Breaking News

ဘာသာပြန် -နယူးဇီလန်ရောက် မြန်မာကျောင်းသားများသမဂ္ဂ - မြန်မာပြည် စစ်အာဏာသိမ်းမှု - အကျဉ်းစံတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ သမီးတစ်ယောက်အကြောင်း

Photo / Dean Purcell (https://www.nzherald.co.nz)

မြန်မာပြည် စစ်အာဏာသိမ်းမှု - အကျဉ်းစံတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ သမီးတစ်ယောက်အကြောင်း
နယူးဇီလန်ရောက် မြန်မာကျောင်းသားများသမဂ္ဂ
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

သူမအဖေနဲ့ ပတ်သက်ပြီး အိမွန်သင်းကြူ စမှတ်မိတာကတော့ ထောင်ဝင်စာသွားတွေ့ရတာတွေပါပဲ။ သူမကို မွေးပြီး လအနည်းငယ်ကြာကတည်း ဖမ်းဆီးခံလိုက်ရတဲ့ သူမအဖေ ပြန်လွတ်လာတဲ့အချိန်မှာ သူမအသက်က ၁၆ နှစ် ပြည့်ပြီးပါပြီ။ “မေမေက ဖေဖေ နိုင်ငံရေးလှုပ်ရှားလို့ အဖမ်းခံလိုက်ရတဲ့အကြောင်း ရေးထားတဲ့ သတင်းစာစက္ကူပိုင်းလေးကို သိမ်းထားတယ်” လို့ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးမြို့က ဆရာဝန်လည်းဖြစ်၊ အခုလက်ရှိ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့မှာ ဘွဲ့လွန်တက်နေတဲ့ကျောင်းသူတစ်ဦးလည်းဖြစ်တဲ့ အသက် ၃၂နှစ်အရွယ် အိမွန်သင်းကြူက ပြောပါတယ်။ 

အဲ့ဒီနှစ်ကာလတွေက ထောင်ဝင်စာသွားတွေ့ရတဲ့ အချိန်တွေအကြောင်းကို သူမ ကောင်းကောင်းကြီး မှတ်မိနေပါတယ်။ သူမရဲ့ ငယ်စဉ်ကာလတွေတုန်းက အပြင်မှာ မမြင်ရ မထိတွေ့ရတဲ့ သူမအဖေအကြောင်းကတော့ ခပ်ရေးရေးပဲ မှတ်မိပါတယ်။ 

“ဖေဖေ့ကို ထိန်းသိမ်းထားတဲ့ မန္တလေးနန်းတွင်းထဲက စစ်တန်းလျားမှာရှိတဲ့ အဖြူရောင် ကျောက်တုံးတွေကို ကျွန်မ မှတ်မိတယ်။ ကျွန်မတို့ ထောင်ဝင်စာသွားတွေ့ရင် အစားအသောက်တွေ၊ မုန့်တွေ၊ ပစ္စည်းတွေ အများကြီးယူသွားရတယ်။ မေမေက အမဲသားဟင်း အမြဲချက်တယ်။”

အိမွန်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြတာတွေ၊ Civil Disobedience Movement (CDM) တွေကို ကူညီပံ့ပိုးပေးနေတဲ့ နိုင်ငံတကာရောက်မြန်မာအသိုင်းအဝိုင်းကွန်ရက်မှာ ပါဝင်လှုပ်ရှားနေပါတယ်။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရက်သတ္တပတ်တွေမှာ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အရှေ့တောင်အာရှတခွင်ကမြို့တွေရဲ့ လမ်းတွေပေါ်မှာ တိုးပွါးလာနေပါတယ်။ ဆန္ဒပြနေစဉ်အတွင်း ရဲတွေနဲ့ အဓိကရုန်းဖြစ်မှုတွေကြောင့် အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ လူပေါင်းခြောက်ရာကျော် ဖမ်းဆီးခံထားရပြီးဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

အိမွန်ဟာ မြန်မာပြည်တွင်းက နေ့စဉ်ဖြစ်ပျက်နေတာတွေကိုလည်း စောင့်ကြည့်နေပါတယ်။ အော့ကလန်မြို့နဲ့ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဝယ်လင်တန်မြို့တွေမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြစုဝေးပွဲတွေ ကျင်းပနိုင်ဖို့လည်း အိမွန်က ပါဝင်ကူညီခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ (၉) ရက်နေ့မှာတော့ နယူးဇီလန်နိုင်ငံဟာ မြန်မာပြည်က စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့ အနေနဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊လုံခြုံရေး ဆက်နွယ်ဆောင်ရွက်မှုတွေအားလုံးကို ရပ်တန့်ထားပါတယ်။ 

