တော်လှန်ရေး အောင်မလား၊ ဘယ်တော့အောင်မလဲ
တော်လှန်ရေး အောင်မလား၊ ဘယ်တော့အောင်မလဲ
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၉ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၆
ကမ္ဘာမှာ ပေါ်ထွက်လာခဲ့ဖူးတဲ့ လက်နက်ကိုင်တော်လှန်ရေး၊ အာဏာရှင် စနစ်ဖြုတ်ချရေး၊ စစ်အာဏာရှင်၊ ကွန်မြူနစ်အာဏာရှင် အစရှိတဲ့ အာဏာရှင်တွေကို ဖြုတ်ချဖို့ လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်တိုက်ခိုက် ကြတဲ့ တော်လှန်ရေးတွေ အများအပြားရှိခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ရေးတွေ၊ လူထုအုံကြွမှုတော်လှန်ရေးတွေကို လေ့လာကြတဲ့ ပညာရှင်တွေရဲ့ သုတေသနလေ့လာချက်တွေအရ အောင်မြင်မှုရာနှုန်းက ၂၅ ကနေ ၂၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။
NAVCO Dataset သုတေသနအချက်အလက်အရ ၁၉၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင်နှင့် အကြမ်းမဖက် တော်လှန်ရေးလှုပ်ရှားမှု ၃၂၃ ခုကို လေ့လာခဲ့ပါတယ်။ အဆိုပါလေ့လာချက်အရ လက်နက်ကိုင်လှုပ်ရှားမှုများ၏ အောင်မြင်မှုနှုန်းမှာ ၂၆ ရာခိုင်နှုန်းခန့်သာရှိပြီး၊ အကြမ်းမဖက်လှုပ်ရှားမှုများမှာ ၅၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် သုတေသနတစ်ခုဖြစ်တဲ့ RAND Corporation ၏ ၂၀၁၀ ခုနှစ်ထုတ် How Insurgencies End လေ့လာချက်မှာ ခေတ်သစ်လက်နက်ကိုင်ပဋိပက္ခ ၈၉ ခုကို လေ့လာထားပါတယ်။ ထိုဖြစ်စဉ်များအနက် အစိုးရဘက်က အနိုင်ရခဲ့တာ ၂၈ ခု၊ တော်လှန်ရေးအင်အားစုဘက်က အနိုင်ရခဲ့တာ ၂၆ ခု၊ ရောနှောရလဒ်ဖြစ်ခဲ့တာ ၁၉ ခုနဲ့ လေ့လာမှုပြုလုပ်ချိန်အထိ မပြီးဆုံးသေးတာ ၁၆ ခုရှိတယ်လို့ ဖော်ပြထားပါတယ်။ ထို့ကြောင့် RAND လေ့လာချက်အရ တော်လှန်ရေးအင်အားစုများ၏ အောင်မြင်မှုနှုန်းသည် ၂၈ ရာခိုင်နှုန်းဟု မဆိုနိုင်ဘဲ ၂၆ ခုကိုသာ တော်လှန်ရေးဘက်က အနိုင်ရခဲ့သည့် ဖြစ်စဉ်များအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ ကြာမြင့်ချိန်က ပျှမ်းမျှအားဖြင့် ၁၀ နှစ်ကနေ ၁၂ နှစ်အထိ ရှိတယ်လို့ဆိုပါတယ်။ အချို့ ပဋိပက္ခတွေက နှစ် ၂၀ ကနေ ၃၀ အထိကြာမြင့်တယ်လို့လည်း သုတေသန ရလဒ်တွေက ဆိုပါတယ်။
အဆိုပါ လေ့လာမှု သုတေသနပြုချက်တွေ အရ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတွေကို ကြည့်ရင် ဒုတိယ ကမ္ဘာစစ်ပြီးစ ၁၉၄၈ နဲ့ ၁၉၄၉ ခုနှစ်က စတင်ဖြစ်ပွားတဲ့ လက်နက်ကိုင် တော်လှန်ရေး (ပြည်တွင်းစစ်) ဟာ ၃ နှစ် ကနေ ၆ နှစ် ၇ နှစ်ဝန်းကျင်ထိ ကြာမြင့်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ဘက်က အပြည့်အဝ အနိုင်မရဘဲ တငွေ့ငွေ့ဖြစ်နေတဲ့ ပြည်တွင်းစစ် အဖြစ် ဆက်လက်တည်ရှိခဲ့တာ ဖြစ်ပါတယ်။
တဖန် ၁၉၆၂ အာဏာသိမ်းပြီးနောက် အာဏာသိမ်းခံရသူ ဝန်ကြီးချုပ် ဦးနုက ၁၉၇၀ ခုနှစ်အစပိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်ဖို့ အင်အားစုစည်းပြီး တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာလည်း ဆယ်စုနှစ်တစု မကြာမီမှာ ဦးနုရဲ့ ပြည်ချစ်တပ်ဖွဲ့ ပြိုကွဲခဲ့ရပြန်ပါတယ်။
