ညိုထက်ညို - နွေဦး တော်လှန်ရေး
နွေဦး တော်လှန်ရေး
ညိုထက်ညို
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
(၁)
နှောင်ကြိုး မှတစ်ပါး ဆုံးရှုံးစရာ မရှိ (၂၀၂၁)
နွေအသွေးနဲ့
ခြေဆေးပြီးရင်
ရင်ဖိုရင်လှပ်
တဆတ်ဆတ်နဲ့
ချွေးစိမ့်စက်စို
ပါးမှာ ခိုလို့
မျှော်လင့်တေးသီ
ဥသြတို့ လာနေပါပြီ။
(၂)
အဲဒီတစ်ရက်
ထွက်ခဲ့ပါတယ်
ဒီကမ္ဘာမှာ
နွေပေါက်ဖို့ မမေ့သေးတာ
ကံတကယ် ကောင်းပါတယ်
နွေဦး မှာ ရေငတ် ရင် သောက်ဖို့
ဖောက်ပေးဖို့ သွေးတို့ ကျန်သေးတာ
ကံတကယ် ကောင်းပါတယ်
လမ်းနံဘေး
လွမ်းတေးဖွဲ့ဆို
ပန်းကလေးရဲ့
လမ်းဘေးမှာပဲ
ရဲရဲပွင့်ပါ
နွေထက် အက္ခရာ။
(၃)
ရန်ကုန်မှာလည်း
နွေဦးတဲ့
မန္တလာမှာလည်း
နွေဦးတဲ့
ဟိုးကမ်းရိုးတန်း
ဝေးလံခေါင်သီ
တောင်တန်းတွေ ဆီမှာလည်း
နွေဦးတဲ့
နွေဦး က ကိုယ်ဝန်ကြီးနဲ့
နွေဦး က နားကြပ်နဲ့
နွေဦး က ဦးထုပ်နဲ့
နွေဦး က တံစဉ်နဲ့
နွေဦး က တူနဲ့
နွေဦး က မြေဖြူနဲ့
နွေဦး က မုတ်ဆိတ်နဲ့
နွေဦး က သင်္ကန်းနဲ့
နွေဦး က နဖူးမှာ အစက်ကလေးနဲ့
နွေဦး က လက်ဝါးကပ်တိုင် နဲ့
နွေဦး က သနပ်ခါးနဲ့
နွေဦး က ရွှေရောင်ဆံပင်လေး နဲ့
နွေဦး က တောင်ဝှေးနဲ့
နွေဦး က ကိရိယာ အသက် အထောက်အကူ နဲ့
နွေဦး က မသန်ပေမယ့် စွမ်းသတဲ့
နွေဦး က စွပ်ကျယ်နဲ့
နွေဦး က အနက်ရောင် ထရက်ဆု နဲ့
နွေဦး က Generation Z တဲ့
နွေဦး က နွေ ရဲ့ လက်ကိုဆွဲလို့
နွေဦး က Generation Alpha တဲ့။
(၄)
ဘူတာရုံမှာ
ယနေ့ ရထားမထွက်ပါ
ဧရာဝတီမှာ
ယနေ့ သင်္ဘောကြီးတွေ မခုတ်ပါ
ကျီးကန်းတွေ အာသံကြားလိုက်တော့
နွေဦး က ဖျတ်ခနဲ
ဖြည်ချလိုက်တဲ့ သူ့ ဖိနပ်ကြိုးကလေး ကို သူ ဖြည်းဖြည်းလေး ပြန်ချည်တယ်
မှောက်ချလိုက်တဲ့ သူ့ ကြက်သွန် သူ တစ်ဥချင်း ပြန်ကောက်တယ်
သူ့ ပျက်သွားတဲ့ ကားကလေးဘေး မှိုင်ငေးငေး နဲ့ ထိုင်နေတယ်
မပျက်ကွက်စဖူး
နွေဦး က ရုံးမတက်တော့ဘူး တဲ့
ကတ္တရာ လမ်းပေါ်မှာ
ခြေဗလာလက်ဗလာ
ထီးမပါ ဖိနပ်မပါ နဲ့
ရထားတွေလည်း ရုန်းထွက် နေကြပါပြီ
သင်္ဘောတွေလည်း ရုန်းထွက် နေကြပါပြီ
လေယာဉ်တွေလည်း ရုန်းထွက် နေကြပါပြီ
နွေဦးရယ် သံပုံးတီးပါ
မင်း လက်မောင်းကြွက်သား ကလေးတွေ တက်လာတဲ့အထိ
သံပုံးတီးပါ
ထပ်ပြောပါမယ်
သံပုံးတီးပါ။
(၅)
တစ်နေ့နေ့မှာ
တို့တွေ့ကြမယ်
အရိုးအရွက်
မိုးစက်စိမ့်စိုသူ တို့ဆီ
နွေဦးရေ
နွေကုန်ကူးပါ
ရေဘူးထဲက
နွေဦး နည်းနည်းလောက် ထုတ်တိုက်ပါ
မြစ်ကြီးနားရေ
စစ်ပြီးသွားရင်
သပြေညို တစ်ခက်နှစ်ခက် နဲ့
ရွှေပဟိုရ် နှက်မယ့်ရက် ကို တွက်ရင်း
နွေဦး အပြည့် ထည့်ပြီး ချက်တဲ့
ခေါင်ရည် တစ်ခွက်နှစ်ခွက် ငါ့ကို တိုက်ပါ
ပျားမနင်းရေ
အားတင်းထားပါ
တပို့တွဲမှာ
တို့ဟာ တစ်မြို့တည်းသား တွေပဲပေါ့
သပြေကုန်းမှာ
တစ်နွေလုံးလုံး
မင်း ငိုလက်စတို့ ဆုံးရင်လေ
မင်းနာမည်ကို
နွေဦး မြသွဲ့သွဲ့ခိုင် လို့ ပြောင်းလဲခေါ်ဝေါ်ပါ
ဂျိုးဂျိုးဂျိမ့်ဂျိမ့်
မိုးလုံးခြိမ့်စေ
အပြေးကြိုရင်
မနှေးခိုဝင် စမ်းချင်ရဲ့
ဝေယံထွန်းရေ
မင်းကတော့ စိန်ပန်း ရပ်က ထွက်တဲ့
စိန်ပန်းတွေထက် ရဲတဲ့ စိန်ပန်း နောက်ထပ်တစ်ခက် ပေါ့
၄၁လမ်း ထိပ် က
မင်းနာမည် ပေးထားတဲ့ ဈေးရှေ့မှာ တို့တွေ ဆုံကြဖို့
မင်း ပရဟိတ ခြေထောက်ကလေး စီးပြီး ငါ့ဆီ လာခဲ့ပါ
ရှေ့မှာလည်း ရေ
နောက်မှာလည်း ရေ
ဘေးမှာလည်း ရေ
ကူညီပါရစေ ဆိုတဲ့
ဆရာခင်လွန်းရေ
ကမ္ဘာကြီး ရဲ့ အဖျားအနားမှာ
ခင်ဗျားကော အဖျားအနာ ကင်းပါစ
ခင်ဗျားဆီက ဒီမိုကရေစီ နွေဦးကလေး နည်းနည်းလောက်
စာတိုက်ကနေ ထည့်ပေးပါ။
(၆)
ဆိတ်ငြိမ်တဲ့ နေရာမှာ
စိတ်ကလေး ကို ထားမရတာ ကြာပါပြီ
အဖိုးအခ
ပျိုးချခဲ့သမျှ သက်သေတည်
နွေဦးရယ်
ချီခဲ့ပါ
တော်လှန်တဲ့ ခြေတစ်သန်းနဲ့
တောင်ကမ်းတွေတောင် ပဲ့ပြိုလောက်တဲ့
ခြေသံမျိုး နဲ့ ချီခဲ့ပါ
အဖိုးအဖ
အမိုးအစ်မ တို့ နဲ့အတူ
သမန်းဆီတက်
ခြေသလုံး ညိုညက်ညက်ကလေး တွေ နဲ့အတူ
လောင်နေတဲ့ တောမီး တွေကို ငြှိမ်းပေးမယ့်
မီးသတ်သမား တို့ နဲ့အတူ
ကျွန်ဇာတ်သွင်း တာကို ငြင်းဖို့
ခတ်ကွင်းကိုပြင်
ခတ်ကွင်းဆင်ရင်း
နွေဦးရယ်
ဝင်းမော်ဦး နဲ့အတူ ချီခဲ့ပါ
ရာဇာအောင် ရေ
တပ်ဦး မှာ နေပြီး
မင်း အလောင်း ကို အတင်းသင်္ဂြ ိုဟ်ခဲ့တဲ့
မိစ္ဆာတို့ကို ခြောက်လှန့်ပါ
အချစ်မပြယ်
အမြစ်တွယ်လို့
နွေဦးရယ်
ဖောင်သမား တွေနဲ့ ထောင်ထားကြရအောင်
မင်း ဖောင်ပေါ်တက်ပြီး တိုင်းခန်းလှည့်လည်ပါ။
(၇)
မွေးကာနီးလို့
ဖွားကာနီး ခဲ့ပြီပဲ နွေဦးရယ်
တိုင်းသိပြည်သိ ကိုပဲ
မြင်းကုန်းနှီး ပေါ် ရောက်ပါပြီ
သရဏဂုံ တင်ပြီးပါပြီ
ခေါင်းမြီးခြုံ ပြီးပါပြီ
ဘုရားဝတ်ပြု ပြီးပါပြီ
လက်နှစ်ဖက်ကို ယှက်လို့
အမွှေးတိုင် တို့ကို ထွန်းညှိပူဇော် ပြီးပါပြီ
မောင်း ကို တင်ပြီးပါပြီ
စည် ကို ကျက်ပြီးပါပြီ
လက်ညှိုး ငေါက်ငေါက်ထိုး ဖို့လည်း
အားဆေးတွေ ထိုးခဲ့ပြီးပါပြီ
အသံလည်း ကြည်
ဟန်လည်းညီခဲ့
အချစ်မပြယ်
အသစ်နယ်ချဲ့
မနှေးအမြန်
အပြေးပြန်မယ်
အောင်စည်အောင်မောင်း
ချောင်းချောင်းထစေ
နွေဦး မှာ ကျက်သရေ တို့ ကြွေပါတယ်
နွေဦး မှာ ကျက်သရေ တို့ ပွင့်ပါတယ်
နွေဦး ကို ယုံလို့ ရုံပါတယ်
နွေဦး ကို ခြုံလို့ လုံပါတယ်
နွေဦး ရဲ့ အရိပ်ကလေး နဲ့
တိမ်တွေလည်းဝေ
ချွေးစက်စေရာ
ချေလို့မကြေ
ခြွေလို့မသေ
ဝေလို့နေမယ်
ဗေဒါမှန်ရင်
ရေကိုဆန်မယ်
နွေဦး ရဲ့လက်ကလေး နဲ့
သွေးစက်ကျရာ
တော်လှန်ရေး သရုပ် တို့ ထင်တဲ့ ဒီမြေမှာ
နွေဦးရယ်
အလင်းအခက် တစွေစွေ နဲ့ ပြုံးပျော်စေ
နှင်းသက် တဝေဝေ နဲ့ တုံးကျော်စေ ။ ။
ညိုထက်ညို
(၂၆၊၀၂၊၂၀၂၁)