စစ်အုပ်ချုပ်ရေးအောက်က ဘဝတစ်ခု 

ကြီးပြင်းလာတဲ့ ဘဝတလျှောက်လုံးမှာ အိမွန်နဲ့ သူမအမေဟာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်တွေအဖြစ် အမြဲစောင့်ကြည့်ခံရပါတယ်။ ဆေးကျောင်းသူတွေအတွက် သူမအမေဖွင့်ထားတဲ့ အဆောင်မှာ နေတဲ့သူတိုင်းကို စစ်တပ်အရာရှိတစ်ဦးက အမြဲမှတ်တမ်းယူစောင့်ကြည့်ခဲ့တယ်။ အိမ်မှာ ပွဲတစ်ခုခုလုပ်တဲ့အခါတိုင်း ဘယ်သူ ဝင်ထွက်သွားလာတယ်ဆိုတာကိုလည်း အမြဲစောင့်ကြည့်ခံခဲ့ရတယ်။ 

“ဒါ့ကြောင့်မို့လည်း လူတွေက ကျွန်မတို့နဲ့ အပေါင်းအသင်းလုပ်ဖို့ ကြောက်ကြတယ်” လို့ သူမက ပြောပါတယ်။ 

သူမငယ်ငယ်ကျောင်းသူဘဝတုန်းက စစ်ဗိုလ်ချုပ်တွေ ကျောင်းကိုလာရင် နေမထွက်ခင်ကတည်းက အိပ်ရာ ထခဲ့ရတာတွေကို မှတ်မိနေပါတယ်။ ရောက်ရမယ့်အချိန်ထက် သုံးနာရီလောက် နောက်ကျပြီးမှရောက်လာတတ်တဲ့ ဗိုလ်ချုပ်တွေကို ကြိုဆိုဖို့ ကျောင်းသားကျောင်းသူတွေက လမ်းတွေပေါ်မှာ ပင်ပင်ပန်းပန်း ဗိုက်အဆာခံပြီး စောင့်ကြရတယ်။ “ကျွန်မတို့ရဲ့ ကျောင်းသင်ခန်းစာ အစီအစဉ်တွေကိုဖျက်ပြီး သူတို့လာဖို့ကို တစ်နေ့လုံးစောင့်ခဲ့ရတယ်။”လို့ သူမကပြောပါတယ်။ 

ဘုန်းကြီးတွေနဲ့ လူကြီးသူမတွေကိုပဲ နှုတ်ဆက်လေ့ရှိတဲ့ လက်အုပ်ချီနှုတ်ဆက်နည်းမျိုးနဲ့ စစ်တပ်က အရာရှိတွေကို ကလေးတွေကနှုတ်ဆက်ရပါတယ်။ အိမွန်လည်း မလုပ်ချင်ပေမယ့် လုပ်ခဲ့ရပါတယ်။ “ကျွန်မကြောက်နေခဲ့တာတွေကို မှတ်မိတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်၊ရဲနဲ့ ဆက်စပ်တဲ့ အသိုင်းအဝိုင်းက ဘယ်သူမဆိုက ကျွန်မတို့ကို တစ်ခုခု လုပ်နိုင်တဲ့အာဏာရှိနေတာကိုး။” 

ပြိုကွဲသွားသော မိသားစုတစ်ခု 


၁၆ နှစ်သမီးအရွယ်ရောက်မှ ဖခင်ကို စတင်မြင်ဖူးခဲ့သည့် လူမမယ်သမီးလေးအိမွန်နှင့် 
သူမ၏မိခင် Photo / Supplied (www.nzherald.co.nz)

သူမအဖေ ထောင်ကလွတ်လာတဲ့နေ့ကို သူမမှတ်မိနေသေးတယ်။ ၂၀၀၅ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ကားတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာတော့ သူမက သူမအမေရဲ့ ကုန်စုံဆိုင်မှာ ကူညီပေးရင်းအလုပ်များနေတာပါ။ လူတစ်ယောက် ကားထဲကနေ ထွက်လာပါတယ်။ 
“ရုတ်တရက်ကြီး ဖေဖေက အပြင်မှာရောက်နေတယ်။ ဆိုင်အပြင်ဘက်မှာ” သူမက ပြောပြတယ်။ 
“မေမေနဲ့ ကျွန်မ က ဘာလုပ်လို့ ဘာကိုင်ရမှန်း၊ ဘာပြောရမှန်း မသိဖြစ်နေတယ်” 

