Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၀ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ပြီးတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ကြိုးစားခဲ့ပြီး အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ သမတဟောင်းကို အထက်လွှတ်တော်က တရားစွဲဆိုတာဟာ အခြေခံဥပဒေနဲ့ ညီညွတ်တယ်လို့ အမတ်မဲ ၅၆-၄၄ နဲ့ အတည်ပြုလိုက်ပါတယ်။

မြန်မာပြည်မှာလားလို့ သတင်းစာဆရာတယောက်က မေးပါတယ်။ အမေရိကားမှာ ဖြစ်ပါတယ်။ ယခင်သမတကြီးဒေါ်နယ်ထရန့်ကို အမေရိကန်လွှတ်တော်က တရားစွဲဆို ပြစ်တင်ဖို့ ကြားနာတော့မှာဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း စစ်တပ်ကခန့်ထားတဲ့ ဒုသမတ မြင့်ဆွေက သမတရာထူးကို အတင်းတက်ယူပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းကာ စစ်အာဏာသိမ်းခဲ့ပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်ကို ဖျက်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒုသမတ မြင့်ဆွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အမှုကလည်း ပြည်ထောင်စုကို ပြိုကွဲမှု၊ နိုင်ငံတော်ပုန်ကန်မှုကြီးပါပဲ။ လက်ရှိမှာ စစ်တပ်က ပြည်သူဘက်က မရပ်တည်ဘဲ စစ်ခေါင်းဆောင်တွေနောက်က ရပ်တည်နေတာကြောင့် ပြည်သူတွေက အထွေထွေသပိတ်ကြီး ဆင်နွဲပြီး အာဏာသိမ်းစစ်အစိုးရကို တိုက်ပွဲဆင်နွှဲနေကြရပါတယ်။

စစ်တပ်က အကြမ်းဖက်ပြီး ပစ်ခတ်နှီမ်နင်းလို့ တရားဝင်သတင်းတွေအရ နေပြည်တော်နဲ့ မန္တလေးမှာ မနေ့က ထိခိုက်ဒဏ်ရာရမှုတွေ သွေးမြေကျမှုတွေ စတင် ဖြစ်ပွားခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံပေါ်မှာ အသက်လုနေရဆဲ (သေဆုံးပြီဟုလည်း သတင်းထွက်) လူငယ်အမျိုးသမီးလေးကတော့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူ မမြသွဲ့သွဲ့ခိုင် ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူကတော့ စစ်အာဏာသိမ်းအုပ်စု နောက်လိုက် ရဲအရာရှိ ကိုကိုလွင်လို့ ပြည်သူတွေက စွဲချက်တင်ထားကြပါတယ်။ ပြည်သူခုံရုံးမှာ ပထမဦးဆုံး စစ်ဆေးကြားနာရမယ့် ရာဇဝတ်မှု လူသတ်မှု တခု ဖြစ်ပါလိမ့်မယ်။

