ဖလော်ဒါဟန် - ယူနက်စကိုနဲ့ ပါးကွက်ပေါ်မှ မျက်ရည်စီးကြောင်းများ
ဖလော်ဒါဟန် - ယူနက်စကိုနဲ့ ပါးကွက်ပေါ်မှ မျက်ရည်စီးကြောင်းများ
(မိုးမခ) နိုဝင်ဘာ ၇ ၊ ၂၀၂၆
ယူနက်စကိုအကြောင်းတွေ လိုင်းပေါ်မှာ ကြွယ်လာကြတော့ ပေပါပေါ်ရောက်ဖို့ ကြိုးစားခဲ့သူတွေကို အထူးအမှတ်ရမိတာ အမှန်ပါ။
အခုရက်ပိုင်းမှာ ကျွန်မအတွက် အရေးကြီးဆုံးသတင်းတစ်ပုဒ်က ယူနက်စကိုအကြောင်း မဟုတ်ပါ။ ICJ တရားရုံးက ၂၀၂၆ နိုဝင်ဘာ ၁၉ ရက် ၂ နာရီ ၃၀ မိနစ်မှာ အမိန့်ချမဲ့ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ သတင်းကြီးပါ။
တချိန်က စာအုပ်တွေ တပွေ့တပိုက်ကြီး ပိုက်၊ ရပ်တကာ ရွာတကာလှည့်ပြီး နေရာဒေသအစုံ သွားခဲ့ကြရတဲ့ ရင်ဘတ်တူများအတွက် ယူနက်စကိုဆိုတာ အကယ်ဒမီပွဲလိုပါပဲဟု အားပေးမိပါတယ်။ “ဒီနှစ် မပါသေးဘူးကွယ်၊ ဆက်ပြီး ကြိုးစားလိုက်ရအောင်” ဆိုတာမျိုးပေါ့။
အထောက်အပံ့ဆိုတာလည်း မည်မည်ရရ မရကြပေမဲ့ စေတနာ၊ ဝါသနာပေါ်မှာ ပညာကို အသုံးချပြီး နေ့ညမပြတ် အိပ်ချိန်၊ စားချိန်တွေ ပျက်ပြီး မိမိတို့ ယဉ်ကျေးမှုတွေကို ကာကွယ်ထိန်းသိမ်းခဲ့ကြသူတွေ အများကြီးပါ။
အာဏာရှင် ဆိုတာ ခေတ်အဆက်ဆက် အမိန့်တစ်ခု ပေးခြင်းဖြင့် နားမလည်၊ မတတ်ကျွမ်းသည်ကို လူပေါ်လူဇော်လုပ်လို့ ပြည်သူတွေရဲ့ အမွေအနှစ်၊ တိုင်းပြည်ရဲ့ သယံဇာတတွေ ဖျက်ဆီးခဲ့ကြတာ အစိုးရတိုင်းလိုပါပဲ။
ပညာတတ်၊ ပညာရှိများကို သူ့နေရာနဲ့သူ နေရာမပေး၊ တိုင်းပြည်ကို အမှောင်တွင်း ဆွဲသွင်းခြင်းသည် အာဏာရှင်များအတွက် မှီခိုစရာ အားဆေးတခွက်ပါ။
အခုဆို တိုင်းပြည်က ကျရှုံးနေချိန် အပျော်အမျိုးစုံဖြင့် အာရုံပြောင်းထားလေရဲ့။
ယနေ့အချိန် ယူနက်စကိုသတင်းနှင့် ICJ သတင်းသည် တိုင်းပြည်၏ စံနှုန်းတခုကို ကမ္ဘာ့အလယ်မှာ ချပြတဲ့ အဆိုအမိန့်တခုပါ။
မတူညီတဲ့ လူ့အဖွဲ့အစည်းအောက်မှာ ပြည်သူတွေကို ဖြတ်လမ်းနည်းဖြင့် အာရုံပြောင်းနေကြခြင်းသည်လည်း အာဏာရှင်၏ သက်တမ်းတစ်ခုလို မြင်မိပါတယ်။
ကျွန်မတို့ လိုချင်တဲ့ အောင်ပွဲသည် မတရားမှုမျိုးစုံအောက်မှ ယဉ်ကျေးမှုသည်လည်း လွတ်လပ်ခြင်းမရှိသလို လွတ်မြောက်ခွင့်လည်း မရသေးပါ။
စစ်ပွဲများ မရပ်သရွေ့ ကျွန်မတို့ တိုင်းပြည်မှာ ယဉ်ကျေးမှုအမွေအနှစ်များ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ခဲယဉ်းနေဦးမှာပါ။
ဒြပ်မဲ့ယဉ်ကျေးမှုသည် နိုင်ငံတနိုင်ငံမှာ အများပြည်သူ အကျိုးပြုနိုင်တဲ့ အမွေအနှစ်ပါ။ အဲဒီအမွေအနှစ်တွေဟာ ကျွန်မတို့နိုင်ငံမှာ ထောင်ချီမက ရှိနေသည်။
ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို စာရင်းပြုစုထားဖို့ လိုအပ်ပါတယ်။ ကျန်ရှိနေတဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်း အမွေအနှစ်အဖြစ် ထိန်းသိမ်းဖို့လည်း လိုလာပါတယ်။ အခုဆို မငြိမ်းချမ်းတဲ့ နယ်မြေများမှ ဒြပ်မဲ့ယဉ်ကျေးမှုများသည် ယခင်အချိန်က ပြုစုထားပြီး ဖြစ်ကြမှာပါ။
ဒါပေမဲ့ ဒီနေ့အချိန်မှာ နေရာဒေသအစုံမှာ စစ်ငွေ့၊ စစ်ရိပ်တွေကြောင့် လူသားစွမ်းအားတွေ ပျက်စီးခဲ့ရသလို အမွေအနှစ်ကို လက်ဆင့်ကမ်းကြမဲ့ ဘိုးဘွားတွေလည်း စစ်ဒဏ်နဲ့အတူ အသက်ဆုံးခဲ့ရသူတွေ အများကြီးပါ။
ကျွန်မတို့မှာ ယဉ်ကျေးမှုလည်း ရှိသလို စာပေလည်း ရှိပြီးသားပါ။
မတရားမှုကို ယဉ်ကျေးမှုနဲ့ ကာကွယ်လို့ မရပါဘူး။ ထိန်းသိမ်းလို့ မရပါဘူး။
ကျွန်မတို့ တိုင်းပြည်ကြီးမှာ မတရားမှုကြီးကို တွန်းလှန်ကြမှသာလျှင် အမွေအနှစ်ကိုလည်း စောင့်ရှောက်ကာကွယ်ပြီး ဖြစ်ပါလိမ့်မယ်။
စစ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေမှာ ပြည်သူတွေရဲ့ဘဝက ပထမပါ။
လူငယ်တွေရဲ့ ဘဝအနာဂတ်က ဒုတိယပါ။
ကျွန်မတို့ ပြန်လည်တည်ဆောက်ခွင့်ရချိန်မှာ အညာရဲ့ ဓလေ့ရိုးရာယဉ်ကျေးမှုတွေနှင့် တိုင်းရင်းသားတွေရဲ့ အလှတရား၊ ရိုးရာဓလေ့တွေကို ချုံနွယ်ပိတ်ပေါင်းများစွာဖြင့် မြင်တွေ့ရမှာပါ။
တကယ်ကို ဝမ်းနည်းစရာပါ။
ICJ ဆိုတာက ကျွန်မတို့ တဦး တယောက်တည်းအတွက် ကြားနာနေတဲ့ တရားရုံးကြီး မဟုတ်ပါဘူး။ လူသားတွေရဲ့ အသက်ပေါင်းများစွာကို ခုခံကာကွယ်ပေးနေတဲ့ တရားရုံးကြီးပါ။
ကျွန်မ လိုချင်တဲ့ ငြိမ်းချမ်းရေးက ယဉ်ကျေးမှုတခုတည်းနဲ့တင် ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လူသားအားလုံးရဲ့ ဘဝတွေ လွတ်မြောက်ကြပြီး မိမိတို့ ယဉ်ကျေးမှုနယ်မြေမှာ မိမိတို့ဘဝတွေကို မိမိတို့ကိုယ်တိုင် ပုံဖော်ထုဆစ်ခွင့်ရတဲ့အထိ ကမ္ဘာသိအောင် ကြိုးစားကြရမှာပါ။
ယခင်အချိန် တိုးဂိုက်ဘုတ်များစွာရဲ့ မျက်နှာဖုံးပေါ်မှ ပါးကွက်ကျားနဲ့ မိန်းကလေးများစွာကို တွေ့မြင်ခံစားခွင့်ရချိန်ကစလို့ ယဉ်ကျေးမှုနဲ့ပတ်သက်လျှင် မြန်မာကို ကမ္ဘာက သိနေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဆိုတာပါပဲ။
ပြည်သူတွေ အမြဲတမ်း ပြုံးနိုင်ဖို့ လိုပါတယ်။
ပါးပေါ်က ပါးကွက်ကျားပေါ်မှာ အာဏာရှင်တွေရဲ့ အနိုင်ကျင့်မှုကြောင့် ကျလာရတဲ့ မျက်ရည်စီးကြောင်းတွေ ဖယ်ရှားပေးခြင်းဖြင့် ပြည်သူတွေဘဝကို အကျိုးပြုနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar