Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၅ ရက် မြောက်နေ့ မြင်ကွင်း ...

Photo - Sit Htet Aung (facebook post), police attacking reporter on Yangon Street, 26th Feb 2021


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၅ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁

ဖေဖော်ဝါရီ ၂၅ က ချီတက်ပွဲတွေ သပိတ်စစ်ကြောင်းတွေဟာ နယ်တွေမှာ အဆင်ပြေတယ်ဆိုပေမယ့် ရန်ကုန်မှာတော့ အကြမ်းဖက်မှု ခံရပါတယ်။ ရန်ကုန်က မီးရထားဝန်ထမ်းအိမ်ယာတွေကို ဦးတည်ပြီး အကြမ်းဖက်တယ်၊ မြို့ထဲမှာ ကားတွေနဲ့လှည့်ပြီး လမ်းပေါ်ကလူတွေကို ရန်ရှာတိုက်ခိုက်တယ် ဆိုတဲ့ အကြမ်းဖက်မှုတွေကို စစ်ကောင်စီကို ထောက်ခံတဲ့ လူအုပ်စုတွေက ကျုးလွန်ခဲ့ကြပါတယ်။ ညဖက်မှာတော့ တာမွေ ပူဇွန်တောင်မြို့နယ်တွေမှာ ရဲတွေဝိုင်းပြိး လူတွေကို လိုက်တိုက်ခိုက်တယ်၊ ဖမ်းဆီးတဲ့အမှုတွေ ကျူးလွန်ကြပါတယ်။ သာကေတတို့ မြောက်ဥက္ကလာတို့ဘက်မှာတော့ လူထုက ပြန်ပြီး တွန်းလှန်နိုင်တယ်လို့ ဆိုတယ်။ စစ်တပ်နဲ့ ရဲက လူထုထဲကို အယုံသွင်းချဉ်းကပ်ပြီးနောက် နောက်ကနေ အငိုက်ဖမ်းပြီး တိုက်ခိုက်တာကို လူထုရဲ့ ရုပ်သံမှတ်တမ်းတွေကနေ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၂၅ မှာ သတင်းမီဒိယာတွေက စုပေါင်းပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ သဘောထားကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက စာနယ်ဇင်းများ၏ လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ကန့်သတ်ခြင်းမပြုရဘူးလို့ ကန့်ကွက်စာ ထုတ်ပြန်တာ ဖြစ်ပါတယ်။ သတင်းသမားတွေအတော်များများဟာလည်း စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းတွေ ခံစားနေရချိန်လည်း ဖြစ်ပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ CRPH ကိုယ်စားလှယ် ဒေါက်တာဆာဆာ မျက်နှာပွင့်နေချိန် လူထုကလည်း နှစ်ထောင်းအားရဝမ်းသာနေချိန်မှာ မြန်မာပြည်တွင်းမှာတော့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခမ်းကဏ္ဍနဲ့ ထူထောင်နိုင်မှုဟာ အရေးကြိးတဲ့အချိန်ကို ရောက်လာပါတယ်။ စစ်အုပ်စုက သူတို့ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ခန့်ထား နေရာချနေချိန်မှာ တပြိုက်နက် CRPH ၏ ပအဖ လို့ခေါ်တဲ့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေက အစားထိုးနေရာယူကြဖို့ လိုနေပါတယ်။ ညဖက်တွေမှာ စစ်တပ်က လက်နက်ကိုင် အကြမ်းဖက်ပြီး ရပ်ကွက်တွေထဲ မင်းမဲ့စရိုက်ပြုမူနေတာကို ခေါင်းငုံ့ခံနေလို့ မဖြစ်ဘူး ထင်ပါတယ်။

လမ်းပေါ်သပိတ်၊ ဝန်ထမ်းသပိတ်၊ စီဒီအမ် ဝန်းရံထောက်ပံ့မှုကွန်ယက်များ၊ ကုလနဲ့ အမေရိကန် CRPH ကိုယ်စားလှယ် စတဲ့ ဘက်စုံထောင့်စုံက စစ်အုပ်စုကို တွန်းလှန်မောင်းချနေချိန်မှာ မိမိရပ်ရွာမှာ ဥပဒေစိုးမိုးဖို့ အေးချမ်းတည်ငြိမ်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တည်ဆောက်ကြဖို့ အဆင့် သည်တောင်တတောင်ကို ဖြတ်ကျော်ရဦးမှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနိုင်တဲ့ ရလဒ်ကို ကိုင်စွဲပြီး ဥိးဆောင်မှုပေးနေတဲ့ CRPH လွှတ်တော်ကိုယ်စားပြုကော်မီတီကလည်း တရားဝင်ရပ်တည်မှုကို တိုးချဲ့ပြီးရင်းတိုးချဲ့ အင်အားကောင်းအောင် ဖြန့်ကျက်နိုင်သမျှ ဖြန့်ကျက်နိုင်မယ်လို့ လူထုက မျော်လင့်ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနိုင်တဲ့ ပြည်သူလူထုရွေးချယ်ထားတဲ့ အသိအမှတ်ပြုထားပြီး ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီခေါင်းဆောင်တွေက စစ်အာဏာရှှုင်တွေ အသာစိး အခွင့်ကောင်းယူထားတဲ့ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတွေကို ဖယ်ရှားပစ်ဖို့ ၂၀၀၈ အခြေခံဥပဒေကိုပါ ဖျက်သိမ်းပစ်ဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်လို့ မျော်လင့်မိပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ၂ ခု ဆက်တိုက်အနိုင်ရပြီးသား NLD ပါတီကိုယ်စားလှယ်များအနေနဲ့ ဘယ်အရာကိုများ ငဲ့ညှာစောင့်ဆိုင်းနေဖို့ လိုနေသေးလဲ ဆိုတာ သူတို့ကိုယ်တိုင် ဖြေဆိုရမယ့် မေးခွန်းပဲ ဖြစ်ပါတော့တယ်။

(ဒီစာကို ဖေ ၂၆ မှာ ရေးတာဆိုတော့ အခုချိန်မှာ စစ်ကောင်စီခေါ်တဲ့ ရွေးကော်နဲ့ ပါတီစုံတွေ့ဆုံပွဲက ပြန်ကြားချက်တွေအရ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပါသတဲ့။ စစ်ကောင်စီကို ထောက်ခံတဲ့ပါတီ ၅၃ ခုက ဒီအဆုံးအဖြတ်ကို လက်ခံတယ် ဆိုပါတယ်။ အဲသည်အချိန်မှာပဲ ရန်ကုန်က မြေနီကုန်းနဲ့ လှည်းတန်းကသပိတ်တွေကို ရဲတွေက အကြမ်းဖက်ခြိမ်းခြောက် လူစုခွဲခဲ့ပါတယ်)