Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဒေါက်တာသန်းထွန်းနဲ့ လွယ်အိတ်ကြီး



မျိုးသန့်ထွန်း(စစ်ကိုင်း) - ဒေါက်တာသန်းထွန်းနဲ့ လွယ်အိတ်ကြီး

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၀

သမိုင်းပညာရှာသူ ဒေါက်တာသန်းထွန်းမှာ လွယ်အိတ်ခပ်ကြီးကြီးတစ်လုံးရှိတယ်။ ဆရာကို ရှမ်းပြည်နယ်ဘက်က ဆရာ့တပည့်တစ်ယောက်ရဲ့လက်ဆောင်ပေးထားတာ ဖြစ်မယ်။ အဲဒီလွယ်အိတ်ကြီးက အဝတ်တော်တော်များများနဲ့စပ်ဆက်စပ်ပြီး Handmade ချုပ်ထားပုံရတယ်။ လသားအရွယ်ကလေးတစ်ယောက် ကောင်းကောင်းဆန့်တယ်။ ဆရာအတွက် တမင်လုပ်ပေးထားတာဖြစ်တယ် ။ ဆရာအတွက် ထိုလွယ်အိတ်ကြီးက အသုံးဝင်တယ်။ ဆရာက ထိုလွယ်အိတ်ကြီးအထဲ သမိုင်းအတွက် အသုံးဝင်မယ့်စာရွက်စာတမ်းတွေ၊ စာပေပစ္စည်းတွေ ထည့်တယ် ။ နယ်နယ်ရပ်ရပ်သွားရင်လည်း ဒီအိတ်ကြီး အမြဲပါတယ်။ ထိုလွယ်အိတ်ကို ဆရာက အမည်ပေးထားတယ်။ "သူတောင်းစား" လွယ်အိတ်တဲ့။ အစုံထည့်နိုင်တဲ့လွယ်အိတ် ဖြစ်လို့နေမှာပါ။

နယ်တကာလှဲ့ ၊ ဘုန်းကြီးကျောင်းတွေက သမိုင်းမှာအသုံးလိုမယ့်ဟာတွေ တွေ့ရင် ပထမ အလှူခံတယ်၊ မရရင် ဝယ်မယ် ၊ မရောင်းရင် ထိုင်ကူးယူခွင့်တောင်းပြီး တနေကုန် ရေးမှတ်တော့တာပါပဲ။ ထိုမှမဟုတ် ဒါတွေကို ယူတော့လို့ ဘုန်းကြီးကပြောတဲ့အခါ ဝမ်းသာပြီး အကုန်နီးပါး လွယ်အိတ်အထဲ ထည့်ပါတော့တယ်။ ပေ၊ ပုရပိုက်တွေလည်း ပါတယ်။ ဘုရားဆင်းထုတော်တွေလည်း ပါတယ်။ ဆင်းတုတော်တွေရဲ့ အောက်ခြေမှာ နေ့စွဲပါရင် ဆရာအတွက် ဆင်းတုတော်ဟာ ရက်စွဲသမိုင်းဖြစ်တယ်။ သမိုင်းမှာ အဖိုးတန်တဲ့ ရက်စွဲသမိုင်းစာအုပ်ဖြစ်တယ်။

ဆရာက အထက်ဗမာပြည်စာတမ်းဖတ်ပွဲ "ဆင်းတုတော်ရက်စွဲသမိုင်း" ဖတ်ဖူးတယ် ။ ထိုဆင်းတု တော်တွေရဲ့အောက်ခြေမှာ ရက်စွဲ၊ ခုနှစ်တွေပါရင် ခေတ်ကို ပြောလို့တယ်၊ နောက်ထပ် ထိုခေတ်ရဲ့ ကိုးကွယ်မှုအခြေအနေကိုပြောနိုင်တယ်။ ဒါဟာ သမိုင်းပညာရှင် ဆရာဒေါက်တာသန်းထွန်းအတွက်တော့ အဖိုးတန်တဲ့ ရတနာတစ်ပါးလိုမျိုးခံစားရတယ်။ 

တစ်ခါက နယ်တကာလှည့် ရှာဖွေလာတဲ့ ဆင်းထုတော်များကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်က ဆရာဦးသော်ကောင်းဆီ အပ်ထားတယ်။ အပ်ထားပြီးနောက် ကာလကြာတဲ့အခါ ဆရာဦးသော်ကောင်းလည်း ပင်စင် ယူသွားတယ်။ နောက်တက်လာတဲ့ စာကြည့်တိုက်မှူးတစ်ဦး က သဒ္ဓါတရားကြည့်ညိုစိတ်ပေါက်ကာ ထိုဆင်းတုတော်များကို သစ်စည်သုတ်ပြီ ရွှေချ ကိုးကွယ်လိုက်ပါတယ်။ အဲဒီချိန်မှာ ဒေါက်တာသန်းထွန်းရဲ့ ဒုက္ခခံရှာဖွေစုဆောင်းထား အရာဟာ သဲထဲရေသွန်သလိုဖြစ်သွားပါတယ်။ ရှေးဟောင်း ဘုရားအောက်ခြေက နေ့စွဲတွေပျောက်ကုန်တယ်။ ဆရာဟာ သိပ် စိတ်ဆိုးတယ်။ 

တစ်နေ့မှာ စာရေးသူနဲ့ ယောဂီကျောင်းလမ်းမှာ ဆုံတယ်။အချိန်က ညမှောင်နေပါပြီ။ ည - ၈ - ၉ နာရီလောက်ဖြစ်တယ်။ ဆရာကိုမြင်တော့ "ဆရာဘယ်သွားမလိုလဲ"နူတ်ဆက်တော့ ဆရာက "သင်္ချိုင်း" တဲ့။ သင်္ချိုင်းစာ သွားဖတ်မှာ ညဆို လူသူလေးပါးကင်းတယ် အေးအေးဆေးဆေး ဖတ်လို့ရတယ် ။ မင်းလိုက်မလား" လို့ မေးတယ်။နောက်မှလိုက်မယ်လို့ ဖြေလိုက်ရတယ်။ နောက်မှှ စဥ်းစားမိတော့ စိတ်မကောင်းဖြစ်နေရတယ်။ ဆရာနဲ့လိုက်သွားရင်ကောင်းမှာပဲလို့ စာရေးသူ နောင်တရမိတယ်။ အင်းစိန် (ကြည့်မြင့်တိုင်သုဿန်) သင်္ချိုင်းစာ ဖတ်ရာကနေရလဒ် ... မင်းသား ဂျွန်ဝီလီယမ်းမောင် (မတ်၊ ၁၈၅၂ - ၂၀ ဇန် ၁၉၃၆) စာတမ်းပေါ်ထွက်လာခဲ့တယ်။ သူကား သာယာဝတီမင်း (၁၈၃၇-၁၈၄၆)ရဲ့မြေး - လှိုင်မင်းသားက မွေးတယ်၊ သီပေါ (၁၈၇၈-၁၈၈၅) နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်ပါတယ်။ (Waves Magazine; 2-2007မှာ ကြည့်)

ဆရာဟာ မြို့တကာသင်္ချိုင်းအချို့ သွားတယ်။ သင်္ချိုင်းစာဖတ်ပြီး စာတမ်းရေးတယ်။ ဒါကြောင့် နယ်တကာလှည့်တယ်။ ရွာရိုး ချောင်းပေါက်သွားတယ်။ ရောက်တဲ့အရပ်မှာ ရှေးဟောင်းကိစ္စများ၊  ရာဇဝင်တွေကို သိမှီတဲ့သူများအား ကောက်သင်းကောက်သလို မေးတယ် မြန်းတယ်။ ဓါတ်ပုံရိုက် မှတ်တမ်းတင်တယ်။ သက်ကြီးစကားသက်ငယ်ကြားလို သိအောင်လုပ်တယ်။ ခရီးများများ ထွက်တယ်။ ခရီးသွားတဲ့နေရာမှာ မရတဲ့အဆုံး ဆရာက မီးရထားကို အိမ်သာအနားမှာ စီးပြီး သွားဖူးတယ်။ ကား (Bus) လိုင်းပေါင်စုံ နေရာ ရ မရ စိတ်မပူဘူး၊ ရတဲ့နေရာက စီးတယ်။ မြန်မာပြည်တခွင် အစုံအလင်ပြဲပြဲစင်အောင် (ဆရာကန့်တော့နော်) သွားတဲ့သမိုင်းဆရာဖြစ်တယ်။ 

