အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ လိုလားသူတွေ အမှန်တကယ် အနိုင်ရကြပြီလား
အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ လိုလားသူတွေ အမှန်တကယ် အနိုင်ရကြပြီလား
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၄ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၆
အမေရိကန် သမ္မတသက်တမ်း ၄ နှစ်ရဲ့ ထက်ဝက်ဖြစ်တဲ့ သမ္မတရွေးကောက်ပွဲ အပြီး ၂ နှစ်အကြာ၊ သမ္မတ အာဏာလွှဲယူပြီး ၂၁ လကျော်မှာ ကျင်းပတဲ့ လွှတ်တော် ၂ ရပ်က ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တဲ့ ရွေးကောက်ပွဲ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့ပြီး အမေရိကန် စံတော်ချိန် နိုဝင်ဘာ ၃ ရက်နေ့ ညနဲ့ ၄ ရက်နေ့ နံနက်အချိန်ထိ ထွက်ပေါ်လာတဲ့ မဲရလဒ်တွေ အရ ဆီးနိတ်လို့ ခေါ်တဲ့ အထက်လွှတ်တော်နဲ့ ကွန်ဂရက်လို့ ခေါ်တဲ့ အောက်လွှတ်တော် ၂ ခုလုံးမှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေက အများစုရွေးကောက်ခံရကြောင်း သတင်းတွေ ဖေါ်ပြထားကြပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် တလျှောက်လုံး အမျိုးမျိုးသော မဲဆွယ်ပြောဆိုမှုတွေနဲ့ နည်းမျိုးစုံသုံးပြီး ပြောဆိုခဲ့တဲ့ သမ္မတထရန့် အနေနဲ့ မဲရလဒ်တွေ အရ ရီပတ်ဗလစ်ကန်တွေ လွှတ်တော် ၂ ရပ်မှာ အများစုအနေအထား ဆုံးရှုံးခဲ့ပြီဆိုတာကို လက်ခံလိုက်ပြီး ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ပြောဆိုတာတွေ မတွေ့ရတော့ဘဲ ဒီမိုကရက်တစ်ပါတီရဲ့ အောင်မြင်မှုကို ချီးကျူးကြောင်း ပဋိသန္ဓာရ စကားဆိုကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
တက္ကဆက်ပြည်နယ်လို ရီပတ်ဗလစ်ကန် အမာခံပြည်နယ်မှာ ဒီမိုကရက်တစ် ကိုယ်စားလှယ် အနိုင်ရသလို နောက် အမာခံပြည်နယ်တခု ဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်မှာလည်း ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်က အနိုင်ရခဲ့ပါတယ်။
အခု သက်တမ်းဝက် ရွေးကောက်ပွဲဟာ သမ္မတ ထရန့်ရဲ့ အစိုးရပေါ်လစီကို လူထုဆန္ဒခံယူပွဲ လုပ်တဲ့ သဘောမျိုးနဲ့ မဲပေးကြတာလို့ အများစုက တင်စားပြောဆိုကြပါတယ်။
ယမန်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတရာထူး လက်ခံရယူပြီးကတည်းက ရက်ပိုင်းအတွင်း သီတင်းပတ်အတွင်း မူဝါဒတွေ ပေါ်လစီတွေ ပြောင်းပြန်လှန်သလို လုပ်ဆောင်ခဲ့တာတွေ၊ ကမ္ဘာ့နိုင်ငံ ဒါဇင်ပေါင်းများစွာကို ကုန်သွယ်ခွန်တွေ အဆချီတိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပြီး မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကသောင်းကနင်း ဖြစ်ရတာတွေ၊ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲတာတွေဟာ သမ္မတ သက်တမ်းရက် ၁၀၀ အတွင်း ဖြစ်ပွားခဲ့တာပါ။ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနမဟုတ်ဘဲ သမ္မတ အမိန့်နဲ့ DOGE လို့ အတိုကောက်ခေါ်တဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်မှု ဝန်ကြီးဌာနတခုကို ဖွဲ့ပြီး ဘီလျံနာသူဌေး အီလွန်မာ့စ်ကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ ဖက်ဒရယ်ဝန်ထမ်း သောင်းနဲ့ချီ အလုပ်က ရပ်နားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အီလွန်မာ့စ်နဲ့ သမ္မတထရန့်တို့ ဆက်ဆံရေး ကတောက်ကဆ ဖြစ်ကာ အဆိုပါ ဝန်ကြီးဌာနက လအနည်းငယ်အကြာမှာ ရပ်ဆိုင်းခဲ့ပေမဲ့ DOGE အမိန့်နဲ့ အလုပ်ရပ်နားခံထားရတဲ့ အချို့သောဌာနတွေက ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး တရားရုံးရောက်ကာ အမှုကိစ္စတွေ အခုချိန်ထိ မပြီးပြတ်သေးတဲ့ အနေအထားဖြစ်ပါတယ်။
