ့ အလုပ်ကူလုပ်လို့ရမလား မေးစမ်းကြည့်တော့ မရှိ။ ထမင်းချက်ကူ ထမင်း ချိုင့်သွားပို့နဲ့။ မှတ်မိသလောက်ကတော့ ရုပ်ရှင်ရုံ အဟောင်းကြီးကို တစ်စစီဖြိုဖျက်နေတဲ့ အလုပ် လုပ်နေတဲ့ ကျောင်းသားတွေဆီ သွားပို့ရတာပါ။

သည်လိုအားလပ်နေတုန်း ‘ဗြုန်း’ဆို ဘန်ကောက်က ဘန်ပူးမှာ အခြေချနေတဲ့ အီးတီး(ခ)ပါပနဲ့ ရနောင်းမြို့ထဲ ဆုံတွေ့ရခြင်းပါ။ မောင်မောင်ကျော်နဲ့ တွေ့ရအောင် လိုက်ခဲ့ဆိုလို့ ချွန်ပွန်းက ‘ဗိုလ်သွေး’ခြံထဲ လိုက်သွား ။အင်မတန်တွေ့ချင်နေတဲ့ နာမည်ကျော် ကျောင်းသားခေါင်းဆောင် ‘မောင်မောင်ကျော်’နဲ့ ဆုံရပါတယ်။ သူတို့ရဲ့ အကြံအစည် တစ်စွန်းတစ်စ ကြားနာရင်း ညပိုင်း အရက်သောက်ကြ စားရင်း၊ သောက်ရင်း အရှိန်ရလာတော့ ပြောစကားတွေက ဖောင်းထု၊ အငြင်းပွားကြတာ အကြီးအကျယ်ပါ။ မနက်အိပ်ရာကနိုး အမူးပြေတော့ သူတို့ မျက်နှာ ဘယ်လိုကြည့်ရမှန်းမသိ အိမ်ရှင် ဗိုလ်သွေးကို လည်း အားနာရပါတယ်။ အီးတီ ပြန်ပို့လို့ ရနောင်းပြန်ရောက် ယောင်ခြောက်ဆယ်ဘဝ၊ လက်ဖက်ရည်တောင် သူများတိုက်မှ သောက်ရမယ့် ဘဝ။ အားငယ်နေတဲ့ ရက်တွေထဲမှာ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ ‘ကြက်ဂဠုန်ဆင် (ခ) ဝင်းကျော့မှူး’နဲ့ ဆုံရပြန်ပါတယ်။

 ‘ဟာ ကိုလေး’၊
 ‘အေး တို့ ဘာတွေ ဆက်လုပ်ကြမလဲ’ 
‘ပြန်ကြမလား’မေးတော့ 
‘အင်း’တဲ့။ 

နောက်တစ်ပတ်လောက်အကြာမှာ ဘုရားသုံးဆူက ‘ညီငယ်’ ရောက်လာ၊ ပြန်ဖို့ လှေကြုံစုံစမ်းတော့ ဒီတစ်ရက်နှစ်ရက်အတွင်း သံဖြူဇရပ်ပြန်မယ့် လှေရှိတယ်ဆိုလို့ ဝမ်းသာရ။ သည်လိုနဲ့ပဲ သင်္ကြန်ရက်တွေ ရောက်ခါနီးတဲ့ ဧပြီလ ဒုတိယအပတ်ထဲ လှေကြုံနဲ့ ကိုယ်၊ ဝင်းကျော့မှူးနဲ့ ညီငယ်တို့ သုံးယောက်သား ပြည်တော်ပြန်ခဲ့ကြပါတယ်။ 

လှေပေါ်မှာ နှစ်ညအိပ်သုံးရက်မြောက်တဲ့ နေ့လည်ခေါင် ပူပြင်းပြင်းမှာ လမိုင်းနဲ့နီးတဲ့ ချောင်းပေါက်ထဲ လှေဝင်ဆိုက်ခဲ့ (သင်္ကြန်အကျနေ့ထင်ပါရဲ့)။ ရွာတွေကို ရှောင်ကွင်းပြီး ကားလမ်းမအရောက် လမ်းလျှောက်၊ ညီငယ်က နှုတ်ဆက်ပြီး သံဖြူဇရပ် ပြန်သွားပါတယ်။ ကိုယ်နဲ့ ဝင်းကျော့မှူးက တော့ မော်လမြိုင်ဘက် လိုင်းကားတားစီးပြီး ပြန်ခဲ့ကြ။

ကိုယ့်ရဲ့ဖခင် အလုပ်လုပ်ခဲ့၊ ကိုယ်တွေနေခဲ့တဲ့ ကြာအင်းဆည်မြောင်းဝင်းထဲဝင်ပြီး နားမယ်ကြံတော့ အေအီးက ကိုယ့်ကိုတော့ လက်ခံပါတယ်၊ ဝင်းကျော့မှူးတော့ တည်းခွင့်မပြုနိုင်လို့ ဆက်ပြီး နောက်ထပ် လိုင်းကားတားစီးပြီး စျေးကြိုက ကိုယ်တွေရဲ့ ဒုတိယအမေအိမ် ဝင်လို့ ဝက်သားဟင်းနဲ့ ထမင်းကို ငပိရည်ဆမ်း ငရုပ်သီးမှုန့်ဖြူးပြီး ညစာ တဝစား သောက်နေတုံး မောင်ငံအလယ်တန်းက ဂျပန်ဆိုင်က အေးဇော် လာခေါ်လို့ မောင်ငံမှာ တစ်ညအိပ်၊ နောက်နေ့ ဝင်းကျော့မှူးက ဘီလူးကျွန်း မောင်ကျွဲ(ရဲနိုင်)တို့ဆီ သွားနှပ်နေလိုက်ဦး မယ်ဆိုပြီးထွက်သွား၊ ကိုယ်လဲ ‘ဦးဆောက်ပန်း’က ကိုကျော်သိန်းတို့ဆီသွားတွေ့တော့ မြင့်ကျော်တို့လည်း ရောက်လာ စကားတွေ ပြောကြ ဆိုကြအပြီး နောက်တစ်နေ့ ရထားနဲ့ ပျဥ်းမနားကို ပြန်ခဲ့၊ ပျဥ်းမနား ရောက်ရောက်ချင်း မဝတရုံးသွား၊ ထွက်ဆိုချက်ပေးပြီး အမေ့အိမ်မှာပဲ နေလိုက်တော့တယ်။

ကဲ ပြီးပါပြီဗျာ။

အပိုင်း (၁)မှ (၁၆) အတွင်း ဒီမိုတော်လှန်ရေးခရီးစဥ်၊ တကယ်ပါ၊ ဘာမှ မယ်မယ်ရရ လုပ်ရတယ် မရှိ၊ နိုင်ငံရပ်ခြားက တော်လှန်ရေး အဆက်အသွယ်ကောင်းလည်း မရှိ၊ မဆုံခဲ့ရ၊ ခရီးချည်း ထွက်နေခဲ့ရတဲ့ (၇)လတာ အချိန်ကာလအတွင်း ကြုံခဲ့ ဆုံခဲ့ရတာတွေကို အမှန်အတိုင်း ရိုးရိုးသားသား မှတ်တမ်းတင်ခဲ့တာပါ။ မည်သို့မျှ ဒရာမာ ချိုး ရေးသားထားတာ မဟုတ်၊ မည်သူ့ကိုမျှလည်း ထိခိုက်စေ၊ နစ်နာစေ စိတ်မျိုးမရှိခဲ့၊ မရေးခဲ့ပါ။ ခရီးစဥ်တစ်လျှောက် အကူအညီပေးခဲ့ကြတဲ့ လူအမျိုးမျိုး မိတ်ဆွေအားလုံးကို ကျေးဇူး အထူးတင်ပါကြောင်း ပြောရင်း နိဂုံးချုပ်ပါရစေ။