အဲဒီနောက် ၁၉၈၈ ခုနှစ်ရှစ်လေးလုံး အရေးတော်ပုံအပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းသားအင်အားစုတွေ လက်နက်ကိုင်ကာ ဖွဲ့စည်းခဲ့ကြတဲ့ ABSDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ ပူးပေါင်းတိုက်ခိုက်ကြတဲ့ လက်နက်ကိုင် တော်လှန်ရေးလည်း ဆယ်စုနှစ် တခု မပြည့်မီ အရှိန်လျော့ကျခဲ့တာကို တွေ့ရပါတယ်။
အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပေါ်ထွက်လာတဲ့ နွေဦးတော်လှန်ရေးက အခုဆို ၆ နှစ် နီးပါးရောက်ရှိလာပြီ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးအရ အဓိကနေရာကို ရယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အစပိုင်းမှာ တော်လှန်ရေး ၁ နှစ် ၂ နှစ်အတွင်း ပြီးမယ့် သဘောမျိုး ပြောဆိုခဲ့တာတွေက နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ လူထုအနေနဲ့ မျှော်လင့်ချက်တွေကြီးမားစွာ ထားခဲ့ကြတာပါ။
နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ လူထုနဲ့ CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေ အနေနဲ့ ၄င်းတို့လက်ထဲ ရှိသမျှ ပိုင်ဆိုင်မှုတွေ နဲ့ ငွေကြေးတွေကို ပုံပြီးကူညီပံ့ပိုးခဲ့ကြတဲ့ အခြေအနေ ဖြစ်ပါတယ်။ NUGအစိုးရအဖွဲ့ထဲပါဝင်သူ အချို့ နဲ့ နွေဦးတော်လှန်ရေးကို ဦးဆောင်သူ အချို့က နောက် ၆ လမှာ အောင်ပွဲရတော့မယ့် သဘော၊ ၁ နှစ်မှာ အောင်ပွဲရတော့မယ့် သဘောမျိုး ပြောဆိုခဲ့ကြတာ နှုတ်ကျွံခဲ့ကြတာက လူထုအဖို့ တနှစ်ထက် တနှစ်ကြာမြင့်လာချိန်မှာ စိတ်အားလျော့လာစေတာ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် မတ်လ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ နဲ့ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ဗြိတိသျှကိုလိုနီနယ်ချဲ့ထံက လွတ်လပ်ရေး မရခင်ကြိုးပမ်းနေဆဲကာလတွေမှာ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နှုတ်ကျွံတဲ့ ကတိမျိုး လွယ်လွယ်နဲ့ အောင်ပွဲခံမယ့် စိတ်အားတက်ကြွဖွယ် ပြောဆိုမှုတွေ မလုပ်ခဲ့တာ သမိုင်းအဖြစ်အပျက်တွေကို လေ့လာရင် သိရှိနိုင်ပါတယ်။ လူထုကို စိတ်အားတက်ကြွဖွယ်ဖြစ်အောင် ပြောဆိုတာ၊ မစားရ ဝခမန်းပြောဆိုတာတွေက တည်ငြိမ်အေးချမ်းနေတဲ့ကာလမျိုး စစ်ပွဲတွေကြားထဲမဟုတ်တဲ့ ကာလမျိုးမှာ အပြစ်ကြီးကြီးမားမား မဟုတ်ပဲ ကတိပေးလွယ်တဲ့ ခေါင်းဆောင် အဖြစ်၊ ယုံကြည်မှု ပျက်ပြားနိုင်တာက လွဲလို့ လူထုအနေနဲ့ ဘဝပျက်လောက်အောင် လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေ ချကြရမယ့် အနေအထားမဟုတ်ပါဘူး။
သို့ပေမယ့် ပြည်တွင်းစစ်၊ လက်နက်ကိုင်တော်လှန်ရေးလို ကာလမျိုးမှာ တော်လှန်ရေး မအောင်မချင်း ကျောင်းမတက်ဖို့ ဆုံးဖြတ်တာ၊ သားသမီးတွေကို ကျောင်းမထားဖို့ ဆုံးဖြတ်တာတွေအထိ မိမိတို့ သိတဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။
