Breaking News

မိုးဦးဆွေညိန်း - မားဆိုး၊ ဂေါ်ဂင်၊ ဒဂုန်တာရာနှင့် မိုးညများ

မားဆိုး၊ ဂေါ်ဂင်၊ ဒဂုန်တာရာနှင့် မိုးညများ 

မိုးဦးဆွေညိန်း

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၀


၁။

အခုလို သည်းသည်းထန်ထန် ရွာသွန်းနေသော မိုးသံကိုနားထောင်ရင်း တစ်ခါတုန်းက မိုးည တွေကို ပြန်သတိရ နေမိသည်။ နုစဉ်တုန်းက ရူးသွပ်မှုတချို့တလေကို ပြန်ရစ်ကြည့်မိသည့်အခါ ရယ် လည်းရယ်ချင်မိသည်။ လွမ်းတမိပြီး သတိရ အမှတ်ရစရာတို့လည်း အစီအရီ ပေါ်လာတတ်သည်။ ဪ ... လွန်လေ ပြီးသော နှစ်ပေါင်း သုံးဆယ်လောက်က လွမ်းမောဖွယ်ရာ အတိတ်တွေ .....

၂။

ကျနော် ဘဏ်ရုံးမှာအလုပ်စဝင်တော့ အသက်နှစ်ဆယ်ကျော်ရုံမျှသာ ရှိသေးသည်။ ၁၉၉၀ ပြည့်နှစ်၊ မေလ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ကျေနပ်တက်ကြွစွာ မဲပေးခဲ့ပြီးစရက်များမှာ ဖြစ်၏။ ကျနော့်မှာ ကျောင်းလည်း မပြီးသေး။ တက္ကသိုလ်ပညာသည်လည်း တိုးလိုးတန်းလန်းဖြစ်ကာ တတိယနှစ်သာ ရှိသေးသည်။ ကျောင်းတွေလည်း ပြန်မဖွင့်နိုင်သေး၊ ပိတ်ထားဆဲပင် ရှိသေးသည်။ ရှစ်ဆယ့်ရှစ်ပြည်သူ့အရေးတော်ပုံကြီးသည်လည်း တစ်ခန်းရပ်ကာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် နှင့်အတူ တိုင်း ပြည်ကြီးလည်း ကောင်းလာတော့ မယောင်ယောင်နှင့် မျှော်လင့်စိတ်တို့ကို စိတ်ချထားခဲ့ရသည်။ ဝန်ထမ်းတစ်ပိုင်း ကျောင်းသားတစ်ပိုင်းနှင့် ရှစ်လေးလုံးကို ဖြတ်သန်းခဲ့သောရက်စွဲတို့ကိုလည်း တို့အရေး တို့အရေးဟုအော်ဟစ်ရာတွင် ကာကွယ်ပေးခဲ့သည့်လက်ကိုင်ပုဝါလေးတစ်ထည်လို၊ အခန့် မသင့်သည့်အခါ ခေါင်းအုံးအိပ်ခဲ့ရဖူးသောဖိနပ်တစ်ရံလို ဘာသိဘာ သာ မှိန်ဖျော့ထားနိုင်ခဲ့ရသည်။