ဆရာစိတ်အထဲမှာ အမြဲလွှမ်းမိုးနေတာက မှတ်တမ်း မှတ်ရာ သမိုင်းတွေပါပဲ။ ဆရာတွေ့ချင်တဲ့လူကို တွေ့တယ်မေးတယ်၊ မှတ်တယ်။ ဆရာမေးချင်တဲ့လူ မလာမချင်း ထိုင်စောင့်တယ်။ နောက်နေ့မှာ လာပါဆိုလဲ ရတယ် ။နောက်နေ့အထိ စောင့်ပြီး မေးတယ်။ ဆရာကပြောတယ် - ဒါ ငါ့အလုပ်လို့ ပြောတယ်။ ပါးစပ်ရာဇဝင်ရော၊ ရှေးဟောင်းမှတ်တမ်းမှတ်တွေမကျန်ရအောင် သက်သေထူတယ်။ ဘယ်သူက ဘယ်နေက ပြောတယ် ။ 

ဆရာမှာသမိုင်းနဲ့ပတ်သက်ရင် အလုပ်လောဘကြီးတယ်။ အားနာမှုဆိုတာ သူမှာ မရှိ ၊ ပြောစရာရှိတာ ရေးစရာရှိတာ မညှာတန်း ရေးတယ်။ သူပြောထားတယ် သမိုင်းဆိုတာ ချစ်လို့ဖေါ့ ပြီးမရေးရ၊မုန်းလိုဖိနှိပ်ပြီးလည်းမရေးရ အမှန်တိုင်ရေးရမယ်တဲ့။ ဒီနေရာမှာ ဆရာဟာ သမိုင်းအမှန်ဖြစ်ဖို့ အရေကြီးတယ်။ အဲသည်အတွက် အလုပ်လုပ်တဲ့ နေရာမှာ ဇွဲကောင်းတယ်၊ ဆင်းရဲအပင်ပန်းခံတယ်။ ဆရာ ခံနိုင်ရည်လည်းရှိတယ်ဆိုတာ မပြောနဲ့တော့၊ တွေတဲ့နေရာ ဘက်စ်ကားဂိတ်ကအစ ဆရာအိပ်ချင်ရင် အိပ်တာပဲ။ ဘယ်သူမှ ဂရုမစိုက်။ အရာရာ ဆင်းရဲပင်ပန်းမှု ကို ဂရုမစိုက်တဲ့ဆရာဟာ "နယ်လှည့်ရာဇဝင်"စာအုပ်ကြီး ထုတ်နိုင်ခဲ့တဲ့အထိပါပဲ ။ ဒါတောင် မကျေနပ်သေး "ထပ် နယ်လှည့်" ချင်သေးတယ်လို့ ပြောသေးတယ်။

ပြောချင်တာက ဒီလွယ်အိတ်က ဆရာအတွက်အသုံးဝင်တယ်။ ဒီလွယ်အိတ်ရလဒ်က အလွန်ထူးခြားတဲ့ သမိုင်းစာတမ်း၊ သမိုင်းစာအုပ်တွေ ထွက်ပေါ်လာပါတော့တယ်။ နောက်ထပ် ဒေါက်တာသန်းထွန်းအိမ်အကြောင်း ရေးပါအုံးမည်။

(မှတ်ချက်။ ဤအကြောင်းအရာများကို ကြီးကြီး -.ဆရာကြီးဒေါက်တာသန်းထွန်း ဇနီး- ဒေါ်ခင်ရီ က ကိုယ်တိုင် စာရေးသူအား ပြောပြခဲ့ပါတယ်။)
မျိုးသန့်ထွန်း(စစ်ကိုင်း)