နှစ်ပေါင်းများစွာ အကျဉ်းကျခံရတာတွေ၊ ထောင်ထဲမှာ ငွေကြေးတစ်ခုလိုမျိုး အသုံးပြုတဲ့ ဆေးလိပ်တွေဟာ သူမအဖေရဲ့ ကိုယ်စိတ်ကျန်းမာရေးကို  အတော်ထိခိုက်စေခဲ့တယ်။ သူမအဖေထောင်ကလွတ်ပြီး နောက်မှာလည်း သူမတို့မိသားစုဟာ အချင်းချင်း အသားကျအောင် အတော်ရုန်းကန်ခဲ့ရတယ်။ အစောပိုင်းကာလတွေမှာ မိသားစုတွေ တကျက်ကျက် စကားများခဲ့ကြပြီး အဖေနဲ့သမီး အဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုရဖို့ ဆယ်စုနှစ်တစ်ခုလောက် အနည်းဆုံး အချိန်ယူခဲ့ရတယ်။ 

“ဒီကာလတွေဟာ ကျွန်မတို့ရဲ့ ဂုဏ်ယူစရာကာလတွေ မဟုတ်ခဲ့ပါဘူး။ ကျွန်မတို့မိသားစုဟာ စစ်အာဏာရှင်ကြောင့် ပြိုကွဲခဲ့ရတယ်။” လို့ သူမက ပြောပြပါတယ်။ 

သူမဟာ သူမအဖေဆီကနေ ထောင်ထဲက ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်းကိုလည်း နားထောင်ခဲ့ရပါတယ်။ သူမအဖေဟာ ထောင်ခန်းထဲက အိမ်သာဆေးတဲ့ရေပုံးကို ဆေးပြီး ရေသန့်ထည့်သောက်ခဲ့ရတယ်။ ထောင်ဝန်ထမ်းတွေက အချိန်မရွေး အစာဖြတ်ပစ်နိုင်လို့ ထောင်က ထမင်းကျွေးတဲ့အခါ အစာကို နည်းနည်းစီ ဖယ်ပြီး ဖွယ်ထားခဲ့ရတယ်။ 

အခုအချိန်မှာတော့ အိမွန်ရဲ့အဖေဟာ အသက် (၇၀) ရှိပြီး တီဘီနဲ့ အဆုတ်ရောဂါကို ခံစားနေရပါတယ်။ လက်ရှိနိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်မနေတော့ပေမယ့်လည်း ကလောင်နာမည်တစ်ခုအောက်ကနေ နိုင်ငံရေးကဗျာတွေကိုတော့ ဆက်လက်ရေးသားနေဆဲပါ။ 

သူမဟာ မန္တလေးက သူမအဖေရဲ့ ဘေးကင်းလုံခြုံရေးကို စိတ်မပူပဲမနေနိုင်ပါဘူး။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်အတွက် စစ်အာဏာရှင်လက်အောက်မှာ အဖမ်းခံရမယ့်အန္တရာယ်ဆိုတာ ဘယ်တော့မှ မပျောက်ကွယ်သွားလို့ပါပဲ။ 
နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ၂ ကြိမ်တိုင်ဖမ်းဆီးခြင်းခံခဲ့ရပြီး အကျဉ်းစံဘဝဖြင့် အနှစ် ၂၀ ကျော်နေခဲ့ရသည် အိမွန်၏ဖခင် (ဦး)တင်အေးကြူ (ကဗျာဆရာမောင်မှိုင်းလွင်-အင်းဝ) Photo / Supplied (www.nzherald.co.nz)


ပြည်သူ့အာဏာ

အိမွန်ဟာ စစ်အာဏာရှင်လက်အောက်မှာ ကြီးပြင်းခဲ့ရတဲ့ မြန်မာလူငယ်မျိုးဆက်တွေထဲက တစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ (၁၀) နှစ်တာကာလ ဒီမိုကရေစီလမ်းကြောင်းပေါ်က နှောင့်နှေးမှုတွေကိုရော အသီးအပွင့်တွေကိုပါ ကိုယ်တိုင်တွေ့ကြုံခဲ့သူပါ။ သူတို့တွေဟာ ဒီပွဲမှာ လွယ်လွယ်နဲ့တော့ အလျော့ပေးမှာ မဟုတ်ပါဘူး။ 