သမ္မတထရန့်ဟာ ရက် ၁၀၀ ကာလအလွန်မှာ အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေရဲ့ ပိုင်ဆိုင်တဲ့ နယ်မြေတွေနဲ့ ပတ်သက်လို့ နိုင့်ထက်စီးနင်းပြောဆိုတာ၊ မဟာမိတ် မဆန်တဲ့ ပြောဆိုမှုတွေကြောင့် ဆက်ဆံရေးတွေ ထိခိုက်ပျက်စီးရတာတွေ အပြင် ယခုနှစ်ဆန်းမှာတော့ အရှေ့အလယ်ပိုင်းဒေသရဲ့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ နယ်မြေနဲ့ သြဇာချဲ့ထွင်ရေး ရည်မှန်းချက်အတွက် ၄င်းရဲ့ သိမ်းသွင်းမှုနဲ့ အီရန်နိုင်ငံကို စစ်ပွဲဆင်နွှဲပြီး ကမ္ဘာ့ရေနံဈေး မြင့်တက်စေကာ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုပါ ထိခိုက်စေခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ ၄င်းတို့ကနေ ထုတ်လုပ်တဲ့ မြေသြဇာ၊ ရေနံထွက်ပစ္စည်း အစစအရာရာ စျေးနှုန်းတွေ မြင့်တက်လာခြင်းက အခု သက်တမ်းဝက် ရွေးကောက်ပွဲ ရှုံးဖို့ အနီးကပ်ဆုံး တွန်းအားဖြစ်စေခဲ့တာပါ။
ပြည်တွင်းမူဝါဒ နဲ့ နိုင်ငံခြားရေးမူဝါဒ ၂ ရပ်လုံး ကပြောင်းကပြန်ဖြစ်စေတဲ့ သမ္မတထရန့်ရဲ့ လုပ်ဆောင်မှုတွေက အခုလို သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပတ်ဗလစ်ကန် ကိုယ်စားလှယ်တွေကို မဲမပေးဘဲ ဒဏ်ခတ်ခြင်းအားဖြင့် လူထုရဲ့ ဆန္ဒသဘောထားကို ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်သူလူထု အနေနဲ့ အခုလို သမ္မတထရန့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း ပြသပြီး ဒီမိုကရက်ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ခဲ့ကြလို့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကို တန်ဖိုးထားတဲ့ မူဝါဒလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာနိုင်မလား မေးရင် သိပ်အသေချာကြီးတော့ မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
သမ္မတရဲ့ executive order လုပ်ပိုင်ခွင့်ကို အသုံးချမယ့် အန္တရာယ်၊ လွှတ်တော်နဲ့ သမ္မတအကြား အားပြိုင်မှုသာမက ကန့်လန့်တိုက်တဲ့ အနေအထားတွေနဲ့ သမ္မတရဲ့ လက်ကျန် သက်တမ်း ၂ နှစ် အတွင်း အမေရိကန်ပြည်သူ အများစုရဲ့ ကောင်းရာကောင်းကျိုးလုပ်ဆောင်နိုင်တာ၊ ကောင်းမွန်တဲ့ နိုင်ငံခြားရေးမူဝါဒတွေ ချမှတ်နိုင်တဲ့ဆီ အထိ ခရီး မရောက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။