ယခင်အရေးတော်ပုံတွေတုန်းကလို စစ်အုပ်စုဘက်က ပြစ်မှုကျူးလွန်သူတွေကို သက်သေမရှိ တရားစွဲသူမရှိ အထောက်အထားမရှိ ပျောက်ပျက်သွားမယ့်ပုံတော့ အခု အထွေထွေသပိတ် #CDM အရေးတော်ပုံကြီးက အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာခေတ် နည်းပညာခေတ် မျိုးဆက်သစ် လူငယ် Gen -Z ခေတ်မှာ မှတ်တမ်းမှတ်ရာနဲ့ တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ စစ်အုပ်စုက စစ်ဆန့်ကျင်ရေးသမားတွေကို အညိုးကြီးစွာနဲ့ ချေမှုန်းသလို စစ်အာဏာရှင်ဆန့်ကျင်ရေးသမားတွေကလည်း အမှန်တရားဘက်ကနေ မတရားမှုတွေကို အမှတ်ကြီးကြီးနဲ့ မှတ်တမ်းတင်ပြီး အရေးယူကြမှာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ဆိုးကြီးထဲက ရုန်းထွက်ဖို ၂၀၂၁ နှစ်သစ်မှာ တကမ္ဘာလုံးက အစွန်းကုန်ကြိုးပမ်းနေချိန်မှာ မြန်မာပြည်ကတော့ စစ်အာဏာရှင်ကပ်ဘေးကနေ ကျော်လွှားဖောက်ထွက်ဖို့ အပြင်းအထန် ရုန်းကန်နေရပါတယ်။ ကိုဗစ်ကြောင့် အသေအပျောက်များလှတဲ့ အမေရိကန်မှာ ဒီမိုကရက်ခေါင်းဆောင်ကောင်းနဲ့ ဒီမိုကရက်ပါတီကို လူများစုက ရွေးချယ်ပြီးနောက် တိုင်းပြည်နလန်ထူဖို့ ဇန်နဝါရီ ၂၀ နေ့နောက်ပိုင်းကမှ ပြန်ကြိုးစားကြရတာ ဖြစ်ပါတယ်။ တလမပြည့်ခင်မှာပဲ ကိုဗစ်ကူးစက်မှုတွေက ၄၀% အထိ ကျဆင်းလို့နေပါပြီ။ သေဆုံးသူလည်း နည်းလာပါပြီ။ ကျန်းမာရေးနလံထူဖို့ စီးပွားရေး နိုင်ငံရေးနလံထူဖို့ အမေရိကန်က ကြိုးပမ်းနေချိန်မှာ မြန်မာပြည်က စစ်အာဏာရှင်တွေက သူတို့လက်ပါးစေ စစ်အုပ်စုတွေ မဲရှုံးတာကို အကြောင်းပြပြီး အာဏာသိမ်း တိုင်းပြည်ကို ချောက်ထဲ ပြန်ဆွဲချနေကြတာ ရင်နာစရာ ကောင်းလှပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မနေ့ညက NLD ပါတီဌာနချုပ်နဲ့ ရုံးတွေကို ဝင်ရောက် စီးနင်းပြီး ဥပဒေမဲ့ ရှာဖွေမှုတွေ လုပ်ပါတယ်။ စစ်တပ် ရဲတပ်တွေကို အကြီးအကျယ် ရွှေ့ပြောင်းနေရာချထားမှုတွေ လုပ်လာပါတယ်။ စစ်တပ်လက်ပါးစေ စွမ်းအားရှင်တွေ မျိုးချစ်အစွန်းရောက်တွေကို အကြမ်းဖက် ရန်စဖို့ ညွှန်ကြားပါတယ်။ စစ်တပ်က တရားဝင်NLD အစိုးရကို စွဲချက်တင် အပြစ်တင်ဖို့ လုပ်ကြံအမှုဆင်တာတွေ အစွမ်းကုန် ဆောင်ရွက်နေတာ ထင်ရှားလှပါတယ်။

အဲသည်အချိန် တင်းမာမှုတွေ တိုးမြင့်လာချိန် CDM ဝန်ထမ်းသပိတ်ကို ဝန်ထမ်းတွေ နယ်မြေအနှံ့ တိုးတိုးပြီး ပူးပေါင်းလာကြပါတယ်။ မျိုးဆက်သစ်လူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒထုတ်ဖော် ချီတက်ပွဲတွေကိုလည်း အသွင်မျိုးစုံ သဏ္ဍာန်မျိုးစုံနဲ့ ဆက်ပြီး တပြည်လုံး အရှိန်မြင့်လာကြပါတယ်။ အင်အားစုကြီးနဲ့ ချီတက်တာအပြင် အစုအဖွဲ့အငယ်လိုက် ချီတက်တာ၊ စုဝေးပြီး စခန်းချ ဆန္ဒထုတ်ဖော်တာ၊ ပိုစတာမျိုးစုံ performance မျိုးစုံ ထုတ်ဖော်ကြတာတွေ လုပ်လာကြပါတယ်။ လိုက်လံပိတ်ဆို့တားဆီးပြီး အကြမ်းဖက်ဖို့ ကြိုးစားနေတဲ့ စစ်တပ် ရဲတပ်တွေကို ထိပ်တိုက်မတွေ့ဘဲ ရွေ့လျားပြီး တနေရာပြီး တနေရာ ချီတက်လိုက် စုဝေးလိုက်နဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။ ဝန်ထမ်းတွေ အားလုံး သပိတ်မှောက်ဆင်နွှဲဖို့ တိုးမြင့် စည်းရုံးတောင်းဆိုနေကြပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ဝန်ထမ်းတွေ ရုံးတက်ဖို့ သပိတ်မမှောက်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာတွေ လုပ်နေပါတယ်။ ဝန်ထမ်းအင်အားလျော့ကျနေတဲ့ အစိုးရဌာနတွေကို ဟန်မပျက်ထိန်းပြီး လည်ပတ်ဖို့ ကြိုးစားနေပါတယ်။ ပြန်ကြားရေး ရုပ်မြင်သံကြား၊ စည်ပင်၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း လူနည်းနည်းနဲ့ ကြဲကြဲဝိုင်းပြီး လုပ်ငန်းကို လည်ပတ်နေတယ်လို့ ခန့်မှန်းကြပါတယ်။ အစိုးရယန္တယားတွေက အလုပ်မဖြစ်တော့တာကတော့ အထွေထွေသပိတ်ကာလအတွင်း သိသာလာပါတယ်။ CDM အလုပ်ဖြစ်နေတယ်ဆိုတာကို စစ်အာဏာသိမ်းခေါင်းဆောင်က ဝန်ခံချင်ပုံမရပါဘူး။

