မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံး အကြီးအကဲကို စစ်တပ် အစိုးရရဲ့ နိုင်ငံခြားရေးဌာနက ခေါ်ယူသတိပေး
မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံး အကြီးအကဲကို စစ်တပ် အစိုးရရဲ့ နိုင်ငံခြားရေးဌာနက ခေါ်ယူသတိပေး
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၁၀ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၆
စစ်တပ်ရဲ့ အကျဥ်းချထားရာကနေ ပြီးခဲ့တဲ့ ဧပြီလမှာ လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ သမ္မတဦးဝင်းမြင့် တကယ်မလွတ်လပ်သေးပါဘူးဆိုပြီး ဦးဝင်းမြင့်မွေးနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ဦးဝင်းမြင့်ရဲ့ ရန်ကုန်မြို့နေအိမ်ရှေ့မှာ ဗီဒီယို အတိုရိုက်ကူးပြီး ရန်ကုန်မြို့ ဂျာမန်သံရုံးရဲ့ လူမှုကွန်ရက်မှာ ဖေါ်ပြခဲ့တဲ့ သံရုံးအကြီးအကဲ ဖြစ်သူ မားသီးယားစ်လေးရှားစ် ကို စစ်တပ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နေပြည်တော်ကို ခေါ်ယူပြီး သတိပေးခဲ့ကြောင်း ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်မှာ ရှိတဲ့ ဦးဝင်းမြင့် နေထိုင်ခဲ့တဲ့ နေအိမ်တိုက်ခန်းရှေ့မှာ ဦးဝင်းမြင့်ဟာ အကျဥ်းထောင်က လွတ်မြောက်သည့်တိုင် ဧည့်သည်တွေကို လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် မရှိသေးသလို အကန့်အသတ်မရှိ ဆက်သွယ်ပြောဆိုခွင့် မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ သမ္မတဟာ ဦးဝင်းမြင့်လို့ သတ်မှတ်ထားဆဲ ဆိုတာလည်း ထည့်သွင်းပြောဆိုထားသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့လည်း ဂျာမန်သံရုံးအနေနဲ့ တောင်းဆိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အထက်ပါ ဗီဒီယိုကို သံရုံးရဲ့ လူမှုကွန်ရက်မီဒီယာမှာ ဖော်ပြခဲ့ပြီး ၂ ရက်အကြာမှာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဖြစ်သူက ဂျာမန်သံရုံးအကြီးအကဲကို ခေါ်ယူကာ သတိပေးပြောကြားပြီး သတိထောက်လွှာပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ အနောက်နိုင်ငံ သံရုံးအတော်များများဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ သံအမတ် ခန့်အပ်လွှာပေးတဲ့ အခမ်းအနား (မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲအဖြစ် တရားဝင် အသိအမှတ်ပြုရတဲ့ အနေအထားမရောက်စေလိုတာကြောင့် ) ကို မလုပ်ဆောင်လိုတာကြောင့် သံအမတ်အဆင့်ကနေ လျှော့ချပြီး သံရုံး ယာယီတာဝန်ခံ ဆိုတဲ့ ရာထူးနဲ့ ထားရှိပြီး စစ်အာဏာသိမ်း အစိုးရနဲ့ ဆက်ဆံကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဧပြီလမှာ လွှတ်တော်ကျင်းပပြီး သမ္မတအဖြစ် မင်းအောင်လှိုင်ကို ရွေးချယ်ခဲ့ပေမယ့် အနောက်နိုင်ငံ သံရုံးတွေကတော့ တရားဝင် သံအမတ်ခန့်အပ်လွှာပေးတဲ့ အနေအထားကို မလုပ်ဆောင်ကြပဲ ယာယီသံရုံးတာဝန်ခံ အဖြစ်နဲ့သာ ဆက်လက် ထားရှိကြတာ ဖြစ်ပါတယ်။ အဆိုပါနိုင်ငံတွေထဲမှာ ဂျာမနီနိုင်ငံလည်း ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။
ပုံမှန်အားဖြင့် ဂျာမနီနိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ပတ်သက်လို့ ဥရောပ သမဂ္ဂနိုင်ငံတွေနဲ့ အတူတကွ သဘောထားထုတ်ပြန်လေ့ လုပ်ဆောင်လေ့ရှိပြီး အခု ဖြစ်ရပ်က ဂျာမနီသံရုံးယာယီတာဝန်ခံဖြစ်သူ မားသီးယာ့စ်လေရှားစ်က ၄င်းဆန္ဒနဲ့ လုပ်ဆောင်တာလား ဂျာမန်နိုင်ငံခြားရေးဌာနကို အသိပေးတင်ပြပြီး ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာလား ဆိုတာတော့ တိတိကျကျ မသိရပါဘူး။
မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုဝန်ကြီးဖြစ်သူရဲ့ ပြောဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေကတော့ အတော်လေး ပြင်းထန်တဲ့ အသုံးအနှုန်းတွေ ဖြစ်တာတွေ့ရပါတယ်။ “သံရုံးယာယီတာဝန်ခံအနေနဲ့ ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် သဘောထားကာ လက်ရှိအစိုးရနဲ့ လက်တွဲဆောင်ရွက်လိုခြင်း မရှိ၍ မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မပြုလိုပါက မိမိတို့ တားမြစ်မည် မဟုတ်ကြောင်း၊ အခုလိုဆိုရှယ်မီဒီယာမှ တဆင့် အများပြည်သူကို ဖြန့်ဝေခဲ့တာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် သို့မဟုတ် ၄င်း၏ ကိုယ်ပိုင်ဆန္ဒဖြင့် ဆောင်ရွက်သည်ကို တရားဝင်ဖြေရှင်းချက်ပေးဖို့ တောင်းဆိုကြောင်းနဲ့ အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်ခြင်း မပြုဖို့ ပြင်းထန်စွာ သတိပေးကြောင်းနဲ့ လုပ်ဆောင်မည်ဆိုပါက အိမ်ရှင်နိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ သံတမန်ရေးရာ အစဥ်အလာများနဲ့အညီ အရေးယူဆောင်ရွက်သွားမည် လို့ ပြောဆိုခဲ့တာဟာ သံတမန်ကို နိုင်ငံက ထွက်ခွာဖို့ နှင်ထုတ်တာမျိုး ဖြစ်ပွားတဲ့ အခြေအနေ မရောက်ခင် နောက်ဆုံး အဆင့်မျိုးထိ ပြောဆိုတဲ့ သဘောလို့ ယူဆရပါတယ်။
မကြာသေးခင်က အရှေ့တီမောအနေနဲ့ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလို တာဝန်ရှိသူတွေကို တရားဝင် လက်ခံတွေ့ဆုံတာ၊ ချင်းလူ့အခွင့်အရေးအဖွဲ့က စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရှေ့တီမော တရားရုံးက လက်ခံခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် အရှေ့တီမောနိုင်ငံရဲ့ အာဆီယံအဖွဲ့ဝင်ခွင့်ကို ကန့်ကွက်ခဲ့သလို အရှေ့တီမော သံတမန်တွေကိုလည်း တပတ်အတွင်း မြန်မာနိုင်ငံက ထွက်ခွာဖို့ နှင်ထုတ်တာတွေ လုပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ တွဲလျက်ပါရှိတဲ့ သတင်းဓါတ်ပုံတွေကို ကြည့်ရင် ဂျာမနီသံရုံးယာယီတာဝန်ခံက စစ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြောဆိုနေတာကို စိတ်ပျက်တဲ့ အသွင်နဲ့ ကြည့်နေတဲ့ မြင်ကွင်းကိုတွေ့ရမှာဖြစ်ပါတယ်။ သံတမန်ရေးအရ အပြင်းထန်ဆုံး သတိပေးတဲ့ စကားလုံးတွေနဲ့ သတိပေးချက်တွေကို ကြားသိရပြီး စိတ်ဆိုးနေတဲ့ အသွင်၊ စိတ်ပျက်နေတဲ့ အသွင်လို့ ယူဆရပါတယ်။
ဂျာမနီနိုင်ငံဟာ ယခင် စစ်အာဏာရှင်အစိုးရတွေ ဖြစ်တဲ့ ၁၉၆၂ နောက်ပိုင်း နေဝင်းဦးဆောင်တဲ့ မဆလ အစိုးရလက်ထက်ရော ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ/နအဖ အစိုးရတွေ လက်ထက်မှာပါ မြန်မာအစိုးရတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာဖြစ်ပါတယ်။ မဆလ ခေတ်တလျှောက်လုံး စစ်တပ်မှာ အသုံးပြုတဲ့ ချေမှုန်းရေးလက်နက်ငယ် G 3 သေနတ်တွေရဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်မှုနည်းပညာ၊ စက်ပစ္စည်းတွေကို ဂျာမနီက ဖရစ်ဇ်ဝါနာ ကုမ္ပဏီက လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း စစ်အစိုးရနဲ့ အနောက်ဂျာမနီ အစိုးရတို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကာလမှာတော့ ဂျာမနီအနေနဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး နည်းပညာ၊ စိုက်ပျိုးထုတ်လုပ်တဲ့ ထွက်ကုန်တွေ စျေးကွက်ရောင်းချနိုင်ဖို့ ကျေးလက်ဒေသ လမ်းတွေ အပြင် အခြားသောနယ်ပယ်တွေမှာပါ ဂျာမနီ အစိုးရ ဖွံ့ဖြိုးရေး အေဂျင်စီတခုဖြစ်တဲ့ GIZ က တဆင့် ကူညီပေးခဲ့တာဖြစ်ပါတယ်။
ဒီနောက်ခံအခြေအနေအထားတွေကို ကြည့်ရင် ဂျာမနီနိုင်ငံ အနေနဲ့ မြန်မာအစိုးရ အဆက်ဆက်နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ယခင်ရှိခဲ့တဲ့ ဆက်ဆံရေး အနေအထားမျိုး မဟုတ်တော့ဘဲ ပြောင်းလဲခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ အခု ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ရပ်တည်ချက် မူနဲ့ ကိုက်ညီသလား၊ သို့မဟုတ် သံရုံးယာယီ တာဝန်ခံရဲ့ လုပ်ပိုင်ခွင့်ထဲက ဆုံးဖြတ်လုပ်ဆောင်ခဲ့တာလား၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲ၊ ဘယ်လို တုံ့ပြန်ပြောဆိုမလဲတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar