မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ (၂) - အောင်ဝေး၊ ဇာနည်၊ လင်းနွေးအိမ်
သွေးစွန်းသော ပိတောက်
အောင်ဝေး
တော်လှန်ရေးမှာလည်း
အလွမ်းရှိတာပဲ။
လွမ်းတယ်ဆိုတာ
သမိုင်းတာဝန်ကို
ထမ်းတာပါ။
လွမ်းတယ်ဆိုတာ
ခေတ်ဝန်ကိုထမ်း
ခေတ်လမ်းကို လျှောက်တာပါ။
လွမ်းတတ်သူသာ
သမိုင်းဝင်တယ်။
မလွမ်းရင်
အကြမ်းဖက်သမားတွေနဲ့
တစ်တန်းစားတည်း
ဖြစ်သွားမှာပေါ့။
လွမ်းပါ
ရဲရဲလွမ်းပါ။
လွမ်းပါ
နွေဦးတော်လှန်ရေးကို
လွမ်းပါ။
အောင်ပွဲကို
လွမ်းပါ။
လွမ်းပါ
လွမ်းနေတဲ့အခါ
လိပ်ပြာလုံတယ်။
လိပ်ပြလုံရင်
တိုက်ပွဲလုံတယ်။
တိုက်ပွဲလုံရင်
အရေးတော်ပုံ
အောင်မယ်။
အရေးတော်ပုံမှာလည်း
အလွမ်းရှိတယ်လေ။
ဒီအချိန်မှာ
ငါလွမ်းနေတာက
သွေးစွန်းနေတဲ့
ပိတောက်ပန်းတွေကိုပါပဲ။ ။
(ဧပြီ ၁၃၊ ၂၀၂၁)
...
နွေဦး
ဇာနည်
ရွှေအိုရောင်ညနေခင်းမှာ
ဆရာဒဂုန်တာရာရဲ့
မတ်လတော်လှန်ရေးကဗျာ
အနီထဲကကြယ်ဖြူပွင့်
လေထဲဝဲလွင့်
အနာဂတ်ကိုထုဆစ်ခဲ့ဖူးတဲ့
တခါတုန်းကနွေဦးဟာ
တဖန်နိုးထ
တကျော့ပြန်လာခဲ့လေပြီ...
ရိုးမတိုက်ပွဲ
ကိုရင်သြ
အညတြကြက်တောနဲ့
တာကောဒီ
ဆရာဗန်မော်တင်အောင်ရဲ့
နွေဦး ဇတ်ဝင်ခန်းတွေ
ပြန်လည်ဆန်းသစ်ခဲ့လေပြီ...
ဒီနွေဦးမှာ
မောင်လေးအောင်ရဲ့
အချစ်ဦးရေ
မြေနဲ့ကောင်ကင်မြင်နေသမျှ
အလှခေတ်ဦးဖူးသစ်လာမည်မလွဲ
ငါတို့လဲယုံတယ်...
မှတ်မိသေးတယ်
ကိုအောင်ချိမ့်ရယ်
ခွန်နှစ်ဆယ်ခုလွန်နှစ်များဆီက
"နွေဦး"ဆိုတဲ့
မဂ္ဂဇင်းတအုပ်ကို
ထုတ်နှုတ်ကိုးကား
လွမ်းကြရအောင်လား...
မှိုင်းရာပြည့်တော်လှန်တပ်ဦး
ကိုမှိုင်းရဲ့
နွေဦးကြိုငှက်တွေကလဲ
တေးသီနေကြပုံများ
တတောလုံးအနှံ
တတောင်လုံးပြန့်
ပဲ့တင်ထပ်လို့...
ကြည့်လိုက်ကြစမ်း
ဘယ်သူလွမ်းရဲသလဲ
နီရဲတဲ့ကောင်ကင်အောက်မှာ
ဒူးခေါင်းမဲ့လူသားတွေသာ
သစ္စာတရားကို
ခါးဝတ်ပုဆိုးလိုမြဲမြံစွာဝတ်ဆင်ထားလေရဲ့...
ယုံပြီလား...
မြူခြေဆိုင်းတဲ့နွေရောက်တိုင်း
ပြာမှိုင်းတဲ့ရိုးမတောင်တန်းတွေပေါ်က
ဥသြငှက်ကလေးတွေရဲ့
ကမ္ဘာမကြေမော်ကွန်းတေးကို
ရာဇဝင်ဖော်ညွှန်းပေးမဲ့
နွေဦးရဲ့
ဂုဏ်အခန်းခန်းတွေနဲ့
ဟော့ဒီ့
(၂၀၂၁) ရာဇဝင်တောလားဟာ
ကာဠုဒါယီရဲ့ချီးမွမ်းခန်းနဲ့
ရှင်အုန်းညိုရဲ့ဂါထာခြောက်ဆယ်ပျို့တွေ
ဆုံးတောင်ကုန်မည်မဟုတ်..။။
(၁၂-၄-၂၀၂၁)
...
တော်လှန်သင်္ကြန်
လင်းနွေးအိမ်
ဒင်းတို့က လှံထောက်တော့
ပြည်သူက ဒန်ပေါက်တဲ့။
ပျော်ရန်သင်္ကြန်မဟုတ်ပဲ
တော်လှန်သင်္ကြန်ဖြစ်ရတာ
အနှစ်တစ်ထောင်ကျော်မှာ တခါလို့ပြောရမလား။
တိုင်းရင်းသားပြည်သူတွေညီနေပြီ
ညီနေသမျှနိုင်နေပြီ
ပြည်သူတွေနိုင်နေသမျှ
နှစ်သစ်မှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့နိုင်ငံသစ်ကရှိနေပြီ။
တော်လှန်သင်္ကြန်အကြောင်း
အသက်ပေးသွားသူတွေရဲ့ဂုဏ်ကျက်သရေအကြောင်း
ဒဏ်ရာရသူတွေရဲ့ အမာရွတ်ဟာ ဂုဏ်ယူစရာတက်တူးတွေဖြစ်နေ မယ့်အကြောင်း
အကျဉ်းစံခဲ့ရသူတွေရဲ့ မေတ္တာစိတ်ကြီးမားပုံအကြောင်း
နောက်နှစ်သင်္ကြန်မှာ ပြန်ပြောင်းပြောကြရအောင်
အားတင်းထားပါ ညီမလေးရေ။
၂၀၂၁ သင်္ကြန်အကြိုနေ့