ဘဏ်ရုံးတစ်ခုမှာ အလုပ်ရရန်ဆိုသည်က သိပ်လွယ်ကူလှသည်မဟုတ်။ ပတ်သက်ဆက်စပ်ရာ ရှိမှရနိုင်သည့် အလုပ်ဌာနမျိုးတွေထဲက ဌာနတစ်ခုဖြစ် သည်။ ကျနော့်အစ်ကိုကြီးက ဘဏ်ဝန်ထမ်းဖြစ်ခဲ့ကာ တာဝန်ထမ်းရင်း နေစဉ်အတွင်း အရိုးကင်ဆာဖြင့် ဆုံးပါးခဲ့သည်။ ထိုအဆက်အစပ်ကြောင့်သာ ဘဏ်ဝန်ထမ်းအလုပ်ကို အနားကပ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါတောင် ထိုဘဏ်မှ အစ်ကိုကဲ့သို့ ခင်မင်သူက အရာရောက်သူဖြစ်ပြီး စွမ်းဆောင်ပေးနိုင် သောကြောင့်သာ တစ်ပြားတစ်ချပ်မှ မကုန်ရဘဲ ရခဲ့ခြင်း ဖြစ်သည်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်စာပေးစာယူ တတိယနှစ် ရောက်နေပြီ ဖြစ်ပေမဲ့ ဆယ်တန်းအောင်ရုံမျှနှင့်ပင်ရသော အငယ်တန်းစာရေးရာထူးမျိုးကို တိုက် ရိုက်ဝင်တိုးရန်တော့ဖြင့် မစွမ်းသာပါ။ ရုံးအကူအဖြစ်သာ ရရာဖက်တွယ်ပြီး ဝင်ရသည်။ ရုံးအကူအလုပ်မှာတောင် ပင်ပန်းပြီး လူကြိုက်နည်းသည့် ငွေကြေးဌာနစိတ်မှာ ဝင်ရပါသည်။

ငွေကြေးခန်းတာဝန်ခံက ကရင်ကြီး ဖြစ်သည်။ ကျနော်တို့က ဖထီးဟုပဲ ခေါ်သည်။ ကျနော့်ကို လည်း မြင်မြင်ချင်း တူ သားကဲ့သို့ ချစ်ခင်သည်။ ကျနော့်ရုပ်ရည်က မေးရိုးကားကားနှင့် ကရင်ရုပ်ထွက်တာကြောင့်လည်း ဖြစ်နိုင် သည်။ ငွေကြေးခန်းဌာနစိတ်တွင် တာဝန်ထမ်းသူတို့၌ အဓိကရှိရမည့်အရည် အချင်းမှာ အချင်းချင်းထားရှိအပ် သည့်သစ္စာရှိမှုပင် ဖြစ်၏။ ကျနော့်ကို ယုံကြည်စိတ်ချမှု ရှိသည်။ ကျနော်ကလည်း အလုပ်မှာ မခိုမကပ်တတ်ဘဲ တက် တက်ကြွကြွ ရှိသူဖြစ်တာကြောင့် အားကိုးစရာ လက်သုံးတောင်ဝှေးသဖွယ်ရသည်ဟု ယူဆပုံရသည်။ ကျနော်ကလည်း အလုပ်အပေါ်မှာ ကျိုးနွံသည်။ ဖင်ပေါ့သည်။ ငွေကြေးခန်းက ဘဏ်မှာ နောက်အကျဆုံးမှ ပိတ်ရ သည့်ဌာနစိတ်ဖြစ်သည်။ တစ်ခါတစ်ရံ လစာထုတ်သည့်ရက်မျိုးဆိုလျှင် အခြားဌာနစိတ်တွေကရုံး ဆင်းကာ ရေမိုးချိုး ထမင်းစားသောက်ပြီး လမ်းလျှောက်ထွက်ချိန်ရောက်သည့်တိုင် ကျနော်တို့မှာ အလုပ်က မပြီးနိုင်သေး။ စာရင်းမကိုက်၍ ဟိုရှာဒီဖွေဖြင့် နွမ်းလျစွာခြေကုန်လက်ပန်းကျနေကြရသည်။ ညဆယ်နာရီ ဆယ့် တစ်နာရီထိ ဖြစ်သွားတတ်သည့် ညမျိုးတွေ ရှိခဲ့သည်။ 

ထိုညမျိုးတွေမှာ ကျနော် အိမ်ပြန်မအိပ်ဖြစ်တော့ပါ။ ဘတ်စ်ကားရှိ ရန်လည်း မသေချာ၊ လူလည်း နွမ်းဖတ်နေပြီ။ သည်တော့ ရုံးမှာပဲ ဖြစ်သလို အိပ်၊ ဖြစ်သလိုစား လိုက်ရတော့ သည်။ ညဉ့်ကနက်လာ အလုပ်က မပြီးနိုင်သေးသည့်အခါ ဖထီး၏ “ငါ့လခွမ်း ညချမ်း ဒီအချိန်ခါ” ဆိုသည့်အသံ ကို ကြားယောင် နေမိပါသေးသည်။