၂၀၂၁၊ ၂၀၂၂ ခုနှစ် ကာလတွေက နွေဦးတော်လှန်ရေးကို ဦးဆောင်နေသူတွေ ကိုယ်တိုင် အမှန်တကယ်ပဲ ယုံကြည်ခဲ့ကြတာလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ သို့မဟုတ် လက်တွေ့အခြေအနေကို သိလျက်နဲ့ လူထုကို စိတ်ဓါတ်တက်ကြွအောင် ပြောဆိုခဲ့တာလား ဆိုတဲ့ နောက် ဖြစ်နိုင်ခြေ တခုရှိပါတယ်။ ဘယ်လို အနေအထားနဲ့ ပြောခဲ့တာ ဖြစ်စေ နိုင်ငံရေးအရ ရှေ့ကို ကြိုမှန်းနိုင်လောက်တဲ့ အတွေ့အကြုံမရှိတာ သို့မဟုတ် လူထုအပေါ် လှည့်ဖျားတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲ ဖေါ်ပြကြတဲ့ SCEF ကိုယ်စားလှယ် အဖွဲ့က တောင်ကိုးရီးယားနိုင်ငံမှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံကြရာမှာ “ဦးဆောင်မှုမှန်ပြီး လူထုက ညီညွတ်စွာပါဝင်ရင် နွေဦးတော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်မယ် ဆိုတဲ့ ပြောဆိုကြောင်း NUG တောင်ကိုးရီးယား ကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီးဖေါ်ပြထားတာတွေ့ရပါတယ်။
အခုလို လက်နက်ကိုင်တော်လှန်ရေး ၆ နှစ်ထိ ကြာမြင့်လာခဲ့တာ ဦးဆောင်မှုမမှန်လို့လား လူထုမညီညွတ်လို့လားဆိုတဲ့ မေးစရာပေါ် လာပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် လူထုအနေနဲ့ ခုထက်ပိုညီညွတ်ဖို့ မရှိတဲ့အနေအထားလို့ ဆိုရမှာပါ။ အဲလိုဆိုခဲ့ရင် ဦးဆောင်မှုမမှန်တာလား သို့မဟုတ် လက်နက်ကိုင် အဖွဲ့တွေ အများအပြားရှိနေတာကြောင့် ရည်မှန်းချက်နဲ့ အကျိုးစီးပွားမတူကွဲပြားနေကြတာလား ဆိုတဲ့မေးခွန်းလည်း ရှိလာပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ရင် ကိုလိုနီအုပ်ချုပ်မှုအမွေအနှစ်၊ နယ်နိမိတ်သတ်မှတ်မှု၊ လူမျိုးရေးကွဲပြားမှု၊ ဗဟိုအာဏာနဲ့ ဒေသခံအင်အားစုများအကြား အာဏာခွဲဝေမှု မညီမျှခြင်းတွေဟာ ပြည်တွင်းပဋိပက္ခများ ရှည်ကြာစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးရပြီးချိန်ကတည်းက တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးနဲ့ အာဏာခွဲဝေရေးကို မဖြေရှင်းနိုင်ခဲ့ခြင်း၊ စစ်တပ်က နိုင်ငံရေးအာဏာကို အကြိမ်ကြိမ် သိမ်းပိုက်ခဲ့ခြင်းတို့ကြောင့် ပြည်တွင်းစစ်ဟာ တစ်ကြိမ်ဖြစ်ပေါ်ပြီး ပျောက်ကွယ်သွားတဲ့ ပဋိပက္ခမဟုတ်ဘဲ မျိုးဆက်အဆက်ဆက် ဆက်လက်သယ်ဆောင်လာရတဲ့ သမိုင်းရှည်ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
ထို့အပြင် မြန်မာ့အရေးကို ပြည်ပနိုင်ငံများ၏ မဟာဗျူဟာအကျိုးစီးပွားများအတွက် အသုံးချခြင်းနှင့် ပြည်တွင်းနိုင်ငံရေးဆုံးဖြတ်ချက်များအပေါ် မတရားလွှမ်းမိုးစွက်ဖက်ခြင်းတို့ကိုလည်း ကန့်သတ်နိုင်ရန် လိုအပ်ပါတယ်။ မိမိတို့နိုင်ငံရဲ့ အနာဂတ်ကို မိမိတို့ပြည်သူများ၊ လူမျိုးစုများနဲ့ ပြည်တွင်းအင်အားစုများက တန်းတူညီမျှစွာ ဆွေးနွေးညှိနှိုင်းပြီး ကိုယ့်ပြည်တွင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်သံသရာကို အမှန်တကယ် အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