အထွေထွေသပိတ်ကြီးကနေ CDM ထောက်ပံ့မှုကွန်ယက်တွေ၊ လူမှုရေး ကျန်းမာရေး ဥပဒေရေးရာ ကူညီမှုအဖွဲ့တွေ၊ သပိတ်ကော်မီတီတွေအပြင် စစ်ရာဇဝတ်မှုတွေ ပြစ်မှုကျုးလွန်မှုတွေကို မှတ်တမ်းယူဖို့ စာရင်းပြုစုဖို့ တိုင်ကြားဖို့ကိုပါ NLD အဖွဲ့တွေနဲ့ သပိတ်အဖွဲ့တွေက ထုတ်ဖော် ချိ်တ်ဆက်လာကြတာကလည်း အားရစရာလို့ ဆိုနိုင်ပါတယ်။

၁၉၈၈ ဖြတ်သန်းခဲ့သူတွေ ၂၀၀၇ ရွှေဝါရောင်၊ ၂၀၀၈ နာဂစ်မုန်တိုင်း ကြုံခဲ့သူတွေက စစ်တပ်၏ ရက်စက်ကြမ်းကြုတ် ယုတ်မာ ရိုင်းစိုင်းမှုတွေအတွက် စိုးရိမ်ပူပန်ကြပါတယ်။ သမိုင်းကို တပတ် ပြန်မလည် ချင်ကြပါဘူး။ သည်အတွက် သင်ခန်းစာတွေ အများကြီး သင်ယူလေ့လာထားပြီးပြီလို့လည်း မျိုးဆက်သစ်လူငယ်တွေအပေါ်  (Flowers Powers)  ယုံကြည် အားကိုးကြပါတယ်။

၁၉၈၈ တုန်းက လှုပ်ရှားခဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်မှုအရ သစ်ခုတ်သမားတွေ ဖြစ်ခဲ့ကြပါတယ်။ ၂၀၁၂ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲလမ်းစဉ်နောက် ဦးဆောင်ဝင်ရောက်သွားတော့ ပန်းပုထုသူတွေ ပေါ်ပေါက်လာခဲ့ကြပါတယ်။ အခုအချိန်မှာတော့ မိတ်ဆွေဟောင်းတွေ မိတ်ဆွေသစ်တွေ မဟာမိတ်တွေ အဖြစ် လက်ချင်းချိတ်လို့ ဒီမိုကရေစီစစ်စ် ဖယ်ဒရယ်စစ်စစ်နိုင်ငံတော် ထူထောင်ဖို့ တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။ ရင်ကြားစေ့လို့ မရသူတွေ အခွင့်အရေးသမားတွေ ပြန်လည်သင့်မြတ်ရေးကို ကျောခိုင်းသူတွေ ရန်ညိုုး ရန်စ ကြီးမားသူတွေကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အာဏာရှင်တွေနောက်လိုက်ပြီး တိုင်းပြည်ကို အမှောင်ထဲ ချောက်ထဲ ဆွဲချဖို့ ဆက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အထွေထွေသပိတ်နဲ့ ဝန်ထမ်းသပိတ်ကို စိတ်ရှည် သီးခံ ဇွဲမှန်မှန်နဲ့ အသိ သတိ ပညာတွေ လွှာသုံးပြီး ဆက်ပြီး အဆုံးသတ်တိုက်ပွဲအထိ ဆင်နွှဲနိုင်ကြဖို့ ဝိုင်းဝန်းကြရမှာ ဖြစ်ပါကြောင်း။

(မိုးမခမီဒီယာ)