ထိုသို့ဖြင့် မိုးညတွေသည် ကျနော့်ဘ၀မှာ သတိတရ အမှတ်ရစရာ ဖြစ်ခဲ့ရလေသည်။

၃။

ကျနော်ဘဏ်ရုံးမှာ အလုပ်လုပ်ဖြစ်ပြီဆိုသည့်အခါ ပထမဆုံးသတိရမိသည်က အဲလ်ဘတ်ကမျူး၏ the out- sider ကို ဆရာထင်လင်းဘာသာပြန်ထားသည့် “စည်းအပြင်က လူ”၀တ္ထုထဲကဇာတ်ကောင် “မားဆိုး” ကို ဖြစ်သည်။ မားဆိုးသည် ရုံးစာရေးဖြစ်ပြီး စကားအပိုဆားဒါးတွေမပြောတတ်ဘဲ သီးခြားနေတတ်သူတစ်ယောက်ဖြစ်သည်။ နေရောင်တစ်ချက်လက်သွားသည်နှင့် ရန်ညှိုးရန်စလည်း သိပ်ကြီးမားလှသည်မဟုတ်ဘဲ အာရပ်တယောက်ကို သေနတ်ဖြင့် လေးငါးချက်ဆင့်ပစ်ကာ သတ်လိုက်မိပြီး လူ့လောကကြီးနှင့် အံမဝင် ဖြစ်ခဲ့ရသည့် စိတ်ခံစားချက် ပြင်းထန်သည့် လူတစ်ယောက် ဖြစ်သည်။ 

မားဆိုးသည် လူမဆန်သူဟု လောကကြီး၏ ဇွတ်အတင်းအပြစ်တင်ပုံ ဖော်ခြင်းကိုခံရသည့် လူတစ်ယောက် ဖြစ်ခဲ့ရသည်။ သူ့ပတ်ဝန်းကျင်က လူတွေ ဟန်လုပ်အလေးထားသည့်ကိစ္စ ရပ်တွေနှင့် သူက အရေးမကြီးဟုယူဆသည်များ မှာ အစေးမကပ်လှတော့ ကြိုးပေးသတ်စေရန် ပံ့ပိုးမှု ဖြစ်စေခဲ့ သည်။

ဒီနောက် ကျနော်သတိရမိသည့်သူက ဆရာမြသန်းတင့်ဘာသာပြန်သည့် ကမ္ဘာကျော် ပန်းချီ ဆရာ ပေါလ် ဂေါ်ဂင် အကြောင်းကို ၀တ္ထုဟန်ဖြင့်ရေးဖွဲ့ထားသော “မှော်ရုံတောမှာ မောလှပြီ”စာအုပ်ထဲက ပန်းချီဆရာပေါလ်ဂေါ် ဂင် ဖြစ်သည်။ ဂေါ်ဂင်သည် စီးပွားရေးလည်း အဆင်ပြေ၊ အိမ်ထောင်ရေးလည်း သာသာယာယာနှင့် ဘ၀ ကို အေးဆေးစွာဖြတ်သန်းနေရာမှ ပန်းချီဆရာဘ၀ကို လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီး ဒုက္ခကြားထဲ အတင်းတိုးဝင်ခဲ့သူဖြစ် သည်။ ပန်းချီကားတွေချည်း လှိမ့်ရေးနေပြီး စီးပွားရေးကော၊ အိမ်ထောင်ရေးပါ အဆင်မပြေဖြစ်လာသည် အထိ ဒုက္ခမျိုးစုံ ကြုံရသည်။ ပန်းချီအနုပညာ အပေါ်မှာသာပဲ လုံးလုံးပုံကာ ရူးသွပ်နေသည့် ဗန်းဂိုးကဲ့သို့လူမျိုး၏ ဒုက္ခကိုလည်း မျှဝေ ခံစားခဲ့ရသည်။ ဂေါ်ဂင်က ဗန်ဂိုးကဲ့သို့ ဘာအောင်မြင်မှုမှမရရှိသေးဘဲ လောကကြီးအတွက် အပေးသာရှိခဲ့ပြီး အရှုံးချည်းသက်သက်ရင်ဆိုင်ခဲ့ရသူတော မဟုတ်ဘူး။ အောင်မြင်မှု တစ်စိတ်တစ်ပိုင်းတော့ ခံစားခွင့်ရလိုက်ပါသေးသည်။  ဒါပေမဲ့ သူသည်လည်း လောကကြီးနှင့် သိပ်အံဝင်လှသူ မဖြစ်ခဲ့။ တဟီတီဆိုသည့်ကျွန်းလေးတစ်ကျွန်းမှာနေထိုင်ပြီး တော်လှန်ပြောင်းလဲမှုအမျိုးမျိုးကြားမှာဖြတ်သန်းနေထိုင်ရင်း ပန်းချီကားများရေးပြီး လွတ်လပ်မှုကို ရှာဖွေကာ တီဘီရောဂါနှင့် ဘ၀ကိုအဆုံးသတ်ခဲ့ရသူ ဖြစ်ခဲ့လေသည်။