အိမွန်အပြောအရ အ‌ဝေ◌းရောက်မြန်မာနိုင်ငံသားတွေဟာ အခုအချိန်မှာ သူတို့လုပ်နိုင်တဲ့ စစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြတာ၊ Civil Disobedience Movement ကို ထောက်ပံ့ကူညီပေးတာတွေကို အဓိကလုပ်ဆောင်နေကြပါတယ်။ လတ်တလောအဖြစ်အပျက်တွေအပေါ်မှာ ထုတ်ဖော်ပြောဆိုတာ၊ သတင်းအချက်အလက်တွေကို အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးတာ၊ ဝင်ငွေဆုံးရှုံးသွားတဲ့/ဆုံးရှုံးနိုင်တဲ့ CDM ဝန်ထမ်းတွေအတွက် ရံပုံငွေကောက်ခံတာကို သူတို့လုပ်ဆောင်နေကြပါတယ်။ 

“CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင် ယန္တရားကို ဖြိုချပစ်ဖို့ပဲ။ ကျွန်မတို့က အခု စစ်အာဏာရှင်ယန္တရား လုံးဝလည်ပတ်လို့မရတော့အောင် အစိုးရဝန်ထမ်းတွေကို CDM လုပ်ဖို့ တိုက်တွန်းနေကြတယ်။”လို့ အိမွန်က ပြောပါတယ်။ 

တချို့လူတွေက သွေးမြေကျမှာ၊ CDM လှုပ်ရှားမှုက စစ်အာဏာသိမ်းမှုအပေါ် မတွန်းလှန်နိုင်မှာကို စိုးရိမ်တဲ့အသံတွေထွက်ကြပေမယ့်လည်း အိမွန်နဲ့ သူမသူငယ်ချင်းတွေကတော့ သတိကြီးကြီးနဲ့ပဲ မျှော်လင့်နေကြပါတယ်။ “အာဏာဟာ ပြည်သူ့လက်ထဲမှာပဲရှိတယ်။” လို့ အိမွန်ကပြောပါတယ်။ 

COVID-19 ထိန်းချုပ်မှုတွေ၊ နိုင်ငံတကာ ခရီးသွားပိတ်ပင်မှုတွေကြားမှာ အစီအစဉ်တွေက မသေချာသေးပေမယ့်လည်း အိမွန်ကတော့ ကျောင်းပြီးရင် မြန်မာပြည်ကိုပဲ ပြန်မယ်လို့ ပြောပါတယ်။ သူမတို့ယဉ်ကျေးမှု ထုံး တမ်းအစဉ်အလာအရ သားသမီးတွေဟာ မိဘတွေ အသက်ကြီးလာတဲ့အခါ စောင့်ရှောက်လေ့ရှိတာမို့ သူမကလည်း အလားတူပဲလုပ်ဆောင်မယ်လို့ ဆိုပါတယ်။ 

ခေါင်းဆောင်မရှိသော ရုတ်ချည်းတုံ့ပြန်မှု

မြန်မာစစ်တပ်ကတော့ ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အာဏာသိမ်းတာကို ရုတ်သိမ်းဖို့နဲ့ သူတို့ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေအပေါ်မှာတော့ ဒီအပြောတွေဟာ အချည်းအနှီးပါပဲ။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အပြတ် အသတ်အနိုင်ရရှိထားပေမယ့် စစ်တပ်ကတော့ ဒီရလဒ်ကို မဲစာရင်းလိမ်လည်မှုဆိုပြီး ပယ်ချထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ စောင့်ကြည့်လေ့လာသူတွေကတော့ စစ်တပ်ကစွပ်စွဲချက်တွေအတွက် သက်သေမရှိပါဘူးလို့ ဆိုပါတယ်။ တချိန်တည်းမှာလည်း များပြားလာတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အထွေထွေလုပ်သားသပိတ်တွေက စစ်တပ်အာဏာသိမ်းတာကို လူတွေဘယ်လောက်ဆန့်ကျင်ကြောင်း ပြသနေပါတယ်။ 

“CDM လှုပ်ရှားမှုရဲ့  အလှတရားကတော့ သူက ခေါင်းဆောင်အတိအကျမရှိဘူး။ ရုတ်တရက်ချက်ချင်း ဖြစ်သွားတာ” လို့ အော့ကလန်မြန်မာအသိုင်းအဝ◌ိုင်းက လူကြီးတစ်ဦးဖြစ်တဲ့ စတန်လေစောက ပြောပါတယ်။ 

အငြိမ်းစားအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ စတန်လေစောက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေက ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူလူထုနဲ့ လာပူးပေါင်းကြဖို့ တိုက်တွန်းတဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေလည်း လက်ရှိဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

သူဟာလည်း အိမွန်လိုပဲ CDM လှုပ်ရှားမှုကို အကောင်းမြင်ပေမယ့်လည်း CDM မလုပ်မယ့် လူတစ်စုကတော့ သေချာပေါက်ရှိနေမှာပဲလို့ ပြောပါတယ်။ ဒီလူစုထဲမှာ ထိပ်ပိုင်းက ရာထူးကြီးစစ်ဗိုလ်ချုပ်တွေနဲ့ အငြိမ်းစားယူခါနီး ပင်စင်ငွေဆုံးရှုံးမှာ ကြောက်နေတဲ့ အစိုးရအရာရှိတွေအစ၊ ဒီအကြောင်းကို စိတ်မဝင်စားတဲ့လူတွေ၊ သပိတ်မှောက်ဖို့ မတတ်နိုင်ကြတဲ့ လူတွေအလယ်၊ စစ်တပ်ကို အရိုးစွဲအားပေးထောက်ခံနေတဲ့ လူတွေအဆုံးပါဝင်ပါတယ်။ 

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းလက်အောက်၊ ၁၉၈၈ခုနှစ် ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ အာဏာသိမ်းမှုတွေနဲ့ဆိုရင် ဒီအာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ လတ်တလောသမိုင်းမှာ တတိယအကြိမ် အာဏာသိမ်းမှုဖြစ်ပါတယ်။ ပထမနှစ်ကြိမ်လုံးက လူထုတရပ်လုံးပါဝင်တဲ့ အုံကြွမှုတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

ဒီမိုကရေစီရဲ့ အရသာကို ဆယ်စုနှစ်တစ်ခုလောက်သာ မြည်းစမ်းခဲ့ရပေမယ့်လည်း လူငယ်တွေဟာ သူတို့လုံခြုံ ရေးနဲ့ အဖမ်းခံရဖို့ အန္တရာယ်တွေရှိတဲ့ကြားက ဒီမိုကရေစီအတွက် ရပ်တည်ကြတာဟာ ဝမ်းမြောက်စရာပဲလို့ စတန်လေစောက ပြောပါတယ်။  

“သူတို့လေးတွေက ‘ငါတို့ဘိုးဘွားတွေက ၁၉၆၂ ခုနှစ်မှာ တိုက်ပြီး ရှုံးခဲ့ရတယ်။ အဲ့ဒီနောက် ငါ့တို့အဖေအမေတွေက ၁၉၈၈ ခုနှစ်မှာ တိုက်ပြီး ရှုံးခဲ့ရပြန်တယ်။ အခုငါတို့အလှည့်ပဲ။ ငါတို့ ဒီတစ်ခါရှုံးရင် နောက်ထပ် အနှစ် ၆၀ စစ်အာဏာရှင်လက်အောက်ကို ပြန်ရောက်မယ်။ ငါတို့ ဒါမျိုးအဖြစ်မခံနိုင်ဘူး’ လို့ ပြောနေကြတယ်။” “သူတို့ တော်တော်ပြတ်သားကြတယ်” လို့ စတန်လေစောက ပြောပါတယ်။ 

 #  နယူးဇီလန်နိုင်ငံထုတ် NZ Herald သတင်းစာတွင်ဖော်ပြခဲ့သည့် Diversity reporter ဖြစ်သူ  Qiuyi Tan ၏ Myanmar coup: Jailed activist's daughter looks back  သတင်းဆောင်းပါးကို မြန်မာ ဘာသာဖြင့် ဖော်ပြပါသည်။ 
Link- https://www.nzherald.co.nz/nz/myanmar-coup-jailed-activists-daughter-looks-back/TXB5AZEVVCQUNRH7237U3SJFIM/?fbclid=IwAR3tkk_KDmwEeT18Jw_hTEj1cA2ySaOHD2FllnaYH4a_giu105opQhwSBVM