Breaking News

မောင်ကျော်မော် - ပြတ်ပြတ်သားသား ဆန့်ကျင်ကြစို့


 

မောင်ကျော်မော် - ပြတ်ပြတ်သားသား ဆန့်ကျင်ကြစို့ 

(မိုးမခ) ဖေဖော့်ဝါရီ ၉၊ ၂၀၂၁

- ဒီကနေ့ အရှိန်အဟုန်နဲ့ပေါ်ထွက်နေတဲ့ လူထုလူတန်းစားအလွှာ အသီးသီးတခဲနက်ပါဝင်နေတဲ့ (CDM) လှုပ်ရှားမှု ဆိုတာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ‘မင်းအောင်လှိုင် - မြင့်ဆွေစစ်အုပ်စု’ က စစ်အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းပြီးတော့ ပြည်သူကို စစ်ကျွန်ဖြစ်အောင် တရားမဲ့အာဏာသိမ်းတာကို တရားတဲ့နည်းမျိုးစုံနဲ့ အာဏာ သိမ်းမှု ကို ဆန့်ကျင်ကန့်ကွက်ဖို့ ပေါ်ထွက်လာတာဖြစ်ပါတယ်။
 

- ပြည်သူ့ကိုယ်စားလှယ်တော် ဦးအောင်ကြည်ညွန့်စကား ကိုးကားပြီး ပြောရရင် “အခုကာလမှာ ကြောက်စိတ်နဲ့ နောက်တွန့် နေရင် မိုက်တဲ့လူအချို့ ရူးပြီးရဲနေတဲ့ မိုက်ရူးရဲ စစ်အာဏာရှင်တစ်စုနဲ့ နောက်လိုက်တချို့ အောက်မှာ ကျနော်တို့ရဲ့ သားသမီးတွေ စတေးလိုက်ကြရပါလိမ့်မယ်”
 

- ဒါကြောင့် ပြည်သူတွေ တခဲနက်ပါဝင်နေတဲ့(CDM)လှုပ်ရှားမှုကြီးရဲ့ ပင်မဦးတည်ချက်နဲ့ တာဝန်ဟာ အာဏာသိမ်း စစ်ကောင်စီ (SAC) က ထုတ်ပြန်တဲ့ အမိန့်အာဏာ၊ ဥပဒေ၊ စည်းကမ်းမှန်သမျှ ပြတ်ပြတ်သားရဲရဲဝံ့ဝံ့ ဖီဆန်ရမယ်၊ ဆန့်ကျင် ရမယ်၊ ဖျက်သိမ်းပစ်ရမယ်။
 

- တစ်ခုလည်း ကြိုတင်စဉ်းစားပြင်ဆင်ထားဖို့လိုပါလိမ့်မယ်၊ အတိတ်တချိန်က ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့ တိုင်းတုန်ပြည်လှုပ်ပေါ်ပေါက်ခဲ့သမျှ အရေးတော်ပုံကြီးတွေဟာ စစ်တပ်ကို ‘တစ်လက်ကိုင်တပ်၊ခါးပိုက်ဆောင် တပ်သဖွယ် ချုပ်ကိုင်ထားတဲ့ စစ်အုပ်စု’ နဲ့ နောက်ဆုံးတိုက်ပွဲရင်ဆိုင်ရတဲ့အခါ အားမတန်လို့ မာန်လျှော့သွားရတဲ့ သမိုင်းအတွေ့အကြုံတွေ အကြိမ်ကြိမ်ရှိထားဖူးပါတယ်။ ဒါကြောင့် အဲဒီလို အားမတန်-မာန်မလျှော့ရစေဖို့ ဘာတွေ ကြိုတင်စဉ်းစားပြင်ဆင်လုပ်ကိုင်ကြမလဲဆိုတာပါပဲ။ ပြည်တွင်းပြည်ပ ဘယ်တိုင်းပြည်က လူထုအရေးတော်ပုံကြီး တွေမဆို အဲဒီ အဆင့်ကို မလွှဲနိုင်မရှောင်နိုင် ရင်ဆိုင်တက်လှမ်းသွားကြရတာချည်းပါပဲ။
 

- အုပ်စိုးသူလူတန်းစားဟာ သူတို့လက်ထဲကအာဏာကို နည်းလမ်းမျိုးစုံနဲ့အသေအလဲဖက်တွယ်ထိန်းသိမ်း ကာကွယ် မှာပါ။သူတို့နောက်ဆုံးထုတ်သုံးတဲ့နည်းကတော့ သူတို့အမိန့်ကိုနာခံတဲ့ လက်မရွံ့တပ်ကို အမိန့်ပေးပြီး အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်စေတဲ့ နည်းဖြစ်ပါတယ်။
 

- ဒီတော့ အတွေးအခေါ်ရ အရှုံးမပေးလက်မလျှော့ဖို့လိုသလို - တဆင့်မြှင့်တဲ့ တိုက်ပွဲပုံစံနဲ့ဆက်လက် ဆင်နွှဲပေါင်း စပ်ဖို့လည်း အတွေးအခေါ်အရရော လက်တွေ့အရရော ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ယူဆတာကို ယနေ့ မျိုးဆက်သစ်တိုက်ပွဲအင်အားစုများထံ အစီရင်ခံတင်ပြအပ်ပါတယ်။
 

- “ဘာမဆိုလုပ်မဲ့ အကောင်တွေ”ကို လက်တွေ့ရင်ဆိုင်ရာမှာ “ဘာပဲလုပ်မယ် - ဘာတော့မလုပ်ဘူး” ဆိုတဲ့ စဉ်းစားမှု အမှားနဲ့ကိုယ့်ကိုယ်ကိုယ်ရော ပြည်သူတွေရဲ့တက်ကြွလှုပ်ရှားလာတဲ့ အရှိန်အဟုန်နဲ့အင်အားကို တုန့်နှေးကန့်သတ် ပိတ်ပင်သွားစေနိုင်တဲ့ သိုးငယ်များလို လည်စင်းပေးတဲ့ အပြုအမူမျိုး မပြုလုပ်မိကြစေဖို့ သတိကြီးကြီးထားကြပါ။
 

- မင်းအောင်လှိုင် စစ်ကောင်စီ(SAC) က ထုတ်ပြန်တဲ့ အမိန့်၊ အာဏာ၊ ဥပဒေ၊ စည်းကမ်းမှန်သမျှ ပြတ်ပြတ်သား ရဲရဲဝံ့ဝံ့ ဖီဆန်ကြ
 

ရိုသေစွာဖြင့်
မောင်ကျော်မော်
၉ ဖေဖေါ်ဝါရီ ၂၀၂၁