ကျနော် ဘဏ်ရုံးမှာ ဝန်ထမ်းဖြစ်လာတော့ ထိုနှစ်ယောက် မားဆိုးနှင့် ဂေါ်ဂင်ကို သိပ်သတိရမိ သည်။

၄။

ဆရာဒဂုန်တာရာ၏ “ဒဂုန်တာရာ၏ဒဂုန်တာရာနှင့် သူ၏ကဗျာစာအုပ်ကို ဘဏ်မရောက်ခင်ကတည်းက ကျနော်ဖတ်ဖူးသည်။ ကဗျာတွေထဲက “မိုးရေထဲမှာ လမ်းလျှောက်ခြင်း”နှင့် “တဟီတီသွားရအောင်” နှစ်ပုဒ်ကို ကျနော်အကြိုက်ဆုံး ဖြစ်သည်။

အလုပ်ပြီးတာ မိုးချုပ်ညဉ့်နက်သည့် ညများမှာ ရုံးမှာပဲ ဖြစ်သလို စား၊ ဖြစ်သလို အိပ် နေတတ်ခဲ့သည်။ အစိုးရအရက်ဖြူဆိုင်က ဘီအီးပါဆယ်သွားဆွဲသည့်အခါလည်း ရှိသည်။ တစ်ခါတစ်ရံ လစာထုတ်ရက်မျိုးမှာ လက် ဆောင်ရသည့် အာမီရမ်ဖြင့် အဆင်ပြေသည့်အခါလည်း ရှိသည်။ မူးယစ်ရီဝေ ခြင်းနှင့် ပိုကာဆွဲခဲ့ကြသော ညများသည် ကျနော့်ဘ၀မှာ အရေးပါသည်။

ကျနော်တို့ရုံးက ခရိုင်ရုံး ဖြစ်သည်။ ခရိုင်အောက်ဆင့် မြို့နယ်များကနေ ပြောင်းရွှေ့တာဝန်ထမ်း ဆောင် ရသူတွေ ရှိသည်။ ပုံမှန် ညနေလေးနာရီခွဲ ငါးနာရီ ရုံးဆင်းရသူတွေက နေ့ချင်းပြန် ရုံးဆင်း ရုံးတက်ပြုနိုင်ကြသော် လည်း ကျနော်တို့ဌာနစိတ်ငွေကြေးခန်းမှာ တာဝန်ထမ်းရသူမျိုးတွေကတော့ ရုံးမှာပဲ အိပ်၊ စား နေကြရသည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကျမှ ပြန်ချင်လျှင်ပြန်ကြသည်။ ရုံးမှာ ပုံမှန်ညအိပ်သူတွေက ပိုကာတစ်ဝိုင်းစာတော့ အမြဲရှိ တတ်သည်။

ဖဲဝိုင်းမဖြစ်သည့်ညမျိုး၊ ဒါမှမဟုတ် ဖဲဝိုင်းပြီးသွားသည့်အခါမျိုးတွေမှာ ကျနော်တစ်ယောက်ကမအိပ်ဖြစ်သေး ဘဲ ဗွေဖောက်တတ်ပါသည်။ မိုးလေးဖျောက်တောက်ဖျောက်တောက် ရွာလာလျှင် လမ်းထွက်လျှောက်ချင် သည်။ ရည်းစားသနားလည်း တိတိပပမရှိခဲ့ဘူးပဲ ဒဂုန်တာရာ၏ မိုးရေထဲမှာ လမ်း လျှောက်ခြင်း ကဗျာကို ရွတ်လား ရွတ်ရဲ့ လုပ်တတ်သည်။ မိုးမရွာသည့် ညမျိုးမှာလည်း လမ်း ထွက်လျှောက်ပြီး ခင်ဝမ်း သီချင်းတွေ အော်ဆိုချင်ဆိုတတ် သည်။ စိမ်းမြ သစ်ရွက်တို့ ကြွေနေဆဲ . . . စသည်များ။

၅။

အခုလို မိုတွေဖြိုင်ဖြိုင်ရွာချနေသည့် မိုးညမျိုးမှာ ကျနော်ဂျီကျသမျှ သည်းခံခွင့်လွှတ်ပေးခဲ့ကြသည့် အစ်ကိုတွေ ကို သတိရနေမိသည်။ တချို့လည်း ကွယ်လွန်ရှာပြီ။ တချို့လည်း လူချင်းမဆုံဖြစ်တာ နှစ်တွေ ကြာခဲ့ပြီ။ ကျနော့်ရဲ့ မအောင်မြင်တဲ့ အချစ်ဇာတ်လမ်းတချို့သည်လည်း သည်မိုးရေတွေကြား မှာပဲ ပေါက်ကွဲခဲ့ရဖူးလေသည်။ ဗန်ဂိုးလို နားရွက်မပြတ်ဖူးပေမဲ့၊ မာယာကော့စကီးလို မာရီယာ မာရီယာ လို့ မအော်ဟစ်ခဲ့ဖူးပေမဲ့ ကျနော်လည်း အတော်ခံခဲ့ရဖူးပါသည်။

မားဆိုးနှင့် ဂေါ်ဂင်ကို သိသူတွေကတော့ ဝင်ငွေရရာရကြောင်း အဆင်ပြေနေသည့် ဘဏ်ဝန်ထမ်းကနေ ဘာ ခံစားခွင့်မှမယူဘဲ ထွက်ခဲ့ပြီး စာပေအနုပညာအလုပ်ဖြင့် အသက်မွေးနေသူ ကျနော့်ကို အံ့ဩမည်မဟုတ်သော် လည်း မားဆိုးနှင့် ဂေါ်ဂင်ကိုသာမက ကျနော်၏စာပေအနုပညာ၊ အတွေး အခေါ်၊ အယူအဆ စသည် ခံယူချက် များကို မသိကြသည့်သူတွေကတော့ ဒီကောင် တော်တော်ကြောင် သည်ဟု ပြောခဲ့ကြဖူးသည်ကို အမှတ်ရမိ၏။

မိုးရေထဲလမ်းလျှောက်တတ်ရန်မှာ ချစ်ခြင်းတရားနှင့် အနုပညာကို နားလည်ခံစားတတ်သူ ဖြစ်ရန်တော့လိုအပ်ပါသည်။ သို့မှလည်း လွမ်းတအမှတ်ရဖွယ်ရာအတိတ်တွေကို ကြည်နူးစိတ် တစ်စုံတစ်ရာဖြင့် ပွတ်သပ်နေနိုင် မည်မဟုတ်ပါလား။

မိုးဦးဆွေညိန်း

7-8-2020