အမေရိကန် မဲဆန္ဒရှင် အများစုက သမ္မတထရန့်ကို မကြိုက်ကြောင်း မထောက်ခံကြောင်း ၊ ဘုရင်လို ပြုမူတဲ့ သမ္မတအလိုမရှိကြောင်း ပြသခဲ့ကြတာ ငြင်းမရပေမယ့် အတိုက်အခံ ဒီမိုကရက်ပါတီက ဘယ်လောက်ထိ စွမ်းဆောင်ရည် ရှိမလဲ၊ အမေရိကန်လူများစုကြီးရဲ့ အကျိုးကို ပထမဦးစားပေးမှာလား၊ ဘီလျံနာ၊ ထရီလျံနာတွေရဲ့ အကျိုးစီးပွား၊ စစ်လက်နက်ပစ္စည်းနဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းစုတွေရဲ့ အကျိုးစီးပွားအတွက် လက်နက်အသုံးစရိတ်၊ စစ်ပွဲတွေအတွက် ဘတ်ဂျက် အသုံးစရိတ်တွေ ကို ထောက်ခံနေမလား၊ နေတန်ယာဟုရဲ့ အစ္စရေးလ်အစိုးရလို ဇိုင်ယွန်ဝါဒီတွေရဲ့ နိုင်ငံနယ်မြေ ချဲ့ထွင်ရေးအတွက် ဂါဇာကမ်းမြောင်က လူမျိုးတုန်း သတ်ဖြတ်မှုတွေကို လက်နက်ငွေကြေး ထောက်လှမ်းရေး အချက်အလက် အကူအညီပေးတာမျိုးတွေ နဲ့ စစ်လက်နက်၊ နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေ ကြီးပွားချမ်းသာအောင် လုပ်ကြဦးမလားဆိုတဲ့ အန္တရာယ်လည်း ရှိနေသေးတာ ဖြစ်ပါတယ်။ ICC တရားရုံးက ဖမ်းဝရန်းထုတ်ခံထားရတဲ့ နေတန်ယာဟုနဲ့ ၄င်းရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ရဲ့ ဂါဇာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တာဟာ ဒီမိုကရက်သမ္မတ ဘိုင်ဒင်လက်ထက်ကတည်းက ဖြစ်ပါတယ်။
ဂါဇာလူမျိုးတုန်း သတ်ဖြတ်မှုကြောင့် ဘိုင်ဒင်အစိုးရကို ဒဏ်ခတ်လိုတဲ့ အာရပ်နွယ်ဖွား အမေရိကန်မဲဆန္ဒရှင်တွေက ၂၀၂၄ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်း ကမ္မလာ ဟဲရစ်ကို ဆန့်ကျင်ပြီး ထရန့်ကို မဲပေးခဲ့ကြတာပါ။ ဒီမိုကရက်တစ် သမ္မတ ဘိုင်ဒင်ရဲ့ မူဝါဒတွေကြောင့် ကမ္မလာဟဲရစ်ကို ဒဏ်ခတ်တဲ့ သဘောနဲ့ ထရန့်ကို မဲပေးခဲ့ကြပေမယ့် ထရန့်ရဲ့ ဆိုးပုံက တမျိုးနဲ့ ကြုံခဲ့ကြရတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေကို ကမ္ဘာက စိတ်ဝင်စားသလို မြန်မာနိုင်ငံကလည်း စိတ်ဝင်စားကြတာပါ။ မကြာခင် ရက်ပိုင်းလေးအတွင်းက အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ မဟာဗျူဟာမူဝါဒကို ထရန့် အစိုးရရဲ့ အောက်က အမေရိကန်သံရုံး (ရန်ကုန်)က ထုတ်ပြန်ခဲ့ရာမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေး ဆိုတဲ့ စကားလုံးတွေ ရှာမတွေ့တာက မြန်မာ့ဒီမိုကရေစီ လိုလားသူတွေကို စိတ်ပျက်စေတာ ဖြစ်ပါတယ်။ အဲလို စိတ်ပျက်ခဲ့ရသူတွေအဖို့ အခုလို ရွေးကောက်ပွဲမှာ ထရန့်ရဲ့ ပါတီ ကိုယ်စားလှယ်လောင်းတွေ မဲရှုံးကြတာကို အားရနေကြတာလည်း တွေ့ရပါတယ်။
ဒီမိုကရက်တွေ လွှတ်တော်ထဲ အသာစီးပြန်ရလာတာကြောင့် မြန်မာ့ဒီမိုကရေစီ ပြန်ထွန်းကားရေးကို ဦးတည်တဲ့ လုပ်ဆောင်မှုတွေ ပြန်လည်ပေါ်ထွက်လာမလား ဆိုတာမျိုး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူတွေ မျှော်လင့်ကြတာ ဖြစ်ပါတယ်။
သက်တမ်းဝက် ရွေးကောက်ပွဲမှာ မဲတပြားနဲ့ ဆုံးမဒဏ်ခတ်နိုင်ခဲ့တဲ့ အမေရိကန် မဲဆန္ဒရှင် ပြည်သူတွေလည်း ၄င်းတို့ မျှော်လင့်တဲ့ လူများစုကောင်းစားရေး မူဝါဒတွေ ပေါ်ထွက်လာမလားဆိုတာ မျှော်လင့်နေကြတာ အားမလျော့စေလို ပေမယ့် ကမ္ဘာကြီးဟာ ကိုယ်ကျိုးကြည့်သူတွေ၊ ဘီလျံနာ၊ ထရီလျံနာတွေရဲ့ အကျိုးစီးပွားနဲ့ စစ်လက်နက် တိုးချဲ့ပြင်ဆင်ကြမှ၊ စစ်ပွဲတွေ ဆင်နွှဲကြမှ ချမ်းသာပြီးရင်း ချမ်းသာတဲ့ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းစုကြီးတွေ၊ သူဌေးကြီးတွေရဲ့ အကျိုးကို ပိုဦးစားပေးတဲ့ ရေစီးကြောင်းဘက် အားသာနေတာ၊ အာဏာရှင်တွေ ဘယ်သူသေသေ ငတေမာသူတွေ အမြင့်ဆုံးရောက်နေကြတဲ့ ကာလဖြစ်တာကိုလည်း သတိမမေ့ဖို့ တိုက်တွန်းချင်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar